Tuesday, February 19, 2019

"ကျင့်ဝတ်နဲ့ညီတဲ့သူဆိုတာ"



 ရေးသားသူ - ဒေါက်တာ ဖြိုးသီဟ

ကမ္ဘာပေါ်မှာ လူဦးရေ သန်း(၇)ထောင်ကျော် ရှိပါတယ်။ ပါဝါတွေ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ အာဏာ၊ ရာထူး၊ စည်းစိမ်ဥစ္စာ၊ လုပ်ပိုင်ခွင့်၊ အသိဥာဏ်၊ ခွန်အား၊ ပညာတတ်ခြင်း၊ စသဖြင့် ပါဝါတွေ ကွာနေကြပါတယ်။ ဒါတွေကို ဘယ်လိုမှလည်း ညီအောင် လိုက်ညှိလို့ မရပါဘူး။ ညီအောင် ညှိလို့မရလို့ လွှတ်ထားလိုက်တော့မှာလား ဆိုတော့လည်း မရပါဘူး။ ဒီအတိုင်းသာ ထားလိုက်လို့ ကိုယ်ရထားတဲ့ ပါဝါတွေကို အလွဲသုံးစား လုပ်ကုန်ကြရင် လူ့အဖွဲ့အစည်းကြီး တစ်ခုလုံး ခက်ရချည်ရဲ့။

အဲဒီ ပါဝါအလွဲသုံးစားမှုတွေကို ထိန်းကျောင်းပေးနိုင်တဲ့ အရာတွေထဲက တစ်ခုကတော့ ကျင့်ဝတ်ပဲ ဖြစ်ပါတယ်။ တစ်ခုကွာတာက စနစ်နဲ့ ထိန်းကျောင်းတာမဟုတ်ဘဲ လူတစ်ယောက်ချင်းစီက မိမိဘာသာမိမိ စောင့်ထိန်းရမယ့် အရာ ဖြစ်နေတာပါပဲ။

ဒီတော့ လူတိုင်း သိထားသင့်တဲ့ ကျင့်ဝတ်ဆိုတာ ဘာလဲ ကြည့်ကြရအောင်ပါ။

Ethics – A set of principles of right conduct

Professional Ethics – The rules or standards governing the conduct of a person or the members of a profession

အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုကို လုပ်ကိုင်နေကြသူများ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းများ၊ စံနှုန်းများကို ကျင့်ဝတ်လို့ ခေါ်ပါတယ်။

ကျင့်ဝတ်မှာ ဒေါက်တိုင်ကြီး ၄ ခုရှိပါတယ်..

(၁) Empathy – ကိုယ်ချင်းစာတရား
- - - - - - - - - - - - - - - - - -
ဒါကို The heart of ethics (ကျင့်ဝတ်ရဲ့ နှလုံးသား) လို့တောင် တင်စားကြပါတယ်။ ကျင့်ဝတ် စောင့်ထိန်းလိုသူတိုင်း မရှိမဖြစ် ရှိရမယ့် အရည်အချင်း တစ်ရပ်ပဲ ဖြစ်ပါတယ်။ ကိုယ်ချင်းစာတရားဟာ ကျွန်တော်တို့နဲ့ သိပ်စိမ်းတဲ့ စကားတော့ မဟုတ်ပါဘူး၊ စကားလုံးကသာ မစိမ်းပေမယ့် တကယ့်လက်တွေ့ လုပ်ဆောင်မှုမှာတော့ အတော်လေးကို အားနည်းနေတဲ့ အကျင့်စရိုက်တစ်ခုပဲ ဖြစ်ပါတယ်။

ကိုယ်ချင်းစာတယ်ဆိုတာဟာ သူ့စကားလုံးထဲမှာ ပါတဲ့အတိုင်း သူတစ်ပါးရဲ့ နေရာကို အစားဝင်ကြည့်ပြီး သူရဲ့ ခံစားမှုတွေကို နားလည်ပေးတာ၊ မျှဝေပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါကိုပဲ ကျွန်တော်တို့က မလုပ်နိုင် ဖြစ်နေကြတာပါ။

အရေးကြီးမှန်းလည်း သိတယ်၊ ဘယ်လိုအဓိပ္ပါယ် ဆိုတာလည်း သိတယ်၊ ဒါနဲ့တောင် ဘာလို့များ လက်တွေ့ မလုပ်ဖြစ်ကြတာလဲ ဆိုရင် အကြောင်းရင်းကတော့ ကိုယ်ချင်းစာတတ်ဖို့ မရှိမဖြစ် လိုအပ်တဲ့ မေတ္တာတရားတွေ   ခေါင်းပါးနေကြလို့ပါပဲ။

ဒီနေရာမှာ မေတ္တာတရားနဲ့ ပတ်သက်တဲ့ အဆိုအမိန့်တစ်ခုကို ပြောပြလိုပါတယ်..

“ခေါင်းလောင်းလေးတစ်လုံးဟာ သူ့ကို မတီးမချင်း ခေါင်းလောင်းလို့ ခေါ်လို့မရပါဘူး

သီချင်းတစ်ပုဒ်ဟာလည်း သူ့ကို မဆိုမချင်း သီချင်း မဖြစ်ပါဘူး

ဒီလိုပါပဲ၊ မေတ္တာတရားဟာလည်း ပေးဝေခြင်းမရှိဘဲ မေတ္တာလို့ မခေါ်ဆိုနိုင်ပါဘူး”

ဟုတ်ပါတယ်၊ မေတ္တာကို ရယူဖို့ ငွေနဲ့ဝယ်လို့ မရပါဘူး၊ လာဘ်ထိုးလို့လည်း မရသလို၊ အတင်းလုယူလို့လည်း မရပါဘူး။ မေတ္တာကို လိုချင်ရင် မေတ္တာကို ပေးမှ ရပါမယ်၊ အဲလိုပေးမှလည်း သူ့ဆီကနေ ပြန်ရဖို့ မျှော်လင့်နိုင်ပါမယ်။

ဘယ်သူမှ မကိုင်ချင်တဲ့ အသုဘရုပ်အလောင်းတွေကို အခမဲ့ ကူညီသယ်ပို့ပေးနေတဲ့ နာရေးကူညီမှုအသင်းတွေ၊ လူတွေရဲ့ ပစ်ပယ်မှုကို ခံထားရတဲ့ ရောဂါသည်တွေကို စောင့်ရှောက်ပေးနေတဲ့ သူတွေဟာ ဒီမေတ္တာတရားကြောင့်သာ ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ဒီလို ပရဟိတအလုပ်တွေကို ဆောင်ရွက်နေနိုင်ကြတာပဲ ဖြစ်ပါတယ်။

(၂) Wisdom – ဉာဏ်ပညာ
- - - - - - - - - - - - - - - - - -
လူဟာ စိတ်ကောင်းရှိနေရုံနဲ့ အရာရာ မပြည့်စုံပါဘူး၊ အရည်အချင်းပါ ပြည့်ဝနေဖို့ လိုပါတယ်။ အဲလို မဟုတ်ရင် နဖူးပေါ် နားနေတဲ့မှက်ကို ဖယ်ပေးချင်တဲ့ စေတနာလေးတော့ ရှိပါရဲ့၊ ပညာမရှိတော့ ပေါက်ဆိန်နဲ့ ခုတ်သတ်လိုက်တဲ့ အဖြစ်လိုမျိုး ဖြစ်လာနိုင်လို့ပါပဲ။ လူတစ်ယောက် ရုတ်တရက်အသက်ရှု ရပ်သွားတဲ့အခါ ဘယ်လောက်ပဲ ကူညီချင်၊ ကူညီချင်၊ ဆရာဝန်မဟုတ်ရင်၊ ဆိုင်ရာပညာရပ်ကို တတ်မထားရင် ဘာမှ မကူညီနိုင်ပါဘူး။ ပညာခေတ်ဖြစ်လို့ ပညာကတော့ နေရာတကာ မပါမနေရ ပါဝင်နေမှာ ဖြစ်ပါတယ်။

ပညာလို့ ပြောလိုက်တာနဲ့ အသိရော၊ အတတ်ရော၊ ဆင်ခြင်တုံတရားရော၊ အတွေ့အကြုံရော အားလုံး အကြုံးဝင်သွားပါတယ်။ တစ်ခုချင်းစီ ပြောပြပါရစေ..

(၂.၁) Knowledge = Education + Experience

အသိပညာဆိုတာဟာ စာတွေ့တစ်ခုတည်း သိလို့မရပါဘူး၊ လက်တွေ့ အတွေ့အကြုံတွေနဲ့ ချိန်ဆနိုင်ဖို့လည်း လိုအပ်ပါတယ်။ စာတွေ့ပဲ သိတဲ့အခါ လုပ်ငန်းခွင်မှာ မလုပ်တတ်၊ မကိုင်တတ်နဲ့ အမှားမှား အယွင်းယွင်းတွေ ဖြစ်တတ်ပြီး၊ သီအိုရီ မပိုင်ဘဲ အလုပ်လုပ်တဲ့အခါကျတော့လည်း စမ်းတ၀ါးဝါးနဲ့ လွဲချော်မှုတွေ ဖြစ်တတ်ပါတယ်။

(၂.၂) Skill

စီမံခန့်ခွဲမှုသဘောအရ ပြောရရင် Knowledge ဆိုတာ what to do ဘာလုပ်ရမယ်ဆိုတာကို သိခြင်းဖြစ်ပြီး Skill ဆိုတာကတော့ how to do ဘယ်လိုလုပ်ရမယ် ဆိုတာကို သိခြင်းဖြစ်ပါတယ်။ ဆရာဝန်လို၊ အင်ဂျင်နီယာလို အတတ်ပညာရှင်အလုပ်မျိုးကျတော့ ဘာလုပ်ရမလဲ သိရုံတင်မကဘဲ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ ကျွမ်းကျင်မှုရှိဖို့လည်း လိုအပ်ပါတယ်။

(၂.၃) Logical Thinking

ဒါဖြင့် ပညာမတတ်ရင် ကျင့်ဝတ်နဲ့ မညီတော့ဘူးလား လို့ထင်စရာရှိပါတယ်။ တချို့က အတန်းပညာတော့ မရှိပါဘူး၊ ဒါပေမဲ့ ဘ၀ပညာတော့ ပြည့်စုံကြပါတယ်။ သူတို့ကျင်လည်ရာ ဘ၀အတွေ့အကြုံတွေနဲ့ သူတို့ဖတ်ထား၊ မှတ်ထားတာတွေနဲ့ကို ပေါင်းစပ်ပြီး ဆင်ခြင်တွေးတောတတ်ကြပါတယ်။ တစ်ခါတစ်ရံ ပညာတတ်ဆိုတဲ့သူတွေတောင် ဒီလို ကြောင်းကျိုးဆင်ခြင်မှုမှာ အားနည်းသွားတတ်ပါတယ်။ ငယ်ငယ်က သင်ခဲ့ရတဲ့ Too Much Knowledge Maketh Fool ဆိုတဲ့ ပုံပြင်ထဲကလိုပေါ့။ ပညာတတ်တစ်ယောက်ဖြစ်ဖို့ သင်ယူထားတာတွေအပြင် ကိုယ်တိုင်လည်း တွေးခေါ်စဉ်းစားတတ်ဖို့ လိုပါတယ်။

(၃) Trustworthiness – ယုံကြည်မှုနဲ့ ထိုက်တန်ခြင်း
- - - - - - - - - - - - - - - - - -
လောကမှာ ယုံကြည်မှုမရှိဘဲ ဘယ်အရာကိုမှ ဆောင်ရွက်လို့ မရပါဘူး။ ဒါဆို ပညာတတ်နေရုံနဲ့ ကျွန်တော်တို့ ဒီလူတစ်ယောက်ကို ယုံပြီလားလို့ ပြန်မေးကြည့်ပါ။ မယုံသေးပါဘူး။ ပညာတတ်ရုံနဲ့တော့ သူတစ်ပါးရဲ့ ယုံကြည်မှုကို မရနိုင်သေးတာ အသေအချာပါပဲ။ ဒါဆို ဘာတွေ လိုမလဲ

(၃.၁) Honesty – ရိုးသားမှုဟာ ကျင့်ဝတ်ရဲ့ အခြေခံအကျဆုံး အချက်တစ်ချက်ပဲ (most fundamental ethic value) ဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ရိုးသားတဲ့သူကိုသာ ပိုက်ဆံ အပ်ထားရဲမှာ သဘာဝပါပဲ။

(၃.၂) Reliability – အပြောနဲ့အလုပ် ညီတဲ့သူ၊ ကိုယ်ပြောထားတဲ့အတိုင်း ကတိတည်တဲ့သူမျိုးကို ဆိုလိုပါတယ်။ မြန်မာစကား ဆိုခဲစေ မြဲစေ ဆိုသလိုပဲ၊ ကိုယ့်နှုတ်က ထွက်တဲ့စကားတစ်ခွန်းကို စာချုပ်စာတမ်းထက် ပိုတန်ဖိုးထားသူဟာ ယုံကြည်လောက်သူပါပဲ။

(၃.၃) Loyalty – ဒါကတော့ မိမိရဲ့ အိမ်ထောင်ဖက်အပေါ်၊ လုပ်ဖော်ကိုင်ဖက်အပေါ်၊ မိတ်ဆွေအပေါ် စသဖြင့် ကိုယ်နဲ့ ပတ်သက်ဆက်ဆံရတဲ့ သူများအပေါ် သစ္စာရှိမှသာ ယုံကြည်မှုနဲ့ ထိုက်တန်ပါတယ်။ ခြံစည်းရိုးပေါ် ခွထိုင်ပြီး သာတဲ့ဘက် ကူးလိုက်မယ်ဆိုတဲ့သူ၊ အခြေအနေပေါ် တွက်ချက်ပြီး ကိုယ့်အတွက်ကျန်မှ ရွေးပေါင်းတတ်တဲ့သူမျိုးတွေဟာ ယုံကြည်ထိုက်သူတွေ မဟုတ်ပါဘူး။

(၃.၄) Transparency – ပွင့်လင်းမြင်သာမှု ဆိုတာ တကယ်တော့ ပျိုးထောင်ရမယ့် အကျင့်စရိုက်တစ်ခု ဆိုတာထက်၊ ရိုးသားမှု၊ မှန်ကန်မှုကနေ ထွက်ပေါ်လာမယ့် ရလဒ်တစ်ခုဆိုရင် ပိုမှန်ပါတယ်။ ရိုးသားမှုနဲ့ ပွင့်လင်းမြင်သာမှုဟာ အပြန်အလှန်သဘော သက်ရောက်ပါတယ်။ ရိုးသားတဲ့သူက ပွင့်လင်းမြင်သာမှု ရှိသလို၊ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုလည်း ဘယ်လိုအကြောင်းပဲပြပြ မရိုးသားမှုတစ်ခုခု ရှိနေပြီဆိုတာ ကောက်ချက်ချလို့ ရပါတယ်။ လူဟာ ကိုယ့်အလုပ်ကို ကိုယ်မှန်မှန်ကန်ကနု ရိုးရိုးသားသား လုပ်ထားရင် လူအများရှေ့မှာလည်း ချပြရဲပါတယ်၊ ဘယ်သူလာစစ်ဆေး စစ်ဆေး၊ မကြောက်ပါဘူး၊ မတုန်လှုပ်ပါဘူး။

(၄) Responsibility & Accountability – တာဝန်ယူမှု၊ တာဝန်ခံမှု
- - - - - - - - - - - - - - - - - - -
တာဝန်ဆိုတဲ့နေရာမှာ ပထမဆုံး အဲဒီတာဝန်ကို ယူနိုင်စွမ်းရှိဖို့ လိုပါတယ်။ ဒါက ပညာရပ်ပိုင်းပေါ့၊ ဒုတိယအဆင့်ကျမှ တာဝန်ယူချင်စိတ် ရှိဖို့ လိုပါတယ်။ နောက်ဆုံး ကိုယ့်ကြောင့် အမှားအယွင်း ဖြစ်သွားတဲ့အခါမှာတော့ အဲဒီအတွက် တာဝန်ခံရပါတယ်။ ဥပမာ ပစ္စည်းတစ်ခု ပျက်သွားတယ် ဆိုပါစို့၊ ဘယ်သူတာဝန်ယူပြီး ပြင်ပေးမလဲဆိုရင် ပြင်တတ်တဲ့သူ ဖြစ်ရမယ်၊ နောက်ပြီး ပြင်ပေးချင်တဲ့ စိတ်လည်း ရှိရမယ်၊ အကယ်၍များ အချိန်မီ မပြင်နိုင်ခဲ့ရင် ဖြစ်လာမယ့် ပြဿနာတွေကို တာဝန်ခံနိုင်ဖို့လည်း လိုပါသေးတယ်။ ဒီအပိုင်းမှာတော့ ကျွန်တော်တို့ အတော်များများ တန့် တန့်သွားကြတတ်ကြပါတယ်။ ဘာလို့ဆို အမှားကို တာဝန်မယူရဲကြလို့ ဖြစ်ပါတယ်။

ဟိုတလောက ဓါတ်ကြိုးတွေပျက်ကျပြီး ပြည်သူတွေသေတယ်။ ဒါပေမဲ့ ဘယ်တာဝန်ရှိဝန်ထမ်းကမှ နှုတ်ထွက်တာ တောင်းပန်တာ မကြားရဘူး။ နာရေးစရိတ်လေး ထောက်ပံ့ရုံ တာဝန်ခံကြတယ်။ ဒီလိုတာဝန်ခံမှုမရှိတဲ့အခါကျတော့ ဒီဓါတ်ကြိုးတွေ ဘေးကင်းရေးဆိုတဲ့ တာဝန်ကို ဘယ်တော့မှလည်း ယူကြမှာ မဟုတ်ဘူး။

တကယ်တော့ တာဝန်ယူမှုနဲ့ တာဝန်ခံမှုဆိုတာ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ ပန်းလိုပဲ၊ ခွဲခြားလို့မရဘူး။ နိုင်ငံတကာမှာဆိုရင်တော့ အစိုးရအကြီးအကဲတွေက အကြောင်းတစ်ခုခုကြောင့်များ မှားသွားခဲ့ရင် တာဝန်ခံတဲ့အနေနဲ့ ရာထူးကနှုတ်ထွက်သွားလေ့ ရှိကြပါတယ်။ နှုတ်ထွက်တာကို ၀မ်းသာတာမဟုတ်ဘူး၊ 'တာဝန်ခံတတ်တဲ့စိတ်'၊ အဲဒီလို တာဝန်ခံတတ်တဲ့ သူတွေမှာသာ ရှိနေတတ်တဲ့ 'တာဝန်ယူတတ်တဲ့စိတ်'ကို ချီးကျူးတာပါ။ မြန်မာပြည်မှာတော့ ဒါမျိုးက မရှိသလောက်ပါပဲ။ ဘယ်လောက်ပဲ နှုတ်ထွက်စကားတွေ အပြုအမူတွေက ရထားတဲ့ ရာထူးနဲ့မှ မလိုက်၊ ရှက်စရာကောင်းနေပါစေ၊ ဘယ်လောက်ပဲ ပြည်သူတွေက ဝေဖန်နေပါစေ၊ ဘာတာဝန်ခံမှုမှ မရှိတဲ့အခါကျတော့ သူတို့အပြုအမူ၊ သူတို့စိတ်အခံတွေကလည်း တာဝန်ယူတတ်တဲ့ သူတစ်ယောက်ရဲ့ ပုံစံမျိုး ဘယ်တော့မှ ပြောင်းလဲလာမှာ မဟုတ်ပါဘူး။ ဆက်ပြောမြဲ ဆက်လုပ်ကြမြဲပါပဲ။     ။

ကျွန်တော့်ရဲ့ လက်ထဲမှာ သေနတ်ရှိတယ်၊ စာဖတ်သူရဲ့ လက်ထဲမှာ လောက်လေးခွလေးတစ်လက်ပဲ ရှိတယ်ဆိုရင် ကျွန်တော်တို့ကြားထဲမှာ မညီမျှမှု ရှိနေပြီပေါ့။ ဒါဆို သေချာပြီ၊ ကျွန်တော်တို့ကြားမှာ ငြိမ်းချမ်းမှုဆိုတာ ရှိမှာမဟုတ်ဘူး။ မညီမျှမှုရဲ့ နောက်ဆက်တွဲအနေနဲ့ အကြမ်းဖက်မှုဆိုတာလည်း ရှိလာတော့မှာပဲ။ ဒီလို မညီမျှမှုတိုင်းကိုလည်း လိုက်ညှိနေဖို့က မဖြစ်နိုင်ဘူး။ ဒီတော့ လုပ်လို့ရတာက ပါဝါရှိတဲ့သူတွေ သူတို့ပါဝါကို အလွဲသုံးစား လုပ်လို့မရအောင် ထိန်းကျောင်းပေးခြင်းပဲ။ ဒီကျင့်ဝတ်ဆိုတဲ့ အရာကတော့ အဲဒီပါဝါအလွဲသုံးစား လုပ်မှုတွေကို ထိန်းချုပ်ပေးမယ့် အရာတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။


၂၉.၈.၂၀၁၄
- - - - - - - - -

No comments: