Monday, September 7, 2009

ဇေယျဝတီမြို့ နှင့် မုံရွာမြို့

ကျွန်တော်ဒီနေ့ဖတ်တဲ့ သည်းထိပ်ရင်ဖို မဂ္ဂဇင်းပါ ထောင်မှူးကြီးသိန်းဝင်းရဲ့ ကိုလိုနီခေတ်အမွေဆိုးဝတ္ထုမှာပါတဲ့ ဇေယျဝတီမြို့လေးအကြောင်း မျှဝေပါဦးမယ်။ဇာတ်အသွားအလာကတော့ စာရေးသူဟာ အဲဒီမြို့လေးကိုခရီးတစ်ခု သွားရင်း သူကျောင်းတက်တုန်းကသူငယ်ချင်းတစ်ယောက်နဲ့ပြန်တွေ့တယ်။ အဲဒီသူဟာ ဟိန္ဒူအမျိုးသား ဗုဒ္ဓဘာသာ လူမျိုးတစ်ယောက်ဖြစ်ပါတယ်။ သူက သူ့ရဲ့မြို့ကလေးအကြောင်းကို ဒီလိုရင်ဖွင့်ပါတယ်။

'ဇေယျဝတီမြို့ဟာ ရန်ကုန်မြို့ရဲ့မြောက်ဘက် (၁၄၆)မိုင်အကွာ မန္တလေးမြို့ရဲ့တောင်ဘက် (၂၅၀)မိုင်အကွာမှာရှိပါတယ်။ ရန်ကုန်-မန္တလေးလမ်းပေါ်မှာရှိတဲ့မြို့ပါ။ အရင်ကတော့ သားစားတောကောင်ကြီးတွေနေကြတဲ့ တောကြီးမျက်မည်းပေါ့ ဗျာ။'

'အင်္ဂလိပ်အစိုးရက အိန္ဒိယပြည်ကို အုပ်စိုးနေစဉ် ဘီဟာပြည်နယ်စား၊ မဟာရာဇာဒူမရောင်မင်းသားကြီးက ကိုလိုနီအစိုးနဲ့ အဘက်ဘက်က ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ဒါကြောင့် အင်္ဂလိပ်အစိုးရက သူသိမ်းပိုက်ထားတဲ့ မြန်မာပြည်ဇေယျဝတီမြို့ အရှေ့ဘက်ဒေသတွေကို လယ်ယာမြေဖော်ထုတ်အသုံးချဖို့ (၉၉)နှစ် မြေဂရန်ထုတ်ပေးပြီး ဆုချပေးခဲ့တာပဲ။ အကျယ်အ၀န်းက မြေဧက(၂၀၀၀၀)ကျော်တယ်။'

'အဲ့ဒီတုန်းက ဒူမရောင်မင်းသားကြီးရဲ့ အတွင်းဝန်က သျှရီဇေယျပရာကာလာလ်ဖြစ်တယ်။ မဟာရာဇာနဲ့ မိဖုရား တို့ဆုံးပါးသွားတဲ့နောက်ပိုင်း ဟာရီဟရပရာဆပ်ဆင်း(ဟာရီဂျိ)က အတွင်းဝန်ဖြစ်လာခဲ့တယ်။ အဲ့ဒီအချိန်က မြန်မာ နိုင်ငံဟာ အိန္ဒိယရဲ့ပြည်နယ်တစ်ခုဖြစ်ပြီး ဘင်္ဂလားပြည်နယ်ဘုရင်ခံချုပ်က အုပ်ချုပ်ခဲ့တယ်။'

'ဟာရီဂျိက ဂရန်အဖြစ်ရရှိခဲ့တဲ့ ဇေယျဝတီဒေသက မြေဧက(၂၀၀၀၀)ကိုခုတ်ထွင်ရှင်းလင်းပြီး လယ်ယာမြေဖော်ထုတ်ဖို့ လယ်သမားအများအပြားကို အပ်လာတယ်။ ဒါကြောင့် ဟာရီဂျိက အာရာခရိုင် (ယခုဆာဟာဘတ်)၊ ချာပရာခရိုင်( ယခု ကျင်းပရန်ခရိုင်)၊ဗလိယာခရိုင်၊ ပါတနာခရိုင်တို့က လယ်သမားတွေကိုဖိတ်ခေါ်ပြီး အစည်းအဝေးပြုလုပ်ခဲ့တယ်။ မြန်မာပြည်မှာ အတည်တကျနေထိုင်ပြီး လယ်ယာလုပ်ကိုင်မယ့်သူတွေကို ဖိတ်ခေါ်ခဲ့တယ်။ လိုက်ပါမယ့်သူတွေကို အခမဲ့ သင်္ဘောစီစဉ်ပေးမယ်။နေထိုင်ရန် အိမ်၊ တော်ရှင်းဖို့လွှ၊ ပုဆိန်၊ ဓားစီစဉ်ပေးမယ်။ ကျန်းမာရေးနဲ့ပညာရေး၊ စားသောက်ရေး ကိုလည်း စီစဉ်ပေးမယ်။ အသားမကျမီ(၅)နှစ်အတွင်း အခွန်အခပေးဆောင်ရန် မလိုကြောင်း ရိုးသားသော လယ်သမားများ ကို သွေးဆောင်စည်းရုံးခဲ့တယ်။'

'ဒါကြောင့် လယ်သမား(၃၅၀၀)က စာရင်းပေးတယ်။ စာရင်းပေးတော့လည်းရွေးချယ်ပုံစနစ်က အလွန်အံ့သြဖို့ ကောင်း တယ်။ လယ်သမားတစ်ဦးချင်းစီကို စိစစ်ပြီး တစ်မှတစ်ရာအထိ ရေတွက်ခိုင်းတယ်။ မရေတွက်နိုင်သူကိုသာ လိုက်ပါရန် ရွေးချယ်တယ်။ ပထမအသုတ်အနေနဲ့ လယ်သမားမိသားစု(၃၀၀၀)ကို ရွေးချယ်ပြီး မြန်မာပြည်ပို့ရန် သင်္ဘောစီစဉ်တယ်။'

'ဘင်္ဂလားပြည်နယ်အစိုးရနဲ့ ဟာရီဂျိတို့ကြားက ကတိဝန်ခံချက်တစ်ခု လက်မှတ်ရေးထိုးခဲ့ကြတယ်။ ခံဝန်ချုပ်မှာ လယ်သမားများအတွက် လုပ်ဆောင်ပေးရမယ့်ကိစ္စများနဲ့ ရပိုင်ခွင့်များပါဝင်တယ်။ ထိုရပိုင်ခွင့် စာချုပ်များကို လယ်သမား မိသားစုအကြီးအကဲများကို ပေးထားတယ်။ ဒါပေမဲ့ စီစဉ်ခေါ်ဆောင်လာသူက သင်္ဘောကြီး ရန်ကုန်ဆိပ်ကမ်းမရောက်မီ စာချုပ်တွေကို မပျက်စီးမပျောက်ပျက်ရန် သိမ်းထားမည်ဆိုပြီး လှည့်ဖြားသိမ်းဆည်းသွားတော့တယ်။ နောက်လည်း ဘယ်တော့မျှ ပြန်မပေးတော့ဘူး။'

'အိန္ဒိယက လယ်သမား ပထမသုတ်က(၁၈၈၉)ခုနှစ်မှာ မြန်မာပြည်၊ ဇေယျဝတီကိုရောက်လာတယ်။ သုံးလေး သုတ်လာ ကြရင်း (၁၉၀၂)ခုနှစ်အထိ မိသားစု (၄၀၀၀)လောက်ရောက်လာတယ်။ ဇေယျဝတီမှာ အိမ်ဆောက်ပေးတယ်။ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကိုလည်း ရတယ်။ အုပ်ချုပ်သူအဖြစ် ပင်စင်စားရဲအရာရှိ 'လာလုရာမ်ပန်ဒေး'လိုက်ပါလာတယ်။'

'သူ၏ကြပ်မတ်ခိုင်းစေမှုအောက်တွင် တောရှင်း၊ လယ်ယာမြေဖော်ထုတ်ရေးလုပ်ကိုင်ရင်း ကျားဆွဲ၊ မြွေကိုက်၊ ငှက်ဖျား ရောဂါဖြင့် ကွယ်လွန်သူပေါင်းများစွာရှိတယ်။ ကိုယ်လက်အင်္ဂါပျက်စီးချို့ယွင်းသူတွေလည်း အများအပြားပဲ။ တဖြည်းဖြည်းနဲ့ နှစ်ကြာလာတော့ လယ်ယာကွက်တွေဖော်ထုတ်ပြီး စိုက်ပျိုးရေးလုပ်ငန်းစတင်လာနိုင်တော့တယ်။'

သျှရီရိုင်းဗဟာဒူး၏ တာဝန်ခံပုဂ္ဂိုလ်များက လယ်သမားများကို ပစ္စည်းအချို့ပံ့ပိုးခဲ့သည်မှာ အမှန်ဖြစ်သည်။ လယ်ယာ လုပ်ကိုင်ရန် နွားတစ်ရှဉ်းစီ၊ထွန်၊ထယ်၊ပေါက်တူး၊တံစဉ် ဓားမများပေးခဲ့သည်။ အစပိုင်းတွင် ရိက္ခာနှင့် အ၀တ်အထည် ပစ္စည်းများကိုလည်း အကြွေးစနစ်ဖြင့် ရောင်းခဲ့ကြသေးသည်။

'ကလေးငယ်များအတွက် ဂျေပူးကျေးရွာ၊ ကျောက်ခဲကွင်းကျေးရွာ၊ ရာမ နဂါးကျေးရွာတို့တွင် မူလတန်းကျောင်း တစ်ကျောင်းစီ ဖွင့်လှစ်ပေးခဲ့သည်။ ဇေယျဝတီမြို့ပေါ်၌လည်း ဆေးရုံတစ်ရုံစီစဉ်ပေးသည်။ သို့သော် ဟန်ပြသာဖြစ်သည်။ မူလတန်းအဆင့်ပညာသင်ကြားရာတွင် နှစ်တန်းသုံးတန်းအဆင့်ထက်ပိုပြီး မသင်။ လယ်ယာတိုင်းတာခြင်း၊ စာရင်း မှတ်ခြင်းစသဖြင့် အတွက်အချက်သင်္ချာပညကို လုံးဝသင်မပေးခဲ့ပါ။ ထို့ကြောင့် ကျောင်းသားများမှာ အသက်(၁၄)နှစ် (၁၅)နှစ်ထိ ပညာသင်ကြားသော်လည်း မူလတန်းအောင်သူတစ်ယောက်မျှ မရှိခဲ့ပါ။ လယ်ယာမြေဖော်ထုတ်ရေးတာဝန်ခံများက အစဉ်အဆက်ခေါင်းပုံဖြတ်နိုင်ရန် သွေးစုပ်ချယ်လှယ်နိုင်ရန် မိမိတို့အမျိုးသား ချင်းပင်ဖြစ်သော်လည်း စနစ်တကျ အကွက်ချ၍ စီစဉ်ခဲ့ခြင်းဖြစ်သည်။ ပညာမတတ်မှ မိမိတို့ခိုင်းသမျှ လုပ်ဆောင်ကြပြီး မတော်လှန်စေရန် ကိုလိုနီစရိုက်သွင်းခဲ့ကြခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးနီးကပ်လာချိန် (၁၉၃၉)ခုနှစ်အထိ လူဦး ရေ(၂၀၀၀၀)ခန့်ရှိ ဇေယျဝတီမှ အိန္ဒိယလယ်သမားများ၏ သားသမီးများ အထက်တန်းပညာကို သင်ကြားနိုင်ခြင်းမရှိခဲ့ပါ။'

ဇာတ်လမ်းပါ ကိုပီဂျေးက စာရေးသူကို ရောက်တုန်းရောက်ခိုက် ဟိန္ဒူအစားအစာတွေကို သူတို့ရိုးရာအတိုင်း ဖက်ရွက် ခင်းပြီး သတ်သက်လွတ်ဟင်းဖြင့် ဧည့်ခံကြောင်းလည်းပါတယ်။ ကျွန်တော်ပြန်လည် ရေးပြရခြင်း ရည်ရွယ်ချက်ကတော့ ကိုလိုနီစနစ်အောက်က လူမျိုးနွယ်တစ်ခုရဲ့လှုပ်ရှား နေထိုင်ခဲ့ရပုံလေးကို သိစေလိုရင်းပေါ့။

ကျွန်တော်ငယ်ရွယ်စဉ် နေထိုင်ခဲ့တဲ့ မေမြို့နားက အလားတူ ဟိန္ဒူရွာတစ်ရွာရှိခဲ့ပါသည်။ မေမြို့အတက် အဆင်း သစ်သီး မျိုးစုံ ပန်းမျိုးစုံကို ဈေးတန်းလေးအသွင် ရောင်းချလေ့ရှိတဲ့ အောင်ချမ်းသာရွာရဲ့အလွန်မှာဖြစ်ပါတယ်။ တစ်ရွာလုံး နွားမွေး ပါတယ်။ သူတို့အိမ်က တဲစုတ်ဖြစ်ပါစေ ကြမ်းပြင်တွေ သူတို့သုံးတဲ့ ကြေးခွက် ကြေးအိုး အသုံးအဆောင်တွေဟာ သန့်ရှင်း စင်ကြယ် နေတာများ မြင်ရသူတောင်သဘောကျဖွယ်ကောင်းပါတယ်။ သူတို့ဟာများသောအားဖြင့် ရိုးသားစွာအသက်မွေး ၀မ်းကျောင်းရတာကိုသဘောကျ ရောင့်ရဲလွယ်ပါတယ်။ သူတို့စိုက်ပျိုးမွေးမြူတာတွေ အောင်မြင်ဖြစ်ထွန်းနေရင်ကိုပဲ ကျေနပ်နေကြတာဖြစ်ပါတယ်။ သူတို့နေထိုင်ပုံဟာ ဂေါ်ရခါးအမျိုးအနွယ်များနဲ့ ခပ်ဆင်ဆင်တူပါသတဲ့။ အနည်းငယ်သာ ကွဲပြားမှုရှိပါတယ်။

ဘာပဲဖြစ်ဖြစ် လူမျိုးမတူ၊ ဘာသာကွဲပေမယ့် ကမ္ဘာမြေပေါ်မှာနေထိုင်ကြတဲ့ လူသားတွေချင်းအတူတူ တစ်ယောက် အကြောင်း တစ်ယောက်အနည်းငယ်သိရုံမျှဖြင့် နားလည်စွာလက်တွဲအေးချမ်းနေထိုင်သွားနိုင်စေဖို့ ဆန္ဒပြုလိုတာပါ။

ချင်းတွင်းမြို့တော် အလည်လာပါ
နောက်တစ်ခါ သနပ်ခါးတွေပေါတဲ့ အညာဂျက်ခုပ်ထည်တွေပေါတဲ့ အညာမြို့လေးတစ်မြို့အကြောင်းပြောပြပါဦးမယ်။ ဒီမြို့လေးဟာ ချင်းတွင်းမြစ်ကမ်းနားမှာတည်ရှိတယ်။ပြီးတော့ ခရီးသွားရတာအဆင်ပြေတဲ့မြို့လေးပါ။ ကျွန်တော်ကျောင်း တက်တုန်းက သူငယ်ချင်းတစ်ချို့ကလည်း ဒီမြို့လေးကပါပဲ။ ပြီးတော့ ကျွန်တော့်အဘိုးကလည်း မြို့ရဲ့နယ်ပယ်တစ်ခုက ရွာကလေးကပါ။ သူငယ်ချင်းတို့လည်း အလည်သွားကြည့်နိုင်အောင်ပြောပြလိုက်ပါတယ်နော်။

မုံရွာမြို့ဟာလမ်းပန်းဆက်သွယ်ရေးသွားလာရအဆင်ပြေတယ်။ လှည့်လည်ကြည့်ရှုစရာတွေများတယ်။ စီးပွားရေး လုပ်ငန်းမျိုးစုံရှိတယ်။ စတဲ့အချက်တွေကြောင့် အနောက်မြောက်တိုင်းရဲ့မြို့တော်ဖြစ်နေပါတယ်။
မုံရွာမြို့ကိုမန္တလေးမြို့ကနေကားနဲ့သွားမယ်ဆိုရင် ၈၄မိုင်သာဝေးတယ်။ မုံရွာမြို့က ချင်းတွင်းမြစ်ကမ်းပေါ်မှာ တည်ရှိတဲ့ အတွက် သœာဝတီမြို့တော်လို့လည်းခေါ်ကြတယ်။မုံရွာကိုရေလမ်းကလည်း သွားနိုင်ပါတယ်။ မုံရွာကိုရေလမ်းကလည်း သွားနိုင်ပါတယ်။

မုံရွာမြို့ကို အလည်အပတ်ဘုရားဖူး သွားကြရင် ဖိုလ်ဝင်တောင်၊ ကျောက္ကာရွှေဂူနီ၊ကမ္ဘာ့အကြီးဆုံး ရပ်တော်မူဘုရားကြီး၊ ဗောဓိတစ်ထောင်၊မိုးညှင်းသဗ္ဗုဒ္ဓေစတဲ့ဘုရားတွေကို အများဆုံးသွားရောက်လေ့ရှိကြတယ်။ စိတ်ဝင်စားသူတွေက လယ်တီ ကျောက်စာတွေကို လေ့လာကြတယ်။

ဖိုလ်ဝင်တောင်
ဖိုလ်ဝင်တောင်ဟာချင်းတွင်းမြစ်တစ်ဖက်ကမ်းမုံရွာမြို့ရဲ့အနောက်ဘက် မိုင်၄၀အကွာမှာရှိပါတယ်။ အရင်ကမုံရွာဆိပ်ကမ်း ကနေ ချင်းတွင်းမြစ်ကို ဇက်နဲ့ကူးပြီးသွားရတယ်။ ယခုအခါ မုံရွာ-ချင်းတွင်းတံတားကြီးပြီးသွားတဲ့အတွက် ဖိုလ်ဝင်တောင် ကိုအလွယ်တကူသွားလာနိုင်ပါတယ်။

ဖိုလ်ဝင်တောင်မှာ ရှေးတုန်းက နံရံဆေးရေးပန်းချီကားတွေနဲ့ ကိုလိုနီခေတ်က အဆောက်အအုံတွေရှိတယ်။ တောင်တက်၊ တောင်ဆင်းလမ်းတွေဟာ ပြေပြစ်ပြီးတော့ ရှုမျှော်ခင်းကြည့်ရတာကောင်းတယ်။ဖိုလ်ဝင်တောင်မှာ မျောက်တွေအများ ကြီးရှိတဲ့အတွက် ဘုရားဖူးတွေ သဘောကျတဲ့နေရာတစ်နေရာလည်းဖြစ်တယ်။ မျောက်စာရောင်းတဲ့ကလေးတွေဟာ ဘုရားဖူးဧည့်သည်တွေကို အခမဲ့လမ်းညွှန်လိုက်လုပ်ပေးတာတွေလည်းရှိပါတယ်။

ဖိုလ်ဝင်တောင်နဲ့ဆက်စပ်နေပြီး တောင်ပေါ်နား နည်းနည်းရောက်တဲ့ကျောက်နွားသိုးကြီးတောင်မှာ လူကြီးခွေအိပ်နေ သလောက်ရှိတဲ့ ကျောက်နွားရုပ်တုကြီးရှိတယ်။ ဘုရားဖူးဧသည့်သည်တွေ မူးတယ်၊မော်တယ်ဆိုရင် သည်နွားရုပ်ကြီးကို ပွတ်သပ်ပေးပါက အမူးအမော်ပျောက်တယ်လို့လည်းဆိုတယ်။

ရွှေဘတောင်
ရွှေဘတောင်ဟာ ဖိုလ်ဝင်တောင်နဲ့တစ်ဆက်တည်းမှာပဲရှိပါတယ်။ တောင်ရဲ့ ဂ၀ံမြေသားကိုပဲ ဘုရားဆင်းတုတွေ၊ ဗုဒ္ဓ၀င်ပြခန်းတွေကို ထွင်းထုထားတယ်။ ရွှေဘတောင်က ကျောက်သားတွေဟာ သဘာဝ ဂ၀ံကျောက်ပျော့တွေဖြစ်လို့ အေးတယ်။ လိုသလိုဖြတ်သုံးလို့ရပြီး သုံးရင်းနဲ့ မာသွားတယ်လို့သိရတယ်။ မုံရွာ ဆားလင်းကြီးနယ်ဘက်က ရွာလေး တွေမှာ သမံတလင်းအဖြစ် အစားထိုးပြီး သုံးကြတယ်လို့ဆိုတယ်။

ကျောက္ကာရွှေဂူနီ
မုံရွာမြို့ရဲ့အရှေ့ဘက်ရှိ ကျောက္ကာရွှေဂူနီဘုရားကိုသွားတဲ့လမ်းဘေးဝဲယာတစ်လျှောက်မှာ တမာပင်တွေစီတန်းနေတဲ့ အညာမြေရဲ့ ရှုခင်းကိုတွေ့ရတယ်။ မုံရွာမြို့နဲ့နှစ်မိုင်လောက် ဝေးပြီးကားနဲ့ မိနစ်၂၀လောက်ဝေးပြီး ကားနဲ့မိနစ်၂၀လောက် သွားရင် ရောက်ပါတယ်။

ကမ္ဘာ့အကြီးဆုံးရပ်တော်မူဘုရားကြီး
ဗောဓိတစ်ထောင် ဆရာတော်ဘုရားကြီးက ဥာဏ်တော်အမြင့်၄၂၄ပေရှိတဲ့ ကမ္ဘာ့အကြီးဆုံးရပ်တော်မူဘုရားတစ်ဆူတည် ထားပါတယ်။ ရပ်တော်မူဘုရားကြီးကို မုံရွာမြို့အ၀င်လမ်းနဲ့ ကျောက္ကာရွှေဂူနီသွားရာလမ်းတစ်လျှောက်အဝေးက ထင်ရှား စွာတွေ့ရတယ်။
ရပ်တော်မူဘုရားကြီးအဆင်းလမ်းမှာပဲ အလျား ၃၃၃ပေ၊ အနံ၃၇ပေ၆လက်မရှိတဲ့ လျောင်းတော်မူဘုရားကြီး ကိုဝင်ရောက် ဖူးမြော်နိုင်ပါတယ်။ လျောင်းတော်မူဘုရားဝင်းအတွင်းမှာ ဗုဒ္ဓ၀င်ပြခန်းတွေလည်းရှိပါတယ်။
ဗောဓိတစ်ထောင် ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ကျောင်းရှိ ဆရာတော်ဘုရားရဲ့ ရုပ်တုကိုလည်းဝင်ရောက်ဖူး မြော်နိုင်ပါသေးတယ်။

မိုးညှင်းသဗ္ဗုဒ္ဓေ
မိုးညှင်းသဗ္ဗုဒ္ဓေစေတီကို မိုးညှင်းဆရာတော်ဘုရားကြီးကိုယ်တိုင် စိတ်ကူးနဲ့တည်ထားတာဖြစ်တယ်လို့ သိရတယ်။ နံရံမှာ ကပ်ထားတဲ့ ဘုရားအဆူပေါင်းငါးသိန်းနှစ်သောင်းကျော်ရှိတယ်လို့ဆိုတယ်။ မိုးညှင်းဆရာတော်ကြီးရဲ့ပြတိုက်မှာ ရှေး ဟောင်းပစ္စည်းမျိုးစုံကို ကြည့်ရှုလေ့လာနိုင်ပါတယ်။

မုံရွာမြို့မှာ ၀ယ်စရာ
မုံရွာမြို့ဟာ အပူပိုင်းဒေသဖြစ်တဲ့အတွက် သနပ်ခါးပင်ပေါတယ်။ မုံရွာအပြန်လက်ဆောင်ဝယ်ရာမှာ မပါမဖြစ်ပစ္စည်းထဲမှာ သနပ်ခါးတုံးလည်းပါတယ်။ မုံရွာနယ်ထွက် သနပ်ခါးတွေရောင်းတဲ့သူတွေကို ကျောက္ကာရွှေဂူနီဘုရားမုဒ်ပေါက်မှာ အများ ဆုံးတွေ့ရပါတယ်။ မုံရွာမြို့ရဲ့ စားသောက်ကုန်တွေထဲမှာ မြေပဲဆားလှော်၊၀က်အူချောင်းနဲ့ ကြာဆံတွေက နာမည်ကြီး တယ်။ မုံရွာမြို့ရဲ့ထွက်ကုန်ထဲမှာ ဂျပ်ခုတ်စောင်လည်းပါတယ်။ မုံရွာစောင်တွေကို ဈေးကွက်မှာ လူကြိုက်များတယ်။ မုံရွာမြို့ဟာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တာ ကြောင့် ကလေးမြို့၊ ကလေးဝမြို့တွေက တစ်ဆင့်ဝင်လာတဲ့ အိန္ဒိယပစ္စည်းတွေလည်း ရရှိနိုင်ပါတယ်။

သည်လိုသွားမယ်
မုံရွာမြို့ကို ရေကြောင်း၊လေကြောင်း၊မီးရထားလမ်းနဲ့ကားလမ်းတွေကနေ သွားရောက်နိုင်တယ်။ မန္တလေးမြို့ကနေ ကားငှားပြီးလည်း သွားကြတယ်။ တချို့တွေက ဘုရားဖူးကားတွေနဲ့လိုက်ကြတယ်။ ဘုရားဖူးကားနဲ့လိုက်မယ်ဆို တစ်ယောကိုစားစရိတ်မပါ ခရီးစရိတ်ချည်း ကျပ် ၁၁၀၀၀လို့သိရတယ်။ မန္တလေးမြို့ကနေကားငှားသွားမယ်ဆိုရင် အပြီးအစီး ဆန်နီကားက ကျပ်၆၀၀၀၀၀န်းကျင်၊ လိုက်ထရပ်က ကျပ်၇၅၀၀၀၀န်းကျင်ရှိတယ်။ ဆီဖိုးမပါဆိုရင် ကျပ်၃၀၀၀၀၊ ၃၅၀၀၀၀န်းကျင်ရှိတယ်လို့ သိရတယ်။ ကဲ.....ဒီဈေးနှုန်းတွေက သြဂုတ် ၂၀ကစုံစမ်းရရှိတဲ့ဈေးနှုန်းနော်။

သူငယ်ချင်းတို့ ခရီးသွား ဗဟုသုတလည်းရစေ သိပြီးသားဆိုလည်းမှတ်မိစေ ဆိုတဲ့ စေတနာများဖြင့်တင်ခြင်းဖြစ်ပြီး သူငယ်ချင်းတို့ အတွက် အသုံးမ၀င်ဘူးဆိုရင်လည်း ဆောရီးနော်။

ဇာနည်။

Ref: Morden News Journal

1 comment:

Shweaung said...

အခုမှဝင်လည်ဘူးတာပါ.. အကုန်တော့ဖတ်ရသေးဘူး.. ဗဟုသုတပေးတဲ့ဘလောက်လေးတခုပါ..