Saturday, February 2, 2019

တကယ် အလုပ်ရှုပ် နေတာလား ?


#Goldie_Kyaw

အလုပ်တစ်ခုပြီးမယ်မကြံသေးဘူး နောက်တစ်ခုကဆက်လာပြီ ၊ များလိုက်တဲ့ အလုပ်တွေကွာ ရှုပ်နေတာပဲ ဒီလိုစကားတွေ လုပ်ငန်းခွင်ထဲမှာ မကြာခဏကြားရမှာပါ ။ တော်တော်များများက ကိုယ်လုပ်ရတဲ့ အလုပ်အပေါ်မှာ များပြားလှတဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နေရတယ်လို့ ထင်ကြမှာပါ။

တကယ်ကော အလုပ်ရှုပ်နေတာလား ?

ရှုပ်ချင်ယောင် ဆောင်နေတာလားဆိုတာကတော့ မိမိကိုယ်တိုင်အသာ အသိဆုံး ဖြစ်ပါလိမ့်မယ်။ တစ်ချို့ စီမံခန့်ခွဲသူတွေက လက်အောက်က ၀န်ထမ်းတွေ အလုပ်လုပ်တယ်ဆိုတာကို ပြာယာခတ် နေအောင်

ဟိုလျှောက် ဒီလျှောက်လုပ်နေမှ သာ အလုပ်လုပ်နေတယ်လို့ထင်ကြတယ်။ အရောင်းဝန်ထမ်းတွေကိုလည်း အပြင်ထွက်နေမှသာ အလုပ်လုပ်နေတယ် ထင်ကြတာတွေလည်း ရှိပါတယ်။
ဒီတော့ ၀န်ထမ်းတစ်ချို့က အလုပ်ရှုပ်ချင်ယောင် ဆောင်လာကြတယ် ၊ အလုပ်တွေ များပြားနေကြောင်း ငြီးတွားကြပါတယ်။ ကျွန်မအတွေ့အကြုံအရ တကယ်အလုပ်များသူတွေဟာ မိမိရဲ့ အချိန်ကို စီမံခန့်ခွဲ နိုင်ကြပါတယ် ။ တကယ်လို့များ အချိန်ကို ကောင်းစွာ စီမံမခန့်ခွဲ နိုင်ဘူး ဆိုရင်တော့ သင်တကယ် အလုပ်များနေတာ လား ဆိုတာ ပြန်လည် ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ နောက်တစ်ခုက အလုပ်များတယ် ဆိုတာကို Activity နဲ့ တိုင်းတာလို့မရသလို Results နဲ့ တိုင်းတာမှသာ သူတကယ်လုပ်နိုင်စွမ်းရှိမရှိဆိုတဲ့ Performance ကို တိုင်းတာလို့ရနိုင်ပါတယ်။ ဒါက Effectiveness ထိရောက်စွမ်းရည်ကို ရရှိဖို့ အတွက် ၀န်ထမ်းတွေကို ချိန်ညှိုရမယ့် အချက်ပါ။

ဥပမာ -မြေကြီး (၃) ကျင်းတူးဖို့ အလုပ်သမား (၁)တစ်ယောက်ဆီကို တာဝန်ပေးမယ်။ တစ်ယောက်က မနက်မိုးလင်းကတည်းက တောက်လျှောက်တူးနေတာ
ညနေစောင်းတော့ မပြီးသေးဘူး ။ နောက် တစ် ယောက် က မနက်ပိုင်းကတူးတယ် ၊နေ့လည်ခင်း နားတယ် ၊ ညနေစောင်းဆက်တူးတယ် ဒါပေမဲ့ ညနေစောင်းတော့ ပြီးနေပြီ ။ ဒီဖြစ်စဉ်မှာ တနေကုန် တူးနေတဲ့ ပထမအလုပ်သမားက Activity များနေပြီး Results မကောင်းဘူး ။

ဒုတိယ အလုပ်သမားက Activity နည်းတယ် ဒါပေမဲ့ ဘာကွာသွားလဲဆိုတော့ Results မှာ ကွာ ဟ သွားပါတယ်။ တစ်နေကုန်တူးရသူက နေ့လည်ခင်းပါတူးလို့ ညနေစောင်းတော့ သိပ်မတူးနိုင်တော့ဘူး ၊ နေခင်းနားတဲ့သူက အပူရှိန်သက်သာသလို အနားယူတဲ့ အတွက်ကြောင့် ညနေစောင်းမှာ အားထည့်ပြီး လုပ်ကိုင်နိုင်တာကို တွေ့ရမှာပါ။ဒါတောင် မြေကြီးတူးတဲ့ နည်းဗျူဟာ ကွာဟချက်တွေ ၊ ပစ္စည်းကိရိယာ အသုံးပြုမှုတွေ ကို အသုံးပြုနိုင်ရင် ပိုပြီး ကွာခြားသွားနိုင်ပါတယ် ။ ဒါကို ထိရောက်စွမ်းရည် လို့ပြောလို့ ရပါတယ်။

တစ်ချို့လုပ်ငန်းတွေက တကယ်ထိရောက်တဲ့ လုပ်ငန်းခွင်စွမ်းဆောင်ရည်ဖြစ်မဖြစ်ဆိုတာကို လုပ်ငန်း တာဝန်အလိုက် KPI သတ်မှတ်ထားတာတွေ ရှိပါတယ်။ ဥပမာ - ရေတွက်လို့ရနိုင်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ ထုတ်လုပ်ရေး ၊ ၀န်ဆောင်မှု စတာတွေမှာ တစ်လ ဘယ်လောက်ထုတ်နိုင်ရမယ် ၊ ဖောက်သည်တွေ ဘယ်လောက် ၀န်ဆောင်မှု ပေးနိုင်ရမယ်ဆိုတာမျိုးတွေ သတ်မှတ်ထားပါတယ်။

ဒီဇိုင်းပြုပြင်သူ တစ်ဦးက တစ်ရက်ကို ပုံဘယ်လောက် ရေးဆွဲနိုင်ရမယ် ၊ စာရင်အင်းသမားတွေ ၊ရုံးလုပ်ငန်းတွေမှာလည်း သတ်မှတ်လို့ ရတာတွေကို KPI သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ KPI သတ်မှတ်လို့မရတာတွေဖြစ်တဲ့ စီမံခန့်ခွဲမှု နည်းလမ်းများ ၊ ဖောက်သည်များရဲ့ စိတ်ကျေနပ်မှုတွေကို တိတိပပ သတ်မှတ်ရခက်ခဲတာတွေကြောင့် လည်း တစ်ချို့နေရာတွေမှာ အလုပ်များတယ် ဆိုတဲ့ စကားသံတွေ ကြားနေရဦးမှာပါ။ ဒါတွေကို ဖြေရှင်းနိုင်ဖို့တစ်ဦးတစ်ယောက်ချင်းစီအလိုက် မိမိရဲ့ အချိန်ကိုစီမံခန့်ခွဲပြီး ၊ အဖွဲ့အစည်းရဲ့ ထိရောက် စွမ်းအားအတွက် ဆောင်ရွက်နိုင်ဖို့လိုပါတယ်။

ဝန်ထမ်းတိုင်းက အလုပ်မရှုပ်နိုင်သလို ၊ အချိန်တိုင်းလည်း အလုပ်မရှုပ်နိုင်ပါဘူုး ။ တကယ်လို့ အချိန်တိုင်း အလုပ်ရှုပ်နေမယ်ဆိုရင်တော့ မိမိရဲ့ အချိန်ကို စီမံခန့်ခွဲတာ ညံ့ဖျင်းရာ ရောက်ပါမယ်။ဒီလိုအခြေအနေတွေကို မကြုံတွေ့ရစေဖို့ အချိန်ကို စီမံခန့်ခွဲနည်း တစ်ချို့ကို ရှာဖွေ တင်ပြထားပါတယ်။

(၁) Planning& Organizing - ကြိုတင်စီမံချက်ချခြင်းနှင့် စုစည်းခြင်းတို့အတွက် အချိန်ပေးပါ။
မိနစ်အနည်းငယ်လောက် အချိန်ပေးပြီး စီမံခြင်း၊ စုစည်းခြင်းက သင့်အတွက် အလုပ်တွေကို မြန်ဆန် လွယ်ကူစေဖို့ အများကြီး အထောက်အကူပြုပါလိမ့်မည်။

(၂) Goal - ရည်မှန်းချက်ချပါ။ကိုယ် ဘာဖြစ်ချင်တာလဲ၊ ဘယ်ဦးတည်ရာ ကိုသွားချင်တာလည်း အရင်သိအောင်လုပ်ဖို့ ဖြစ်ပါတယ်။ ဥပမာ- စီမံကိန်းတခုဆိုလျှင် မျှော်မှန်းရလာဒ်များကို အရင် သတ်မှတ်ဖို့ လိုပါတယ်။

(၃) Prioritize- ဦးစားပေးလုပ်ငန်းများ ရွေးချယ်သတ်မှတ်ပါ။
တန်ဖိုးထားသည့်အရာများ၊ အရေးကြီး ကိစ္စများ၊ အကျိုးအမြတ်များသည့်လုပ်ငန်းများကို အဆင့်ခွဲခြား သတ်မှတ်ပါ။

(၄) To-do List -”လုပ်ဆောင်ရန်စာရင်း” တို့ - ထားပါ။
အရေးကြီးကိစ္စနှင့် အရေးပေါ်ကိစ္စကို ခွဲခြားသတ်မှတ်ပါ။ (အရေးကြီး- မကြီး၊ အရေးပေါ်-မပေါ်) စသဖြင့် အတွဲလေးခုခွဲ၍ အမှတ်စဉ်အလိုက် လုပ်ဆောင်ပါ။ လုပ်ဆောင်ပြီးကိစ္စများကို စာရင်းထဲမှ ခြစ်ထုတ်ပါ။ အောက်ပါ ဇယားကို ကြည့်ပါ။ အမှတ်စဉ် (၁)(၂)(၃)(၄) အစဉ်လိုက် လုပ်ဆောင်ရန် ဖြစ်သည်။ Stephen Covey ၏ "First thing, first" စည်းမျဉ်းမှာ နာမည်ကျော်ပါသည်။

(၅) Be Flexible - ပြုလွယ် ပြင်လွယ် ရှိပါစေ။
အရေးပေါ်ကိစ္စအသေးကလေးများကိုလည်း လိုအပ်သလို ကြားညှပ်လုပ်ဆောင်ပါ။ ( ဥပမာ- ဖုံး) အရေးကြီးကိစ္စများအတွက် ၁-၂ နာရီ သဖြင့် သီးသန့် သတ်မှတ်လုပ်ဆောင်ပါ။ (လိုအပ်လာလျှင် တံခါးပိတ်ပြီး Do Not Disturb sign ချိတ်ထားပါ) ကိုယ့် မျှော်မှန်းချက်ကို မကြာခဏ ပြန်လည် သုံးသပ်ပြီး လိုအပ်သလို ပြုပြင်ပြောင်းလဲပါ။

(၆) Listen your body- ကိုယ့်ခန္ဒာကိုယ်နဲ့ လိုက်လျောညီထွေရှိစွာ လုပ်ဆောင်ပါ။Time management ကို Energy management လို့လည်း ခေါ်ကြသည်။ အရေးကြီးကိစ္စများကို energy အပြည့်ဆုံးအချိန်မှာ လုပ်ဆောင်ပါ။ များသောအားဖြင့် မနက်အစောပိုင်းတွင် energy ပြည့်နေတတ်ကြသော်လည်း ချွင်းချက်အနေဖြင့် ညနေပိုင်း၊ ညပိုင်း အားသန်သူများလည်း ရှိတတ်ပါတယ်။

( ၇) Effectiveness+ Efficiency: မှန်တာလုပ်၊ မှန်မှန်ကန်ကန်လုပ်ပါ။လုပ်သင့်တဲ့အလုပ် ( effectiveness ) ကို အရင်ဂရုစိုက်ရွေးချယ်ပါ။ ပြီးတော့မှ လုပ်သင့်တဲ့ နည်းလမ်း ( efficiency ) ကို ချမှတ်လုပ်ဆောင်ပါ။

(၈) Eliminate - မလိုလားအပ်တဲ့ အရေးပေါ် အရှုပ်ထုပ်တွေ လွှင့်ပစ်ပါ။အရေးပေါ်ကိစ္စ၊ အရေးကြီးကိစ္စ အသွင်ဆောင်ပြီးရောက်လာတတ်တဲ့ တချို့ အရှုပ်ထုပ်တွေကို လျစ်လျူရှုလိုက်ပါ။ ( Intellectual Ignorance) တကယ် အရေးကြီးတဲ့ကိစ္စလား အပို အရှူပ်လား ဆိုတာ ခွဲခြားသိမြင် နိုင်တဲ့ ဥာဏ်တော့ လိုတာပေါ့။ အောက်ကလူကို ကိုယ်စားလွှဲရမဲ့ ကိစ္စတွေရှိရင် ယုံယုံကြည်ကြည် လွှဲအပ်လိုက်ပါ။

(၉) No procrastination - အချိန်ဆွဲနေတာတွေ မလုပ်ပါနဲ့တော့။
တချို့ကိစ္စတွေက ရင်ဆိုင်ဖြေရှင်းဖို့ ခက်ခဲနေတတ်သည်။ ယင်းအလုပ်များကို ဝေ့ကာပါတ်ကာ ရှောင်နေမည့်အစား လက်တွေ့ကျကျ ဖြေရှင်းဖို့ လိုပါတယ်။

ဖြေရှင်းဖို့အတွက် အကြံပေး ထားတာ ကတော့ -

(၁) ငါ အချိန်မီပြီးရမယ် ဆိုတဲ့ သံဓိဌာန်နဲ့ ကိုယ့်စိတ်ကို ကိုယ် အောင်နိုင်အောင် တိုက်ယူပါ

(၂) deadline သတ်မှတ်ထားပါ၊ အစီအစဉ်ဆွဲပါ။

(၃) အလုပ်ကြီးရင် သေးသေးကလေးတွေ ပိုင်းလိုက်ပါ။

(၄) ပျော်စရာကောင်းတဲ့ နည်းလမ်းတွေ ရှာကြံပြီး လုပ်ပါ

(၄) တဆင့်ချင်းပြီးတိုင်း ကိုယ့်ကိုယ်ကိုယ် ( တနည်းနည်းနဲ့) ဆုချပါ။

(၅) ကိုယ်နဲ့ ရင်းနှီးပါတ်သက်သူများကို အလုပ်ကိစ္စ သတိပေးခိုင်းပါ

(၆) အချိန်ဖြုန်းတဲ့ ကိစ္စတွေ တတ်နိုင်သမျှ ရှောင်ပါ။

(၁၀) Not be Perfectionist- စင်းလုံးချော ဖြစ်လိုတဲ့စိတ်ကို လျှော့ပါ။

က-ကြီးမှ အ- အထိ အကောင်းဆုံး ဖြစ်ချင်စိတ်၊ ရှိသမျှအလုပ်ကို တယောက်ထဲနဲ့ အားလုံး အကောင်းဆုံး ဖြစ်လိုသော ဆန္ဒ မထားရပါ။ ကိုယ်ပိုင်ဆိုင်တဲ့ အချိန် ၂၀ရာနှုန်းကိုသုံးပြီး ရလာဒ်အားလုံးရဲ့ ၈၀ရာနှုန်းလောက် ပြီးမြောက်အောင် လုပ်နိုင်ရင် အိုကေ ပါတယ်တဲ့။ အဲဒီလို ဖြစ်မဖြစ် သုံးသပ်ချက်ကို Pareto Analysis လို့ ခေါ်ပါတယ်။

(၁၁) Say " No" ဟင့်အင်း- လို့ပြောပါ။
ကိုယ် မတတ်နိုင်တဲ့ကိစ္စ၊ မသက်ဆိုင်တဲ့ ကိစ္စတွေကို အားနာပါးနာ လက်ခံလိုက်မဲ့အစား အကြောင်းပြချက်ခိုင်ခိုင်မာမာနဲ့ ငြင်းဆန်တတ်ဖို့ လေ့ကျင့်ပါ။ ဥပမာ ကိုယ်အလုပ်များနေတုန်း သူငယ်ချင်းဆီက ဖုန်းလာတာပဲဖြစ်ဖြစ်၊ Facebook ကနေ စကားပြောလာရင်ပဲဖြစ်ဖြစ် အားနာပါးနာ အချိန်မဖြုန်းပဲ နောက်တော့မှ ပြန်ခေါ်မဲ့အကြောင်း ချိုချိုသာသာ ပြောပြနိုင်ပါတယ်။ အကျိုးရှိမယ့် စကားမျိုးက လွဲရင်ပေါ့။

(၁၂) Relax, Enjoy - အနားယူပါ၊ အားဖြည့်ပါ။
အားကုန်သွားတဲ့အထိ ဆက်တိုက် အပင်ပန်းမခံပါနဲ့။ အလုပ်တခုနဲ့ တခုအကြားမှာ ဖြစ်စေ၊ အချိန်နည်းနည်းရတာနဲ့ အနားဖြေပြီး အားအင်တွေ ပြန်ပြည့်ပါစေ။ အရေးကြီးတဲ့ အလုပ် တခု အောင်မြင်ပြီးဆုံးတိုင်း ကိုယ့်ကိုယ်ကို ”ဆုချ” သည့် အပြုအမူမျိုးလုပ်ပါ။

ဒါတွေကတော့ သေချာစွာ လုပ်ကိုင်နိုင်ရင် လုပ်ငန်းအတွက်ကော ၊မိမိအတွက်မှာ နှစ်ဦးနှစ်ဖက် အချိန်ကို ကောင်းစွာစီမံခန့်ခွဲနိုင်မယ့် အချက်တွေကို ရှာဖွေတင်ပြထားတာပါ ။ ဒီတော့ မိမိအနေနဲ့ တကယ်အလုပ်ရှုပ်နေတာလား ဆိုတာကို ပြန်လည်သုံးသပ်ရင်း အသုံးချနိုင်ကြပါစေ။

Goldie Kyaw (https://www.facebook.com/shweyeemg)

Ref : : http://www. scholarship-position.com
www.clt.astate.edu /www.thatnaunghintada.com
www.wilkes.k12.nc.us/cte/doc/Teacher
"First thing, first, Stephen Covey

No comments: