ပန်းချီဆရာဝင်းဖေမြင့် (WPM) နှင့် တွေ့ဆုံမေးမြန်းခြင်း
◾️ပန်းချီကို ဘယ်အချိန်လောက်ကတည်းက စိတ်ပါဝင်စားခဲ့တာလဲဆရာ၊ ပြောပြပေးပါဦး။
ကျွန်တော်က ပန်းချီကို မူလတန်း ကျောင်းသားဘ၀ကတည်းက စိတ်ပါဝင်စားတယ်။ ကျွန်တော် မှတ်မိသရွေ့လေးတန်းမှာ ဖတ်စာအုပ်ထဲက ပန်းချီပုံတွေ ကူးရေးတယ်။အလယ်တန်းရောက်တော့လည်း ဆရာမရှိဘူး။ ကိုယ့်ဘာသာကိုယ်လျှောက်ရေးတယ်။
မှတ်မိတာတော့ အထက်တန်းကျောင်းရောက်တော့ ရှုမ၀မဂ္ဂဇင်း၊ သွေးသောက်၊ မြ၀တီ မဂ္ဂဇင်းတွေထဲက ပန်းချီပုံတွေ ကူးရေးတယ်။ ဦးသောင်းဟန်၊ ဦးကိုလေး၊ ဦးစန်းလွင်တို့ရဲ့ပန်းချီကားတွေကို ကူးရေးတာ။ ၁၀ တန်း အောင်တော့ကျွန်တော် မကွေးကောလိပ်ရောက်တယ်၊ ကောလိပ်ရောက်တော့လည်း ဆရာမရှိသေးဘူး။ ကိုယ့်ဘာသာကိုယ် ရေးနေတာ။
Second Year အောင်တော့ ရန်ကုန်တက္ကသိုလ်ရောက်လာတယ်။အဲဒီမှာ ဆရာ ဦးလွန်းကြွယ်က တက္ကသိုလ် ပန်းချီသင်တန်း ဖွင့်တယ်။ အဲဒီမှာ သင်တန်းစတက်တယ်။ ၁၉၆၈-၁၉၇၀ ပြည့်နှစ်အထိပေါ့။ ဦးလွန်းကြွယ်ဆီက အခြေခံပန်းချီပညာကို ရတာပေါ့။
ဘွဲ့ရပြီးတော့ ပန်းချီတွေ ရေးနေတယ်၊ ဆီဆေးမရေးသေးဘူး။ကျွန်တော့်သူငယ်ချင်းတွေဖြစ်တဲ့ ကိုတင်ဝင်း၊ ကိုဖေညွန့်ဝေတို့က မန္တလေး ပန်းချီကျောင်းဆင်းတွေ။ သူတို့က ပန်းချီပြပွဲတွေလုပ်နေတော့ အားကျတာပေါ့။ သူတို့က ဆီဆေးတွေရေးတယ်။
ကျွန်တော် ဆီဆေးမရေးသေးဘူး၊ အားကျတယ်။ ငါလဲရေးမယ်၊ပြပွဲတွေလုပ်မယ်ဆိုတဲ့ စိတ်ရှိတယ်။ ၁၉၇၂ ခုနှစ်မှာ ကျွန်တော့်အိမ်က ပိုက်ဆံတောင်းပြီး ပိတ်တွေ၊ ဆီဆေးတွေ ဝယ်ပြီး ဆီဆေးစရေးတယ်။ ၁၉၇၃ ခုနှစ်မှာ ဆရာဦးနန်းဝေ ဦးဆောင်တဲ့တပေါင်းပန်းချီပြပွဲမှာ ပထမဆုံးစပါတယ်။
တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေနဲ့ တက္ကသိုလ်ဆရာ ဦးနန်းဝေနဲ့ အတူပြတာ။ကျွန်တော်က ကျောင်းသားဟောင်းအနေနဲ့ ဝင်ပြတယ်။ပန်းချီပြပွဲတွေကို နှစ်စဉ်ပြတယ်။ ဦးကြီးမြင့်စော၊ အောင်
ကျော်မိုး၊ စံမင်း၊ မောင်သိဒ္ဓိ၊ တင်မောင်ဦးတို့နဲ့အတူ အုပ်စုပွဲတွေပြတယ်။
များသောအားဖြင့် တက္ကသိုလ်ကလိပ်ခုံးခန်းမမှာပြတာများတယ်။ ၁၉၈၄ ခုနှစ်မှာ ဆရာကြီးဦးသိန်းဟံဆီမှာဆီဆေးရေးနည်း သင်တယ်။ မောင်ဩ၊ ကိုလှိုင်ဘွားတို့ရဲ့ဆရာပေါ့။ ဆရာဦးသိန်းဟံဆီမှာ ဆီဆေးရေးနည်း ပညာကိုသင်ခဲ့တယ်၊ အလင်းနဲ့ အမှောင် အကြောင်းလည်း သူ့ဆီမှာသင်ခဲ့တယ်။
နောက် ဆရာပေါ်ဦးသက်နဲ့ တွေ့တယ်။ သူကလည်းပန်းချီသင်တန်းဖွင့်တော့ ကျွန်တော် တက်သေးတယ်။ ရန်ကုန်ပန်းချီကျောင်းက သင်တာက မျက်စိနဲ့ မြင်တာကို တူအောင်ရေးတဲ့နည်း၊ မန္တလေးကျောင်းက စိတ်အမြင်နဲ့ ဖွဲ့စည်းတည်ဆောက်တာ မတူ ဘူးပေါ့နော်။
ဆရာဦးပေါ်ဆီက စိတ်အမြင်နဲ့ ရေးတာကိုကျွန်တော် ရလိုက်တယ်ပေါ့နော်။ ၁၉၇၉ ခုနှစ်မှာ တစ်ကိုယ်တော်ပြပွဲလုပ်တယ်။ ဆီဆေးတွေနဲ့ပဲပြတယ်။ ပန်းချီကား သုံးကားရောင်းရတယ်။ ကား ၃၀ ကျော် ပြတယ်။ကျွန်တော် အဲဒီပန်းချီပြပွဲပြပြီး ရှက်သွားတယ်။
အဲဒီတုန်းကဘာတွေရေးလဲဆို မြန်မာမှု၊ ကျောင်းကန်ဘုရား၊ လယ်ယာလုပ်ငန်း၊ မင်းသမီးကတာ၊ တိုင်းရင်းသားပုံတွေ၊ ရွှေတိဂုံစေတီပုံတို့ရောင်းရမယ့် အကြောင်းအရာတွေပဲ ရေးပြတယ်။ ကျွန်တော်ပန်းချီစာအုပ်တွေလည်း ဖတ်တယ်။
အထူးသဖြင့် အမေရိကန်ထုတ် The Artist Magazine ၊ International Artist ၊ Arts Newsစာအုပ်တွေကို မိတ်ဆွေတွေက အမေရိကားက ပို့ပေးတယ်။တစ်ကိုယ်တော်ပြပွဲ ပြတယ်ဆိုတာ ကိုယ်ဘာတွေတွေ့ထားလဲ၊ သိထားလဲ ဆိုတာကို ထုတ်ပြရတယ်။
ကျွန်တော့်ပထမဆုံးပြပွဲက ရောင်းတမ်းတွေ ရေးပြခဲ့တာဖြစ်နေတော့ ရှက်သွားတယ်။ ပန်းချီကားသုံးကားပဲ ရောင်းရတယ်။ ကိုယ်ဘာမှသိပ်မသိသေးဘဲနဲ့ ရောင်းရနိုင်လောက်တဲ့ အကြောင်းအရာတွေ၊ တိုင်းရင်းသားတွေ၊ မြန်မာမှုတွေ၊ ရှုခင်းတွေကို ရေးပြီး ပြတာဆိုတော့လေကျွန်တော် ရှက်သွားတယ်။
ရှက်ပြီးတော့ တစ်ကိုယ်တော်ပြပွဲကိုမပြဖြစ်တာ နှစ်ပေါင်း(၂၀)ကြာသွားတယ်။ အုပ်စုပွဲတွေကိုတော့ အခါအားလျော်စွာ ဝင်ပြတယ်။၁၉၇၉ ခုနှစ် ပထမအကြိမ် တစ်ကိုယ် တော်ပြပွဲပြီးကတည်းက နှစ်(၂၀)တိတိ တစ်ကိုယ်တော်ပြပွဲ မပြရဲတော့ဘူး။
ကျွန်တော် သဘာ၀ကြီးကို လေ့လာတယ်။ ဆီဆေး အကြောင်းကိုနှံ့နှံ့စပ်စပ် လေ့လာတယ်။ ရေးနည်းတွေ အမျိုးမျိုးရေးကြည့်၊စမ်းကြည့်တယ်။ Sketch ပုံကြမ်းတွေ အများကြီး လုပ်တယ်။မိုးကောင်းကင်ကို ကြည့်ရေးတယ်၊ လယ်ကွင်းတွေ ကြည့်ရေးတယ်၊ဈေးတွေ ကြည့်ရေးတယ်၊ ကော်ဖီပန်းကန်ကြည့်ရေးတယ်၊ကိုယ်စီးတဲ့ဖိနပ်ကို ကြည့်ရေးတယ်။
မျက်စိထဲ တွေ့ရာ စိတ်ထဲငြိနေတာတွေကို ပုံကြမ်းတွေ ရေးမှတ်တယ်။ ဖောင်တိန်၊ ခဲတံ၊ မင်၊Pastel ၊ ရေဆေး၊ ဆော့ပင်၊ ဆီဆေးနဲ့ ရေးတဲ့ ပုံကြမ်း Sketch တွေအများကြီးရှိတယ်။ ၁၉၉၇ ခုနှစ်မှာ ငါ့ပုံကြမ်းတွေ အများကြီးရှိတယ်။ ပုံကြမ်းတွေပြမယ်ဆိုပြီး ပုံ ၁၀၀ ကို လောကနတ်ပန်းချီပြခန်းမှာ ဒုတိယတစ်ကိုယ်တော်ပွဲ ပြတယ်။
လူတွေက အရမ်းသဘောကျတယ်။ အများကြီး ဝယ်ယူအားပေးတာလည်းရှိတယ်။နှစ်(၂၀)ကျော်ကြာမှ နောက်ထပ် တစ်ကိုယ်တော်ပြပွဲမှာကိုယ်လေ့လာမှတ်သားထားတာကို ပြဖြစ်သွားတယ်။ ကျွန်တော့်ဘ၀မှာ ထူးခြားချက်တစ်ခု၊ အမှတ်တရတစ်ခုလို့ ပြောလို့ရတယ်။
ဆီဆေးမီဒီယံကို ဘယ်လိုကြောင့် အရေးများတာလဲဆိုတာပြောပြပေးပါဦး ဆရာ။
ရေဆေးကတော့ အခါအားလျော်စွာ ရေးတယ်။ အခရိုင်းလစ်ကို ရေးကြည့်တယ်။သူက မီဒီယံကတော့ အခြောက်မြန်တယ်၊ကျွန်တော် သဘောမတွေ့ဘူး၊ သိပ်မရေးတတ်ဘူး။ ဆီဆေးကတော့ ကျွန်တော် တော်တော် ရေးတတ်တယ်။
အဲဒီလို ရေးနေရင်းနဲ့ကျွန်တော်က မိုးကောင်းကင်ကြီးကို စိတ်ဝင်စားတယ်၊ နေ့တိုင်းကြည့်တယ်၊ ရာသီမရွေးကြည့်တယ်။ ကြည့်ရင်းနဲ့ မိုးကောင်းကင်ကြီးကို ပန်းချီဆွဲဖြစ်တာပေါ့။ မိုးကောင်းကင်ကြီးက တိမ်ရှိမှကြည့်လှတာပေါ့။ တိမ်ပန်းချီကားတွေ အများကြီးရလာတယ်။
ရန်ကုန်မြို့ရဲ့တိမ်၊ ရှမ်းပြည်ကတိမ်၊ ပုဂံကတိမ်၊ တိမ်တွေကမတူဘူး။ ရန်ကုန်မြို့က တိမ်က ပင်လယ်နဲ့ နီးတော့နိမ့်တယ်။အညာပုဂံကျတော့ တိမ်တွေက မြင့်တယ်။ မိုးကောင်းကင်အရောင်ကလည်း ရန်ကုန်က ကောင်းကင်အပြာနဲ့ ပုဂံကကောင်းကင်အပြာ၊ တောင်ကြီး၊ ကလောက ကောင်းကင်အပြာမတူဘူး။
တောင်ကြီး၊ ကလောက ကောင်းကင်ပြာက အေးတဲ့အပြာ။ ပုဂံက ပူတဲ့အပြာ။ ရန်ကုန်က ကောင်းကင်က မပူတဲ့အပြာ။အရောင်နာမည်နဲ့ ပြောရရင် ရန်ကုန်ကောင်းကင်က Cobalt blue ။ ရှမ်းပြည်ရဲ့ ကောင်းကင်အပြာက Cerulean blue၊ ပုဂံကောင်းကင်အပြာက Ultramarine blueပေါ့။
ကောင်းကင်က အပြာမှာတောင်ကောင်းကင်အပြာချင်း မတူတာ သိလာတယ်။တိမ်တောင်၊ တိမ်လိပ်တွေ တိမ်မျှင်တွေ တိမ်ရဲ့နေ့ ၊ ည ပြောင်းတဲ့ အရောင်အမျိုးမျိုး တွေ့လာတယ်။ မိုးကောင်းကင်ကိုကြည့်ပြီး ကျွန်တော်ပန်းချီတွေရေးဖြစ်တာ အများကြီးဖြစ်လာတယ်။
တိမ်တွေရဲ့အလှတွေကို ပန်းချီကားအဖြစ် ရေးဖွဲ့ပြီး တိမ်ပြာဆိုပြီး ပြပွဲကို ၂၀၀၀ပြည့်နှစ်မှာ ပြတယ်။ ဒါကလည်း အမှတ်တရပါပဲ။
ကျွန်တော်က portrait တွေ ရေးခဲတယ်။ အပျော်ပဲရေးတာ။ များသောအားဖြင့်ပန်းချီအသိုင်းအဝိုင်းက သူငယ်ချင်းတွေကိုပုံကြည့်ရေးပေးတယ်။ ရေဆေး၊ pastel၊charcoal ၊ ဆီဆေးနဲ့ ရေးတယ်။ နောက်ရင်းနှီးတဲ့လူတွေက portrait အပ်တော့ နည်းနည်းပါးပါး ရေးပေးတယ်။
portrait ရေးတာလက်ဝင်တယ်၊ ခက်တယ်၊ တာဝန်ကြီးတယ်။ဒါပေမဲ့ ဘာလို့လဲမသိဘူး portrait တွေ ရေးမိ သွားတယ်။ ပန်းချီအသိုင်းအဝိုင်းက လူတွေရဲ့ portrait တွေ အပ်တာက လေး၊ ငါးပုံလောက်ပဲရှိတာ။ ရေးရင်းနဲ့ များလာတော့ ကျွန်တော် portrait (၁၀၀) ပြပွဲလုပ်တယ်။
ကျွန်တော့်ဘ၀မှာ အထူးခြားဆုံး အမှတ်တရ ပန်းချီပြပွဲသုံးပွဲပါပဲ။
◾️ဆရာ့ရဲ့ (၂၆) ကြိမ်မြောက်မှာ Abstract လက်ရာတွေ ချပြဖြစ်ပုံကိုလည်း ပြောပေးပါဦး။
ဒီပွဲကလည်း အင်မတန် ထူးခြားတယ်ပြောလို့ရတယ်။ တစ်ခါတလေ စိတ်လိုလက်ရရှိမှ တစ်ကားစ၊ နှစ်ကားစလောက်ပဲ ရေးတော့တယ်။ Abstractပန်းချီက ဘယ်ကပေါ်လာလဲ၊ ဘယ်ကစဖြစ်လဲဆိုတာ လေ့လာတယ်၊စာတွေဖတ်တယ်။
Abstract ပန်းချီက ရုရှားပန်းချီဆရာ Kandinsky က စတယ်လို့ ပြောရင် ဖြစ်တယ်။ ရုရှားပန်းချီဆရာ Kandinskyက ဂျာမနီပန်းချီဆရာတွေနဲ့ ပေါင်းပြီး ပန်းချီလာရေးတယ်။ သူက Vincent Van Gogh တို့ကို အားကျပြီး ခပ်ကြမ်းကြမ်းနဲ့ စုတ်ချက်ကြမ်းကြမ်းတွေ ရေးဟန်၊ expressionism တွေ ရေးတာပေါ့။
တစ်ရက် သူက ပန်းချီရေးနေရင်းနဲ့လမ်းလျှောက်ထွက်သွားတယ်။ ပြန်လာတော့ခုနက ရေးခဲ့တဲ့ ပန်းချီကား မရှိတော့ဘဲ ပန်းချီကားအသစ်တစ်ချပ် ရောက်နေတယ်။သူကြည့်ရင်းနဲ့ တော်တော်ကြည့်ကောင်းတဲ့ပန်းချီကားဖြစ်နေတယ်။
ဒီပန်းချီကား ဘယ်သူလာရေးသွားလဲမေးတော့ တစ်ယောက်မှမလာဘူးပေါ့။ ကြည့်ရင်းနဲ့ သူရေးတဲ့ကားကဇောက်ထိုးဖြစ်နေတာ။ တစ်ယောက်ယောက်က ကြည့်ပြီး ဇောက်ထိုးထားသွားတာ။ သူကအံ့ဩသွားပြီး သဘောကျသွားတယ်။ ခုနကသူရေးထားတဲ့ကား ဇောက်ထိုးထားတာ ဘာမှမသိဘဲ ပန်းချီကားအဖြစ် သူသဘောကျနေတယ်။
ပန်းချီကားဆိုတာ တိုက်ဖြစ်မှလား၊ အိမ်ဖြစ်မှလား၊ ဘုရားကျောင်းဖြစ်မှလား၊ သစ်ပင်ဖြစ်မှလား၊ တိမ်ဖြစ်မှ ပန်းချီကားလားဆိုပြီး သူတွေးရင်းနဲ့ ပန်းချီကားဆိုတာ ရုပ်ဝတ္ထုပစ္စည်းတွေရေးမှ မဟုတ်ဘူး၊ မတူတဲ့ အရောင်တွေဆန်းကြယ်စွာ ပေါင်းစပ်နေလည်း ပန်းချီကားဖြစ်တယ်ဆိုတာ အတွေးပေါက်သွားတယ်၊စဉ်းစားမိသွားတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပန်းချီဆရာ ဦးခင်မောင်ရင်ဆိုတာ တစ်သက်လုံး Abstractရေးသွားတဲ့ ပန်းချီဆရာကြီး။နောက်ဦးဝင်းဖေလည်း Abstract ပန်းချီဆရာအနေနဲ့ နာမည်ကြီးတယ်။ ဦးခင်မောင်ရင်ကအင်္ဂလိပ်စာ အတော်ဖတ်တယ်။ သူက Abstract မှာ နှစ်မျိုးပဲရှိတယ်။ Soft Edge နဲ့Hard Edge တဲ့။
အနား၀နဲ့ အနားဖြတ်ပေါ့။
အနား၀ဆိုတာ စုတ်နဲ့ရေးတယ်၊ ဆေးတွေလောင်းတယ်။ အနားဖြတ်ဆိုတာကတော့တိတိကျကျ ရေးတာပေါ့။ အနားတွေကို ပြတ်ပြတ်သားသား ရေးတာမျိုးပေါ့။ ဦးခင်မောင်ရင်က အနား၀ကိုရေးတယ်။ ဦးဝင်းဖေက အနားဖြတ် ရေးတယ်။ မတူကြဘူးပေါ့။ မရောဘူး။
ကျွန်တော်ကလည်း Square ကို သဘောကျတော့ ဆီဆေးကိုလည်း ပိုနားလည်တယ်ဆိုတော့ ဆေးတွေ လောင်းချတယ်၊ ဖြန့်တယ်၊စီးဆင်းရာစီးတယ်။ ဒါက ကျွန်တော် လုပ်တာမဟုတ်ဘူး၊ သူ့အလိုလိုဖြစ်တာ။ အဲဒီထဲမှာမှ Square တွေကို ကြိုက်တဲ့ နေရာလေးကိုထည့်တယ်။
ပထမတော့ ရေဆေးနဲ့ လုပ်တယ်၊ နောက်တော့ ဆီဆေးနဲ့ လုပ်တယ်။ နိုဝင်ဘာလမှာတစ်ကိုယ်တော်ပွဲ လုပ်ဖို့ရှိတယ်။ ရက်ကလည်းနှစ်လ၊ သုံးလလောက်ပဲ လိုတော့တယ်။ ဒီနည်းကိုပဲ ရေးမယ်ဆိုပြီး ဆေးတွေလောင်းတယ်၊ ခြောက်အောင်ထားတယ်။
ပြီးတော့ Square လေးတွေကို ကြည့်ကောင်းအောင်နေရာချတယ်။ တစ်လအတွင်းမှာ ပန်းချီ ကား၅၀ ကျော် ရေးပြီးတယ်။ Abstract ကို ရေးရတာ ပိုပြီးစိတ်ပျော်ပြီးလွတ်လပ်မှုကို ပိုခံစားရတယ်။
◾️ရှေ့ဆက်ရော ဆရာ WPM အနေနဲ့ အနုပညာဖန်တီးမှုအပိုင်းမှာ ဘယ်လိုမျိုးဖန်တီးသွားဖို့တွေရှိပါသလဲ။
နောက်ဆို ကျွန်တော် Abstract ရေးနည်းကို သဘောကျတယ်။ အခုကတော့ Soft Edge နဲ့Hard Edge ပေါင်းပြီး ရေးတာပေါ့နော်။ ဒါနဲ့မတူတဲ့ နောက်ဖန်တီးမှုကို စဉ်းစားနေတယ်။ ရလာလို့ရှိရင်လည်း ဖန်တီးမှုအသစ်တွေကို ထပ်ရေးဖို့ရှိတယ်။
အရင်နဲ့ မတူတဲ့ပထမဆုံးအကြိမ် အနုပညာဖန်တီးမှုမှာ ကိုယ်လုပ်ချင်ရာလုပ်တဲ့ဟာကို သဘောကျပြီး ဝယ်ယူအားပေးလို့ ကြည်နူးဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဘာနဲ့မှလည်းလဲလို့မရဘူး၊ နှိုင်းယှဉ်လို့မရဘူး။ ကျွန်တော် ထင်တယ် အနုပညာသမားတွေ အများကြီး ရှိတယ်။
စာပေ၊ ဂီတ၊ရုပ်ရှင်တွေ၊ အနုပညာဖန်တီးရှင် အမျိုးမျိုးထဲမှာ ပန်းချီဆရာတွေက ပီတိကို ခံစားမှုအရ
ဆုံး အနုပညာရှင်လို့ထင်တယ်။
◾️ပန်းချီကားဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး လူငယ်အနုပညာရှင်ကို မျှဝေအကြံပေးလိုတာမျိုးလည်း ဖြည့်စွက် ပြောပါဦး။
ကျွန်တော်ပြောချင်တာက နံပါတ် (၁)သဘာ၀တရားကို နားလည်အောင်ကြိုးစားပါ၊၊သဘာ၀ကြီးကို ကျေကျေ ညက်ညက် သိအောင်လေ့လာပါ။ (၂) သဘာ၀ကို လေ့လာပြီးရင်ကိုယ်ရေးမယ့် ဆေးအကြောင်းကို ကောင်းကောင်းနားလည်အောင် ကြိုးစားပါ။
ဆီဆေး၊ရေဆေး၊ Pastel ပေါ့ ကောင်းကောင်းသိအောင်စမ်းသပ်ပါ။ (၃) ပြီးရင်တော့ ငါဘာတွေ ဖန်တီး ရေးဆွဲမလဲ၊ ကိုယ် ရေးမယ့် အကြောင်းအရာက ကိုယ်တကယ်နားလည်ထိတွေ့ ခံစားမှုရှိဖို့လိုတယ်။ နားလည်ဖို့ အရေးကြီးတယ်။ ကိုယ်ကိုင်စွဲမယ့် မီဒီယံကိုလည်း တကယ်နားလည်တတ်ကျွမ်းအောင် အမြဲကြိုးစားအားထုတ်နေပါလို့ ပြောချင်တယ်။
လူတွေက အသံဂီတကို ခံစားနားလည်လွယ်တတ်တယ်။ အစားအသောက်တွေလည်း ပါးစပ်အရသာ ခံစားတတ်တယ်။ မျက်စိအရသာကျတော့ ခံစားတာအားနည်းတယ်။အဲဒီတော့ ပန်းချီကားတွေ၊ ဓာတ်ပုံတွေ၊ သဘာ၀ကြီးကို များများကြည့်ပေးပါလို့ပြောချင်တယ်။
စုရတနာ-တွေ့ဆုံမေးမြန်းသည်။
***စံတော်ချိန်သတင်းစာမျက်နှာမှကူးယူဖော်ပြသည်။



No comments:
Post a Comment