Thursday, February 28, 2019
Gym ဗဟုသုတ အတိုအထွာ
၁။ Gym ဘယ်အချိန်လုပ်ရမလဲ ?
မနက်ရယ်၊ ညရယ် ဘယ်အချိန်ရယ်လို့ သိပ်မရှိပါဘူး။ လုပ်နေချိန်မှာ အားရှိနေဖို့၊ လန်းဆန်းနေဖို့ လိုပါတယ်။ အဓိက ကတော့ အားရှိဖို့ပါ။ တစ်ခါတစ်လေ အားရှိပေမယ့် ထိုင်းမှိုင်းနေရင်တောင် Gym ထဲရောက်ရင် လန်းသွားတတ်တာပဲ မဟုတ်လား။ အားရှိဖို့ဆိုရင်တော့ Gym မဆော့ခင် ၂နာရီအလိုလောက်မှာ  အစာတစ်ခုခုစားထားဖို့ လိုပါတယ်။ စားတဲ့ အစာဟာဆီတွေများတဲ့ ဟင်း၊ ဆီကြော်စာတွေ မဟုတ်ပဲ ကျန်းမာရေးနဲ့ ညီညွတ်စွာ ချက်ထားတဲ့ အစာကို တတ်နိုင်သလောက်ရွေးသင့်ပါတယ်။ ဥပမာ အနေနဲ့
-အာလူး
-ပေါင်မုန့်ညို  Peanut butter သုတ်
-ကြက်ဥပြုတ်၊ မွှေကြော်
-နွားနို့၊ ဒိန်ချဉ်
-ကန်စွန်းဥပြုတ်
-အသား၊ ငါး
-ပဲ
-ပန်းဂေါ်ဘီ
စတာတွေ စားထားရင် လေ့ကျင့်ခန်း လုပ်တဲ့အခါ အားရှိပြီး ပိုလုပ်နိုင်တာမို့ အစာတစ်ခုခု စားထားဖို့ မမေ့ဖို့ပဲ လိုပါတယ်။
၂။ တစ်ခါလုပ်ရင် ဘယ်လောက်ကြာသင့်သလဲ ?
တစ်ခါလုပ်ရင် ဘယ်နေ့မဆို၊ ဘာလေ့ကျင့်ခန်းမဆို မိနစ်၄၀နဲ့ တစ်နာရီကြားလောက်ပဲ ကြာသင့်ပါတယ်။ တစ်နာရီထက်ကျော်သွားမှာကို Trainer တော်တော်များများက အားမပေးသလို သင့်ရဲ့ ခန္ဓာကိုယ်ကလဲ လိုက်မလုပ်နိုင်ပါဘူး။ လုပ်စရာရှိတာကို အားအပြည့်နဲ့ မြန်မြန်လုပ်၊ Gym ထဲက မြန်မြန် ပြန်ထွက်ဖို့ပါပဲ။ Selfie ဆွဲဖို့မှ မဟုတ်တာပဲ 😂😂😂
(ဘယ်နကြိမ်မရမလဲ၊ ဘယ်လောက်လေးလေးမရမလဲ စသဖြင့် သိချင်ရင်တော့ ဆောင်းပါးရေးပြီးသားရှိပါတယ်။ ဝင်ဖတ်ပါ)
၃။ လေ့ကျင့်ခန်းတစ်ခုနဲ့ တစ်ခုကြား ဘယ်လောက်နားရမလဲ ?
စက္ကန့် ၄၀နဲ့ ၉၀ကြားပါ။ မခဲ့တဲ့ အလေးဟာ အရမ်းလေးခဲ့ရင် တစ်မိနစ်ခွဲခန့် နားပြီး သွေးပူအခေါက်တွေဆိုရင်တော့ စက္ကန့် ၄၀လောက်နားရင် လုံလောက်ပါတယ်။ ကြာကြာနားရင်တော့ နှခုံးခုန်နှုန်း ပြန်နှေးသွားတာမို့ သိပ်မကောင်းပါဘူး။
၎။ Gym ဆော့ရုံနဲ့ ခန္ဓာကိုယ် လှမလား?
ဟင့်အင်း လို့ပဲ ဖြေရမှာပါ။ Gym ဆော့တာ တစ်နေ့ တစ်နာရီဆိုရင် Gym မဆော့တဲ့ အချိန်ဟာ ၂၃နာရီပေါ့။ ကျန်တဲ့ ၂၃နာရီမှာ စားတဲ့အစာ၊ အိပ်တဲ့ အိပ်စက်ချိန်တွေ ကောင်းဖို့လိုပါတယ်။ ဘယ်လိုစားရမလဲဆိုတာ ရေးပြီးသားတွေ ရှိပါတယ်။ (တစ်နှစ်စာလေ့ကျင့်ခန်း အပိုင်း ၁၊ ၂၊ ၃ ကို ပြန်ရှာဖတ်နိုင်ပါတယ်)။ အိပ်စက်ချိန်ကတော့ တစ်နေ့ ၇နာရီ အနည်းဆုံးရှိသင့်ပါတယ်။ တစ်နေ့မိနစ် လေးဆယ်နဲ့ တစ်နာရီကြား Gym ဆော့၊ ကောင်းကောင်းစား ကောင်းကောင်း အိပ်ဖို့လိုတယ်လို့ အတိုပြောရမှာပါ။
၅။ ပိန်ရင် လှရောလား ?
လှသင့်သလောက် လှလာပါလိမ့်မယ်။ အဝတ်အစား ဝတ်ထားရင်တော့ ပိန်ရုံနဲ့ လှတာပေါ့။ အဝတ်အစား ချွတ်တဲ့အခါ၊ ဘီကနီ ဖြစ်ဖြစ် ဝတ်တဲ့အခါ အချိုးအဆစ် ကျကျကြီးနဲ့တော့ မလှနိုင်သေးပါဘူး။ ကျန်တဲ့ အစိတ်အပိုင်းတွေ ပိန်သွားပေမယ့် ဗိုက်ကလေး နည်းနည်းလေး ပူနေသေးတာရှိတတ်ပါတယ်။ ဗိုက်ပူတယ် ထင်ရတာက ဗိုက်အဆီကနောက်ဆုံးမှ ကျတဲ့ အဆီမလို့ပါ။ ဒါမှမဟုတ် ကျန်တဲ့ အပိုင်းတွေက သေးနေလို့ ဗိုက်ပူတာက ပိုပေါ်လွင်နေတယ်လို့ ထင်ရတာလဲ ဖြစ်နိုင်ပါသေးတယ်။ ဒီလိုမျိုး မဖြစ်ရအောင် သင့်ဘာသာ ကြည့်ပါ။ ရင်ဘတ်က သေးနေသလား၊ လက်တွေက သေးလွန်းသလား စသဖြင့် သုံးသပ်ပါ။ သေးနေရင် သက်ဆိုင်ရာ လေ့ကျင့်ခန်းတွေလုပ်ပါ။ ဒီလိုမဟုတ်ပဲ အဆီပဲ ချနေရင်တော့ လက်ကလေးတွေ ပိန်၊ ပေါင်လေးတွေပိန်ပေမယ့် ဗိုက်ကလေး ပူကျန်နေခဲ့ပါလိမ့်မယ်။ အဆီကျရင် အဝတ်လေးနဲ့ဆို လှပေမယ့် အဝတ်မပါပဲ လှချင်ရင်တော့ အလေးမ သင့်သလောက် မရပါမယ်။ မဟုတ်ရင် Skinny Fat အဖြစ် ဖြစ်ကျန်တတ်ပါတယ်။
၆။ နေရာကွက် အဆီချလို့ရသလား?
လက်ကလေးပဲ တုတ်လို့၊ ခြေသလုံး လေးပဲ တုတ်လို့၊ ပေါင်လေးပဲ တုတ်လို့ နေရာကွက် အဆီချချင်တယ်ဆိုသူများအတွက် ပြောရရင် စိတ်မကောင်းပါဘူး။ နေရာကွက် အဆီချလို့ မရဘူးဆိုတာ သုတေသနတွေအရ ခိုင်မာတဲ့ အချက်ပါ။ နေရာလေးကွက်လို့ အဆီချလို့ ရပါတယ်ပြောရင် မမှန်ဘူးလို့ မှတ်နိုင်ပါတယ်။ ဒီလိုလူတွေ အတွက် အဆီချလေ့ကျင့်ခန်းတွေလုပ်ပါ၊ တစ်ကိုယ်လုံး အဆီကျသွားတဲ့ အခါ ခြေတွေ၊ လက်တွေပါ ကျသွားပါလိမ့်မယ်။ အဆီကျပြီး ပိန်နေတဲ့အခါမှာ တောင် ခြေသလုံးကြီးနေသေးရင် ခြေသလုံးနဲ့လိုက်အောင် ပေါင် တင်ပါး စသဖြင့် ကြီးအောင်ဆော့ပါ။ လက်မောင်းကြီးနေရင် လက်မောင်းနဲ့ လိုက်အောင် ရင်ဘတ် စသဖြင့် ကြီးအောင်ဆော့ပါ။
၇။ Gym နားတဲ့ ရုံးပိတ်ရက်မှာ စားတာများသွားတယ်၊ ဒါဆို ဝလာမှာလား ???
ဟင့်အင်း၊ ဒီလိုစားလိုက်လို့လဲ ဝမလာသလို အစာလျှော့ လေ့ကျင့်ခန်း တစ်ပတ်လောက် လုပ်လိုက်လို့လဲ ပိန်မသွားပါဘူး။ ဈေးထဲမှာ ထည့်ချိန်တဲ့ အသားတွေ ရေထိုးလိုက်လို့ ပိုလေးသွားမယ်၊ အစာပလာ ထုတ်လိုက်လို့ အလေးချိန်ပေါ့သွားမယ် စသဖြင့်လောက် မလွယ်ကူ မရိုးရှင်းပါဘူး။
အပြည့်အစုံမဟုတ်ပေမယ့် ယေဘုယျ ကျကျပြောရရင် အစာတစ်ရက် နှစ်ရက်လောက် ကောင်းကောင်းစားလိုက်ရုံနဲ့ ဘယ်မှာများ ချက်ချင်းကြီး ကြွက်သားတွေထွက်လာ၊ လှလာလို့လဲ။
ဘီယာလေးတစ်ခွက်သောက်လို့ ဘီယာဗိုက်ချက်ချင်း ဖြစ်မလာသလို၊ ကိတ်မုန့်လေး တစ်လုံးစားလိုက်လို့ ဝတုတ်လေးလဲ ဖြစ်မလာပါဘူး။ ခန္ဓာကိုယ်တစ်ခု ဒီလို ဝလာဖို့ဟာ စွမ်းအင်အပိုတွေ များလာ၊ ပိုလျှံလာရင် အဆီပို အိတ် fat cells ကလေးတွေဖြစ်လာ ၊ ဒီလိုမျိုး စွမ်းအင်အပိုတွေ နေ့စဉ်နဲ့အမျှများလာရင် Fat cells အသစ်တွေ ထပ်ထပ်ဖန်တီးလာ၊ စသဖြင့် အဆင့်ဆင့်ဖြစ်ရတယ် မဟုတ်လား။ ဒါ့ကြောင့်လဲ ရုံးပိတ်ရက် ဘီယာတစ်ခွက်၊ Pizza တစ်ချပ်လောက်နဲ့ ချက်ချင်းဝလာစရာမရှိပါဘူး။ နှစ်ပတ်ကို တစ်ရက်တစ်လေလောက်ပျက်စီး (အစားသောင်းကျန်)တာကနေ တစ်ပတ် တစ်ခါ၊ ပြီး တစ်ပတ် နှစ်ခါ စသဖြင့် ပိုပိုစားမိမှပဲ ပိုဝလာနိုင်တာမို့ မလိုအပ်ပဲ စိတ်သောကရောက်စရာ မလိုပါ။ တစ်ပတ်မှာ ခြောက်ရက်လောက် Healthy food လေးတွေစားပြီး တစ်ရက်လောက်တော့ အထိန်းအကွပ်လေးနဲ့ တမုန်းစွဲနိုင်ပါတယ်။
လေ့ကျင့်ခန်း ၂ပတ်လောက်လုပ်ပြီး အဆီဘယ်လောက်  ကျနိုင်မလဲ၊ သိသာသွားနိုင်မလား မျက်စိဒေါက်ထောက် ကြည့်နေသူများအတွက်လဲ တူတူပါပဲ။ ချက်ချင်းကြီး ဝမလာနိုင်သလို ချက်ချင်းကြီးလဲ ပိန်မလာနိုင်ပါ။ ပြောင်းလဲလိုက်တဲ့ Lifestyles မှာ ခန္ဓာကိုယ်ကို သူ့အလုပ် သူလုပ်ဖို့၊ ချိန်ညှိဖို့ အချိန်ပေးလိုက်ပါ။
သင်လဲ သင့်အလုပ်၊ သင့်လေ့ကျင့်ခန်း သင်လုပ်။ အချိန်တန်ရင် ပိန်သွားပါလိမ့်မယ်။
၈။ ခေါက်ဆွဲပြုတ် စားလို့ရလား၊ ထမင်းသုတ် စားလို့ကော ရလား၊ ပိန်သွားအောင် ဘာတွေ စားရမလဲ ?
ပိန်သွားဖို့ရော၊ ကြီးထွားသွားဖို့ရော ဘာပဲဖြစ်ဖြစ် ဘယ်လို အစားအစာကို ဘယ်လိုခွက်နဲ့ ထည့်စားပါလို့ လိုက်အကြံပေးနေလို့က မလွယ်ပါဘူး။ ဒါ့ကြောင့် ဘာအစာ စားရမလဲ ဇဝေဇဝါ လူတွေအတွက် Diet အကြောင်း နားလည်လွယ်အောင် ဥပမာပေးလိုက်ပါမယ်။
တစ်နေ့ကို ၂၀၀၀ ဖိုး စားလို့ရမယ်ဆိုပါစို့။
ဒါနဲ့ ပိုက်ဆံ ၂ထောင်နဲ့ စားဖို့် သောက်ဖို့ စားသောက်ဆိုင်သွားတဲ့အခါ စားသောက်ဆိုင်မှာ အပေါ်ယံ 2မျိုးခွဲထားတဲ့ Menu တွေ့ပြီ။
-ကျန်းမာရေးနဲ့ မညီအောင် ချက်ထားတဲ့ အစာ၊ ဒါမှမဟုတ် အာဟာရ မပြည့်ဝတဲ့ အစာ
အာလူးကြော် (300 kyats)
ကြက်ကြော် (500 kyats)
ထမင်းသုတ်၊ ခေါက်ဆွဲသုတ် (300 kyats)
ကိတ်၊ Pizza (800 kyats)
Ice cream (600 kyats)
အချိုရည် (200 kyats)
- ကျန်းမာရေးနဲ့ ညီအောင် ချက်ထားတဲ့ အစာ၊ ဒါမှမဟုတ် အာဟာရ ပြည့်ဝတဲ့အစာ
အသီးအနှံ (50 kyats)
အသားကင် (ဆီနဲနဲ) (200 kyats)
Hotpot အသားအရွက်စုံ (300 kyats)
ကြက်ဥပြုတ်၊ ကြော် (50 kyats)
Oak (100 kyats)
ဒိန်ချဉ် (50 kyats)
နွားနို့ (50 kyats)
အာလူးကင်၊ ဖုတ် (50 kyats)
စသဖြင့် ရှိမယ် ဆိုပါစို့။ (ဥပမာပေးတာပါ)
ပိုက်ဆံ ၂၀၀၀ နဲ့ အပေါ်က ကျန်းမာရေးနဲ့ မညီညွတ် အာဟာရနည်းတာတွေ စားမယ်ဆို ၂မျိုး ၃မျိုးလောက်ပဲ စားနိုင် တတ်နိုင်ပါလိမ့်မယ်။ ကြက်ကြော်တစ်ခု 500၊ အာလူးကြော် 300၊ ကိတ်တစ်တုံး 800၊ အချိုရည်တစ်ခွက် 200 လောက်ဆိုရင်တောင် 2000 နည်းပါးဖြစ်သွားပါပြီ။ ဒီလောက်နဲ့တော့ တစ်နေ့လုံး မဝပေမယ့် သင့် 2000 ကကုန်သွားပါပြီ။
ဒီလို မဟုတ်ပဲ အောက်က ကျန်းမာရေးနဲ့ ညီတဲ့၊ အာဟာရပြည့်တဲ့ Menu ကနေမှာစားမယ် ဆိုပါစို့။
အာလူးချင်းတူပေမယ့် အာလူးမီးဖုတ်က 50 ထဲဆိုတော့ 6ခု စားမှ 300 ထဲရယ်။ ကြက်သားချင်းတူပေမယ့် ကြက်ကင် ဆီနဲနဲက 200 ထဲရယ်။ အချိုရည် မသောက်ပဲ နွားနို့သောက်မှ 50ထဲ။ 2000 ဖိုးဆို ကုန်တောင် ကုန်မှာ မဟုတ်။ ဗိုက်လဲဝ၊ အာဟာရလဲ ပြည့်တယ်ဟုတ်။
အပေါ်ကပြောထားတဲ့ ဈေးတွေကို Calorie လို့မှတ်လိုက်ရင် 2000 Calorie စားလို့ မပိန်မဝဘူး ဆိုပါစို့ ။ (ဈေးတွေက ဥပမာတွေနော်၊ တကယ်ထင်ပြီး တွက်ပြီး ကြက်ကင် အခု ၂၀လောက်စားမနေနဲ့ 😂😂😂)
ကျန်းမာရေးနဲ့ မညီတဲ့ အစားအစာတွေကို စားရင် 2000 ကျပ် (Calorie) ပြည့်ဖို့လွယ်လွန်းပြီး၊ ကျော်ထွက်သွားရင်တော့ ဝလာပြီသာမှတ်။
ကျန်းမာရေးနဲ့ ညီတာတွေစားရင်တော့ 2000 ကျပ် (Calorie)တောင် ကုန်မှာမဟုတ်။ ဗိုက်လဲ ပြည့်သလို 2000 မပြည့်လို့ အဆီလဲကျတယ် မဟုတ်လား။
ကျန်းမာရေးနဲ့ ညီမညီဆိုတာ ဘယ်လိုကြည့်ရမလဲ ?
အာလူးချင်းတူပေမယ့် ဆီကြော်နဲ့၊ မီးကင်နဲ့ မတူပါဘူး။ ဘယ်အရာမဆို ဆီနဲ့ကြော်လိုက်ရင် Calorie အဆမတန်တက်သွားပါတယ်။ ဒီသဘော အတိုင်းပါပဲ၊ ထမင်းဖြူက Calorie နဲပေမယ့် ထမင်းကြော်က Calorie များ (ဈေးကြီး)သွားတာမို့ အဆီကျလိုသူတွေ ရှောင်ရမှာပါ။
ထမင်းသုတ်၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲသုတ် စတာတွေကလဲ တူတူပါပဲ။ အာဟာရ မများသလို Calorie လဲများတာမို့ အာဟာရမရှိပဲ ဗိုက်သာပူလာတတ်ပါတယ်။ (ဟင်းသီးဟင်းရွက်တွေ၊ အသားပြုတ်တွေ ထည့်သုတ်ရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် ဆိုင်တွေမှာ ရောင်းတာကတော့ ဘာဆိုဘာမှ သိပ်မပါတဲ့ အလွတ်တွေများတယ် မဟုတ်လား)
ဒီလောက်ဆိုရင် အဆီကျချင်ရင် ဘာတွေစားရမလဲ ဆိုတာကို အသေးစိတ်လိုက်မေးစရာမလိုတော့ဘူးဟုတ်။ အစာတစ်မျိုးထဲက ကောင်းသလို၊ အဲအစာကပဲ မကောင်းပြန်ဘူး ဖြစ်နိုင်တာမို့ ဘယ်လိုပြင်ဆင်လဲဆိုတာကို ကြည့်ပါ။
စားသင့်တဲ့ ပမာဏကတော့ ပိန်ချင်သူများ ၂ပတ်မှာ ၃ပေါင်လောက်ကျအောင် လျှော့စားပါ။ ၂ ပတ်နေလို့မှ လေ့ကျင့်ခန်းလုပ်ရက်သားနဲ့ မပိန်ဘူးဆိုလျှင် ချက်တာ ကျန်းမာရေးနဲ့ ညီမညီ ပြန်စစ်။ မညီရင် ညီတဲ့ဟာတွေ ပြောင်းစား။ ညီရက်သားနဲ့ မကျသေးရင်တော့ ပမာဏလျှော့စားပါ။
ထွားချင်သူများကတော့ ၂ပတ်မှာ ၂ပေါင်လောက် တက်အောင်စားပါ။ ၂ပတ်နေလို့မှ မတက်သေးရင် ပိုစားပါ။
အခုမေးခွန်းလေးတွေဟာ ပေါ့ပေါ့လေး မေးတတ်ကျပေမယ့် အရေးပါတဲ့ သဘောတရားတွေ ပါပါတယ်။ ဒီလို ကွင်းဆက်လေးတွေပြတ်နေရင် အဆီမကျ အသားမတက် ဆိုတဲ့ ဝင်္ကပါထဲမှာ ဝဲတလည်လည် ဖြစ်တတ်ပါတယ်။
******************
ဒါလေးတွေက အတိုအထွာလေးတွေ ဆိုပေမယ့် လူမေးအများဆုံး၊ အမှားတတ်ကြဆုံး ဗဟုသုတတွေပဲ ဖြစ်ပါတယ်။
မူရင်းစာမျက်နှာ - Golden_Dreams 😊❤️
Wednesday, February 27, 2019
ပဋိပက္ခဖြေရှင်းခြင်းစိတ်ပညာ (Relationship Conflict Resolution)
ချစ်သူ/ရည်းစား/အိမ်ထောင်ဖက် ဆက်ဆံရေး (romantic relationship) တစ်ခု တည်ဆောက်ပြီးသွားရင် ဘယ်လိုတည်မြဲအောင် ကြိုးစားလုပ်ဆောင်ကြမလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီး လူမေးများပါတယ်။ အကြံပြုထားကြတဲ့စာပေတွေလည်း မနည်းမနောရှိပါတယ်။ ဒီဆောင်းပါးလေးကတော့ ကိုယ်မှတ်သားနာယူဖူးတာလေးတွေ၊ စာထဲမှာဖတ်ဖူးတာလေးတွေနဲ့ ကိုယ်တိုင်အတွေ့အကြုံတွေကိုပေါင်းပြီး relationship တစ်ခုမှာ ပဋိပက္ခ (conflicts) လေးတွေရှိလာတဲ့အခါ ဘယ်လိုဖြေရှင်းမလဲဆိုတာကို အဓိကထား ဖော်ပြသွားမှာဖြစ်ပါတယ်။
ပဋိပက္ခဆိုတာ စကားများရန်ဖြစ်တာ၊ ကွဲကြပြဲကြတာကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ ပဋိပက္ခဖြစ်တယ်ဆိုတာ နှစ်ဦးကြားမှာ တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်း၊ အမြင်ချင်း၊ အထင်ချင်း၊ ယုံကြည်ချက်ချင်း၊ ရပ်တည်ချက်ချင်း၊ တစ်စုံတစ်ခုကို နားလည်ယူဆပုံ ဘာသာပြန်ပုံချင်း တသားတည်းကျမနေဘဲ တိုက်ဆိုင်ညီညွတ်မှုမရှိတာကို ဆိုလိုပါတယ်။ ပဋိပက္ခတစ်ခုအပေါ် လူတွေဟာ ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးနဲ့ တုံ့ပြန်တတ်ကြပါတယ်။ အဲ့ဒီထဲကတချို့ကတော့ ပါးစပ်နဲ့နာအောင်ပြောတာ၊ မိမိအသာစီးရရေး ကိုယ်မှန်ရေးကို ရှေ့တန်းတင်ပြီး ငြင်းခုံတာ၊ တစ်ဖက်သားမှားကြောင်း နည်းမျိုးစုံနဲ့ သက်သေပြဖို့ကြိုးစားတာ၊ ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွားတာ၊ ဒီလိုခိုက်ရန်ဖြစ်ပွားဖို့အတွက်လှုံ့ဆော်တာ၊ တစ်ဖက်သားနဲ့မဆိုင်တဲ့ ဘေးလူတွေ တခြားအချင်းအရာတွေကိုပါ ဆွဲသွင်းတာ စတာတွေ ဖြစ်ပါတယ်။ လူအများစု သိပ်သတိမထားမိကြတဲ့ ပဋိပက္ခတစ်မျိုးကတော့ တစ်ဖက်သားကို ဘာမှမပြောတော့ဘဲ နှုတ်ဆိတ်နေလိုက်တာ၊ လျစ်လျူရှုလိုက်တာမျိုးဖြစ်ပါတယ်။ ကိုယ်ဘာဖြစ်နေကြောင်း၊ ဘယ်လိုခံစားနေရကြောင်းကို တစ်ဖက်ကို အသိမပေးဘဲ ပြောမပြဘဲ ကြားထဲမှာစိတ်နံရံတစ်ခုခြားပစ်လိုက်တတ်တာပါ။
ပဋိပက္ခစတင်ရာအခြေခံရာ အကြောင်းရင်းဇစ်မြစ်ကို အတူတူရှာဖို့ (သို့မဟုတ်) ကိုယ့်ဘာသာကိုယ်ရှာဖို့တောင် မကြိုးစားဘဲ ပြဿနာဟာ သူ့ဟာသူအလိုအလျောက် ချုပ်ငြိမ်းသွားမယ်လို့ယူဆပြီး အချိန်တစ်ခုကြာ ပြဿနာကနေ ရှောင်နေလိုက်တာမျိုးဟာ ထိရောက်တဲ့ပဋိပက္ခဖြေရှင်းနည်း (conflict resolution) မဟုတ်ပါဘူး။ ပဋိပက္ခကို ပိုဆိုးရွားသွားစေနိုင်တဲ့ အမူအကျင့်ပဲဖြစ်ပါတယ်။ တချို့ကလည်း တစ်ဖက်လူက ပြန်လာမခေါ်မချင်း၊ ဒါမှမဟုတ် လာမတောင်းပန်မချင်း၊ လာမညှိမချင်း ပေခံပြီးတော့ကို စိတ်အကြေကွဲခံ၊ ဒေါသအဖြစ်ခံ၊ ရင်အနာခံပြီး ပြဿနာကို မဖြေရှင်းပါဘူး။ ဒီလိုအခြေအနေမျိုးတွေဖြစ်တဲ့အခါ အချိန်တစ်ခုကြာလို့ နှစ်ဦးသား ပြန်လည်သင့်မြတ်သွားသည့်တိုင်အောင် အဲ့ဒီပဋိပက္ခ/ပြဿနာဖြစ်ပွားရာ မူလဇစ်မြစ်အကြောင်းအရာဟာ ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ ခေတ္တငုပ်လျိုးနေတာမျိုးပဲ ဖြစ်မှာပါ။ နောင်အခါ ပြန်ပေါ်လာနိုင်ပါတယ်။ အဲ့ဒီအခါကျမှ မီးတောင်ပေါက်ကွဲသလို အားလုံးဟာ အဆင့်ဆင့်အထပ်ထပ်ဖြတ်ပြီး ဟိုးအောက်ခြေကငုပ်လျိုးနေတဲ့အရာတွေပါ အပေါ်ကို အကုန်ဆန်ကြွပြီး ရှုပ်ထွေးသွားနိုင်ပါတယ်။ အပျက်အစီးလည်း ပိုများနိုင်ပါတယ်။ ဒါကြောင့် ပြဿနာ/ပဋိပက္ခကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို အကြံပေးချင်ပါတယ်။
(၁) တစ်ဖက်လူကို စကားပြောဖို့ အခွင့်အရေးပေးပါ
ပဋိပက္ခတစ်ခုဖြစ်တဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတာက ကိုယ့်ဘက်က ပြောပြချင်တဲ့အချက်အလက်တွေ၊ ကိုယ့်ထင်မြင်မှုတွေ၊ ကိုယ့်ယုံကြည်ချက်တွေကိုချည်းပဲ ရှေ့တန်းတင်လေ့ရှိပါတယ်။ ကိုယ့်ဘက်ကမှန်နေကြောင်းကိုအရင်းခံပြီး ဖော်ပြချင်တဲ့စိတ်ကြောင့် ဒီလိုဖြစ်တာပါ။ ကိုယ်မှန်နေပါလျက်နဲ့ တစ်ဖက်က ဘာကြောင့် နားမလည်နိုင်ရသလဲ၊ အမှန်ကိုမမြင်နိုင်ရသလဲဆိုတဲ့စိတ်နဲ့ ဒါကိုပဲ သဘောမပေါက်မချင်း၊ မမြင်မချင်း ထပ်ခါထပ်ခါ စကားရည်လုပြီးပြောမိနေတဲ့အတွက်ကြောင့် တကယ့်ပဋိပက္ခဇစ်မြစ်ကိုရှာဖို့ မေ့နေတတ်ကြပါတယ်။ ပြဿနာဖြေရှင်းဖို့ရာဟာလည်း နှောင့်နှေးသွားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ဦးစလုံးက တစ်ဖက်နဲ့တစ်ဖက် ကိုယ်ထင်မြင်ရာ ယုံကြည်ရာတွေကိုပဲ ကိုယ့်ဘက်ကအမှန်ဆိုတဲ့စိတ်ကြီးနဲ့ ခွန်းတုံ့ပြန်ပြောနေကြမယ်ဆိုရင် ဆုံးမှာမဟုတ်တော့ဘဲ ပြဿနာပိုရှုပ်ထွေးလာတာပဲ ဖြစ်မှာပါ။
ကိုယ်ပြောချင်တာပြော၊ ကိုယ်ဖော်ပြချင်တာကိုလည်းဖော်ပြရမှာဖြစ်သလို တစ်ဖက်သားရဲ့ ခံစားချက်၊ သဘောထား၊ အမြင်၊ ယုံကြည်ချက်တွေကိုလည်း နားထောင်ဖို့ အချိန်ပေးရပါမယ်။ ဒီလိုအချိန်ပေးဖို့ရာ သူပြောတာကို သေသေချာချာ နားထောင်ပေးဖို့လိုအပ်ပါတယ်။ ကိုယ့်ဘက်ကအများကြီးပြောပြချင်နေတာမှန်ပေမဲ့ ခဏလေးစောင့်ပြီး သူပြောတာကိုလည်း နားထောင်ပေးပါ။ လုမပြောပါနဲ့။ သူပြောချင်တာပေးပြောလိုက်ပါ။ သူပြောလို့ဝပြီဆိုမှ ဒါကတော့ဒီလိုဟုတ်ပြီ၊ မင်းဘက်ကသဘောထားကို ငါနားထောင်ပြီးပြီ၊ ငါနားလည်တယ်၊ အခု ငါ့ဘက်ကပြောမယ့်အကြောင်းအရာတွေကိုလည်း ကျေးဇူးပြုပြီးနားထောင်ပေးပါလို့ စကားခံပြီး ကိုယ်ပြောချင်တာကို စကားလုံးသေချာရွေးချယ်ပြီးပြောပါ။ ဒီလို တစ်ယောက်နဲ့တစ်ယောက် နားထောင်ကြတဲ့အဆင့်ဟာ conflict resoluation မှာ ပထမဦးဆုံးနဲ့ အခြေခံအကျဆုံးအချက်ပါ။
(၂) စကားပြောတဲ့အခါ မင်းကြောင့်ဆိုတဲ့စကားလုံးကို ရှောင်ပါ
နံပါတ်(၁)မှာပြောခဲ့သလို ကိုယ့်ဘက်ကဖြေရှင်းချက်ထုတ်ဖို့အခွင့်အရေးရလို့ တကယ်ကိုယ့်ခံစားချက်တွေကိုပြောပြီဆိုရင်လည်း မင်းကြောင့်၊ မင်းလုပ်လိုက်လို့၊ မင်းမလုပ်မိလိုက်လို့ စတဲ့ စွပ်စွဲချက်ဆန်တဲ့၊ အပြစ်တင်သလိုအဓိပ္ပာယ်မျိုးသက်ရောက်တဲ့စကားလုံးတွေကို လုံးဝရှောင်ကြဉ်ပါ။ ဒီလိုစကားလုံးတွေကို သုံးနှုန်းခြင်းအားဖြင့် ကိုယ့်ဘက်ကအမြင်ကို အေးအေးဆေးဆေးပြောပြနေတာနဲ့မတူဘဲ တစ်ဖက်သားကို ဖိနှိမ်ပြီးအပြစ်တင်နေတာမျိုး သဘောသက်ရောက်သွားနိုင်လို့ပါ။ အဲ့လိုသဘောသက်ရောက်ပြီဆိုတာနဲ့ တစ်ဖက်က ကိုယ်ပြောတာကို ဆုံးအောင်နားထောင်ချင်တော့မှာမဟုတ်ပါဘူး။ လုပြီးဝင်ပြောတော့မှာပါ။ ဒီအခါ ပဋိပက္ခဟာ သံသရာလည်ပြီး မကြာသင့်ဘဲ ပိုကြာရှည်သွားနိုင်ပါတယ်။
(၃) အချိန်ယူဖို့လိုအပ်ရင် ယူပါ
ပြဿနာဖြစ်ဖြစ်ချင်း နှစ်ဖက်စလုံးက သွေးပူနေတာမို့ ဘာပဲပြောပြော/လုပ်လုပ် အမှားပါနိုင်ပါတယ်။ အခြေအနေကို ပိုဆိုးသွားစေနိုင်တဲ့အလားအလာလည်းရှိပါတယ်။ အဲ့ဒီလို တစ်ခုခုကို ပြောမိလုပ်မိမှာကို ကိုယ့်ဘက်က ကြိုတင်တွက်ဆမိရင် (သို့မဟုတ်) ကျိန်းသေကြိုမြင်နေရင် အချိန်တစ်ခုယူပါ။ ချက်ချင်းမဖြေရှင်းပါနဲ့။ တချို့က ကိုယ့်ဒေါသအခြေအနေ၊ ကိုယ့်နှုတ်အမူအယာ ကိုယ်အမူအယာအခြေအနေ အသွားအလာကို ကိုယ်တိုင်နားလည်ထားကြပါတယ်။ အဲ့လိုနားလည်တဲ့အလျောက် ကိုယ့်ကိုကိုယ်ချင့်ချိန်ပြီး ပဋိပက္ခဖြစ်နေတုန်းမှာ ဘာမှ အလျင်စလိုမလုပ်မိနိုင်အောင်ထိန်းနိုင်ရင် ပိုအဆင်ပြေပါတယ်။
အချိန်တစ်ခုယူပြီး သွေးအေးအောင်ခဏနေဖို့လိုအပ်တယ်လို့ယူဆရင် အချိန်တစ်ခုယူလိုက်ပါ။ "ငါ ဒီကိစ္စကိုဖြေရှင်းပါ့မယ်၊ ဒါပေမဲ့ ငါ့ကိုအချိန်ခဏလောက်ပေးပါ" လို့ ရိုးရိုးလေးပဲခွင့်ပန် request လုပ်ပြီး ပြဿနာနဲ့ဝေးရာ၊ သွေးအေးရာကို ခဏရှောင်ထွက်သွားလိုက်လည်း ဖြစ်ပါတယ်။ တချို့က အဲ့လို ပြဿနာနဲ့ နည်းနည်းဝေးကွာတဲ့နေရာမျိုးမှာ သွေးအေးအေးနဲ့အချိန်ခဏလောက်ယူပြီး ကိုယ့်ဘာသာကိုယ်တစ်ယောက်တည်းတွေးပြီး အဖြေရှာတတ်ကြပါတယ်။ ဒါ တစ်ယောက်နဲ့တစ်ယောက်နဲ့တော့ မတူကြပါဘူး။ အဲ့လို အချိန် (time) နဲ့ နေရာ (space) ခဏလောက်ယူပြီး ကိုယ့်စိတ်အခြေအနေကိုပြန်သုံးသပ်ဖို့ဟာ သိပ်ကိုအရေးကြီးပါတယ်။ ဖြစ်ဖြစ်ချင်းမှာထင်နေမြင်နေ ယုံကြည်နေတာတွေနဲ့ ကိုယ့်ကိုကိုယ်အချိန်နဲ့နေရာခဏလောက်ပေးပြီးလို့ ပြန်စဉ်းစားသုံးသပ်ကြည့်လိုက်တဲ့အခါ ရလာတဲ့ရလာဒ်မျိုးဟာ များသောအားဖြင့် မတူညီတာကို တွေ့ရပါမယ်။
နေရာလို့ပြောတဲ့အခါမှာလည်း physical space (ခန္ဓာကိုယ် နေရာ) နဲ့ emotional space (ခံစားချက် နေရာ) ဆိုပြီး ထပ်ခွဲနိုင်ပါတယ်။ တချို့လူတွေမှာရှိတတ်ကြပါတယ်။ တစ်ဖက်လူက ကိုယ့်နားမှာ ခန္ဓာကိုယ်ချင်း နီးနီးကပ်ကပ်ရှိနေရင် စိတ်မလုံခြုံမှု၊ သံသယဖြစ်မှုတွေ ပိုများလာပြီး တကယ့်ပြဿနာဖြေရှင်းဖို့ဆီအာရုံမရောက်နိုင်ဘဲ ဒီအကွာအဝေး၊ နေရာကြီးကိုပဲစိုးရိမ်ပြီး ဒီလိုနီးကပ်နေတာကပဲ သူတို့အတွက် ပြဿနာနောက်တစ်ခု ထပ်ဖြစ်နေတတ်ကြပါတယ်။ အဲ့ဒီအခါ မိမိကိုယ်ကိုမလုံခြုံမှု၊ အားငယ်မှု၊ ကြောက်ရွံ့မှု၊ စိုးရိမ်မှု၊ ဒေါသထွက်မှုတွေ ပိုများလာနိုင်ပါတယ်။ တချို့ကလည်း emotional space (ခံစားချက် နေရာ) အကွာအဝေးလေးတစ်ခု လိုအပ်တတ်ကြပါတယ်။ ခန္ဓာကိုယ်ချင်းက အခန်းတစ်ခန်းထဲမှာ (သို့မဟုတ်) တစ်အိမ်ထဲမှာ အတူတူရှိနေကြပေမဲ့လည်း စိတ်ပိုင်းဆိုင်ရာ ခံစားချက်ဆိုင်ရာ အကွာအဝေးလေးတစ်ခု တောင့်တတတ်ပါတယ်။ ဘာမှမပြောဘဲခဏ emotional space ပေးလိုက်ချင်းအားဖြင့် နှစ်ဦးစလုံး တစ်ယောက်စီ ကိုယ်စီကိုယ်ငှ ခံစားနေကြရတာတွေကို မိမိဘာသာမိမိ ပြန်သုံးသပ်ပြီး reflect လုပ်နိုင်လာမှာဖြစ်ပါတယ်။ အဲ့လိုလုပ်နိုင်ပြီဆိုရင် conflict resolution လုပ်ဖို့ရာ အဆင့်တစ်ဆင့် ပိုနီးသွားပြီပဲဖြစ်ပါတယ်။
(၄) ပဋိပက္ခကို လူချင်းတွေ့ပြီး မျက်နှာစုံညီဖြေရှင်းပါ
Conflict တစ်ခုကိုဖြေရှင်းတဲ့အခါမှာ ဘယ်တော့မှ ဖုန်းနဲ့ဖြစ်စေ၊ စာပို့/စာရိုက်ပြီးတော့ဖြစ်စေ မဖြေရှင်းပါနဲ့။ ဖြစ်နိုင်ရင် လူချင်းအပြင်မှာဆုံပြီး မျက်နှာချင်းဆိုင် စကားပြောပြီး လူကြီးဆန်ဆန် ဖြေရှင်းပါ။ အနေဝေးနေကြတယ်ဆိုရင် ဗီဒီယိုကော(လ်)လိုမျိုးနဲ့ စကားပြောနိုင်ဖို့ကြိုးစားပါ။ ဒါမှသာ တစ်ယောက်ရဲ့ မျက်လုံး၊ အသံ၊ မျက်နှာအမူအယာ၊ လက်ဟန်ခြေဟန်အမူအယာ၊ ခန္ဓာကိုယ်အမူအယာတွေကို နောက်တစ်ယောက်က သေချာဖတ်နိုင်မှာဖြစ်ပါတယ်။ ခန္ဓာကိုယ်အမူအယာကပြောတဲ့ဘာသာစကား  (body language) ဟာ ပဋိပက္ခဖြေရှင်းရာမှာ အကျိုးသက်ရောက်မှု အများကြီးရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဒါတွေကို မမြင်ရ မသိရတဲ့အခါ မလိုလားအပ်တဲ့ နားလည်မှုလွဲတာတွေ၊ အထင်အမြင်လွဲမှားတာတွေ၊ အဓိပ္ပာယ်ကောက်ယူမှုလွဲတာတွေ ပိုဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် မျက်နှာစုံညီသေချာဖြေရှင်းကြတာက ပြဿနာကိုကျေအေးစေဖို့ ပိုလွယ်ကူပါတယ်။
(၅) ဘာကြောင့် အချိန်နဲ့နေရာ ယူဖို့လိုအပ်တယ်ဆိုတာကို ပြန်ဆုံတဲ့အခါ ပြောပြပါ
နံပါတ်(၃)မှာပြောခဲ့သလို time and space ယူပြီးသွားလို့ နှစ်ဦးသား ပြန်လည် မျက်နှာဆုံညီပြန်ဖြစ်ကြပြီဆိုရင် ကိုယ် ဘာကြောင့် အဲ့လိုမျိုး အချိန်နဲ့အကွာအဝေးလေး ခဏလောက်ယူခဲ့ရသလဲဆိုတာကို သေချာပြန်ရှင်းပြပါ။ အဲ့လိုအချိန်ယူနေစဉ်၊ အကွာအဝေး (space) လေး ခဏယူလိုက်တဲ့အချိန်မှာ ကိုယ့်ဘက်က ဘာတွေတွေးဖြစ်တယ်၊ ဘာတွေကိုတော့ဖြင့် မြင်သွားတယ်၊ အရင်က မတွေးမိတဲ့ဘယ်လိုအချက်တွေကိုတော့ဖြင့် တွေးမိသွားတယ်၊ ရှင်းလင်းသွားတယ် စသဖြင့် debriefing (ဖြစ်ပျက်ခဲ့တာတွေကို စနစ်တကျ ပြန်လည်တင်ပြတာမျိုး) လုပ်ပါ။ ဒါမှ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပိုခိုင်မြဲလာပြီး reunion (ပြန်လည်သင့်မြတ်မှု) ဟာလည်း ပိုအနှစ်သာရပြည့်စုံမှာဖြစ်ပါတယ်။ ရှေ့လျှောက်ရမယ့်ခရီးလမ်းမှာလည်း ပြဿနာတွေထပ်ကြုံလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဘယ်လို time and space မျိုးပေးရမလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်မှာမို့ ကြိုတင်ပြင်ဆင်လို့လည်းရသွားပါတယ်။
ဒီနေရာမှာ တစ်ခုအရေးကြီးတာက time and space မယူခင်မှာ ယူတော့မယ်ဆိုတဲ့အကြောင်းကို တစ်ဖက်သားကို အတိအလင်း အရိုးသားဆုံး အသိပေးသွားပါ။ အဲ့လိုအသိမပေးဘဲ ကိုယ့်ဘက်က တိတ်တိတ်လေးထွက်သွားမယ်ဆိုရင် တစ်ဖက်က ကိုယ့်အပေါ် မယုံတာတွေ၊ သံသယရှိတာတွေပိုများလာနိုင်ပြီး ကိုယ့်ကိုလည်း ပြဿနာဖြစ်တိုင်း ရှောင်ထွက်ပြေးသွားသူ၊ ရင်ဆိုင်ဖြေရှင်းမှု (confrontation) ကိုကြောက်ရွံ့သူ၊ အားထားဖို့မသင့်သူ၊ တစ်ကိုယ်ကောင်းဆန်သူရယ်လို့ မြင်သွားနိုင်ပါတယ်။ ဘာမှမပြောဘဲထွက်သွားမယ်ဆိုရင် အဓိပ္ပာယ်အမျိုးမျိုး သက်ရောက်သွားနိုင်ပါတယ်။ သူ့ခံစားချက်ကို ကိုယ်က ဘာမှနားထောင်ဖို့မကြိုးစားဘဲ သူနဲ့ဝေးရာကို ရှောင်ထွက်သွားတယ်၊ လျစ်လျူရှုသွားတယ်၊ တစ်ကိုယ်ကောင်းဆန်သွားတယ် စတဲ့သဘောမျိုးတွေ သက်ရောက်နိုင်တာမို့ time and space ယူဖို့လိုအပ်ပြီဆိုရင် လိုအပ်ကြောင်း၊ ယူတော့မယ်ဖြစ်ကြောင်းကို သေသေချာချာ သူသိအောင်ပြောပြပြီးမှ ယူပါ။
(၆) ကြားခံလူတစ်ယောက်ယောက် ရှိဖို့လိုအပ်ရင် အကူအညီတောင်းပါ
တခါတလေမှာ တစ်ဖက်နဲ့တစ်ဖက် စကားပြောဖို့၊ ရှင်းပြဖို့ နှစ်ယောက်တည်းအဆင်မပြေဘူး၊ မလုံခြုံနိုင်ဘူးလို့ခံစားရရင် ကြားခံလူ (တတိယလူ)/mediator တစ်ယောက်ကိုခေါ်ပြီး ညှိနှိုင်းကြပါ။ အဲ့ဒီလူကလည်း ဘက်လိုက်တဲ့လူမျိုးမဖြစ်စေရဘဲ နှစ်ဦးစလုံးက ယုံကြည်စိတ်ချရသူ၊ အားမနာတမ်း မျက်နှာမပူစတမ်း အကုန်ဖွင့်ချတိုင်ပင်နိုင်မယ့်လူမျိုးဖြစ်ဖို့ အရေးကြီးပါတယ်။ တစ်ဦးဦးရဲ့ မိသားစုဝင်ဆိုရင် အဆင်မပြေနိုင်ပါဘူး။ နှစ်ဦးစလုံးက အရမ်းယုံကြည်အားထားရတဲ့ အကုန်တိုင်ပင်လို့ရတဲ့ သူငယ်ချင်းမျိုး၊ ဒါမှမဟုတ် relationship အကြံပေးလိုမျိုးဆိုရင် အဆင်ပြေနိုင်ပါတယ်။ တခါတလေမှာ သူ့ကိုပြောမထွက်တဲ့စကားလုံးတွေရှိနိုင်ပါတယ်။ သူ့မှာလည်း ကိုယ့်မျက်နှာကိုတည့်တည့်ကြည့်ပြီး ပြောမပြနိုင်ရက်တဲ့ ခါးသီးတဲ့အမှန်တရားတွေရှိနိုင်ပါတယ်။ အဲ့ဒီအခါမှာ ကြားထဲမှာလူတစ်ယောက်ယောက်ရှိနေခြင်းအားဖြင့် ကြားလူကိုအကြောင်းပြုပြီး မပြောချင်တဲ့အရာတွေ၊ မပြောရက်တဲ့အရာတွေကို ပိုပြီးပြောထွက်လာဖို့ ရဲသွားပါတယ်။ အဲ့ဒီကြားခံလူကိုလည်း လိုအပ်မှသာ နှစ်ဦးကြားမှာ ဝင်ရောက်ဖြန်ဖြေပေးဖို့၊ ဘာမှဝေဖန်အကဲဖြတ်မှုမျိုး ကြားဖြတ်ပြောဆိုမှုမျိုးမလုပ်ဖို့ ကြိုတင်သတိပေးထားသင့်ပါတယ်။ နှစ်ဦးသားညှိနှိုင်းနေတာ၊ ပြန်လည်သင့်မြတ်ဖို့ကြိုးစားနေတာကို ကြားခံလူတစ်ဦးအနေနဲ့ သက်သေခံရှိနေပေးတဲ့သဘောမျိုးဆောင်အောင်ပဲ ထားရှိသင့်ပါတယ်။
(၇) ပြန်လည်သင့်မြတ်သွားတဲ့အခါ ပဋိပက္ခကို ပြန်သုံးသပ်ပါ
နှစ်ဦးသားပြန်အဆင်ပြေသွားတယ်ဆိုရင် ဖြစ်ခဲ့တဲ့ပြဿနာ/ပဋိပက္ခအကြောင်းကို ပြန်ပြောပါ။ ရှက်မနေပါနဲ့။ အားနာမနေပါနဲ့။ ဒီပြဿနာအပေါ် ထပ်နားလည်နိုင်ဖို့ကြိုးစားပါ။ ဒီပဋိပက္ခဖြစ်လိုက်တုန်းက ငါတို့ဘယ်လိုတုံ့ပြန်ခဲ့ကြတယ်၊ ဘယ်အရာတွေကတော့ မှားပြီး ဘယ်အချက်တွေကတော့ ဖြစ်သင့်ခဲ့တယ် လုပ်ခဲ့သင့်တယ်၊ ဘာတွေကိုတော့ဖြင့် မလုပ်သင့်မပြောသင့်ခဲ့ဘူး၊ အချိန်ဘယ်လောက်ယူလိုက်တာက ပိုအဆင်ပြေသွားတယ်၊ နေရာဘယ်လောက်ယူလိုက်တာက အဆင်မပြေခဲ့ဘူး၊ ဘာကတော့ အဆင်မပြေတာမို့လို့ နောက်ဒါမျိုးဖြစ်တဲ့အခါ ဘယ်လိုမျိုးလုပ်ကြည့်ဖို့ကြိုးစားကြမယ် စသဖြင့် နောင်အနာဂတ်မှာရှိလာဦးမယ့် ပဋိပက္ခတွေအတွက်လည်း ကြိုတင်ညှိနှိုင်းပြီးသား ဖြစ်သွားပါတယ်။ ဒီတော့ ထပ်ဖြစ်လာဦးမယ့် ပဋိပက္ခတွေမှာ ပိုအောင်မြင်၊ ပိုထိရောက်တဲ့ conflict resolution နည်းလမ်းတွေဆီချဉ်းကပ်ဖို့ရာအတွက် အလားအလာပိုရှိသွားပါတယ်။ ပြဿနာဖြေရှင်းတဲ့အခါမှာလည်း မှန်ကန်မြန်ဆန်တဲ့နည်းလမ်းကို နှစ်ဦးသား ပိုမိုသိမြင်နားလည်သွားနိုင်ပါတယ်။ ။
ရေးသားသူ - Craton Highways
Tuesday, February 26, 2019
AIDS ရောဂါရှိနေလျှင်
AIDS ရောဂါရှိနေလျှင် မည်သို့ ဖြစ်မည်နည်း
ရေးသားသူ Dr. Zin Thu Thu Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.
AIDS ရောဂါသည် HIV ရောဂါပိုးမှ စတင်ပါသည်။ HIV ရောဂါပိုး ရှိသောသူသည် အများဆုံး ၁၀ နှစ်အထိ ရောဂါလက္ခဏာ မပြခြင်း ဖြစ်တတ်ပါသည်။ ထိုအချိန်အတွင်းမှာလည်း တခြားသူများသို့ ရောဂါပိုး ကူးစက်နိုင်ပါသည်။ ရောဂါပိုးမွှားကို ရှာမတွေ့ဘဲ ကုသမိလျှင်လည်း ဆေးကြောင့် ခုခံအား ကျဆင်းပြီး AIDS ရောဂါ ဖြစ်ပေါ်နိုင်ပါသည်။
AIDS ရောဂါဆိုသည်မှာ HIV ပိုးရှိသော လူတစ်ဦးသည် ခုခံအား ကျဆင်းပြီး ကိုယ်ခန္ဓာ ထိခိုက်ကာ တခြားသော ရောဂါပိုးမွှားများ၊ အထူးသဖြင့် ကိုယ်တွင်း ခုခံအားစနစ်ကို အားနည်းစေသော ရောဂါပိုးမွှားများ ဝင်ရောက်လာခြင်းကြောင့် ဖြစ်လေ့ရှိပါသည်။ ဥပမာ – အနာများ၊ အဖုသေးသေးလေးများ ဖြစ်လေ့ရှိသော ရောဂါများ၊ အလုံးအကျိတ်များ ဖြစ်ပေါ်တတ်သော ရောဂါများ၊ လျှာတွင် အဖြူကွက်များ ပေါ်လေ့ရှိသော ပိုးများ၊ တီဘီ၊ ကင်ဒီတာ ပိုးကြောင့် ဖြစ်သော လည်မျိုရောင်ခြင်းများ ဖြစ်ပါသည်။
ထိုရောဂါပိုးများအတွက် တွေ့ရလေ့ရှိသော လက္ခဏာများမှာ
- အသက်ရှူမမှန်ခြင်း
- တစ်နေကုန် ပင်ပန်းနွမ်းနယ်နေခြင်း
- ၁၀ ရက်ထက်ပို၍ ဖျားခြင်း
- ညဘက်တွင် ချွေးစေးများထွက်ခြင်း
- အဖျား ပြန်ဖြစ်ခြင်း
- ကြာရှည်စွာ ဝမ်းလျှောခြင်း
- သွေးခြေဥလွယ်ခြင်း သို့မဟုတ် အကြောင်းပြချက်မရှိ သွေးယိုခြင်း
- အဖြူကွက်ပေါ်ခြင်းနှင့် လျှာ၊ ပါးစပ်တို့တွင် အဖုလေးများ ဖြစ်ခြင်း
 - အကြောင်းအရင်းမရှိ ပင်ပန်းနွမ်းနယ်နေခြင်း
- ပုံမှန်မဟုတ်ဘဲ ကိုယ်အလေးချိန် ကျဆင်းခြင်း
- ကိုယ်ခန္ဓာတွင် အနီစက်များပေါ်ခြင်းနှင့် အဖုများပေါ်ခြင်း
စသည်တို့ ဖြစ်ပါသည်။
CD4 T ဆဲလ်ပမာဏ လွန်စွာကျဆင်းပြီး ဗိုင်းရပ်စ်ပိုးများ ပမာဏ အဆမတန် တိုးပွားလာပါသည်။ CD4 ပမာဏသည်  သွေး ၁ ကုဗလီတာ ပမာဏတွင်၂၀၀ အောက် ကျပါက သို့မဟုတ် အဆင့် ၄ HIV ဒဏ်ကို ခံစားနေရပါက (ဥပမာ – တီဘီ ကင်ဆာနှင့် နမိုးနီးယား) ဆိုလျှင် ခုခံအားကျဆင်းမှု ရောဂါ AIDS ဖြစ်ရန် ပိုများပါသည်။ HIV မှ AIDS သို့ ပြောင်းသွားပြီဆိုလျှင် ထိုလူအဖို့ သေဆုံးရန် ရာခိုင်နှုန်းများပါသည်။ မကုသဘဲထားလျှင် ၃ နှစ်လောက်သာ အသက်ရှင်နိုင်ပါသည်။ သေစေနိုင်သော ရောဂါပိုးမွှားများ တစ်ခုခု ဝင်ရောက်လာပြီဆိုလျှင်လည်း  တစ်နှစ် သက်တမ်းမျှသာ ကျန်သော အဖြစ်မျိုးလည်း ကြုံရနိုင်ပါသည်။ တိုးတက်လာသော ခေတ်သစ် ဆေးဝါးများကြောင့် AIDS ရောဂါရှင်များ သက်တမ်းသည်လည်း တိုးမြင့်လာပါသည်။ HIV ရောဂါဖြစ်လျှင် ဆေးအမျိုးအစားများ စပ်၍ သောက်သုံးရပါမည်။
ထိုဆေးများသည် ကိုယ်ခန္ဓာ၏ ခုခံအားစနစ်ကို တိုးမြင့်နိုင်ပါသည်။ ထိုဆေးများသည် ဈေးကြီး၍ ဘေးထွက် ဆိုးကျိုးများလည်း ရှိတတ်ပါသည်။ သို့သော် ဆရာဝန်နှင့် မတိုင်ပင်ဘဲ ဆေးမဖြတ်သင့်ပါ။ ထို့အပြင် ပေးထားသော ဆေးကို အကုန်မသောက်ဘဲ တစ်မျိုးတည်းခွဲ၍ မသောက်သုံးရပါ။ CD4 T ဆဲလ်နည်းသော သူများသည် တခြားသော ရောဂါပိုးများ မဝင်လာစေရန် ဆေးသောက်သုံးသည်များလည်း ရှိပါသည်။ ထိုဆေးများကို CD4 ပမာဏ တိုးတက်လာသည်အထိ သောက်သုံးသင့်ပါသည်။
AIDS ရောဂါသည် HIV ပိုးကြောင့် ဖြစ်ပါသည်။ ထိုရောဂါသည် ကိုယ်ခန္ဓာ၏ ခုခံအားစနစ်ကို လျော့နည်းစေပါသည်။ HIV ရောဂါကို သက်သာစေသော ဆေးများမှာ ကူးစက်မှုများကိုလည်း အထိုက်အလျောက် ကာကွယ်နိုင်ပါသည်။ သို့သော် အမြဲတစေ မမှန်နိုင်ပါ။ ဆရာဝန်နှင့် အသေးစိတ် တိုင်ပင်နိုင်ပါသည်။
မူရင်း တင်ဆက်သူ - Hello ဆရာဝန်
Read also:
Monday, February 25, 2019
Metformin အကြောင်း
(မက်ဖော်မင်က 75% Alkaloid ပါ အပင်က ထွက်တဲ့ ဆေးပါ အများစုက ဆိုးကျိုးများတယ်ထင်နေကြသလို အနောက်တိုင်းဆေးဝါးပဲထင်နေကြသူများပါတယ် ဆရာဝန်တွေကိုယ်တိုင်ပါပဲ ကိုယ်သုံးနေတာ plant based medicine မှန်းမသိကြပါဘူး အမှန်မြင်ကြပါစေ အငြင်းမပွားကြပါနဲ့ အစွန်းမရောက်ဖို့လိုတယ် ကိုယ့်ဆေးပညာသည်သာ အကောင်းဆုံး တခြားဆေးပညာတွေအသုံးမဝင်ဘူးလို့မမြင်ကြဖို့ပါ လူသားတွေ အကျိုးများရင် Herbal နေနေ Verbal နေနေ Functional Medicine နေနေ Homeopathic ဆေးပညာနေနေပါ အသုံးဝင်နေတာပါပဲ အရမ်း Orthodox မဖြစ်ဖို့လိုပါတယ်)
Metformin ၏ “ သွေးချိုကျစေတဲ့ ကောင်းကျိုးအပြင်”
Metformin:Beyond Glycemic Control
မက်ဖော်မင်ကို နေ့စဉ်သောက်နေတာက ကျောက်ကပ်ပျက်စေတာ မဟုတ်ဘဲ သွေးချိုမထိန်းတာကသာ ကျောက်ကပ်ပျက်စေတဲ့အကြောင်းကို ဖော်ပြပြီးဖြစ်ပါတယ်။ တကယ်တော့ မက်ဖော်မင်က ကျောက်ကပ်ကို မပျက်အောင် ကာကွယ်ပေးနေတဲ့ ဆေးကောင်းတစ်လက်ပင် ဖြစ်ပါတယ်။ ယခုဆက်လက်ပြီး မက်ဖော်မင်ရဲ့ တခြားကောင်းကျိုးတွေကို ဆက်လက်ဖော်ပြလိုပါတယ်။
မက်ဖော်မင်ရဲ့အစ -
 မက်ဖော်မင်ဟာ Galega officinalis ဂါလီဂါဆိုတဲ့ #အပင်မှရတဲ့ #တိုင်းရင်းဆေးတစ်ခုပင်ဖြစ်ပါတယ်။ ၁၇၇၂ လောက်က ဒီဆေးပင်ကို ဆီးချိုရောဂါဝေဒနာတွေ သက်သာစေဖို့အတွက် အသုံးပြုခဲ့ဖူးတယ်လို့ စာတွေထဲမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ၁၉၅၇ နှစ်ရောက်တော့မှသာ ဒီဆေးကို Jean Sterne ဆိုသူက ပြန်လည်အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။ သူက တုပ်ကွေးလူနာတွေအတွက် သုံးရာမှ ဒီလူနာတွေမှာ သွေးချိုတွေကျသွားတာ ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဒါကို ဆက်လက်သုတေသနတွေပြုလုပ်ပြီး သွေးချိုကျဆေးအဖြစ် ပြန်လည်အသုံးပြုလာကြပါတယ်။ အစပိုင်းမှာ သူ့ရဲ့ဆိုးကျိုးတွေဖြစ်လာနိုင်မလား၊ စိတ်ချရပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ မက်ဖော်မင်ဟာ တော်တော်လေး စိတ်ချလုံခြုံရတဲ့ ဆေးကောင်းတစ်လက်ဖြစ်နေတာ သုံးတဲ့ကာလတွေ ကြာလေလေ ပိုပြီးသိလာကြပါတယ်။ ယခုတော့ သူဟာ အသုံးအများဆုံးသော ဆီးချိုဆေးဖြစ်လာပါတယ်။ သူ့ကို ဆီးချိုကုထုံးရဲ့ ထိပ်ဆုံးက ပထမဦးဆုံး သုံးရမယ့် ဆေးအဖြစ် အားလုံးသဘောတူ လက်ခံထားပြီး ဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၇ နှစ်ဟာ မက်ဖော်မင်ကို စသုံးတာ နှစ်ပေါင်း ၆၀ ရှိပြီဖြစ်ပါတယ်။
 ဘာ့ကြောင့် မက်ဖော်မင်ဟာ ဆီးချိုအတွက် အကောင်းဆုံးဆေးတစ်လက်အနေနဲ့ ကျော်ကြားရသလဲ ဆိုတော့ -
 သွေးချိုကို ထိရောက်စွာ ကျစေခြင်း၊
 သောက်ရလွယ်ခြင်း၊
 တာတိုမှာရော တာရှည်မှာပါ ဆိုးကျိုးမရှိခြင်း၊
 သွေးချိုအကျလွန်တဲ့ ပြဿနာမရှိခြင်း၊
 သွေးချိုကျစေခြင်းအပြင် တခြားသီးသန့်ကောင်းကျိုးတွေရှိခြင်း၊
 ဈေးနှုန်းချိုသာခြင်း၊ စတာတွေကြောင့် ဖြစ်ပါတယ်။ မက်ဖော်မင်ကို သောက်တာကြောင့် သွေးချိုကျစေတာအပြင် တခြားကောင်းကျိုးတွေလည်း အများကြီး ရရှိနိုင်ပါသေးတယ်။
ဆီးချိုရောဂါကာကွယ်ခြင်းနှင့် မက်ဖော်မင်
 ဆီးချိုရောဂါ မဖြစ်မီ မက်ဖော်မင်သောက်ခြင်းဖြင့် ဆီးချိုသွေးချိုရောဂါ ကာကွယ်နိုင်ပါတယ်။ ဆီးချိုရောဂါရဲ့ အဓိက ဇစ်မြစ်ဟာ Insulin Resistance လို့ခေါ်တဲ့ အင်ဆူလင်ကို တွန်းခံနေတာကြောင့်ပဲ ဖြစ်ပါတယ်။ အင်ဆူလင်ရဲ့ လုပ်ငန်းတွေကို ဆန့်ကျင်နေတဲ့အတွက် အင်ဆူလင် ထုပ်လုပ်မှုအား မြန်မြန်ကုန်စေပြီး ဆီးချိုသွေးချိုဖြစ်လာပါတယ်။ ဒီအခြေအနေမျိုးက အဝလွန်သူတွေမှာ အဖြစ်များပါတယ်။ အဝလွန်သူတွေဟာ အများအားဖြင့် ဆီးချိုဖြစ်လုဆဲဆဲ Impaired Glucose Tolerance (IGT) လို့ခေါ်တဲ့ အဆင့်မှာ ရှိနေကြပါတယ်။
 သမရိုးကျစစ်တဲ့နည်းနဲ့ စစ်ရင်တော့ ဆီးချိုရောဂါ မဖြစ်သေးဘူးလို့ သတ်မှတ်သူတွေကို သေသေချာချာ Oral Glucose Tolerance Test (OGTT) နည်းနဲ့ စစ်ကြည့်ရင် IGT လို့ ခေါ်တဲ့ ဆီးချိုဖြစ်လုဆဲဆဲ အဆင့်မှာ ရောက်ရှိနေတာတွေ ရှိပါတယ်။ ဒီလို အဆင့်ရှိသူတွေက အများကြီးပါပဲ။ ဆီးချိုမိသားစုဝင်တွေမှာ ဝတဲ့ သူတိုင်း ရှိဖို့များပါတယ်။ ဒီလို ဆီးချိုဖြစ်လာမယ့်သူတွေကို အစောကြီးကတည်းက ဆီးချိုမဝင်အောင်၊ ဒါမှမဟုတ် ဆီးချိုဝင်တာ နောက်ကျအောင် မက်ဖော်မင်က ကာကွယ် တားဆီးနိုင်ပါတယ်။ ဒီအဆင့်မှာ စပြီး ပြုပြင်ရင် အထိရောက်ဆုံး၊ အသက်အရှည်ဆုံး ဖြစ်ပါမယ်။ IGT အဆင့်ကတည်းက ဘဝနေထိုင်မှုပုံစံ ပြောင်းတာလည်း စလုပ်ရင် မက်ဖော်မင်ကို ပေးထားနိုင်ပါတယ်။ မက်ဖော်မင်က ဆီးချိုကို ၃၁ ရာခိုင်နှုန်း ကာကွယ်နိုင်သည်ဟု အမေရီကန်နိုင်ငံက တွေ့ရှိထားပြီး တရုတ်နိုင်ငံကဆိုလျှင် ၇၇ ရာခိုင်နှုန်းအထိတောင် ကာကွယ်နိုင်သည်ဟု ထုတ်ပြန်ထားပါသည်။ ဒါ့အပြင် မက်ဖော်မင်က သွေးတွင်းအချိုဓာတ်ကို Hypoglycemia ခေါ် သွေးချိုအကျလွန်တဲ့ အန္တရာယ်မရှိလို့ ဆီးချိုရောဂါ မဖြစ်သေးသူတွေမှာ လုံခြုံစွာ သုံးလို့ရပါတယ်။ ဒါပေမယ့် မက်ဖော်မင်ကို မိမိသဘောနဲ့ သောက်ဖို့ မသင့်ပါဘူး။ ပထမဦးဆုံး မိမိရဲ့ ဆီးချိုအဆင့်က နောက်နောင်မှာ ဖြစ်ကိန်းရှိတာလား (Pre IGT)၊ ဖြစ်လုဆဲဆဲ တာဆူနေတာလား (IGT) ဆိုတာ တတ်ကျွမ်းသူတွေထံ စစ်ဖို့လိုပါတယ်။
 နှလုံးရောဂါနှင့် မက်ဖော်မင်
 ဝတဲ့ ဆီးချိုလူနာတွေအဖို့ မက်ဖော်မင်က ကိုယ်အလေးချိန်ကျစေနိုင်ပါတယ်။ ဝမ်းတွင်းအဆီနဲ့ အသည်းအဆီတွေလဲ ကျစေပါတယ်။ သွေးတွင်း အဆီတွေလဲ ကျစေပါတယ်။ သွေးဥမွှားတွေ ပူးကပ်ပြီး သွေးခဲလွယ်ခြင်းကိုလည်း တာဆီးပေးလို့ သွေးကြောမပိတ်အောင် ကာကွယ်မှုတွေ ပေးနိုင်ပါတယ်။ သွေးကြောတွေရဲ့ အတွင်း နံရံမှာ အဆီကပ်ပြီး ကြာရင် သွေးကြောတွေ မာမသွားအောင်လည်း တားဆီးပေးပါတယ်။ သွေးတိုးလည်း ကျစေတယ်လို့ တချိုလေ့လာချက်တွေက ပြောပါတယ်။ ထပ်မံ အတည်ပြုဖို့တော့ လိုပါသေးတယ်။
 UKPDS ဆိုတဲ့ အင်္ဂလန်နိုင်ငံမှ အမျိုအစား၂ ဆီးချိုသွေးချိုရောဂါနဲ့ ပတ်သက်တဲ့ နာမည်ကြီး သုတေသနကြီးရဲ့ စိတ်ဝင်စားစရာ တွေ့ရှိချက်က မက်ဖော်မင်ရဲ့ ကောင်းကြောင်းကို သက်သေထူခဲ့ပါတယ်။ ဝတဲ့ အမျိုးအစား ၂ ဆီးချိုသွေးချို လူနာတွေကို မက်ဖော်မင်နဲ့ကုထားတဲ့ လူနာအုပ်စုက တခြားကုထုံးတွေဖြစ်တဲ့ ဆာဖွန်နိုင်ယူရီးယား နဲ့ သော်လည်းကောင်း၊ အင်ဆူလင်နဲ့သော်လည်းကောင်း ကုထားသူတွေနဲ့ စာရင် နှလုံးသွေးကြောပိတ်ခြင်း (Myocardial Infarction) ဖြစ်တာ ပိုနည်းကြောင့် တွေ့ရပါတယ်။ ဒါကြောင့် မက်ဖော်မင်ကို နှလုံးသွေးကြောရောဂါရှိဖို့ အလားအလာရှိသူတွေ အားလုံး သောက်ထားသင့်ပါတယ်။ မက်ဖော်မင်ဟာ ဆီးချိုကုထုံရဲ့ ပထမနေရာမှာ အမြဲရှိနေသင့်ပါတယ်။
 အမျိုးသမီးရောဂါနှင့် မက်ဖော်မင်
 မက်ဖော်မင်ဟာ ဝတဲ့ အမျိုးသမီးတွေအတွက် အသုံးကျတဲ့ ဆေးတစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချို Gestational DM (GDM) နဲ့ ရာသီမမှန်တဲ့ Polycystic Ovary Syndrome (PCOS) ရောဂါတွေမှာလည်း သုံးနိုင်ပါတယ်။ PCOS ကတော့ အဝလွန်တဲ့ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ သားဥအိမ်အရည်အိတ်တည်ခြင်း၊ ရာသီမလာခြင်း/မမှန်ခြင်း၊ ကလေးမရနိုင်ခြင်း ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဒီလို ပြဿနာရှိသူတွေကို မက်ဖော်မင်ပေးခြင်းဖြင့် ကုသနိုင်ပါတယ်။ ထိရောက်မှုလည်း ရှိပါတယ်။ ဒီလို PCOS လူနာတွေမှာ ကိုယ်ဝန်ရလာတဲ့အခါ GDM လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပွားတဲ့ ဆီးချိုရောဂါ ဖြစ်လေ့ရှိပါတယ်။ ဒီလူနာတွေ ကိုယ်ဝန်ရှိစဉ်မှာလည်း မက်ဖော်မင်ဆက်သောက်ပြီး သွေးချိုထိန်းကြည့်တဲ့အခါ ထိရောက်မှုရှိပြီး ကလေးအပေါ် သက်ရောက်မှု ဆိုးကျိုးတွေ မတွေ့ရပါဘူး။ ဒါကြောင့် မက်ဖော်မင်ဟာ သွေးချိုသိပ်မများတဲ့ ကိုယ်ဝန်ဆောင်ဆီးချို ကုသရာမှာ စိတ်ချစွာ သုံးနိုင်တာ တွေ့လာပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တဲ့အခါ ဆီးချိုဖြစ်လာရင် ရှေးယခင်ကလို လူတိုင်း အင်ဆူလင် ထိုးဖို့ မလိုပါဘူး။ အင်ဆူလင် တွန်းခံမှုများရင် မက်ဖော်မင်ကို သုံးနိုင်ပါတယ်။ ဒါပေမယ့် အထူးမှာကြားလိုတာကတော့ ဘယ်ကုထုံးနဲ့ သင့်လျော်သလဲဆိုတာ ကျွမ်းကျင်သူတွေရဲ့ ဆုံးဖြတ်မှုကို အမြဲယူသင့်ပါတယ်။
 မက်ဖော်မင်က နောက်ထပ်ဘာတွေ ကောင်းတာရှိသေးလဲ
 မက်ဖော်မင်ဟာ အာရုံကြောတွေကို တိုက်ရိုက်ကာကွယ်မှုပေးနိုင်တဲ့ သတ္တိကိုလည်း သုတေသီတွေက တွေ့ရှိထားပါတယ်။
 ဆီးချိုရောဂါရှိသူတွေမှာ Oxidative Stress ကြောင့် အာရုံကြော ကလာပ်စည်း (Nerve Cells) တွေ ပျက်စီးခြင်း(Degeneration) ဖြစ်သဖြင့် မှတ်ဥာဏ်နည်းခြင်း၊ အာရုံကြောအားနည်းခြင်း၊ သူငယ်ပြန်ခြင်း စတာတွေ ပိုဖြစ်တတ်ပါတယ်။ ဒါတွေကို အဖြစ်နည်းအောင် မက်ဖော်မင်က တာဆီးနိုင်တာ တွေ့ရပါတယ်။ နောက်စိတ်ဝင်စားစရာ တစ်ခုကတော့ မက်ဖော်မင်ဟာ ကင်ဆာရောဂါနဲ့ ပတ်သက်လို့ ကောင်းကျိုးရှိနိုင်တယ်ဆိုတဲ့ တွေ့ရှိချက်ပဲ ဖြစ်ပါတယ်။ မက်ဖော်မင်ကို ကင်ဆာကုထုံးတွေနဲ့ ပူးပေါင်းပြီး သုံးရင် ပိုမိုထိရောက်စေတာတွေလည်း တွေ့လာပါတယ်။ ရင်သားကင်ဆာဖြစ်တဲ့ ဆီးချိုလူနာတွေမှာ Tamoxifen ဟော်မုန်းဆိုင်ရာ ကုထုံးကို သုံရတဲ့အခါ မက်ဖော်မင်သောက်ထားတဲ့ သူတွေမှာ အကျိုးပိုရှိတာ၊ ပိုပြီး ထိရောက်တာ တွေ့ရပါတယ်။ ဓာတ်ခွဲခန်းတွေမှာ တိရိစ္ဆာန်တွေနဲ့ စမ်းသပ်ကြည့်တဲ့အခါ ပိုပြီး ထင်ရှားလာပါတယ်။ မက်ဖော်မင်ဟာ ကင်ဆာရောဂါဖြစ်ပွားမှုတွေကို တာဆီးနိုင်မလားဆိုတဲ့ အချက်တွေကို ဆက်ပြီး လေ့လာနေဆဲ ဖြစ်ပါတယ်။
 နိဂုံးချုပ်ပြောရရင် မက်ဖော်မင်ဟာ ဆီးချိုသွေးချိုရောဂါရှိသူတွေ အားလုံး (ဆေးဒဏ်မခံနိုင်သူတွေနဲ့ ကျောက်ကပ်အား အလွန်နည်းသူတွေက လွဲပြီး) သုံးသင့်တဲ့ ဆေးတစ်ခု ဖြစ်ပါတယ်။ တခြားဆီးချိုဆေး အားလုံးနဲ့လည်း တွဲပြီးသုံးနိုင်ပါတယ်။ ဆီးချိုလူနာတွေရဲ့ သက်တမ်းကို ပိုရှည်စေနိုင်ပါတယ်။
 နှလုံးရောဂါဖြစ်စေတဲ့ အခြေခံအချက်တွေ အားလုံးကို ပြုပြင်ပေးလို့ နှလုံးအတွက် မိတ်ဆွေကောင်း ဖြစ်ပါတယ်။ ကျောက်ကပ်၊ ဦးနှောက်၊ အသည်းတွေကိုလည်း ကာကွယ်ပေးပါတယ်။ အမျိုသမီးနဲ့ သက်ဆိုင်တဲ့ မီးယပ်မမှန်၊ ကလေးမရတဲ့ရောဂါတွေကိုလည်း ကောင်းစေတဲ့အပြင် ကိုယ်ဝန်ဆောင်ဆီးချိုမှာလည်း အသုံးကျပါတယ်။ နောက်ဆုံတော့ ကင်ဆာရောဂါတွေမှာလည်း အကျိုးပေးနိုင်တာတွေကို ဆက်ပြီးလေ့လာဆဲ ဖြစ်ပါတယ်။ မက်ဖော်မင်ဟာ ဆီးချိုလူနာသာမက ဆီးချိုမရှိတဲ့ သာမာန်လူတွေ အတွက်လည်း အကျိုးရှိနိုင်မယ့် သုံးလို့ရနိုင်မယ့် ဆေးကောင်းတစ်ခုဖြစ်ကြောင်း ပြောကြားလိုပါတယ်။ မက်ဖော်မင်ရဲ့ သတင်းကောင်းလေးတွေကို ဆက်လက်စောင့်မျှော် ကြည့်ကြပါစို့။
Credit: ပါမောက္ခ သန်းသန်းအေး၏ ဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါသည်။
Sunday, February 24, 2019
OPPO R17 Pro User Experience Review
 By MMPR
OPPO R17 Pro ကထွက်ရှိထားတာ အနည်းငယ်ကြာပြီ ဖြစ်ပေမဲ့ လက်ထဲကို Review unit ကရောက်လာတာနောက်ကျတဲ့အတွက် အခုမှပဲ Review လုပ်ပေးလိုက်ပါတယ်။တစ်ခြား specification တွေက သိပြီးသလောက်တွေဖြစ်နေပြီဆိုတော့ ကျွန်တော်တို့ နှစ်ပါတ်အတွင်း အသုံးပြုလို့အဆင်ပြေတာတွေမပြေတာတွေ ၊  အသုံးပြုလို့ရလာတဲ့အတွေ့အကြုံတွေကိုအဓိကထားပြောပေးသွားမှာပါ။ ပထမ  Video Review လုပ်ချင်ပေမဲ့ ပြောချင်တဲ့ Details တွေအကုန်လုံးထည့်ပြောရင် အဆင်မပြေတဲ့အတွက် စာအနေနဲ့ ပဲ Review လုပ်ပေးဖြစ်သွားပါတယ်။
Build & Design
***************
Design ပိုင်းကိုစပြောရမယ်ဆို အခုရထားတဲ့ဖုန်းက Radiant Mist ဆိုပြီးလာတဲ့  Gradient Color ကိုအရင်ဆုံးပြောတာပိုကောင်းမယ် .... မြင်လိုက်တာနဲ့ မိန်းကလေးတစ်ယောက်သာဆိုတန်းသဘောကျမဲ့အရောင်အတွဲအစပ်နဲ့ ဘေးဘက် Frame တွေထိကို အရောင်တွေသုံးပေးထားတဲ့အတွက် တော်တော်လေးသဘောကျစရာပါ။ Power ခလုပ်နဲ့  Volume အတိုးအကျယ်ခလုပ်တွေကို ဘယ်ညာခွဲပေးထားတဲ့အတွက်မှားနှိပ်မိမှာမပူရတဲ့အနေအထား ၊ Glass ဆိုပေမဲ့ ပြောင်ချော်ချော်ကြီးမဖြစ်နေတာ လက်ရာတွေသိပ်မထင်တာ အနောက်ဘက်ကို Curve လုပ်ပေးထားတဲ့အချက်တွေကြည့်လိုက်တာနဲ့  Premium ဖုန်းတစ်လုံးဆိုတာသိသာစေတဲ့အချက်တွေပါပဲ ။
 နောက်တစ်ချက်က ဒီဖုန်းမှာပုံမှန်ကင်မရာ ၂ လုံးအပြင် TOF Sensor တစ်ခုပါထည့်ထားပါတယ်။အဲ့အတွက် ကင်မရာ ( ၃ )လုံးပဲဆိုပါဆို့  ။ ကင်မရာ ၂ လုံးတောင် Bump ထွက်နေတာတော်တော်ထူနေရင် ကြည့်မကောင်းတာကို  ဒီ ကင်မရာ ၃ လုံးဖုန်းက ကင်မရာကိုအလည်တည့်တည့်မှာထားပြိး Bump ကြီးထူထူထွက်နေတယ်ဆိုတာစဉ်းစားသာကြည့်တော့ ။ ဖုန်းကိုစားပွဲပေါ်တို့ ဘာတို့ ချတတ်တဲ့သူဆိုရင် ဒီ Bump ကြီးခုနေတာနဲ့ ဘယ်လို မှအဆင်မပြေနိုင်  Lens Cover လဲအလွယ်တကူပွန်းနိုင်တဲ့အနေအထားပါ။ ဒါတောင် In Display Finger Print Sensor ဖြစ်နေတဲ့အတွက် ကျောဘက်မှာ Finger Print Scanner မပါလာတာတော်သေးတယ်လို့ ပြောရပါမယ်။Display ကို Gorilla Glass 6 အသုံးပြုပေးထားတယ် Gorilla Glass 6 ဘယ်လောက်မာလဲမမာလဲဆိုတာတော့ပုံတွေကြည့်ရင်သိသာပါတယ် :P ။ ဘယ် Reviewer စမ်းသပ်ထားလဲတော့မသိ လက်ထဲ Review Unit ရောက်လာထဲက ဒီလိုလေးဆိုတော့လဲ စမ်းစရာမလိုတော့ဖူးပေါ့ ။
Display
၆.၄ လက်မရှိပြီး AMOLED သုံးထားတယ် water drop notch ဖြစ်တဲ့အတွက် Display က အပြည့် နီးပါးဖြစ်နေမယ်။ Full HD+ resolution နဲ့ ဆိုတော့ ဒီဖုန်းက Specification ပိုင်းနဲ့ ပြောရရင် လက်ခံလို့ ရတဲ့အနေအထားပါ။ တစ်ကယ်တန်း Daily Usage တွေအတွက်ဆိုရင် Brightness ပိုင်းတွေအဆင်ပြေတယ် ။ Contrast ပိုင်းအနည်းငယ်အားနည်းတယ်လို့ ပြောလို့ ရတယ် ။ AMOLED ဖြစ်တဲ့အလျောက် Dark Area ပိုင်းမှာ သိသိသာသာအားကောင်းတယ် ။
ဒါပေမဲ့  ဒီဖုန်းတန်ဖိုး ၉ သိန်းဆိုတဲ့အနေအထားမှာ Ambient Display မပါလာဘူး ဆိုတာကအပြစ်လို့ ပြောလို့ ရတယ်။နောက်တစ်ချက်က ဒီ Display က တစ်ခါကြည့်ပြီး အရမ်းကြိုက်လောက်အောင် ကောင်းတဲ့အထဲမပါဘူး ။ ဒါပေမဲ့ ဒီ Display နဲ့ ပတ်သတ်ပြီး အဆင်မပြေတာရှိလားလို့ မေးရင်လဲ မရှိဘူးလို့ ပဲပြောရမှာပါ။
နောက်တစ်ချက်က Screen resolution ကို Adjust လုပ်ခွင့်မပေးထားဘူး ။ ကျွန်တော်တို့ အတွက်တော့ ဒီ OPPO R17 Pro က သုံးလို့ အဆင်ပြေတဲ့ Display ဆိုတာထက် ဘာမှပိုသဘောကြသွားတာမရှိ ။
Performance
 ဒီ Processor ကိုသုံးထားတဲ့ဖုန်းတွေထဲမှာ မြန်မာနိုင်ငံမှာဆိုတော်တော်များများသိပြီးသားဖြစ်တဲ့ Xiaomi 8 SE ဖုန်းတွေကိုကြည့်လိုက်မယ်ဆိုရင်ဈေးနှုန်းတွေက ၃ သိန်းနဲ့ ၎ သိန်းကြားပဲရှိတာပါ။ OPPO ကလဲဒါကိုမသိပဲနေမှာမဟုတ်ပါဘူး ။
 ဆိုတော့ ဒီဖုန်းမှာ Performance ပိုင်းမှာအဆင်ပြေပြေသုံးလို့ ရအောင်ပဲထည့်ထားမယ် အဲ့ထက်တစ်ခြား Feature တွေမှာပို ကောင်းအောင်လုပ်လိုက်မယ်ဆိုတဲ့ပုံစံပါ။ ဘယ်လိုပဲဖြစ်ဖြစ်ဒီ Processor သုံးထားတဲ့ဖုန်းကို ၉ သိန်းပေးဝယ်ဖို့ ဆိုတာကတော့ သေချာပေါက် လက်တွန့်သွားလောက်တဲ့အနေအထားပါ ။
အပေါ်မှာ ကျွန်တော်တို့ ပြောခဲ့သလိုပဲ web browsing ပိုင်းတွေ Social Media သုံးတဲ့အပိုင်းတွေမှာ တော်တော်လေးသွက်တယ် ။ RAM 8 GB ဆိုတဲ့အလျောက် Multitasking ပိုင်းမှာတော်တော်လေးကောင်းတယ်လို့ ပြောလို့ ရမှာဖြစ်ပြီး ကျွန်တော်တို့ နေစဉ်သုံးနေချိန်အတွင်းမှာ RAM Usage အနေနဲ့ အလွန်ဆုံး 4.5GB ၀န်းကျင်လောက်ထိပဲရှိပါတယ်။
Software
*********
အစောပိုင်း ထဲကColor OSဟာ ကျွန်တော်တို့ကြိုက်တဲ့ အဆင်ပြေတဲ့ OS မဟုတ်ဖူးဆိုတာပြောပြီးသားပါ. ရှုပ်ထွေးလွန်းတဲ့ System UI ,လိုတာထက်ပိုထည့်ပေးထားတဲ့ pre install app တွေ ၊ smooth မဖြစ်တဲ့ Gesture တွေကသေချာပေါက်ဒီ Color OS ကို Polish တင်ဖို့လိုနေသေးတယ်ဆိုတာကိုပြနေသလိုပါပဲ၊ ကျွန်တော်တို့ကရှင်းလင်းလွန်းတဲ့ Stock Android ကိုကြိုက်တဲ့သူမဟုတ်ပေမဲ့ ဒီလိုရှုပ်ထွေးလွန်းတဲ့ UI မျိုးကိုတော့ဘယ် လိုမှသဘောမကျပါဖူး။
 နောက်တစ်ချက်က Pre-Installed App တွေအရမ်းများလွန်းတာပါ။ Personal အရပြောရမယ်ဆိုရင် အသုံးတည့်တာတွေရောမတည့်တာတွေရော ထည့်ထားပေးတဲ့အတွက် အနည်းဆုံး ပြန်ဖျက်ရတာအလုပ်ပိုရှုပ်စေပါတယ်။ လက်ရှိအချိန်မှာ OPPO R17 Pro က OPPO ကထုတ်တဲ့ဖုန်းတွေထဲမှာ Flagship ဘွဲ့ ကိုခံထားတဲ့ဖုန်းတစ်လုံးဖြစ်ပေမဲ့ ခုချိန်ထိ Android 8.1 Oreo ပဲ အသုံးပြုနိုင်ပါသေးတယ်။
ဒါ့အပြင် ကင်မရာပိုင်းမှာ ထည့်ပြောမဲ့  3D TOF Camera Sensor ကလဲလက်ရှိအချိန်ထိသုံးလို့ မရသေးတဲ့အတွက် Software update ပိုင်းမှာ ဒီ့ထက်ပို အများကြီးတိုးတက်ဖို့ လိုသေးတယ်လို့ ပြောလို့ ရပါတယ်။
Camera
********
 ဒီ Main Camera ကအားသာချက်ဖြစ်သွားပြီး Aperture  f/1.5 ထိရိုက်ကူးနိုင်တာကြောင့် Low light လို အနေအထားမှာ တော်တော်လေးကောင်းတယ်လို့ ပြောလို့ ရမှာဖြစ်တဲ့အပြင် Night Mode ပါ လာတဲ့အတွက် ဒီ OPPO R 17 Pro ဟာ Low Light အတွက်မှာဆိုတော်တော်လေးအဆင်ပြေတဲ့ဖုန်းတစ်လုံးလို့ ပြောရမှာပါ။ နောက်ထပ်ကင်မရာတစ်လုံးကတော့ 20 megapixel Camera ကိုတပ်ဆင်ပေးထားပြီး အထူးသဖြင့် Depth Sensor အနေနဲ့ အသုံးပြုပေးထားတဲ့အတွက် Portrait လို ပုံတွေရိုက်ကူးတဲ့အခါ Edge တွေကတော်တော်လေးသပ်ရပ်တယ်လို့ ပြောလို့ ရပါတယ်။ Portrait Mode အတွက် Lighting Effect တွေလည်းထည့်ပေးထားတဲ့အတွက် ဒီဖုန်းကင်မရာမှာ ဒုတိယသဘောအကျဆုံးအချက်ကိုပြောပါဆိုရင် Portrait Mode ကိုပဲပြောရမှာပါ။ ဆိုတော့ပုံမှန်ရိုက်ကူးတဲ့ပုံတွေအတွက်ဆိုရင်ရော ? .....
ပထမဆုံး ဒီကင်မရာနဲ့ ရိုက်လိုက်တဲ့ဖုန်းကို ဒီဖုန်းထဲမှာကြည့်လိုက်တော့ တော်တော်လေးအရောင်ဖျော့တော့တော့နဲ့ ကြည့်လို မကောင်းဘုးလို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ ဒီပုံကိုပဲ PC ကိုပြောင်းလိုက်တဲ့အခါမှာ ဆန့် ကျင်ဘက်လောက်လုံးလုံးဖြစ်သွားသလောက်ပါပဲ ။ Color တွေစိုတယ် ။ Sharpness တွေကောင်းတယ် ။ Details တွေတော်တော်လေးကျန်တယ်။အရမ်းကောင်းတယ်လို့ ပြောလို့ မရရင်တောင်တော်တော်လေးကောင်းတဲ့အထဲပါတယ်လို့ ပြောလို့ ရပါတယ်။
Front Camera ကိုတော့ 25 megapixel သုံးပေးထားတယ် ။ Selfie ရိုက်တဲ့ပုံတွေက အတော်လေးအဆင်ပြေတယ်လို့ ပြောလို့ ရသလို အရောင်တွေကသဘာဝကျတယ်လို့ 
ပြောလို့ ရပါတယ်။ Sharpness ပိုင်းတော့နဲနဲအားနည်းတယ်လို့ ပြောလို့ ရတယ်။
Audio
*******
OPPO R17 Pro မှာ Mono Speaker ပဲသုံးထားပေမဲ့ အသံတော်တော်လေးကျယ်တယ်လို့ ပြောလို့ ရသလို Clear ဖြစ်တယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့  ဘူးထဲမှာပါလာတဲ့ Type C နားကျပ်ကတော့တော်တော်လေးရွဲတယ်လို့ ပြောလို့ ရပြီး အသံထွက်လဲအဆင်မပြေပါဘူး။ Speaker ကထွက်တဲ့ Audio Quality ကတော့တော်တော်လေးအဆင်ပြေတယ်လို့ ပြောလို့ ရပါတယ်။
Battery
********
OK ဒီဖုန်းမှာ သဘောအကျဆုံးတစ်ချက်ကိုပြောပါဆိုရင်တော့ Battery ပါ။ Battery မှာ OPPO လုပ်ထားတဲ့အကွက်က တစ်ကယ်လှပါတယ်၊တစ်ကယ်လည်းအသုံးဝင်ပါတယ်။ 3700 man Battery ကိုတစ်လုံးထဲမထည့်ပေးပဲ နှစ်လုံးသုံးပေးလိုက်ပြီး 10V ကို 5A နဲ့ 50W အားသွင်းစေတာပါ။ 10မိနစ်နဲ့ 40% တစ်ကယ်ပြန်အားသွင်းနိုင်သလို 20% ကနေ 100% ကို မိနစ် ၃၀ ဝန်းကျင်သာသွင်းရပါတယ်။ Super VOCC Charge စနစ် ကတော့ လုံးဝ impressive ဖြစ်တဲ့ စနစ်တစ်ခုလို့ ပြောလို့ ရတာအသေ အချာပါပဲ ။
အဲ့တော့ Battery ကအားသွင်းတာကမြန်တာဟုတ်ပါပြီ ။   Battery efficiencyဖြစ်ရဲ့လားဆိုတာပါ။ ဖြစ်ပါတယ် ပုံမှန် User တွေအတွက် 2 day ဖုန်းပါ။ သေချာပေါက် ဒီဖုန်းရဲ့ Main Selling Point ကို Battery အနေနဲ့ ရွေးပေးထားတာလဲ မှန်တယ်လို့ ပြောလို့ ရပါတယ်။
Fingerprint Sensor ကို in display Finger print sensor ကိုအသုံးပြုပေးထားတယ် ။ မမြန်ပါဘူး ဒါပေမဲ့ စောက်ထိုးပဲနှိပ်နှိပ် အတည့်ပဲနှိပ်နှိပ် ပွင့်ပါတယ်။ In Display Finger Print Sensor တော့ ဒီ့ထက်ပိုတိုးတက်ဖို့ လိုပါသေးတယ်။ နောက်တစ်ချက်က Face unlock ကတော်တော်လေးမြန်တယ် နဲနဲပါးပါး အလင်းရောင်ရှိရင် ပွင့်တယ် ဆိုတော့မဆိုးဘူးပြောလို့ ရပါတယ်။
P.S -minor software update တစ်ခုရလို့တင်လိုက်တဲ့အခါမှာ Finger Print အပိုင်း သိသိသာသာ ပိုသွက်သွားပါတယ်။
ဆိုတော့ ဒီ OPPO R17 Pro ကထွက်ထားတာလဲ ကြာပြီဖြစ်သလို Reviewer တော်တော်များများကလည်း Review လုပ်ပြီးနေပြီဆိုတော့ ထူးထူးခြားခြား ဘာမှပြောစရာမရှိတဲ့အတွက်တိုတိုနဲ့ ပဲ နိဂုံးချုပ်ပါမယ်။ ဒီဖုန်းကဘက်စုံထောင့်စုံကနေကြည့်ရင်တော့ ဆိုးဆိုးဝါးဝါးအပြစ်လို့ ပြောစရာဆိုရင် ၉ သိန်း ဆိုတဲ့ဈေးတစ်ခုကိုပဲထိပ်ဆုံးကပြောရမှာပါ။ဒီဖုန်းကို သုံးရတာအဆင်မပြေတာဘာရှိလဲမေးရင်ဘာမှ မရှိပါဘူး ဒါပေမဲ့ ကြိုက်လားလို့ မေးရင်တော့ Review လုပ်ပြီးတဲ့ အချိန်ထိ ကြိုက်တယ်လို့ ဖြေဖို့ ခက်နေတုန်းပါ။ ဘာလို့ လဲဆိုရင်တော့ အဖြေကရှင်းပါတယ် ဒီဈေးတန်းဝန်းကျင်ထဲမှာ ဒီ့ထက်ပို ပြီးရွေးချယ်စရာဖုန်းတွေ အများကြီးရှိသေးတယ်ဆိုတာပြောရင်း နောက် Review တွေမှာပြန်တွေ့ ကြတာပေါ့ဗျာ
Thanks  For Reading :D
#MMPR
#OPPOR17Pro
#UserExperienceReview
Saturday, February 23, 2019
ထူးကဲသော ကျန်းမာခြင်းအတွက် Full-Body Workout
အကယ်လို့များ သင်ဟာ သင် လေ့ကျင့်နေတဲ့ workout program ကို ဆက်လက် လေ့ကျင့်ဖို့အတွက် အကြောင့်အမျိုးမျိုးကြောင့် အဆင်မပြေတော့ဘူးလား။ ဒီလိုဆိုရင် ဘာလို့ Full-body workout program တစ်ခုလောက်ကို မစမ်းကြည့်တာလဲ? သင့်အနေနဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့တော့ လိုအပ်ပါသေးတယ်။ ဒါပေမယ့်လို့ အချိန်ပေးရတဲ့ဟာ နည်းပါးသွားပါလိမ့်မယ်။ စိတ်ဝင်စားလားဗျာ။ စိတ်ဝင်စားသွားတယ်ဆိုရင်တော့ ဆက်ပြီး ဖတ်သွားပါ။
ကျွန်တော်တို့တွေ ခန္ဓာကိုယ်ပေါ်မှာ ကြွက်သားတွေကို တည်ဆောက်တယ်ဆိုတာ GYM မှာ အချိန်အများကြီး သွားပေးလိုက်ရတယ်လေ။ ဟုတ်တယ်မလား။ ဒါပေမယ့်လို့ GYM ကြီးဘဲ ဆော့နေတော့လည်း အဆင်က မပြေပြန်၊ ၀မ်းရေးအတွက်က ရုန်းကန်ရသေးတယ် မဟုတ်လား။ ကောင်းမွန်တဲ့ ကြွက်သားတွေနဲ့ ကျစ်လစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ မှန်ကန်တဲ့ တစ်ခုတည်းသော နည်းလမ်းက အလေးဝန်တွေကို တွန်းထုတ်၊ ဆွဲယူ၊ မတင်တာမျိုးကို နာရီနဲ့ချီပြီး ပြုလုပ်၊ အဲ့ဒါကိုမှ တစ်နေ့ပြီး တစ်နေ့၊ တစ်လပြီး တစ်လ၊ တစ်နှစ်ပြီး တစ်နှစ် ဖြည်းဖြည်းချင်း တည်ဆောက်သွားမှာ ရတယ်လို့ ပြောကြတယ် မဟုတ်လား။
အမ်……….. ဟုတ်ချင်မှ ဟုတ်မှာပေါ့။
သင့်အနေနဲ့ ပြင်းထန်ပြီး ကောင်းမွန်တဲ့ လေ့ကျင့်မှုမျိုးကိုတော့ ဆက်လက် လုပ်ဆောင်ဖို့ လိုအပ်ပါသေးတယ်။ ဒါပေမယ့်လို့ အခု ကျွန်တော်တို့ နိုင်ငံက GYM တော်တော်များများမှာ လိုက်လုပ်ခိုင်းနေတဲ့အတိုင်း သုံးရက် ဆော့ရမယ် တစ်ရက်နားရမယ်။ ဒါမှမဟုတ်လည်း တစ်ပတ်ကို ခြောက်ရက်လုံး ကစားရမယ်။ ဘယ်နှရက် ဆော့မှ ရမယ် ဆိုတာမျိုး နဲ့ ဆိုရင် သင့်ရဲ့ နေ့စဉ် လုပ်ငန်းစဉ် အချိန်ဇယားထဲကို ဒီ ကျန်းမာရေးအတွက် လုပ်ဆောင်မယ့်ဟာကို ထည့်ဖို့က အခက်အခဲ ရှိကောင်း ရှိနေလိမ့်မယ်။ မအားရတာနဲ့ အကြောင်းအမျိုးမျိုး ကြောင့် ပျက်ကွက်ရတာနဲ့ပေါ့။ ဒီတော့ Full-body workout ကို ဘာလို့ အစမ်းကြည့်တာလဲ။ Full-body workout က သင့်အတွက် ကောင်းကောင်းကြီး အလုပ်ဖြစ်သလို၊ သင့်ရဲ့ အချိန်ဇယားမှာလည်း လွယ်လွယ်ကူကူဘဲ ကွက်တိ ဖြစ်သွားအောင် ကူညီပေးနိုင်ပါတယ်။
နောက်တစ်ခု ရှိသေးတာက Full-body workout လို့ ပြောလိုက်ပြီဆိုရင် လူတော်တော်များများ နည်းပြတော်တော်များများက အလေးပေါ့ပေါ့လေးတွေနဲ့ အကြိမ်များများ ဒါမှမဟုတ်လည်း အလေးပေါ့ပေါ့လေးတွေနဲ့ Circuit training ပိုင်းတွေ ပြေးမြင်ပြီး အဲ့ဒါတွေဘဲ လိုက်လုပ် ဒါမှမဟုတ် လိုက်လုပ်စေ တယ်ပေါ့။ ဒီတော့ ကစားသမားက တခြားသူတွေ လေ့ကျင့်နေတာတွေကို ကြည့်ပြီး ဟိုလိုလည်း ဆော့ချင်၊ ဟိုစက်မှာလည်း ဆော့ချင်၊ ဒီစက်မှာလည်း ဆော့ချင် ဖြစ်ကုန်ကြရော။ ဒါကလည်း လူ့သဘာဝဘဲလေ။ အပြစ်မြင်လို့ရတာမျိုး မဟုတ်ဘူး။
အမှန်တကယ်တော့ Full-body workout ဆိုတာက ကစားသမား အနေနဲ့ မိမိဖြစ်ချင်တဲ့ ပန်းတိုင်ကို ရည်မှန်းပြီး စိတ်နဲ့ ခန္ဓာ ဆက်စပ်လို့ ကြွက်သားတွေ ကောင်းကောင်းမွန်မွန် အလုပ်လုပ်ဖို့အတွက် Heavy Weight တွေနဲ့လည်း ကစားလို့ရပါတယ်။ နောက်ပြီး recovery ပိုင်းကိုလည်း ကောင်းမွန်စေတာကြောင့် သင့်အနေနဲ့ ကြီးထွားသန်မာနိုင်ပြီး၊ ပြင်းပြင်းထန်ထန်လည်း ကစားနိုင်ပါတယ်။ နောက်ပြီး overtraining ဆိုတဲ့ အရာကြောင့် အဖိုးတန်လှတဲ့ ကြွက်သားတွေ လောင်ကျွမ်းပျက်စီး သွားခြင်းတွေကိုလည်း ဟန့်တားပေးနိုင်ပါတယ်။
ဒီတော့ Full-Body workout ဆိုတာ ဘာလဲ ဆိုတာမျိုးကို ဆက်ပြီး လေ့လာကြည့်ကြရအောင်။
Full-Body Workout ရဲ့ ကောင်းကျိုးများ
SAVE TIME ။ ။ ကစားချိန် တစ်ချိန်တည်းမှာ ခန္ဓာကိုယ် တစ်ကိုယ်လုံးကို ကစားလိုက်ချင်းရဲ့ အကြီးမားဆုံး ကောင်းကျိုးတစ်ခုကတော့ တစ်ပတ်မှာ နှစ်ရက် ဖြစ်ဖြစ် သုံးရက်ဖြစ်ဖြစ် ဘဲ GYM မှာ အချိန်ပေးလိုက်ရခြင်း ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မအားဘူးဆိုတဲ့ သူများအတွက်ပေါ့။
နောက်တစ်ခုက သင့်အနေနဲ့ ကစားချိန် တစ်ချိန်အတွက် GYM မှာ တစ်နေ့ကို ၁ နာရီလောက်ဘဲ အချိန် ပေးစရာ လိုပါတော့တယ်။ ဒီတော့ တစ်ပတ်ကို GYM မှာ ၂ နာရီ သို့မဟုတ် ၃ နာရီလောက်ဘဲ အချိန်ပေးပြီး ကြွက်သားတွေကို တည်ဆောက်မယ်ပေါ့။ မိုက်တယ်..ဟုတ်?
ဟုတ်ပါတယ်။ ဒါတွေက သင့် လေ့ကျင့်ခန်းရဲ့ Quality အကြောင်းပါ။ Quantity အကြောင်းမဟုတ်ပါဘူး။
Boosts Your Cardiovascular System ။     ။ ကစားချိန် တစ်နာရီ လောက်အတွက်မှာ ကြွက်သားအုပ်စု တစ်ခုအတွက် ၂ ကျော့ ဒါမှမဟုတ် ၄ ကျော့လောက် ကောင်းကောင်းမွန်မွန် ညှစ်ပြီး ကစားလိုက်ခြင်းက သင့်ရဲ့ ခန္ဓာကိုယ် cardiovascular system ကို လျင်လျင်မြန်မြန်ဘဲ မြင့်တင်ပေးနိုင်စွမ်း ရှိပါတယ်။
Full-Body Workout လေ့ကျင့်ခြင်းအတွက် စည်းကမ်းချက်များ
တစ်ပတ်ကို ၂ ရက် သို့မဟုတ် ၃ ရက် ကစားပေးပါ ။ ။ မိုက်တယ်ဟုတ်။ ဒီလို တစ်ပတ်မှာ ရက်အနည်းငယ်သာ အလေးနဲ့ ကစားလိုက်ခြင်းရဲ့ ကောင်းမွန်တဲ့ အချက်ကတော့ ကြားရက်တွေမှာ Cardio session လေးတွေကို ကစားလို့ ရသွားတာပါ။ အလေးနဲ့ ကစားပြီး နောက်ပိုင်း cardio တွေကို လုပ်နေရမယ့် အစားပေါ့။
အလေးများများနဲ့ ကစားပါ ။ ။ များသောအားဖြင့် Full-body workout ကို ကစားတဲ့ ကစားသမားတွေက သူတို့ သတ်မှတ်ထားတဲ့ အကြိမ်အရေအတွက်ကို မနိုင်မယ့် အလေး နဲ့ ကစားမယ့်အစား အလေးပေါ့ပေါ့လေးတွေနဲ့ ကစားတတ်ပါတယ်။ နောက်ပိုင်းလေ့ကျင့်မယ့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အတွက် စွမ်းအင်ကို ချွေတာလိုက်တဲ့ သဘောအနေနဲ့ပေါ့။ အမှန်ကတော့ သင့်အနေနဲ့ Heavy မလေ့ကျင့်ဘဲ ကောင်းမွန်တဲ့ ရလဒ်ကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ သင့်အနေနဲ့ ဘယ် Program ကိုဘဲ ကစားနေ ကစားနေပါ။ ဒီတော့ သင့်မနိုင်သလောက်အထိကို အလေးတိုး ကစားပါ။ ပုံကျပန်းကျပါဗျာ….နော်။
ကြွက်သားအုပ်စု တစ်ခုအတွက် လေ့ကျင့်ခန်း တစ်ခုကို ကစားပါ ။ ။ ဒီတစ်ခုကတော့ အပြောကလွယ်သလို အရေးလည်း ကြီးပါတယ်။ အခြေခံအားဖြင့်ဆိုပါစို့။ သင့်အနေနဲ့ လေ့ကျင့်ခန်းတစ်ခုအတွက် သင့်မနိုင်တဲ့ အလေးဝန်အထိ အလေးတိုးပြီး ကစားလိုက်ခြင်းအားဖြင့် သင့်အနေနဲ့ အဲ့ဒီ ခန္ဓာကိုယ် အစိတ်အပိုင်းအတွက် လေ့ကျင့်ခန်း တစ်ခုဘဲ ပြုလုပ်စရာ လိုအပ်ပါတယ်။ ဥပမာ ရင်အုပ်အတွက် ဆိုပါစို့။ Bench Press ဒါမှမဟုတ် Incline Bench Press ပေါ့။
ကျောအတွက်ဆိုရင် Bent-over rows ဒါမှမဟုတ် Chin-Ups ပေါ့။ အောက်ပိုင်းအတွက် ဆိုရင်တော့ ဘယ်လေ့ကျင့်ခန်းကမှ Squat ကို မမှီပါဘူး။
ဒီလေ့ကျင့်ခန်းတွေ က သင့်အနေနဲ့ Heavy Weight တွေနဲ့ လေ့ကျင့်နိုင်မှ ဖြစ်သလို မဆုံးနိုင်တော့ လေ့ကျင့်ခန်းများကို လေ့ကျင့်စရာ မလိုဘဲ ကြွက်သားပမာဏကို တိုးပွားစေနိုင်ပါတယ်။ သင့်အနေနဲ့ လေ့ကျင့်ခန်းတွေကို ရွေးချယ်ပြီးပြီ ဆိုရင်တော့ routines အတွက် စီစဉ်ပေါ့။ ဒီလိုဆိုရင် လေ့ကျင့်ခန်းတစ်ခုကို ၁၀ ကြိမ် ၁၂ ကြိမ် ၂ ကျော့လား ၄ ကျော့လား သတ်မှတ်နိုင်ပါပြီ။
သင့်ရဲ့ ကစားချိန်ကို တစ်နာရီ သို့မဟုတ် အဲ့ထက် နည်းအောင် စီစဉ်ပါ။ ။ သင့်အနေနဲ့ သင့်ရဲ့ လေ့ကျင့်ခန်းကို စီစဉ်တော့မယ်ဆိုရင် တစ်ခုမှတ်ထားရမှာက resistance training က သင့်ရဲ့ musclebuilding hormones အပေါ်မှာ သက်ရောက်မှုရှိတယ်ဆိုတာကိုပါ။
Compound Exercise တွေကို လေ့ကျင့်ခြင်းအားဖြင့် သင့်ရဲ့ testosterone level တွေကို သဘာဝအတိုင်း မြင့်တင်ပေးနိုင်တယ် ဆိုပေမယ့်လည်း လေ့ကျင့်ချိန် ကြာလာရင် Cortisol လို့ခေါ်တဲ့ Catabolic Hormone ကိုလည်း မြင့်တင်ပေးနိုင်စွမ်းရှိပါတယ်။
လေ့ကျင့်ချိန်ကို ချိန်ညှိပြီး ပြင်းအားကောင်းကောင်းနဲ့ လေ့ကျင့်ခြင်းကသာ လက်မထောင်နိုင်ဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ ဒီတော့ လေ့ကျင့်ချိန်ကို ၁ နာရီ လောက်မှာဘဲ ထားတာ အကောင်းဆုံးပါ။
လေ့ကျင့်ပြီးပြီးခြင်း post-workout shake ကို သုံးပါ ။ ။ Full-body workout လုပ်ဆောင်နေတဲ့ အချိန်အတောအတွင်းမှာဆိုရင် သင့် လေ့ကျင့်ခန်းအတွက် Glycogen ပမာဏ အများအပြားကို အသုံးပြုလိုက်ရပါတယ်။ ဒီတော့ သင့်အနေနဲ့ လေ့ကျင့်ပြီးပြီးခြင်း ဖြစ်နိုင်သမျှ မြန်မြန် Glycogen သိုလှောင်မှုကို ပြန်ဖြည့်သွင်းပေးဖို့ လိုအပ်ပါတယ်။
လေ့ကျင့်ပြီးပြီးခြင်း Glycogen ကို ပြန်လည်ဖြည့်သွင်းပေးခြင်းက recovery process ကို စတင်စေပါတယ်။ ဒီလို ဖြည့်သွင်းပေးခြင်းကို မလုပ်ဆောင်ပေးရင်တော့ သင့်ရဲ့ ရလဒ်ကို နှောင့်နှေးပါစေလိမ့်မယ်။ ခရီးရှည်ကြီး မောင်းနှင်ပြီးတဲ့ ကားကို gas ပြန်ဖြည့်တဲ့ ဟာကို တွေးကြည့်ကြည့်ပေါ့။
သင့် workout order ကို ပြောင်းလဲပေးပါ ။ ။ Full-body workout လုပ်မယ်ဆိုတိုင်း အမြဲတမ်း ရင်အုပ်ကနေပြီး စမယ်ဆိုတာမျိုးတော့ မရပါဘူး။ အဲ့ဒီလို ပြုလုပ်ခြင်းက သင့်ရဲ့ physique's symmetry ကို အကျိုးလျော့စေပါတယ်။ ဒီတော့ သင့်အနေနဲ့ သင့်ခန္ဓာကိုယ်ရဲ့ major body parts သုံးခုဖြစ်တဲ့ chest, back, legs ကို အညီအမျှ ခွဲခြားပြီး လုပ်ဆောင်သင့်ပါတယ်။ ဒီနေ့ chest ကနေ စမယ်ဆိုရင် နောက်တစ်နေ့ကျ back ကနေ စပေါ့။ အဲ့ဒီလိုပါ။ နောက်ပြီး abs တို့ calves တို့ကိုလည်း ချန်ထားခဲ့လို့ မဖြစ်ဘူးနော်။
လေ့ကျင့်ခန်းများ ။ ။ အောက်မှာ သင့်အနေနဲ့ workout တစ်ခု စတင်ဖို့အတွက် လေ့ကျင့်ခန်းလေး တချို့ကို ရွေးချယ်တင်ပြပေးလိုက်ပါတယ်။ ကိုယ့်နဲ့ သင့်တော်ရာကို ရွေးချယ်နိုင်ကြပါစေ။
Back
• Bent-over barbell rows
• Pull-ups
• Seated cable rows
Biceps
• Standing barbell curls
• Alternate dumbbell curls
• Preacher curls
Chest
• Bench Presses
• Incline barbell presses
• Dumbbell presses
Triceps
• Parallel-bar dips
• Lying dumbbell Extensions
• Pushdowns
Shoulders
• Dumbbell Presses
• Behind Neck Presses
• Upright rows
Calves
• Standing Calf raises
• Seated Calf raises
• Donkey Calf raises
Legs
• Squats
• Leg presses
• Hack squats
Abs
• Hanging leg raises
• Decline-bench crunches
• Rope crunches
Sample အနေနဲ့ Workout တစ်ခုကို တည်ဆောက်ပေးလိုက်ပါတယ်။ သင့်အနေနဲ့ သင့်ရဲ့ routine ကိုတော့ ကိုယ့်ကို စီစဉ်ပါ။
1. Barbell Bench Press (Medium Grip) – 2-4 sets, 10-12 reps
2. Dumbbell Bench Press – 2-4 sets, 10-12 reps
3. Bent Over Barbell Rows – 2-4 sets, 10-12 reps
4. Barbell Curl – 2-4 sets, 10-12 reps
5. Triceps Dips – 2-4 sets, 10-12 reps
6. Hanging Leg Raise – 2-4 sets, 10-12 reps
7. Barbell Squat – 2-4 sets, 10-12 reps
8. Standing Calf Raise – 2-4 sets, 10-12 reps
အားလုံးဘဲ ကျန်းမာလှပစွာနဲ့ ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲ နိုင်ကြပါစေ။
ချစ်ခင်လေးစားစွာဖြင့်။
Saiaung Thettoe
Friday, February 22, 2019
ချဉ်စပ်ကဏန်းဟင်း - ရတနာရှစ်မျိုး ကောက်ညှင်းပူတင်း - ငါးကင် - မအူပင်ထမင်းပေါင်း
ငါးကင်
ပါဝင်ပစ္စည်းများ
တီလားဗီးယားငါး  -  ၁ ကောင်
ခရုဆီ  -  စားပွဲဇွန်း ၁ ဇွန်း
ငရုတ်ကောင်းမှုန့်  -  အနည်းငယ်
ကြက်သွန်ဖြူ  -   ၆ မြွှာ
ချင်း  -  အနည်းငယ်
နံနံပင်  -  များများ
ပင်စိမ်းရွက်  -  အနည်းငယ်
ဖက်ဖယ်ရွက်  -  အနည်းငယ်
ရှမ်းနံနံ  -  အနည်းငယ်
စပါးလင်  -  ၁ ချောင်း
ဆား  -  အနည်းငယ်
သကြား  -  အနည်းငယ်
ငရုတ်သီး  -  ၁၀ တောင့်ခန့်
ဆီ  -  စားပွဲဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
၁။ ငါးကို သေချာဆေးကြောသန့်စင်ပြီး ရေစင်အောင် စစ်ထားပါ။
၂။ ငါးကို ဓားဖြင့် မွှန်းထားပါ။
၃။ ကြက်သွန်ဖြူ၊ နံနံပင်၊ ချင်း၊ ငရုတ်သီး၊ ပင်စိမ်းရွက်၊ ငရုတ်သီး၊ ဖက်ဖယ်ရွက်နှင့် ရှမ်းနံနံတို့ကို ကြိတ်ပြီး ခရုဆီ၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်နှင့် ဆီတို့ကို ထည့်ပြီး အနှစ်ဖြစ်အောင် လုပ်ပါ။
၎။ အနှစ်ရပြီဆိုလျှင် ငါးကို နယ်ပါ။ စပါးလင်ကို ထုခြေပြီး ငါးဗိုက်ထဲ ထည့်ပါ။
၅။ အရသာစိမ့်ဝင်သွားစေဖို့ ၁ နာရီခန့် နှပ်ထားပါ။
၆။ အရသာနပ်ပြီးသွားပြီဆိုလျှင် အပူချိန် 180˚C အပူပေးထားတဲ့ Oven ထဲ ထည့်ပြီး ကင်ပါ။
၇။ မီးသွေးအကင်ဖိုဖြင့်  ကင်မည်ဆိုလျှင် ကင်နေစဉ် ငါးအသားများ မခြောက်သွား အောင် ဆီဖြင့် သုတ်ပေးပါ။
၈။ အနံ့မွှေးပြီး ငါးလည်းကျက်ပြီဆိုလျှင် ကြိုက်နှစ်သက်ရာ ဆော့စ်ဖြင့် တွဲပြီး သုံးဆောင်နိုင်ပါပြီ။
......................
အံ့ဝင့်ထွဋ်
ရတနာရှစ်မျိုး ကောက်ညှင်းပူတင်း 
(EIGHT-TREASURES RICE PUDDING)
(八寶飯)
.....................
 နှစ်သစ်မှာ ချမ်းသာခြင်းသုခအပြည့်ရစေဖို့ ရတနာရှစ်မျိုး ကောက် ညှင်းပူတင်းလေး လုပ်စားကြပါတယ်။ တရုတ်နှစ်ကူးအစားအစာတစ်မျိုး ဖြစ်ပေမယ့် နေ့ကြီးရက်ကြီးတွေမှာလည်း တည်ခင်းလေ့ရှိပါတယ်။
ပါဝင်ပစ္စည်းများ
• ကောက်ညှင်းပေါင်း - ၁ ပန်းကန်
• ပဲယို - ၁ ပန်းကန်
• နှစ်သက်ရာအသီးခြောက် - ၈ မျိုး
ပြုလုပ်နည်း
၁။ ပန်းကန်လုံးတစ်လုံးအောက်မှာ ဆီအနည်းငယ်လူးပေးပါ။ သစ်သီးခြောက်များကို ခင်းထားပါ။
၂။ သစ်သီးခြောက်များအပေါ်မှာ ကောက်ညှင်းပေါင်းတစ်ဝက် ခင်းပါ။
၃။ အလယ်မှာ ပဲယိုထည့်ပြီး ကျန်သစ်သီးခြောက်နှင့် ကောက်ညှင်းတို့ကို ထည့်ပါ။
၎။ ပေါင်းအိုးထဲ ရေထည့်ပြီး ကောက်ညှင်းပန်းကန်ကို ထည့်၍ မိနစ် ၃၀ ခန့် ပေါင်းပေး ပါ။
၅။ ပေါင်းအိုးထဲမှာ မတည်ခင်းခင်အချိန်အထိ ပူနွေးနေအောင် ထည့်ထားပါ။
၆။ တည်ခင်းမည့်အချိန်မှာ ပန်းကန်ပြားတစ်ချပ်ပေါ် ပေါင်းထားတဲ့ ကောက်ညှင်းပန်းကန် ကို မှောက်ချပြီး အပေါ်မှလိုသလို အလှဆင်ကာ တည်ခင်းနိုင်ပါပြီ။
ဂ စပျစ်ခြောက်ဝါ/နီ၊ စွန်ပလွံသီး၊ လိမ္မော်သီး၊ သလဲသီး၊ ရက်စ်ဘယ်ရီခြောက်၊ မက်မန်းခြောက် တို့ဖြင့် ကိတ်ပုံစံဖန်တီးထားခြင်းသာ ဖြစ်ပါတယ်။
ဂ တည်ခင်းမည့်အရေအတွက်ပေါ်  မူတည်ပြီး ချိန်ဆပြုလုပ်ပါ။
......................
Sofia
Spicy Sweet & Sour Crab ချဉ်စပ်ကဏန်းဟင်း
ကဏန်း                                - ၇၅၀ ဂရမ် ( သန့်ရှင်းထားပါ)
ကြက်သွန်ဖြူ                          - ၃၅ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
ချင်း                                     - ၃၅ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
ကြက်သွန်နီ                            - ၁၂၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
ငရုတ်သီးစိမ်း (နီ+စိမ်း)              - ၁၀ တောင့် (နုပ်နုပ်စဉ်းထားပါ)
တရုတ်ပဲငါးပိ                            - စားပွဲဇွန်း ၁ ဇွန်း
ကြက်သွန်မြိတ်                           - ၂ ပင် (ပါးပါးလှီးထားပါ)
နံနံပင်                                       - ၂ ပင်
ကြက်ဥ                                      - ၄ လုံး
ပြောင်းဖူးမှုန့်                                 - စားပွဲဇွန်း ၁ ဇွန်း+ရေ စားပွဲဇွန်း ၄ ဇွန်း
ရေ                                             -  ၆၀၀ မီလီလီတာ
Sauce အတွက်လိုအပ်တာတွေကတော့….
ခရမ်းချဉ်သီးဆော့စ်                     - စားပွဲဇွန်း ၈ ဇွန်း
ငရုတ်သီးဆော့စ်                         - စားပွဲဇွန်း ၄ ဇွန်း
ဗီနီကာ                                     - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Kikomanပဲငံပြာရည်                     - စားပွဲဇွန်း ၂ ဇွန်း
သကြား                                     - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငရုတ်ကောင်းအဖြူ                       - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အရသာမှုန့်                                 - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်ပုံ
1. ပထမဦးဆုံး ပန်းကန်လုံးကြီးထဲကို ခရမ်းချဉ်သီးဆော့စ်၊ ငရုတ်သီးဆော့စ်၊ ပဲငံပြာရည်၊ ဗီနီကာ၊ သကြား၊ အရသာမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး မွှေထားပါ။
2. သန့်ရှင်းထားတဲ့ ကဏန်းကိုခြောက်သွားစေဖို့အတွက် တစ်ကောင်ချင်းစီကို kitchen paper ဖြင့် သုတ်ထားပါ။ ရေခြောက်သွားဖို့ အရေးကြီးပါတယ်။ ကြော်တဲ့အခါမှာ ရေကျန်ပါက ဆီပေါက်တက်ပါတယ်။
3. ကဏန်းကြော်ဖို့ ဒယ်အိုးထဲဆီထည့်ပါ။ ဆီပူလာရင် ကဏန်းထည့်ပြီး ကြော်ပါ။ ကဏန်းအရောင်ပြောင်းရင် ဆယ်ထားပါ။
4. ချက်မဲ့ဒယ်အိုးအကြီးထဲ ဆီထည့်ပြီး အပူပေးပါ။ ဆီပူလျှင် ကြက်သွန်နီနဲ့ချင်းထည့်ပြီး ဆီသတ်ပါ။
5. ကြက်သွန်ပျော့လာရင်တော့ ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင် ပဲငါးပိထည့်ပြီး မွှေပေးပါ။
6. ပြီးလျှင် စပ်ထားတဲ့ဆော့စ်နဲ့ရေထည့်ပါ။ ဆော့စ်ပျစ်လာသည်အထိ ချက်ရပါမယ်။
7. ဆော့စ်ပျစ်လာရင် ကြော်ထားတဲ့ ကဏန်းထည့်ပြီး ချက်ပါ။
8. ဆော့စ်ပိုပြီးပျစ်ဖို့အတွက် ပြောင်းဖူးမှုန့်ကို ရေဖျော်ပြီး ထည့်ပါ။
9. ဆော့စ်ပျစ်ပျစ်ဆူနေတဲ့အချိန်မှာ ကြက်ဥခေါက်ပြီး ထည့်ပါ။ ကြက်ဥကျက်ခါနီးမှ မွှေပေးပါ။
10. ပြီးလျှင် ပန်းကန်ထဲထည့်ပြီး နံနံပင်နဲ့ ကြက်သွန်မြိတ်ဖြူးပါ။ ကြိုက်နှစ်သက်ပါက ငရုတ်သီးစိမ်း ပါပါးလှီးပြီး ထည့်နိုင်ပါတယ်။
(By MyintOoTha)
မအူပင်ထမင်းပေါင်း
=============
[ပါဝင်ပစ္စည်းများ]
ကြက်သွန်ဖြူ - ငါးမြှောင့် (နုပ်နုပ်စဉ်းထားပါ)
ကြက်သွန်နီဥအသေး - ၄ လုံး (နုပ်နုပ်စဉ်းထားပါ)
ပေါ်ဆန်းမွှေးဆန် - ၂ ခွက်ခွဲ(ရေစင်အောင်ဆေးထားပါ)
ကောက်ညှင်းဆန် - ၁ ခွက်ခွဲ(ရေစင်အောင်ဆေးထားပါ)
မက်ဂီပဲငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း
Maggi ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း
ကိုက်လန် - ၃ ပင်(အပိုင်းငယ်လေးများဖြစ်အောင်ဖြတ်ထားပါ)
ပဲပြားအမာ - ၁ ပြား(အတုံးသေးကလေးများတုံးထားပါ)
မုန်လာဥနီ - ၁ လုံး(အတုံးသေးသေးများတုံးထားပါ)
ပုဇွန်ခြောက် - ထမင်းစားဇွန်း ၁ ဇွန်း
နာနတ်ပွင့် - ၂ ပွင့်
ဆား - လက်ဖက်ရည်ဇွန်းတစ်ဝက်
သစ်ဂျပိုးခေါက် - တစ်လက်မအရွယ်(တစ်ချောင်း) (အစိတ်ကလေးများဖြစ်အောင် ထုထောင်းထားပါ)
ပဲပိစပ်ဆီ - ထမင်းစားဇွန်း ၅ ဇွန်း
.
[ပြုလုပ်ပုံအဆင့်ဆင့်]
၁။ ပထမဦးဆုံး ဟင်းချက်ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး မီးဖွင့်ပါ။
၂။ ဒယ်အိုးထဲသို့ ဆီသုံးဇွန်းထည့်ပြီး ဆီပူလာလျှင် နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်နီများကို ဆီသတ်ပါ။
၃။ ဆီမွှေးလာလျှင် ဆန်၊ ကောက်ညှင်းဆန်၊ သစ်ကြမ်းပိုးခေါက်၊ နာနတ်ပွင့်တို့ထည့်ပြီး သမအောင်မွှေပါ။
၎။ ပြီးရင် MAGGI ပဲငံပြာရည် နှင့် MAGGI ခရုဆီ တစ်ဇွန်းစီထည့်ပြီး မွှေပေးပါ။
၅။ အဲဒီနောက် ဒယ်အိုးထဲမှ ၄င်းတို့အားလုံးကို ထမင်းပေါင်းအိုးထဲသို့ ပြောင်းထည့်ပြီး ရေ ၆၀၀ မီလီ ထည့်ကာ ကျက်သည်အထိချက်ထားပါ။
၆။ ထမင်းချက်ထားချိန်မှာ ဒယ်အိုးကို မီးဖိုပေါ်မှာတင်ပြီး ဆီ ၂ ဇွန်းထည့်ပါ။
၇။ ဆီပူလာသောအခါ အသင့်တုံးထားတဲ့ ပဲပြားတုံးကလေးများကို ထည့်ပြီး မီးပြင်းပြင်းနှင့် ကြော်ပါ။
၈။ ပဲပြားများ အဝါရောင်သမ်းပြီး ကျက်သွားတဲ့အခါ ဆယ်ပြီး ဇလုံတစ်ခုထဲမှာ ထည့်ထားပါ။
၉။ ဒယ်အိုးထဲသို့ ဆီ ၁ ဇွန်းထည့်ပြီး ကြက်သွန်ဖြူဆီသတ်ပါ။
၁၀။ အနံ့မွှေးလာလျှင် မုန့်လာဥထည့်ပြီး မွှေပေးပါ။
၁၁။ ထို့နောက် ကိုက်လန်များကိုပါထည့်ကြော်ပြီး မွှေပေးပါ။
၁၂။ ကြော်ပြီးသားပဲပြားများကို ဒယ်အိုးထဲသို့ထည့်ပြီး အားလုံးရောမွှေပါ။
၁၃။ အဲဒီနောက် အားလုံးကို ပန်းကန်ပြားထဲသို့ ထည့်ထားပါ။
၁၄။ ပေါင်းအိုးထဲမှ ထမင်းကျက်သောအခါ ကြော်ထားသည်များကို ထမင်းပေါင်းအိုးထဲထည့်ပြီး သမအောင်မွှေပါ။
၁၅။ ပြီးရင်တော့ အားလုံးကို စားမည့်ပန်းကန်ပြားထဲထည့်ပြီး စားသုံးနိုင်ပါပြီနော်။
Thursday, February 21, 2019
ကျောက်မျက်ရတနာ အတု _ အစစ်ခွဲခြားကြည့်ရအောင်
#ကျောက်ကောင်း_တစ်ပွင့်ကို
#ဝေခွဲရခက်နေလျှင်_အတုအစစ်ခွဲခြားနည်း
••••••••••••••••••••••••••••••••••••••••••••••
❄🌠❄🌠❄🌠❄🌠❄🌠❄🌠❄🌠❄
ကျွန်တော်တို့ဟာ သာမန်ရွှေဆိုင်တွေမှာ တွေ့ရလေ့ရှိတဲ့ ကျောက်အနီအပြာ ရောင်စုံလေးတွေ ကို သဘာဝကျောက်လိုလို ထင်မှတ်ဖူးကြပါ တယ် ။ တကယ်တမ်းမှာတော့ . . . အများအားဖြင့် တွေ့ မြင် ဝယ်ယူမိကြတာက ချက်ကျောက်လို့ ခေါ်တဲ့ သဘာဝမဟုတ်တဲ့ ကျောက်အတုတွေများ ပါတယ် ။
ဘာတန်ဖိုးမှ မရှိတဲ့ ကျောက်အတုတွေ ကြားက နေ သဘာဝ ကျောက်မျက် ရတနာအစစ်ကို ရှာဖွေဝယ်ယူနိုင်ဖို့  အချက်အလက်တွေ သိရှိထားဖို့လိုပါပြီ ။ သဘာဝကျောက်မျက်ရတနာ အစစ်ဟာ အင်မတန် ရှားပါးလာပါပြီ ။
အထူးသဖြင့် ကျွန်တော်တို့နိုင်ငံက ထွက်တဲ့ သယံဇာတဖြစ်တဲ့ သဘာဝတွင်းထွက် မိုးကုတ် ပတ္တမြား နဲ့ နီလာဟာ ဆိုရင် အရည်အသွေးကောင်းလွန်းလို့ ရှားပါး လွန်းလို့ နာမည်ရနေတဲ့ တန်းဝင်ကျောက်တွေပါ ။
တွေ့ နေမြင်နေကျ. . .ချက်ကျောက် (သို့မဟုတ်) အပူပေး / အရောင်ပြောင်း / ဆေးသွင်း ထားတဲ့ Imitation တွေထဲကနေ. . . . သဘာဝတွင်းထွက် ကျောက်မျက်အစစ်ကို ရွေးချယ် ဝယ်ယူနိုင်ဖို့  အတုနဲ့ အစစ် ကွာခြားချက် တွေကို ပြောပြချင်ပါတယ် ။
အမှတ်စဉ် (1)
ကျောက်အမျိုးမျိုးကို အစစ်လို့ ထင်ရလောက် အောင် ချက်လုပ်/ဖန်တီး ရောင်းချနေကြပြီ မို့ ။ အတု နဲ့အစစ် ခွဲခြား သိနိုင်ဖို့  အချက်အလက် တချို့ကတော့ . . ကျောက်အတု / ချက်ကျောက် ဟူသမျှက သဘာဝတွင်းထွက် မဟုတ်ပဲ. . . အပူဓါတ်နဲ့ ချက်လုပ်ကြရတာကြောင့်. . . ကျောက်တစ်ခုလုံးမှာ ပူဖောင်း (သို့မဟုတ်) အမြုပ်လို့ ခေါ်တဲ့ Gas Bubble လေးတွေ ပြည့်နှက်နေတတ်ပါတယ် ။ ကျောက်ကြည့် မှန်ဘီလူးနဲ့ကြည့်မှ မြင်ရမှာပါ ။
သာမန်အတိုင်း ကြည့်ရင်တော့အရောင်အသွေး လှပပြီး အပြစ်အနာအဆာ ကင်းစင်နေတာကိုပဲ တွေ့ ရပါလိမ့်မယ် ။ အဲဒီလို အပြစ်အနာအဆာ ကင်းပြီး အရောင်အသွေး လှပလွန်းနေပြီဆိုရင် သတိထားရ တော့မှာပါ။ ကျောက်အတု ဖြစ်ဖို့များပါတယ်။ သဘာဝတွင်းထွက်ကျောက်မျက်တွေဟာ ဘယ်တော့မှ အပြစ်အနာအဆာ မကင်းပါဘူး။
ဂေါ်တို့ မှတ်စာတို့  Inclusion လို သဘာဝ အမှတ်အသားလေးတွေ ပါနေတတ်ပါတယ် ။ သဘာဝကျောက်အစစ်တွေမှာ Gas Bubble လို့ ခေါ်တဲ့ အမြုပ်ကလေးတွေ ပူဖောင်းလေး တွေ တစ်ခုတလေ ပါတတ်ပေမယ့် ချက်ကျောက်အတုမှာလို ကျောက်တစ်ခုလုံး ပြည့်နှက်မနေပါဘူး။ တစ်နေရာ လောက် တစ်ခုလောက်ပဲ ပါတတ်တာပါ။ ထင်သာမြင်သာ ရှိအောင် မှန်ဘီလူးနဲ့ ကြည့်သင့်ပါတယ် ။
အမှတ်စဉ် (2)
နောက်တစ်ချက်ကတော့. . . . . မှန်ဘီလူးကောင်းကောင်းနဲ့ ကြည့်တဲ့အခါ.. သဘာဝတွင်းထွက် ကျောက်အစစ်ရဲ့ အသားကြောဟာ မကွေ့ မကောက်ပဲ တဖြောင့်တည်း တန်းနေတာကို တွေ့ရပါလိမ့် မယ် ။ ချက်ကျောက် အတုတွေရဲ့ ကျောက်အသား ကြောတွေကတော့ . . ကွေ့ကောက် ရှုပ်ထွေး နေတတ်ပါတယ် ။
အမှတ်စဉ် (3)
နောက်တစ်ချက် သိသင့်တာက အရောင်ပါ။ သဘာဝကျောက်မျက်အစစ် တွေဟာ အရောင်မညီပါဘူး။ အရည်မညီဘူး အရည်ကွက်တယ် စသည့်ဖြင့် ကျောက်မျက်လောကမှာ ပြောကြဆို ကြပါတယ် ။ ဥပမာ ပတ္တမြားတစ်ပွင့်ဆိုပါစို့  ။
ရုတ်တရက် သာမန်ကြည့်ရင် . . . .အနီရောင် တပြင်တည်းလို့ မြင်ပေမယ့် မှန်ဘီလူးနဲ့ သေချာထောင်ကြည့်ရင် မီးထိုးကြည့်ရင် . . . အထဲမှာ အရည်မညီတာ တွေ့ ရပါလိမ့်မယ် ။ အနီရောင်ထဲမှာကိုပဲ အနုအရင့် ကွာခြားတဲ့ နေရာတွေ ပန်းရောင် ခရမ်းရောင် ကွက်နေတာတွေ တွေ့ရပါလိမ့်မယ် ။
ကျောက်တစ်ပွင့်လုံး အရောင်တပြေးညီ ဖြစ်နေ တဲ့ကျောက်အစစ်ဆိုတာ မရှိသလောက်ကို ရှားပါတယ် ။ အရည်ညီ ပြီး အပြစ်အနာအဆာကင်းတဲ့ ကျောက်ဆိုတာ အပွင့်ရေ ထောင်း သောင်း ထဲမှာတောင် တစ်ပွင့် ရဖို့မလွယ် / ရှားပါးလှပါတယ် ။ ချက်ကျောက် သို့မဟုတ် အပူပေးပြီး ပြုပြင် ပြောင်းလဲထားတဲ့ မီးဖုတ်ကျောက်တို့တော့ . . အရောင်ဟာ ကွက်ခြင်းမရှိ၊ မပြောင်းလဲပဲ တပြေးညီ ဖြစ်နေတတ်ပါတယ် ။
အမှတ်စဉ် (4)
နောက်တစ်ချက်ရှိပါသေးတယ် ။ သဘာဝတွင်းထွက် ကျောက်မျက်ရဲ့အသားဟာ သိပ်သည်းကျစ်လစ်ပါတယ်။ ကျောက်အတု ရဲ့ကျောက်သားကတော့ သိပ်သည်းကျစ်လျစ်မှု မရှိပဲ ဖုံပွပွ ဖြစ်နေမှာပါ ။
ကျောက်အစစ်နဲ့ ယှဉ်ပြီး ကြည့်ရင် ပိုသိသာ ပါတယ် ။ ကျောက်အရွယ်အစားကြီးရင် လက်နဲ့ ကိုင်ဆ ကြည့်တာနဲ့ သိသာပါတယ် ။ကျောက်အတုနဲ့ သဘာဝကျောက်မျက်အစစ်ဆိုဒ် အရွယ်အစား တူနေရင် . . . .အလေးချိန်မတူပါဘူး ။
ကျောက်အစစ်က လေးလေးပင်ပင် ရှိပြီး ကျောက်အတုကတော့ ပေါ့ရွှတ်ရွှတ်ဖြစ်နေမှာ သေချာပါတယ်။ ကြုံတုန်း ကျောက်မျက်ရတနာ တချို့ရဲ့သိပ်သည်းဆကို ပြောပြလိုက်ပါ့မယ်။
ကျောက်မျက်ရတနာတို့ရဲ့ …သိပ်သည်းဆ
ပတ္တမြား( Ruby) = 3 . 99
နီလာ(Sapphire) = 3 . 99
ဥဿဖရား(Topaz) = 3 . 56
စိန်(Diamond) = 3 . 52
မြ(Emarald) = 2 . 71
ပုလဲ(Pearl) = 2 .70
အမှတ်စဉ် (5)
ကျောက်မျက်အတုကို ခွဲခြားသိနိုင်ဖို့. . . နောက်ထပ်အချက် တစ်ချက် ရှိပါသေးတယ်။ အဲဒါကတော့ . . . . . သဘာဝကျောက်မျက် အစစ်တွေမှာ မာဆင့် ရှိတဲ့အတွက် . . . .ကျောက်သားမျက်နာပြင်ဟာ တော်ရုံ ပွတ်တိုက်မိရုံနဲ့ ပွန်းပဲ့ စင်းရာ မထင်နိုင်ပါဘူး။
ကျောက်အတုတွေဟာ မာဆင့် မာနှုန်း မာဂုဏ် မရှိတဲ့ အတွက် . . . အဝတ်စကြမ်းကြမ်းနဲ့ ဖြစ်ဖြစ် ပွတ်တိုက်ကြည့်ရင် အစင်းရာ ပွန်းရာ ထင်သွားပါလိမ့်မယ် ။ ဒီနေရာမှာလည်း  တလက်စတည်း . . . ကျောက်မျက်တွေရဲ့ မာဆင်စကေးတွေကို ပြောပြခဲ့ပါ့မယ် ။
ကျောက်မျက်ရတနာတို့ရဲ့မာဆင့်
စိန် (Diamond) = 10 .0
နီလာ(Sapphire) = 9 .0
ပတ္တမြား(Ruby) = 9 .0
ဥဿဖရား(Topaz) = 8 .0
ဂေါ်မိတ်(Pyrope) = 6.5
မြ(Emerald) = 7 .5 – 8.0
ကျောက်စိမ်း(Jade) = 6 .5 -7.0
သတိ
ကျောက်တစ်ပွင့်ဟာ အရောင်လည်း တပြေးညီ အရည်ကွက်ခြင်းမရှိ /အထဲမှာလည်း အပြစ်အနာအဆာ လုံးဝကင်းနေမယ်ဆိုရင် . . . အဲဒါ အတု ဖြစ်နိုင်ချေ များပါတယ် ။
သေချာအောင် မှန်ဘီလူးနဲ့ကြည့်ရင် ကျောက်အတွင်းပိုင်းမှာ အသားကြောတွေ ကွေ့ ကောက်နေမယ်… အမြုပ် (Gas Bubble) တွေလည်း ရှိနေမယ်. . ကျစ်လျစ်သိပ်သည်းမှုလည်း မရှိ မာဆင့်လည်း မရှိဘူး ဆိုရင်တော့ . .
အဲဒါ . . ကျောက်အတုဆိုတာ သေချာပါပြီ ။
စစ်ဆေးခြင်း
မီးထိုးကြည့်ခြင်း . . . နေရောင်မှာ ထောင်ကြည့်ခြင်း. . . မှန်ဘီလူးကောင်းကောင်းနဲ့  ကြည့်ခြင်းတွေ အပြင် . . . . ကျောက်မျက်ရဲ့ ရူပဂုဏ်သတ္တိ တို့ … ပုံဆောင်ဓလေ့တို့ အလင်းယိုင်ညွှန်းကိန်း တို့  အရောင်ပြောင်းခြင်း / နှစ်ဖြာအလင်းယိုင်ခြင်း / အလင်းလက္ခဏာ /အတွင်းမီးအား / စုပ်ယူရောင်စဉ်တန်းများ /မီးစုန်းတောက်ခြင်း လက္ခဏာများ စသည်ဖြင့်လည်း လေ့လာဆန်း စစ်သင့်ပါတယ် ။
နောက်ထပ် စစ်ဆေးခြင်း
ခရမ်းလွန် ရောင်ခြည်(Ultraviolet Ray)နဲ့ ထိုးကြည့်ရင်လည်း . . . . ကျောက်အတုနဲ့ အစစ်ရဲ့ ခြားနားမှုကို သိနိုင်ပါတယ် ။ ကျောက်အတုဟာ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတဲ့အခါ. . . အရောင်မှိန်ကျသွားပါလိမ့်မယ် ။ သဘာဝတွင်းထွက် ကျောက်မျက်အစစ်ကတော့ ပိုပြီး လင်းလက် တောက်ပ သွားပါလိမ့် မယ် ။
အတွန့်တက်
သဘာဝကျောက်မျက် လုပ်ငန်းတစ်ခုမှာ လုပ်နေရင်းနဲ့ တဖြည်းဖြည်း သိလာတာလေး တွေ ချရေးကြည့်တာပါ ။
တတ်ကျွမ်းလို့ ရေးပြတာမျိုး မဟုတ်ပါဘူး။ ကိုယ် သိထားတာ ဘယ်လောက် ရှိပြီလဲ ဆိုတာ ပြန်ဖတ်ကြည့်ချင်လို့ ရေးကြည့်တာပါ။
အခု ရေးသွားတာတွေဟာ သာမန် ကျောက်အကြောင်း သိပ်မသိသေးသူ တစ်ယောက်ရဲ့သာမန် အသိ အချက်အလက် လေးတွေမို့  လွဲနေတာတွေလည်း အများအပြား ရှိနေနိုင်ပါတယ်။ ကျွန်တော် လေ့လာဖို့ အများကြီးကျန်ပါသေး တယ် ။ တတ်ကျွမ်းနားလည်ပြီးသူတွေဆီကလည်း သင်ယူစရာတွေ အများကြီး ရှိပါသေးတယ်။
ဆက်လက်ပြီး ကျောက်မျက်ရတနာကို … တန်ဖိုးအနိမ့်အမြင့်ဖြစ်စေသော အချက်အလက် တွေကို တင်ပြပေးဖို့ ရည်ရွယ်ထားပါတယ်။
💜🔲
🔲💟
Credit: အလင်းဆက် (Gazette)
Wednesday, February 20, 2019
လူငယ်တစ်ယောက်လိုနုပျိုနေတဲ့ ဦးလေးကြီးရဲ့ လျှိုဝှက်ချက်
အသက် ၅၁နှစ်ရှိတာတောင် လူငယ်တစ်ယောက်လိုနုပျိုနေတဲ့ ဦးလေးကြီးရဲ့ လျှိုဝှက်ချက်
By Kyaw Htike Aung 
#Lifestyle_Myanmar
(Unicode)
အသက် ၅၁နှစ်အရွယ်ရှိတဲ့ဦးလေးကြီးက ဘာလို့ ဒီလောက်နုပျိုနေတာလဲ။ သူရဲ့ လျှိုဝှက်ချက်ကိုသိချင်လား။
Chuando Tan ဆိုတဲ့ အသက် ၅၁နှစ်အရွယ်ရှိတဲ့ အမျိုးသားဟာ စင်္ကာပူနိုင်ငံရဲ့ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပြီး သူဟာ ၁၉၆၇ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်မှာ မော်ဒယ်အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပြီး ၁၉၈၀ ခုနှစ်မှာ pop အဆိုတော်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သီချင်းဆိုတာ မိမိရဲ့ အသက်မွေးဝမ်းကျောင်းအတွက် ရေရှည်မတည်မြဲတာကြောင့် ဓာတ်ပုံလောက်ကထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ Tan ရဲ့ အသက်ဟာ ၅၁နှစ်ဆိုတာ ဘယ်သူမှသတိမထားမိကြပါဘူး။ Tan နုပျိုနေတာကို လူတော်တော်များများက စင်္ကာပူရဲ့ သန့်စင်တဲ့ လေကောင်းလေသန့်ကြောင့်လား၊ ကောင်းမွန်တဲ့ ဆေးဝါးတွေ မှီဝဲလို့လား ဒါမှမဟုတ် အရည်အသွေးမြင့် ထုတ်ကုန်တွေ သုံးစွဲတာကြောင့်လား၊ မျိုးရိုးဗီဇကြောင့်လား စသဖြင့် အမျိုးမျိုး မေးမြန်းမှုတွေရှိပါတယ်။ သူရဲ့လျှို့ဝှက်ချက်ကိုတော့ အင်တာဗျူးတွေမှာ မျှဝေပေးခဲ့ပါတယ်။ သူ့ရဲ့လျှို့ဝှက်ချက်က ဘာဖြစ်မလဲဆိုတော့
သူက နံနက်စာကို ကြက်ဥ ၆လုံးစားသုံးပါတယ်။ Tan ရဲ့အဆိုအရ သူရဲ့ လူတစ်ယောက် ကျန်းမာနုပျိုဖို့ဆိုတာ နေ့စဉ်စားသောက်တဲ့ အစားအသောက်အပေါ် ရ၀% မူတည်ပြီး လေ့ကျင့်ခန်းအပေါ် ၃၀% မူတည်ပါတယ်လို့ဆိုပါတယ်။ သူရဲ့ ကိုလက်စထရောလ်ကို ထိန်းညှိဖို့အတွက် နံနက်စာကို ကြက်ဥအနှစ် ၂လုံးနဲ့ အကာ ၆လုံးကို စားသုံးပါတယ်။ ဒါ့အပြင် နို့တစ်ခွက်နဲ့ တစ်ခါတလေမှာ ဘယ်ရီသီး၊ ထောပတ်သီးတို့ကို စားလေ့ရှိပါတယ်။ နေ့လယ်စာအတွက် ထမင်း၊ အသီးအရွက်ကင်၊ ငါးဟင်းချို၊ ကြက်သား စတဲ့ အစားအစာမျိုးကို စာသုံးပြီး ကော်ဖီနဲ့ လက်ဖက်ရည်ကိုတော့ မသောက်ဖြစ်တာများပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်အစား ရေများများသောက် ပေးပါတယ်။ ညစာအတွက် လတ်ဆတ်တဲ့ အစိမ်းရောင် အသီးအရွက်ကို သုပ်စားဖြစ်ပါတယ်။ ဒါ့အပြင် ဆေးလိပ်၊ အရက်လည်း လုံးဝသောက်သုံးခြင်း မရှိပါဘူး။
လေ့ကျင့်ခန်းအတွက် တစ်နေ့ကို အချိန် မိနစ် ၉၀ ပေးထားပါတယ်။ အလုပ်များတဲ့ အခါမျိုးမှာ တစ်ပတ်ကို ၃-၄ကြိမ်သာ လေ့ကျင့်ခန်းလုပ်ဖြစ်ပြီး ရေကူးဖို့အတွက် နေ့စဉ်နေ့တိုင်း အချိန်ပေးထားပါတယ်။ ညနေပိုင်းဆို ၁နာရီလောက် ပုံမှန်ရေကူးလေ့ရှိပါတယ်။
အသားအရေကို ထိန်းသိမ်းဖို့အတွက် ဘာထုတ်ကုန်မှ မသုံးဖြစ်ပါဘူး။ မျက်နှာကို ခွဲစိတ်ပြုပြင်ထားခြင်းနဲ့ အလှအပထုတ်ကုန်တွေကို လုံးဝပြုလုပ်ခြင်းမရှိဘူးလို့ဆိုပါတယ်။ မိမိရဲ့အသားအရေဟာ ထိခိုက်မခံတဲ့ အသားအရေမျိုးဖြစ်တာကြောင့် Gel Face နဲ့ အသားအရေစိုပြေစေဖို့ ခရင်မ်တစ်မျိုးကိုသာ အသုးပြုနိုင်ပါတယ်။ ညဘက် ၁၁နာရီမှာ အိပ်လေ့ရှိပြီး နံနက်ပိုင်းမှာ စောစောထလေ့ရှိပါတယ်။ ညဉ့်နက်တဲ့အထိ ရုပ်ရှင်ကြည့်ခြင်း၊ ဖုန်းသုံးခြင်းမျိုးကိုလည်း ရှောင်ကြဉ်ပါတယ်။ ကောင်းကောင်းအိပ်စက်အနားယူဖို့အတွက် အိပ်ယာသို့မသွားခင် ၅-၆ နာရီအလိုထဲက အစာအစားသုံးခြင်းကို ရှောင်ကြဉ်ပါတယ်။ လူတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလျှင် သူ့ရဲ့တစ်နေ့တာကို ပိုပြီး အလုပ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီအချက်တွေကတော့ Tan ရဲ့ တစ်နေ့တာ လုပ်ဆောင်တဲ့ လုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ်။
Kyaw Htike Aung
(Lifestyle Myanmar
Tuesday, February 19, 2019
"ကျင့်ဝတ်နဲ့ညီတဲ့သူဆိုတာ"
 ရေးသားသူ - ဒေါက်တာ ဖြိုးသီဟ
ကမ္ဘာပေါ်မှာ လူဦးရေ သန်း(၇)ထောင်ကျော် ရှိပါတယ်။ ပါဝါတွေ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ အာဏာ၊ ရာထူး၊ စည်းစိမ်ဥစ္စာ၊ လုပ်ပိုင်ခွင့်၊ အသိဥာဏ်၊ ခွန်အား၊ ပညာတတ်ခြင်း၊ စသဖြင့် ပါဝါတွေ ကွာနေကြပါတယ်။ ဒါတွေကို ဘယ်လိုမှလည်း ညီအောင် လိုက်ညှိလို့ မရပါဘူး။ ညီအောင် ညှိလို့မရလို့ လွှတ်ထားလိုက်တော့မှာလား ဆိုတော့လည်း မရပါဘူး။ ဒီအတိုင်းသာ ထားလိုက်လို့ ကိုယ်ရထားတဲ့ ပါဝါတွေကို အလွဲသုံးစား လုပ်ကုန်ကြရင် လူ့အဖွဲ့အစည်းကြီး တစ်ခုလုံး ခက်ရချည်ရဲ့။
အဲဒီ ပါဝါအလွဲသုံးစားမှုတွေကို ထိန်းကျောင်းပေးနိုင်တဲ့ အရာတွေထဲက တစ်ခုကတော့ ကျင့်ဝတ်ပဲ ဖြစ်ပါတယ်။ တစ်ခုကွာတာက စနစ်နဲ့ ထိန်းကျောင်းတာမဟုတ်ဘဲ လူတစ်ယောက်ချင်းစီက မိမိဘာသာမိမိ စောင့်ထိန်းရမယ့် အရာ ဖြစ်နေတာပါပဲ။
ဒီတော့ လူတိုင်း သိထားသင့်တဲ့ ကျင့်ဝတ်ဆိုတာ ဘာလဲ ကြည့်ကြရအောင်ပါ။
Ethics – A set of principles of right conduct
Professional Ethics – The rules or standards governing the conduct of a person or the members of a profession
အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုကို လုပ်ကိုင်နေကြသူများ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းများ၊ စံနှုန်းများကို ကျင့်ဝတ်လို့ ခေါ်ပါတယ်။
ကျင့်ဝတ်မှာ ဒေါက်တိုင်ကြီး ၄ ခုရှိပါတယ်..
(၁) Empathy – ကိုယ်ချင်းစာတရား
- - - - - - - - - - - - - - - - - -
ဒါကို The heart of ethics (ကျင့်ဝတ်ရဲ့ နှလုံးသား) လို့တောင် တင်စားကြပါတယ်။ ကျင့်ဝတ် စောင့်ထိန်းလိုသူတိုင်း မရှိမဖြစ် ရှိရမယ့် အရည်အချင်း တစ်ရပ်ပဲ ဖြစ်ပါတယ်။ ကိုယ်ချင်းစာတရားဟာ ကျွန်တော်တို့နဲ့ သိပ်စိမ်းတဲ့ စကားတော့ မဟုတ်ပါဘူး၊ စကားလုံးကသာ မစိမ်းပေမယ့် တကယ့်လက်တွေ့ လုပ်ဆောင်မှုမှာတော့ အတော်လေးကို အားနည်းနေတဲ့ အကျင့်စရိုက်တစ်ခုပဲ ဖြစ်ပါတယ်။
ကိုယ်ချင်းစာတယ်ဆိုတာဟာ သူ့စကားလုံးထဲမှာ ပါတဲ့အတိုင်း သူတစ်ပါးရဲ့ နေရာကို အစားဝင်ကြည့်ပြီး သူရဲ့ ခံစားမှုတွေကို နားလည်ပေးတာ၊ မျှဝေပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါကိုပဲ ကျွန်တော်တို့က မလုပ်နိုင် ဖြစ်နေကြတာပါ။
အရေးကြီးမှန်းလည်း သိတယ်၊ ဘယ်လိုအဓိပ္ပါယ် ဆိုတာလည်း သိတယ်၊ ဒါနဲ့တောင် ဘာလို့များ လက်တွေ့ မလုပ်ဖြစ်ကြတာလဲ ဆိုရင် အကြောင်းရင်းကတော့ ကိုယ်ချင်းစာတတ်ဖို့ မရှိမဖြစ် လိုအပ်တဲ့ မေတ္တာတရားတွေ   ခေါင်းပါးနေကြလို့ပါပဲ။
ဒီနေရာမှာ မေတ္တာတရားနဲ့ ပတ်သက်တဲ့ အဆိုအမိန့်တစ်ခုကို ပြောပြလိုပါတယ်..
“ခေါင်းလောင်းလေးတစ်လုံးဟာ သူ့ကို မတီးမချင်း ခေါင်းလောင်းလို့ ခေါ်လို့မရပါဘူး
သီချင်းတစ်ပုဒ်ဟာလည်း သူ့ကို မဆိုမချင်း သီချင်း မဖြစ်ပါဘူး
ဒီလိုပါပဲ၊ မေတ္တာတရားဟာလည်း ပေးဝေခြင်းမရှိဘဲ မေတ္တာလို့ မခေါ်ဆိုနိုင်ပါဘူး”
ဟုတ်ပါတယ်၊ မေတ္တာကို ရယူဖို့ ငွေနဲ့ဝယ်လို့ မရပါဘူး၊ လာဘ်ထိုးလို့လည်း မရသလို၊ အတင်းလုယူလို့လည်း မရပါဘူး။ မေတ္တာကို လိုချင်ရင် မေတ္တာကို ပေးမှ ရပါမယ်၊ အဲလိုပေးမှလည်း သူ့ဆီကနေ ပြန်ရဖို့ မျှော်လင့်နိုင်ပါမယ်။
ဘယ်သူမှ မကိုင်ချင်တဲ့ အသုဘရုပ်အလောင်းတွေကို အခမဲ့ ကူညီသယ်ပို့ပေးနေတဲ့ နာရေးကူညီမှုအသင်းတွေ၊ လူတွေရဲ့ ပစ်ပယ်မှုကို ခံထားရတဲ့ ရောဂါသည်တွေကို စောင့်ရှောက်ပေးနေတဲ့ သူတွေဟာ ဒီမေတ္တာတရားကြောင့်သာ ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ဒီလို ပရဟိတအလုပ်တွေကို ဆောင်ရွက်နေနိုင်ကြတာပဲ ဖြစ်ပါတယ်။
(၂) Wisdom – ဉာဏ်ပညာ
- - - - - - - - - - - - - - - - - -
လူဟာ စိတ်ကောင်းရှိနေရုံနဲ့ အရာရာ မပြည့်စုံပါဘူး၊ အရည်အချင်းပါ ပြည့်ဝနေဖို့ လိုပါတယ်။ အဲလို မဟုတ်ရင် နဖူးပေါ် နားနေတဲ့မှက်ကို ဖယ်ပေးချင်တဲ့ စေတနာလေးတော့ ရှိပါရဲ့၊ ပညာမရှိတော့ ပေါက်ဆိန်နဲ့ ခုတ်သတ်လိုက်တဲ့ အဖြစ်လိုမျိုး ဖြစ်လာနိုင်လို့ပါပဲ။ လူတစ်ယောက် ရုတ်တရက်အသက်ရှု ရပ်သွားတဲ့အခါ ဘယ်လောက်ပဲ ကူညီချင်၊ ကူညီချင်၊ ဆရာဝန်မဟုတ်ရင်၊ ဆိုင်ရာပညာရပ်ကို တတ်မထားရင် ဘာမှ မကူညီနိုင်ပါဘူး။ ပညာခေတ်ဖြစ်လို့ ပညာကတော့ နေရာတကာ မပါမနေရ ပါဝင်နေမှာ ဖြစ်ပါတယ်။
ပညာလို့ ပြောလိုက်တာနဲ့ အသိရော၊ အတတ်ရော၊ ဆင်ခြင်တုံတရားရော၊ အတွေ့အကြုံရော အားလုံး အကြုံးဝင်သွားပါတယ်။ တစ်ခုချင်းစီ ပြောပြပါရစေ..
(၂.၁) Knowledge = Education + Experience
အသိပညာဆိုတာဟာ စာတွေ့တစ်ခုတည်း သိလို့မရပါဘူး၊ လက်တွေ့ အတွေ့အကြုံတွေနဲ့ ချိန်ဆနိုင်ဖို့လည်း လိုအပ်ပါတယ်။ စာတွေ့ပဲ သိတဲ့အခါ လုပ်ငန်းခွင်မှာ မလုပ်တတ်၊ မကိုင်တတ်နဲ့ အမှားမှား အယွင်းယွင်းတွေ ဖြစ်တတ်ပြီး၊ သီအိုရီ မပိုင်ဘဲ အလုပ်လုပ်တဲ့အခါကျတော့လည်း စမ်းတ၀ါးဝါးနဲ့ လွဲချော်မှုတွေ ဖြစ်တတ်ပါတယ်။
(၂.၂) Skill
စီမံခန့်ခွဲမှုသဘောအရ ပြောရရင် Knowledge ဆိုတာ what to do ဘာလုပ်ရမယ်ဆိုတာကို သိခြင်းဖြစ်ပြီး Skill ဆိုတာကတော့ how to do ဘယ်လိုလုပ်ရမယ် ဆိုတာကို သိခြင်းဖြစ်ပါတယ်။ ဆရာဝန်လို၊ အင်ဂျင်နီယာလို အတတ်ပညာရှင်အလုပ်မျိုးကျတော့ ဘာလုပ်ရမလဲ သိရုံတင်မကဘဲ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ ကျွမ်းကျင်မှုရှိဖို့လည်း လိုအပ်ပါတယ်။
(၂.၃) Logical Thinking
ဒါဖြင့် ပညာမတတ်ရင် ကျင့်ဝတ်နဲ့ မညီတော့ဘူးလား လို့ထင်စရာရှိပါတယ်။ တချို့က အတန်းပညာတော့ မရှိပါဘူး၊ ဒါပေမဲ့ ဘ၀ပညာတော့ ပြည့်စုံကြပါတယ်။ သူတို့ကျင်လည်ရာ ဘ၀အတွေ့အကြုံတွေနဲ့ သူတို့ဖတ်ထား၊ မှတ်ထားတာတွေနဲ့ကို ပေါင်းစပ်ပြီး ဆင်ခြင်တွေးတောတတ်ကြပါတယ်။ တစ်ခါတစ်ရံ ပညာတတ်ဆိုတဲ့သူတွေတောင် ဒီလို ကြောင်းကျိုးဆင်ခြင်မှုမှာ အားနည်းသွားတတ်ပါတယ်။ ငယ်ငယ်က သင်ခဲ့ရတဲ့ Too Much Knowledge Maketh Fool ဆိုတဲ့ ပုံပြင်ထဲကလိုပေါ့။ ပညာတတ်တစ်ယောက်ဖြစ်ဖို့ သင်ယူထားတာတွေအပြင် ကိုယ်တိုင်လည်း တွေးခေါ်စဉ်းစားတတ်ဖို့ လိုပါတယ်။
(၃) Trustworthiness – ယုံကြည်မှုနဲ့ ထိုက်တန်ခြင်း
- - - - - - - - - - - - - - - - - -
လောကမှာ ယုံကြည်မှုမရှိဘဲ ဘယ်အရာကိုမှ ဆောင်ရွက်လို့ မရပါဘူး။ ဒါဆို ပညာတတ်နေရုံနဲ့ ကျွန်တော်တို့ ဒီလူတစ်ယောက်ကို ယုံပြီလားလို့ ပြန်မေးကြည့်ပါ။ မယုံသေးပါဘူး။ ပညာတတ်ရုံနဲ့တော့ သူတစ်ပါးရဲ့ ယုံကြည်မှုကို မရနိုင်သေးတာ အသေအချာပါပဲ။ ဒါဆို ဘာတွေ လိုမလဲ
(၃.၁) Honesty – ရိုးသားမှုဟာ ကျင့်ဝတ်ရဲ့ အခြေခံအကျဆုံး အချက်တစ်ချက်ပဲ (most fundamental ethic value) ဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ရိုးသားတဲ့သူကိုသာ ပိုက်ဆံ အပ်ထားရဲမှာ သဘာဝပါပဲ။
(၃.၂) Reliability – အပြောနဲ့အလုပ် ညီတဲ့သူ၊ ကိုယ်ပြောထားတဲ့အတိုင်း ကတိတည်တဲ့သူမျိုးကို ဆိုလိုပါတယ်။ မြန်မာစကား ဆိုခဲစေ မြဲစေ ဆိုသလိုပဲ၊ ကိုယ့်နှုတ်က ထွက်တဲ့စကားတစ်ခွန်းကို စာချုပ်စာတမ်းထက် ပိုတန်ဖိုးထားသူဟာ ယုံကြည်လောက်သူပါပဲ။
(၃.၃) Loyalty – ဒါကတော့ မိမိရဲ့ အိမ်ထောင်ဖက်အပေါ်၊ လုပ်ဖော်ကိုင်ဖက်အပေါ်၊ မိတ်ဆွေအပေါ် စသဖြင့် ကိုယ်နဲ့ ပတ်သက်ဆက်ဆံရတဲ့ သူများအပေါ် သစ္စာရှိမှသာ ယုံကြည်မှုနဲ့ ထိုက်တန်ပါတယ်။ ခြံစည်းရိုးပေါ် ခွထိုင်ပြီး သာတဲ့ဘက် ကူးလိုက်မယ်ဆိုတဲ့သူ၊ အခြေအနေပေါ် တွက်ချက်ပြီး ကိုယ့်အတွက်ကျန်မှ ရွေးပေါင်းတတ်တဲ့သူမျိုးတွေဟာ ယုံကြည်ထိုက်သူတွေ မဟုတ်ပါဘူး။
(၃.၄) Transparency – ပွင့်လင်းမြင်သာမှု ဆိုတာ တကယ်တော့ ပျိုးထောင်ရမယ့် အကျင့်စရိုက်တစ်ခု ဆိုတာထက်၊ ရိုးသားမှု၊ မှန်ကန်မှုကနေ ထွက်ပေါ်လာမယ့် ရလဒ်တစ်ခုဆိုရင် ပိုမှန်ပါတယ်။ ရိုးသားမှုနဲ့ ပွင့်လင်းမြင်သာမှုဟာ အပြန်အလှန်သဘော သက်ရောက်ပါတယ်။ ရိုးသားတဲ့သူက ပွင့်လင်းမြင်သာမှု ရှိသလို၊ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုလည်း ဘယ်လိုအကြောင်းပဲပြပြ မရိုးသားမှုတစ်ခုခု ရှိနေပြီဆိုတာ ကောက်ချက်ချလို့ ရပါတယ်။ လူဟာ ကိုယ့်အလုပ်ကို ကိုယ်မှန်မှန်ကန်ကနု ရိုးရိုးသားသား လုပ်ထားရင် လူအများရှေ့မှာလည်း ချပြရဲပါတယ်၊ ဘယ်သူလာစစ်ဆေး စစ်ဆေး၊ မကြောက်ပါဘူး၊ မတုန်လှုပ်ပါဘူး။
(၄) Responsibility & Accountability – တာဝန်ယူမှု၊ တာဝန်ခံမှု
- - - - - - - - - - - - - - - - - - -
တာဝန်ဆိုတဲ့နေရာမှာ ပထမဆုံး အဲဒီတာဝန်ကို ယူနိုင်စွမ်းရှိဖို့ လိုပါတယ်။ ဒါက ပညာရပ်ပိုင်းပေါ့၊ ဒုတိယအဆင့်ကျမှ တာဝန်ယူချင်စိတ် ရှိဖို့ လိုပါတယ်။ နောက်ဆုံး ကိုယ့်ကြောင့် အမှားအယွင်း ဖြစ်သွားတဲ့အခါမှာတော့ အဲဒီအတွက် တာဝန်ခံရပါတယ်။ ဥပမာ ပစ္စည်းတစ်ခု ပျက်သွားတယ် ဆိုပါစို့၊ ဘယ်သူတာဝန်ယူပြီး ပြင်ပေးမလဲဆိုရင် ပြင်တတ်တဲ့သူ ဖြစ်ရမယ်၊ နောက်ပြီး ပြင်ပေးချင်တဲ့ စိတ်လည်း ရှိရမယ်၊ အကယ်၍များ အချိန်မီ မပြင်နိုင်ခဲ့ရင် ဖြစ်လာမယ့် ပြဿနာတွေကို တာဝန်ခံနိုင်ဖို့လည်း လိုပါသေးတယ်။ ဒီအပိုင်းမှာတော့ ကျွန်တော်တို့ အတော်များများ တန့် တန့်သွားကြတတ်ကြပါတယ်။ ဘာလို့ဆို အမှားကို တာဝန်မယူရဲကြလို့ ဖြစ်ပါတယ်။
ဟိုတလောက ဓါတ်ကြိုးတွေပျက်ကျပြီး ပြည်သူတွေသေတယ်။ ဒါပေမဲ့ ဘယ်တာဝန်ရှိဝန်ထမ်းကမှ နှုတ်ထွက်တာ တောင်းပန်တာ မကြားရဘူး။ နာရေးစရိတ်လေး ထောက်ပံ့ရုံ တာဝန်ခံကြတယ်။ ဒီလိုတာဝန်ခံမှုမရှိတဲ့အခါကျတော့ ဒီဓါတ်ကြိုးတွေ ဘေးကင်းရေးဆိုတဲ့ တာဝန်ကို ဘယ်တော့မှလည်း ယူကြမှာ မဟုတ်ဘူး။
တကယ်တော့ တာဝန်ယူမှုနဲ့ တာဝန်ခံမှုဆိုတာ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ ပန်းလိုပဲ၊ ခွဲခြားလို့မရဘူး။ နိုင်ငံတကာမှာဆိုရင်တော့ အစိုးရအကြီးအကဲတွေက အကြောင်းတစ်ခုခုကြောင့်များ မှားသွားခဲ့ရင် တာဝန်ခံတဲ့အနေနဲ့ ရာထူးကနှုတ်ထွက်သွားလေ့ ရှိကြပါတယ်။ နှုတ်ထွက်တာကို ၀မ်းသာတာမဟုတ်ဘူး၊ 'တာဝန်ခံတတ်တဲ့စိတ်'၊ အဲဒီလို တာဝန်ခံတတ်တဲ့ သူတွေမှာသာ ရှိနေတတ်တဲ့ 'တာဝန်ယူတတ်တဲ့စိတ်'ကို ချီးကျူးတာပါ။ မြန်မာပြည်မှာတော့ ဒါမျိုးက မရှိသလောက်ပါပဲ။ ဘယ်လောက်ပဲ နှုတ်ထွက်စကားတွေ အပြုအမူတွေက ရထားတဲ့ ရာထူးနဲ့မှ မလိုက်၊ ရှက်စရာကောင်းနေပါစေ၊ ဘယ်လောက်ပဲ ပြည်သူတွေက ဝေဖန်နေပါစေ၊ ဘာတာဝန်ခံမှုမှ မရှိတဲ့အခါကျတော့ သူတို့အပြုအမူ၊ သူတို့စိတ်အခံတွေကလည်း တာဝန်ယူတတ်တဲ့ သူတစ်ယောက်ရဲ့ ပုံစံမျိုး ဘယ်တော့မှ ပြောင်းလဲလာမှာ မဟုတ်ပါဘူး။ ဆက်ပြောမြဲ ဆက်လုပ်ကြမြဲပါပဲ။     ။
ကျွန်တော့်ရဲ့ လက်ထဲမှာ သေနတ်ရှိတယ်၊ စာဖတ်သူရဲ့ လက်ထဲမှာ လောက်လေးခွလေးတစ်လက်ပဲ ရှိတယ်ဆိုရင် ကျွန်တော်တို့ကြားထဲမှာ မညီမျှမှု ရှိနေပြီပေါ့။ ဒါဆို သေချာပြီ၊ ကျွန်တော်တို့ကြားမှာ ငြိမ်းချမ်းမှုဆိုတာ ရှိမှာမဟုတ်ဘူး။ မညီမျှမှုရဲ့ နောက်ဆက်တွဲအနေနဲ့ အကြမ်းဖက်မှုဆိုတာလည်း ရှိလာတော့မှာပဲ။ ဒီလို မညီမျှမှုတိုင်းကိုလည်း လိုက်ညှိနေဖို့က မဖြစ်နိုင်ဘူး။ ဒီတော့ လုပ်လို့ရတာက ပါဝါရှိတဲ့သူတွေ သူတို့ပါဝါကို အလွဲသုံးစား လုပ်လို့မရအောင် ထိန်းကျောင်းပေးခြင်းပဲ။ ဒီကျင့်ဝတ်ဆိုတဲ့ အရာကတော့ အဲဒီပါဝါအလွဲသုံးစား လုပ်မှုတွေကို ထိန်းချုပ်ပေးမယ့် အရာတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။
၂၉.၈.၂၀၁၄
- - - - - - - - -
Monday, February 18, 2019
Redmi Note 7 Review: Snapping
2019 မှာ Xiaomi လို့ပြောလိုက်ရင် P2P ဖုန်းတွေထုတ်တဲ့ Brand ဆိုတာ မသိသူမရှိသလောက်ပါ။ ဒါပေမယ့် Redmi ကို Independent Brand အဖြစ်ခွဲထုတ်ပြီး ပထမဆုံးထုတ်လုပ်ခဲ့တဲ့ Redmi Note 7 ဟာ သူတို့ရဲ့ အရင်က Compromise လုပ်ခဲ့ရတဲ့အချက်တွေကိုပြင်ဆင်ပြီး Redmi Series ရဲ့နဂိုစံနှုန်းတွေကို ချိုးဖျက်ပြနိုင်တဲ့ ဖုန်းတစ်လုံးဖြစ်လာခဲ့တယ်။ ဆိုတော့ Redmi ရဲ့ Note 7 မှာ ဘယ်လိုတိုးတက်ပြောင်းလဲမှုတွေကို မြင်တွေ့ခဲ့ရလဲဆိုတာကို တစ်ပတ်တာစမ်းသပ်ခဲ့တဲ့ အတွေ့အကြုံနဲ့အတူ ပြောပြသွားပါ့မယ်။
Design, Color, Quality
ကျွန်တော့်အနေနဲ့တော့ Note 7 ရဲ့ Design ကို Apple ကနေ Android ဆန်လာတယ်လို့ပဲ မြင်မိတယ်။ တစ်ချို့ကတော့ Huawei ရဲ့ Nova 3i Design လို့လည်း ပြောကြတယ်။ Apple ရဲ့ Camera Design ကိုယူသုံးမိလို့ iPhone နဲ့တူတယ်လို့ပြောရင် လက်ခံနိုင်ပေမယ့် Camera ဒေါင်လိုက်ကို အောက်မှာ Flashlight ထည့်တာက Android ဖုန်းအတော်များများမှာ သုံးနှင့်ပြီးသားပါ။
ကိုယ်ပိုင်အမြင်ကိုပြောရရင် iPhone Camera ကို Fingerprint ပါတဲ့ ကျောဘက် Design က ဖုန်းတစ်လုံးကို တစ်ချက်ကြည့်ရုံနဲ့ “သူကိုင်ထားတာ Xiaomi ပါလား" လို့ ချက်ချင်းသိနိုင်ပါတယ်။ ဒါပေမယ့် အရင် Redmi ဖုန်းတွေနဲ့ယှဉ်ရင် Design ပိုင်းမှာ ပိုလှ၊ ပို Smart ဖြစ်တာကတော့ ကျေနပ်စရာပါ။ Color အပိုင်းမှာ Gradient Twilight နဲ့ Blue Color တွေက ပိုပြီးအမြင်ဆန်းပေမယ့် Xiaomi ကထုတ်တဲ့ အပေါက်ပုံစံ Cover တွေနဲ့ပိုလိုက်ဖက်တာက ကျွန်တော်တို့ Review Unit ရထားတဲ့ Black Color လို့ ထင်မိပါတယ်။
Note 7 မှာ အရင် Redmi တွေထက် သိသိသာသာပြောင်းလဲတိုးတက်လာတာက သူ့ရဲ့ Built Quality ပါ။ ရှေ့၊ နောက် Glass Sandwich Design ကိုမှ Plastic Frame နဲ့တွဲသုံးထားတာက Design, Color ပိုင်းမှာ အများကြီးအထောက်အကူဖြစ်စေတယ်။ ရှေ့ရော နောက်ပါ Version အတူတူလားမပြောတတ်ပေမယ့် Gorilla Glass 5 ကိုမှ 0.8mm အထူ သုံးထားတာက ဒီဈေးနဲ့ဖုန်းတစ်လုံးမှာ အထင်ကြီးစရာပါ။ ဘေးဘက် ကုပ်ထားတဲ့ Frame နေရာကနေ Display က သပ်သပ်ဖုထွက်နေတာကိုတော့ သိပ်သဘောမတွေ့။ ကျောဘက် Design က Flat ဖြစ်ပြီး Camera က အတော်လေးဖုထွက်နေတာမို့ Cover တပ်သုံးတာတော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
ဖုန်းရဲ့ ညာဘက်မှာ Volume & Power Button တွေရှိပြီး Power Button တစ်ခုက လှုပ်စိဖြစ်နေတာကလွဲရင် Button တွေနှိပ်ရတာ Clicky ဖြစ်တယ်။ ဘယ်ဘက် အပေါ်ထောင့်မှာ Headphone Jack ကို IR Blaster နဲ့အတူ တွေ့ရတယ်။ USB Type C ကိုလည်း သုံပေးထားတယ်ဆိုတော့...
Glass Body သုံးတဲ့ဖုန်းတစ်လုံးဖြစ်တာကြောင့် ဝိတ်တော့နဲနဲရှိပေမယ့် ကိုင်ရတာ Compact ဖြစ်ပြီး စီးစီးပိုင်ပိုင်ရှိတယ်။ ဒီတော့ Unique မဖြစ်ပေမယ့် လှပတဲ့ Design, Mid-range ဖုန်းတစ်လုံးဆိုတာထက်ပိုတဲ့ Built Quality တို့က Redmi Note 7 ကို First Imrpession မှာတင် စိတ်ကျေနပ်မှုပေးနိုင်မယ့်ဖုန်းတစ်လုံး ဖြစ်နေစေမှာပါ။
Display
Note 7 ဟာ Waterdrop Notch နဲ့ Display အသုံးပြုတဲ့ ပထမဆုံး Redmi ဖုန်းတစ်လုံးဖြစ်လာခဲ့ပါပြီ။ တစ်ချို့ကတော့ သူ့ရဲ့ Bezel တွေက ထူနေတုန်းဆိုပြီး Complaint တွေနဲ့ပတ်သက်လို့ နဲနဲရှင်းပြပါ့မယ်။ ဘေးဘောင်နဲ့ယှဉ်ရင် သူ့အပေါ်ဘက် Bezel က နဲနဲပိုထူပါတယ်။ အဲလိုထူရခြင်းကလည်း ဘောင်ထဲမှာ ထည့်မြှုပ်ထားတဲ့ Sensor Size ကြောင့်ပါ။ ပြီးတော့ သူ့ရဲ့ Chin အရွယ်အစားကလည်း Mi 8 ထက် ပိုပါးပါတယ်။ 1mm စွန်းစွန်းပဲရှိတဲ့ သူ့ရဲ့ Side Bezel ကလည်း အတော်ပါးပြီး Daily Usage မှာ စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုး မကြုံခဲ့ရတာကြောင့် ဒီ Level မှာ လက်ခံလို့ရတဲ့အနေအထားလို့ ဆိုချင်ပါတယ်။
6.3”, 1080p+ Display တစ်ခုအနေနဲ့ သူ့ရဲ့ Quality ကတော့ Mid-range ဖုန်းတစ်လုံးဆိုတာထက် မပိုပါဘူး။ Color အနေနဲ့ကတော့ Auto Contrast မှာ အပြာသမ်းပြီး Standard Mode မှာ အဝါဘက်သမ်းတယ်။ Black Level တွေက သိပ်ပြီး Deep မဖြစ်။ Brightness အနေနဲ့ Mi 5x ထက် နဲနဲပဲပိုလင်းပြီး နေရောင်အောက်မှာ အတော်လေးတင်ယူရတာကိုတော့ အားမရ။ ပြီးတော့ Notch ဖျောက်ဖို့ Option ကိုလည်း Setting မှာ ရှာမတွေ့။ ဆိုတော့ကာ Note 7 ရဲ့ Display ကို Notch သေးသွားတာတစ်ခုကလွဲရင် ထူးပြီးမခံစားရဘူးလို့ ပြောချင်ပါတယ်။
Security Unlock
Xiaomi ဖုန်းတွေရဲ့ ထုံးစံအတိုင်း Note 7 ရဲ့ Fingerprint Speed က အတော်မြန်တယ်။ Face Unlock ပိုင်းမှာ Mi Flagship တွေလောက် မမြန်ဘူး။ အမှောင်ထဲမှာလည်း သိသိသာသာ နှေးသွားတာမျိုးမရှိ။ သဘောကျမိတာက Pin Unlock မှာ Password ကို နံပါတ် ၁၆ လုံးအထိ ထားနိုင်တာပါ။ ဒီတော့ Note 7 ရဲ့ Security Unlock ပိုင်းကတော့ ကျေနပ်စရာကောင်းတယ်လို့ ယူဆပါတယ်။
Speaker & Audio Quality
မျှော်လင့်ထားတာထက်ပိုတဲ့ Speaker Quality ကို Note 7 မှာခံစားခဲ့ရတယ်။ သူ့ရဲ့ Loudness ပိုင်းဟာ Mid-range ဖုန်းတစ်လုံးအနေနဲ့ အကျယ်ဆုံးမဟုတ်တောင် အတော်ကျယ်တဲ့ အနေအထားမှာရှိတယ်။ Stereo Speaker တွေလောက်မဟုတ်သည့်တိုင် Sound Quality ပိုင်းမှာ Bass တွေ သိပ်ပြီး Deep မဖြစ်တာတစ်ချက်ကလွဲရင် Clarity နဲ့ Sound Stage ပိုင်းတွေမှာ အပြစ်ပြောစရာမတွေ့လောက်အောင် ကျေနပ်မိတယ်။
နားကြပ်တပ်ပြီးနားထောင်တဲ့အခါမှာတော့ ကျန်တဲ့ Mids, Treble, Vocal စတာတွေက ပုံမှန်အနေအထားမှာရှိပြီး သူ့ရဲ့ Bass အသံက အတော်ချွန်ထွက်နေတာ သတိထားမိတယ်။ Mi Sound Enhancer မဖွင့်ပဲနားထောင်ရင်တောင် သူ့ရဲ့ Bass တွေက Deep & Powerful ဖြစ်နေတယ်။ Volume အပိုင်းမှာတော့ 40% လောက်မှာတင် အတော်ကျယ်တဲ့အနေအထားကိုရောက်တာတော့ အတော်သဘောကျတယ်။ တစ်ခုရှိတာက သူ့ရဲ့အားသာလွန်းနေတဲ့ Bass ကြောင့် သီချင်းတစ်ပုဒ်နားထောင်ရင် Bass ကိုပဲ အာရုံပိုရောက်နိုင်တဲ့ အားနည်းချက်ကိုဖြစ်စေတယ်ထင်မိ။ Piano တို့ Electric Guitar တို့လိုအသံတွေမှာ သူ့ရဲ့ Vibration Sense ကိုပါ ခံစားရတဲ့အချက်ကတော့ သူ့ရဲ့ Audio Quality ပိုင်းမှာ အကြိုက်ဆုံးအချက်ပါ။ ဒီတော့ သင်က Bass ပြင်းတာ မကြိုက်တဲ့ Music Lover တစ်ယောက်မဟုတ်ရင် Audio Quaity အတွက် Mid-range မှာ Redmi Note 7 ကို ရဲရဲကြီး Recommend ပေးနိုင်ပါတယ်။
Performance & Battery Life
Snapdragon 660 ရဲ့ Performance ကတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ PUBG မှာ HD, High Setting ထိ ထားဆော့ရင် တစ်ချက်တစ်လေ ရှားရှားပါးပါး ထစ်တာမျိုးကလွဲရင် No Problem ပါ။ Underclocked မလုပ်ထားတဲ့ SD 660 ကို သုံးပေးထားတာတော့ သဘောကျမိ။ Battery Temperature ကတော့ PUBG ဆော့တာ မိနစ် ၄၀လောက်ဆို Temperature က 43°C လောက်အထိတက်တယ်။ ဒါပေမယ့် ဖုန်း Body ကို ကိုင်ကြည့်ရင်တော့ ဆိုးဆိုးရွားရွားပူတာ မခံစားရ။ (Cover တပ်ထားရင် နွေးတယ်ဆိုရုံပဲ) ကျန်တဲ့ Normal Usage မှာတော့ သိသိသာသာ Temperature တက်တာမျိုး မကြုံခဲ့ရပါ။
4,000 mAh Battery က ခံရဲ့လားလို့မေးရင် အဖြေနှစ်ခုထွက်ပါတယ်။ ဖုန်းတစ်လုံးအနေနဲ့ Note 7 ဟာ Battery ခံတယ်။ ဒါပေမယ့် 4,000 mAh သုံးတဲ့ဖုန်းတွေထဲမှာ Battery အခံဆုံးတော့ မဟုတ်ပါဘူး။ 50% Brightness & Volume နဲ့ Wifi ချိတ်ထားရင်
Youtube 720p 1hr ကို 9%
Offline Video 720p 1hr (MX Player) ကို 6%
PUBG 1hr ကို 22% ဆိုတာကတော့ အရမ်းကြီး ထူးခြားတဲ့ Result မဟုတ်လောက်။ Stand-by Time မှာတော့ 9hr ကို 1% ပဲလျော့တာက အားရစရာ။ ဆိုတော့ကာ Normal User တွေတွက်တော့ ၁ရက်ခွဲလောက်ကို ကောင်းကောင်းသုံးလို့ရနိုင်ပြီး တော်ရုံတစ်နေ့တာကို Charger လှည့်ကြည့်စရာမလိုတဲ့ဖုန်းလို့ ပြောချင်ပါတယ်။
Note 7 မှာ QC 4 ထိ Support ပေးတယ်ဆိုပေမယ့် 5V 2A Adaptor ပဲ ဗူးထဲပါပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ 10W နဲ့ အားသွင်းကြည့်တဲ့အခါမှာတော့ 30 min ကို 25%, 1hr ကို 55% လောက်ပြည့်ပြီး QC 3 Adaptor နဲ့ အားသွင်းတဲ့အခါမှာ 30 min ကို 32% လောက်ထိ အားသွင်းနိုင်တာတွေ့ရတယ်။ 10W မှာ 10-100% ကို 2:15 hr ကြာပြီး QC 3 မှာတော့ 10-90% ကို 1:30 hr, 100% ထိကိုတော့ 2 hr ကြာတယ်။ ဒီတော့ 15min လောက် ပိုမြန်ဖို့အတွက်နဲ့ Adaptor အသစ် ဝယ်မနေတော့ဖို့ အကြံပေးပါရစေ။
Camera
Review အဖြစ် သပ်သပ် အသေးစိတ်ထုတ်ရေးထားပြီးပြီမို့ မဖတ်ရသေးတဲ့သူတွေ အောက်က Link မှာ ဝင်ဖတ်နိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=2244477612543242&id=1971825463141793
System UI
Mid-range ဖုန်းတစ်လုံးမှာ Android Pie အခြေခံတဲ့ MIUI 10 ကို သုံးပေးထားတာကိုတော့ Redmi အပေါ် ချီးကျူးချင်မိတယ်။ သို့ပေမယ့် Android Pie ရဲ့ Mature မဖြစ်သေးမှုနဲ့အတူ သူ့ရဲ့ UI မှာ အားနည်းချက်လေးတွေတော့ ရှိနေတုန်းပါပဲ။ (Review Unit က 3GB RAM Version ဖြစ်နေတာကြောင့်လားပဲ) Gesture Animation သုံးတဲ့အခါ သိပ်ပြီး Smooth မဖြစ်တာ၊ Multitasking မှာ App တစ်ခုနဲ့တစ်ခုအပြောင်း Delay ဖြစ်တာ၊ MX Player, PUBG, Facebook Video တွေမှာ Notch အထိ Screen အပြည့် Support မပေးသေးတာ စတဲ့ User Experience တွေက High End ကနေပြောင်းကိုင်သူတစ်ယောက်အတွက်ဆိုရင် အတော်သိသာစေပါတယ်။
Facebook တို့ Google App တို့ကို သုံးခွင့်ပိတ်ထားတဲ့ China အတွက်ထုတ်တဲ့ ROM ဖြစ်နေတာကြောင့် Noti Delay အနဲနဲ့အများကတော့ ကြုံရမှာပါပဲ။ ဒါပေမယ့် မကြာခင် India မှာမိတ်ဆက်တော့မှာဆိုတော့ Global ROM ကိုပြောင်းတင်နိုင်မယ့် အခွင့်အရေးလည်း ရလာနိုင်ပါလိမ့်မယ်။ အပေါ်က Bug တွေကိုတော့ Update တွေနဲ့အတူ Fix လုပ်သွားဖို့ မျှော်လင့်မိပါတယ်။
ဆိုတော့ကာ Redmi ရဲ့ Note 7 ဟာ ဟိုနည်းနည်း၊ ဒီနည်းနည်း လိုအပ်ချက်တွေရှိနေသည့်တိုင် သူ့ရဲ့ပေးရတဲ့ဈေးနဲ့ယှဉ်ရင် အဲဒီအချက်တွေကို Ignore လုပ်ထားနိုင်လောက်အောင် တန်တဲ့ဖုန်းတစ်လုံးပါ။ Audio Quality, Performance, Battery, Camera ဘာကြောင့်ပဲရွေးရွေး Note 7 ဟာ ရွေးချယ်ဖို့သင့်တော်တဲ့ All Rounder ဖုန်းတစ်လုံး သေချာပေါက်ဖြစ်လို့နေပါတယ်။ ဒါကြောင့် Redmi Note 7 ကို ရွေးချယ်တဲ့အခါမှာ Future Proof ဖြစ်အောင် RAM 4GB or 6GB Version ကို ဦးစားပေးရွေးချယ်ဖို့ အကြံပြုရင်းနဲ့ပဲ Review ကို အဆုံးသတ်ပါရစေ။
Htet Oo Naing(Planet X)