Thursday, February 28, 2019

Gym ဗဟုသုတ အတိုအထွာ


၁။ Gym ဘယ်အချိန်လုပ်ရမလဲ ?

မနက်ရယ်၊ ညရယ် ဘယ်အချိန်ရယ်လို့ သိပ်မရှိပါဘူး။ လုပ်နေချိန်မှာ အားရှိနေဖို့၊ လန်းဆန်းနေဖို့ လိုပါတယ်။ အဓိက ကတော့ အားရှိဖို့ပါ။ တစ်ခါတစ်လေ အားရှိပေမယ့် ထိုင်းမှိုင်းနေရင်တောင် Gym ထဲရောက်ရင် လန်းသွားတတ်တာပဲ မဟုတ်လား။ အားရှိဖို့ဆိုရင်တော့ Gym မဆော့ခင် ၂နာရီအလိုလောက်မှာ  အစာတစ်ခုခုစားထားဖို့ လိုပါတယ်။ စားတဲ့ အစာဟာဆီတွေများတဲ့ ဟင်း၊ ဆီကြော်စာတွေ မဟုတ်ပဲ ကျန်းမာရေးနဲ့ ညီညွတ်စွာ ချက်ထားတဲ့ အစာကို တတ်နိုင်သလောက်ရွေးသင့်ပါတယ်။ ဥပမာ အနေနဲ့
-အာလူး
-ပေါင်မုန့်ညို  Peanut butter သုတ်
-ကြက်ဥပြုတ်၊ မွှေကြော်
-နွားနို့၊ ဒိန်ချဉ်
-ကန်စွန်းဥပြုတ်
-အသား၊ ငါး
-ပဲ
-ပန်းဂေါ်ဘီ
စတာတွေ စားထားရင် လေ့ကျင့်ခန်း လုပ်တဲ့အခါ အားရှိပြီး ပိုလုပ်နိုင်တာမို့ အစာတစ်ခုခု စားထားဖို့ မမေ့ဖို့ပဲ လိုပါတယ်။

၂။ တစ်ခါလုပ်ရင် ဘယ်လောက်ကြာသင့်သလဲ ?

တစ်ခါလုပ်ရင် ဘယ်နေ့မဆို၊ ဘာလေ့ကျင့်ခန်းမဆို မိနစ်၄၀နဲ့ တစ်နာရီကြားလောက်ပဲ ကြာသင့်ပါတယ်။ တစ်နာရီထက်ကျော်သွားမှာကို Trainer တော်တော်များများက အားမပေးသလို သင့်ရဲ့ ခန္ဓာကိုယ်ကလဲ လိုက်မလုပ်နိုင်ပါဘူး။ လုပ်စရာရှိတာကို အားအပြည့်နဲ့ မြန်မြန်လုပ်၊ Gym ထဲက မြန်မြန် ပြန်ထွက်ဖို့ပါပဲ။ Selfie ဆွဲဖို့မှ မဟုတ်တာပဲ 😂😂😂

(ဘယ်နကြိမ်မရမလဲ၊ ဘယ်လောက်လေးလေးမရမလဲ စသဖြင့် သိချင်ရင်တော့ ဆောင်းပါးရေးပြီးသားရှိပါတယ်။ ဝင်ဖတ်ပါ)

၃။ လေ့ကျင့်ခန်းတစ်ခုနဲ့ တစ်ခုကြား ဘယ်လောက်နားရမလဲ ?

စက္ကန့် ၄၀နဲ့ ၉၀ကြားပါ။ မခဲ့တဲ့ အလေးဟာ အရမ်းလေးခဲ့ရင် တစ်မိနစ်ခွဲခန့် နားပြီး သွေးပူအခေါက်တွေဆိုရင်တော့ စက္ကန့် ၄၀လောက်နားရင် လုံလောက်ပါတယ်။ ကြာကြာနားရင်တော့ နှခုံးခုန်နှုန်း ပြန်နှေးသွားတာမို့ သိပ်မကောင်းပါဘူး။

၎။ Gym ဆော့ရုံနဲ့ ခန္ဓာကိုယ် လှမလား?

ဟင့်အင်း လို့ပဲ ဖြေရမှာပါ။ Gym ဆော့တာ တစ်နေ့ တစ်နာရီဆိုရင် Gym မဆော့တဲ့ အချိန်ဟာ ၂၃နာရီပေါ့။ ကျန်တဲ့ ၂၃နာရီမှာ စားတဲ့အစာ၊ အိပ်တဲ့ အိပ်စက်ချိန်တွေ ကောင်းဖို့လိုပါတယ်။ ဘယ်လိုစားရမလဲဆိုတာ ရေးပြီးသားတွေ ရှိပါတယ်။ (တစ်နှစ်စာလေ့ကျင့်ခန်း အပိုင်း ၁၊ ၂၊ ၃ ကို ပြန်ရှာဖတ်နိုင်ပါတယ်)။ အိပ်စက်ချိန်ကတော့ တစ်နေ့ ၇နာရီ အနည်းဆုံးရှိသင့်ပါတယ်။ တစ်နေ့မိနစ် လေးဆယ်နဲ့ တစ်နာရီကြား Gym ဆော့၊ ကောင်းကောင်းစား ကောင်းကောင်း အိပ်ဖို့လိုတယ်လို့ အတိုပြောရမှာပါ။

၅။ ပိန်ရင် လှရောလား ?

လှသင့်သလောက် လှလာပါလိမ့်မယ်။ အဝတ်အစား ဝတ်ထားရင်တော့ ပိန်ရုံနဲ့ လှတာပေါ့။ အဝတ်အစား ချွတ်တဲ့အခါ၊ ဘီကနီ ဖြစ်ဖြစ် ဝတ်တဲ့အခါ အချိုးအဆစ် ကျကျကြီးနဲ့တော့ မလှနိုင်သေးပါဘူး။ ကျန်တဲ့ အစိတ်အပိုင်းတွေ ပိန်သွားပေမယ့် ဗိုက်ကလေး နည်းနည်းလေး ပူနေသေးတာရှိတတ်ပါတယ်။ ဗိုက်ပူတယ် ထင်ရတာက ဗိုက်အဆီကနောက်ဆုံးမှ ကျတဲ့ အဆီမလို့ပါ။ ဒါမှမဟုတ် ကျန်တဲ့ အပိုင်းတွေက သေးနေလို့ ဗိုက်ပူတာက ပိုပေါ်လွင်နေတယ်လို့ ထင်ရတာလဲ ဖြစ်နိုင်ပါသေးတယ်။ ဒီလိုမျိုး မဖြစ်ရအောင် သင့်ဘာသာ ကြည့်ပါ။ ရင်ဘတ်က သေးနေသလား၊ လက်တွေက သေးလွန်းသလား စသဖြင့် သုံးသပ်ပါ။ သေးနေရင် သက်ဆိုင်ရာ လေ့ကျင့်ခန်းတွေလုပ်ပါ။ ဒီလိုမဟုတ်ပဲ အဆီပဲ ချနေရင်တော့ လက်ကလေးတွေ ပိန်၊ ပေါင်လေးတွေပိန်ပေမယ့် ဗိုက်ကလေး ပူကျန်နေခဲ့ပါလိမ့်မယ်။ အဆီကျရင် အဝတ်လေးနဲ့ဆို လှပေမယ့် အဝတ်မပါပဲ လှချင်ရင်တော့ အလေးမ သင့်သလောက် မရပါမယ်။ မဟုတ်ရင် Skinny Fat အဖြစ် ဖြစ်ကျန်တတ်ပါတယ်။

၆။ နေရာကွက် အဆီချလို့ရသလား?

လက်ကလေးပဲ တုတ်လို့၊ ခြေသလုံး လေးပဲ တုတ်လို့၊ ပေါင်လေးပဲ တုတ်လို့ နေရာကွက် အဆီချချင်တယ်ဆိုသူများအတွက် ပြောရရင် စိတ်မကောင်းပါဘူး။ နေရာကွက် အဆီချလို့ မရဘူးဆိုတာ သုတေသနတွေအရ ခိုင်မာတဲ့ အချက်ပါ။ နေရာလေးကွက်လို့ အဆီချလို့ ရပါတယ်ပြောရင် မမှန်ဘူးလို့ မှတ်နိုင်ပါတယ်။ ဒီလိုလူတွေ အတွက် အဆီချလေ့ကျင့်ခန်းတွေလုပ်ပါ၊ တစ်ကိုယ်လုံး အဆီကျသွားတဲ့ အခါ ခြေတွေ၊ လက်တွေပါ ကျသွားပါလိမ့်မယ်။ အဆီကျပြီး ပိန်နေတဲ့အခါမှာ တောင် ခြေသလုံးကြီးနေသေးရင် ခြေသလုံးနဲ့လိုက်အောင် ပေါင် တင်ပါး စသဖြင့် ကြီးအောင်ဆော့ပါ။ လက်မောင်းကြီးနေရင် လက်မောင်းနဲ့ လိုက်အောင် ရင်ဘတ် စသဖြင့် ကြီးအောင်ဆော့ပါ။

၇။ Gym နားတဲ့ ရုံးပိတ်ရက်မှာ စားတာများသွားတယ်၊ ဒါဆို ဝလာမှာလား ???

ဟင့်အင်း၊ ဒီလိုစားလိုက်လို့လဲ ဝမလာသလို အစာလျှော့ လေ့ကျင့်ခန်း တစ်ပတ်လောက် လုပ်လိုက်လို့လဲ ပိန်မသွားပါဘူး။ ဈေးထဲမှာ ထည့်ချိန်တဲ့ အသားတွေ ရေထိုးလိုက်လို့ ပိုလေးသွားမယ်၊ အစာပလာ ထုတ်လိုက်လို့ အလေးချိန်ပေါ့သွားမယ် စသဖြင့်လောက် မလွယ်ကူ မရိုးရှင်းပါဘူး။

အပြည့်အစုံမဟုတ်ပေမယ့် ယေဘုယျ ကျကျပြောရရင် အစာတစ်ရက် နှစ်ရက်လောက် ကောင်းကောင်းစားလိုက်ရုံနဲ့ ဘယ်မှာများ ချက်ချင်းကြီး ကြွက်သားတွေထွက်လာ၊ လှလာလို့လဲ။

ဘီယာလေးတစ်ခွက်သောက်လို့ ဘီယာဗိုက်ချက်ချင်း ဖြစ်မလာသလို၊ ကိတ်မုန့်လေး တစ်လုံးစားလိုက်လို့ ဝတုတ်လေးလဲ ဖြစ်မလာပါဘူး။ ခန္ဓာကိုယ်တစ်ခု ဒီလို ဝလာဖို့ဟာ စွမ်းအင်အပိုတွေ များလာ၊ ပိုလျှံလာရင် အဆီပို အိတ် fat cells ကလေးတွေဖြစ်လာ ၊ ဒီလိုမျိုး စွမ်းအင်အပိုတွေ နေ့စဉ်နဲ့အမျှများလာရင် Fat cells အသစ်တွေ ထပ်ထပ်ဖန်တီးလာ၊ စသဖြင့် အဆင့်ဆင့်ဖြစ်ရတယ် မဟုတ်လား။ ဒါ့ကြောင့်လဲ ရုံးပိတ်ရက် ဘီယာတစ်ခွက်၊ Pizza တစ်ချပ်လောက်နဲ့ ချက်ချင်းဝလာစရာမရှိပါဘူး။ နှစ်ပတ်ကို တစ်ရက်တစ်လေလောက်ပျက်စီး (အစားသောင်းကျန်)တာကနေ တစ်ပတ် တစ်ခါ၊ ပြီး တစ်ပတ် နှစ်ခါ စသဖြင့် ပိုပိုစားမိမှပဲ ပိုဝလာနိုင်တာမို့ မလိုအပ်ပဲ စိတ်သောကရောက်စရာ မလိုပါ။ တစ်ပတ်မှာ ခြောက်ရက်လောက် Healthy food လေးတွေစားပြီး တစ်ရက်လောက်တော့ အထိန်းအကွပ်လေးနဲ့ တမုန်းစွဲနိုင်ပါတယ်။

လေ့ကျင့်ခန်း ၂ပတ်လောက်လုပ်ပြီး အဆီဘယ်လောက်  ကျနိုင်မလဲ၊ သိသာသွားနိုင်မလား မျက်စိဒေါက်ထောက် ကြည့်နေသူများအတွက်လဲ တူတူပါပဲ။ ချက်ချင်းကြီး ဝမလာနိုင်သလို ချက်ချင်းကြီးလဲ ပိန်မလာနိုင်ပါ။ ပြောင်းလဲလိုက်တဲ့ Lifestyles မှာ ခန္ဓာကိုယ်ကို သူ့အလုပ် သူလုပ်ဖို့၊ ချိန်ညှိဖို့ အချိန်ပေးလိုက်ပါ။

သင်လဲ သင့်အလုပ်၊ သင့်လေ့ကျင့်ခန်း သင်လုပ်။ အချိန်တန်ရင် ပိန်သွားပါလိမ့်မယ်။

၈။ ခေါက်ဆွဲပြုတ် စားလို့ရလား၊ ထမင်းသုတ် စားလို့ကော ရလား၊ ပိန်သွားအောင် ဘာတွေ စားရမလဲ ?

ပိန်သွားဖို့ရော၊ ကြီးထွားသွားဖို့ရော ဘာပဲဖြစ်ဖြစ် ဘယ်လို အစားအစာကို ဘယ်လိုခွက်နဲ့ ထည့်စားပါလို့ လိုက်အကြံပေးနေလို့က မလွယ်ပါဘူး။ ဒါ့ကြောင့် ဘာအစာ စားရမလဲ ဇဝေဇဝါ လူတွေအတွက် Diet အကြောင်း နားလည်လွယ်အောင် ဥပမာပေးလိုက်ပါမယ်။

တစ်နေ့ကို ၂၀၀၀ ဖိုး စားလို့ရမယ်ဆိုပါစို့။

ဒါနဲ့ ပိုက်ဆံ ၂ထောင်နဲ့ စားဖို့် သောက်ဖို့ စားသောက်ဆိုင်သွားတဲ့အခါ စားသောက်ဆိုင်မှာ အပေါ်ယံ 2မျိုးခွဲထားတဲ့ Menu တွေ့ပြီ။

-ကျန်းမာရေးနဲ့ မညီအောင် ချက်ထားတဲ့ အစာ၊ ဒါမှမဟုတ် အာဟာရ မပြည့်ဝတဲ့ အစာ

အာလူးကြော် (300 kyats)
ကြက်ကြော် (500 kyats)
ထမင်းသုတ်၊ ခေါက်ဆွဲသုတ် (300 kyats)
ကိတ်၊ Pizza (800 kyats)
Ice cream (600 kyats)
အချိုရည် (200 kyats)

- ကျန်းမာရေးနဲ့ ညီအောင် ချက်ထားတဲ့ အစာ၊ ဒါမှမဟုတ် အာဟာရ ပြည့်ဝတဲ့အစာ

အသီးအနှံ (50 kyats)
အသားကင် (ဆီနဲနဲ) (200 kyats)
Hotpot အသားအရွက်စုံ (300 kyats)
ကြက်ဥပြုတ်၊ ကြော် (50 kyats)
Oak (100 kyats)
ဒိန်ချဉ် (50 kyats)
နွားနို့ (50 kyats)
အာလူးကင်၊ ဖုတ် (50 kyats)

စသဖြင့် ရှိမယ် ဆိုပါစို့။ (ဥပမာပေးတာပါ)

ပိုက်ဆံ ၂၀၀၀ နဲ့ အပေါ်က ကျန်းမာရေးနဲ့ မညီညွတ် အာဟာရနည်းတာတွေ စားမယ်ဆို ၂မျိုး ၃မျိုးလောက်ပဲ စားနိုင် တတ်နိုင်ပါလိမ့်မယ်။ ကြက်ကြော်တစ်ခု 500၊ အာလူးကြော် 300၊ ကိတ်တစ်တုံး 800၊ အချိုရည်တစ်ခွက် 200 လောက်ဆိုရင်တောင် 2000 နည်းပါးဖြစ်သွားပါပြီ။ ဒီလောက်နဲ့တော့ တစ်နေ့လုံး မဝပေမယ့် သင့် 2000 ကကုန်သွားပါပြီ။

ဒီလို မဟုတ်ပဲ အောက်က ကျန်းမာရေးနဲ့ ညီတဲ့၊ အာဟာရပြည့်တဲ့ Menu ကနေမှာစားမယ် ဆိုပါစို့။

အာလူးချင်းတူပေမယ့် အာလူးမီးဖုတ်က 50 ထဲဆိုတော့ 6ခု စားမှ 300 ထဲရယ်။ ကြက်သားချင်းတူပေမယ့် ကြက်ကင် ဆီနဲနဲက 200 ထဲရယ်။ အချိုရည် မသောက်ပဲ နွားနို့သောက်မှ 50ထဲ။ 2000 ဖိုးဆို ကုန်တောင် ကုန်မှာ မဟုတ်။ ဗိုက်လဲဝ၊ အာဟာရလဲ ပြည့်တယ်ဟုတ်။

အပေါ်ကပြောထားတဲ့ ဈေးတွေကို Calorie လို့မှတ်လိုက်ရင် 2000 Calorie စားလို့ မပိန်မဝဘူး ဆိုပါစို့ ။ (ဈေးတွေက ဥပမာတွေနော်၊ တကယ်ထင်ပြီး တွက်ပြီး ကြက်ကင် အခု ၂၀လောက်စားမနေနဲ့ 😂😂😂)

ကျန်းမာရေးနဲ့ မညီတဲ့ အစားအစာတွေကို စားရင် 2000 ကျပ် (Calorie) ပြည့်ဖို့လွယ်လွန်းပြီး၊ ကျော်ထွက်သွားရင်တော့ ဝလာပြီသာမှတ်။

ကျန်းမာရေးနဲ့ ညီတာတွေစားရင်တော့ 2000 ကျပ် (Calorie)တောင် ကုန်မှာမဟုတ်။ ဗိုက်လဲ ပြည့်သလို 2000 မပြည့်လို့ အဆီလဲကျတယ် မဟုတ်လား။

ကျန်းမာရေးနဲ့ ညီမညီဆိုတာ ဘယ်လိုကြည့်ရမလဲ ?

အာလူးချင်းတူပေမယ့် ဆီကြော်နဲ့၊ မီးကင်နဲ့ မတူပါဘူး။ ဘယ်အရာမဆို ဆီနဲ့ကြော်လိုက်ရင် Calorie အဆမတန်တက်သွားပါတယ်။ ဒီသဘော အတိုင်းပါပဲ၊ ထမင်းဖြူက Calorie နဲပေမယ့် ထမင်းကြော်က Calorie များ (ဈေးကြီး)သွားတာမို့ အဆီကျလိုသူတွေ ရှောင်ရမှာပါ။

ထမင်းသုတ်၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲသုတ် စတာတွေကလဲ တူတူပါပဲ။ အာဟာရ မများသလို Calorie လဲများတာမို့ အာဟာရမရှိပဲ ဗိုက်သာပူလာတတ်ပါတယ်။ (ဟင်းသီးဟင်းရွက်တွေ၊ အသားပြုတ်တွေ ထည့်သုတ်ရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် ဆိုင်တွေမှာ ရောင်းတာကတော့ ဘာဆိုဘာမှ သိပ်မပါတဲ့ အလွတ်တွေများတယ် မဟုတ်လား)

ဒီလောက်ဆိုရင် အဆီကျချင်ရင် ဘာတွေစားရမလဲ ဆိုတာကို အသေးစိတ်လိုက်မေးစရာမလိုတော့ဘူးဟုတ်။ အစာတစ်မျိုးထဲက ကောင်းသလို၊ အဲအစာကပဲ မကောင်းပြန်ဘူး ဖြစ်နိုင်တာမို့ ဘယ်လိုပြင်ဆင်လဲဆိုတာကို ကြည့်ပါ။

စားသင့်တဲ့ ပမာဏကတော့ ပိန်ချင်သူများ ၂ပတ်မှာ ၃ပေါင်လောက်ကျအောင် လျှော့စားပါ။ ၂ ပတ်နေလို့မှ လေ့ကျင့်ခန်းလုပ်ရက်သားနဲ့ မပိန်ဘူးဆိုလျှင် ချက်တာ ကျန်းမာရေးနဲ့ ညီမညီ ပြန်စစ်။ မညီရင် ညီတဲ့ဟာတွေ ပြောင်းစား။ ညီရက်သားနဲ့ မကျသေးရင်တော့ ပမာဏလျှော့စားပါ။

ထွားချင်သူများကတော့ ၂ပတ်မှာ ၂ပေါင်လောက် တက်အောင်စားပါ။ ၂ပတ်နေလို့မှ မတက်သေးရင် ပိုစားပါ။

အခုမေးခွန်းလေးတွေဟာ ပေါ့ပေါ့လေး မေးတတ်ကျပေမယ့် အရေးပါတဲ့ သဘောတရားတွေ ပါပါတယ်။ ဒီလို ကွင်းဆက်လေးတွေပြတ်နေရင် အဆီမကျ အသားမတက် ဆိုတဲ့ ဝင်္ကပါထဲမှာ ဝဲတလည်လည် ဖြစ်တတ်ပါတယ်။

******************

ဒါလေးတွေက အတိုအထွာလေးတွေ ဆိုပေမယ့် လူမေးအများဆုံး၊ အမှားတတ်ကြဆုံး ဗဟုသုတတွေပဲ ဖြစ်ပါတယ်။

မူရင်းစာမျက်နှာ - Golden_Dreams 😊❤️

No comments: