Saturday, February 16, 2019

ဦးဆောင်တိုင်းကော ခေါင်းဆောင်ဖြစ်ရဲ့လား?



သင့်အနေနဲ့ လူ (၅) ယောက်ကို ခေါင်းဆောင်မှူဆိုတာ ဘာလဲလို့မေးကြည့်လိုက်ရင် အဖြေက (၆) မျိုး ဖြစ်နေနိုင်ပါတယ်။
လူတိုင်းလူတိုင်း တစ်ယောက်ချင်းစီမှာ ဒီခေါင်းဆောင်မှုကို မြင်ကြတဲ့ အမြင်တွေ၊ ခံယူထားတဲ့ ခံယူချက်တွေက မတူကြပါဘူး။

တစ်ချို့လူတွေက ကိုယ့်ခေါင်းဆောင်တွေဆီက ဘာတွေမျှော်လင့်ထားကြတယ်ဆိုတဲ့ အချက်အပေါ်မှာ အခြေခံပြီး ဖြေလေ့ရှိကြပါတယ်။ တစ်ချို့ကြပြန်တော့လည်း ဘာကြောင့်သူတို့ ခေါင်းဆောင်ဖြစ်ချင်ကြလဲဆိုတဲ့ အမြင်အပေါ်မှာ အခြေခံ ပြီး ဖြေကြပြန်ပါတယ်။ ဘာတွေဘယ်လိုပဲဖြစ်နေဖြစ်နေ လူတစ်ယောက်နဲ့ တစ်ယောက် ဒီခေါင်းဆောင်မှုဆိုတာကို အဓိပ္ပါယ်ဖွင့်ကြပုံချင်း၊ ရှုမြင်ကြပုံချင်း တူနိုင်ကြမှာ မဟုတ်ပါဘူး။

ကဲ ဒီတော့ ကိုယ်ခေါင်းဆောင်နေရတဲ့လူတွေ ကိုယ်လက်အောက်ငယ်သားတွေကကော ကိုယ့်ဆီက ဘယ်လိုအရာတွေ မျှော်လင့်ကြလဲ ဘာတွေလိုချင်ကြလဲ? ဒါက သိပ်ကိုအရေးကြီးတဲ့ မေးခွန်းတစ်ခုပါပဲ။

ခေါင်းဆောင်ရခြင်းအတွက် ခေါင်းဆောင်ဖြစ်ရခြင်းအတွက် အမှန်တရားတစ်ခုကတော့ ကိုယ်တစ်ယောက်ထဲနဲ့ ကိုယ်ဖြစ်ချင်တာအားလုံးကို ပြီးမြောက်အောင်မြင်အောင် မလုပ်နိုင်ပါဘူး။ ဒါဟာ ဘာကိုညွှန်ပြနေသလဲဆိုရင် ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်အဖွဲ့အစည်းအတွက်ကော ကိုယ့်ရဲ့အောင်မြင်မှုအတွက်ကော အောင်မြင်မှုကို ဖန်တီးနိုင်ဖို့ဆိုရင် ကိုယ့်အဖွဲ့သားတွေရဲ့ အားတွေပါမှသာ အောင်မြင်နိုင်မယ်ဆိုတာကို ညွှန်ပြနေတာပါပဲ။

အဲဒီတော့ စာရင်းချုပ်လိုက်ရင် ခေါင်းဆောင်မှုဆိုတာ ကိုယ်ဦးဆောင်မယ့် ခေါင်းဆောင်မယ့် အဖွဲ့အစည်း၊ ဒီအဖွဲ့အစည်းထဲကလူတွေ ပါဝင်ပတ်သက်နေကြသူတွေ အားလုံးရဲ့ အကြောင်းတွေနဲ့ ပတ်သက်နေတာပါပဲ။

ကျွန်တော်တို့ လက်တွေဘ၀ အတွေ့အကြုံအရ ကိုယ့်ရဲ့ အဖွဲ့ဝင်တွေအနေနဲ့ ခေါင်းဆောင်တွေဆီက မျှော်လင့်လေ့ရှိကြတဲ့ လိုချင်တဲ့ အဓိကအချက် (၆) ချက်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) ပြတ်သား ထင်ရှားတိကျတဲ့ လမ်းညွှန်မှု။

ကျွန်တော်အနေနဲ့ ပြောချင်တာကတော့ အသင်းအဖွဲ့တွေ ကျဆုံးရခြင်းရဲ့ အကြောင်းပြချက်တစ်ခုက ခေါင်းဆောင်တွေဟာ ကိုယ့်လက်အောက်ငယ်သားတွေကို လမ်းညွှန်ချက်တွေ ပြတ်ပြတ်သားသား ထိထိရောက်ရောက် ရှင်းရှင်းလင်းလင်း မပေးနိုင်ကြလို့ပါပဲ။

ကိုယ့်ရဲ့ ရှင်းလင်းထင်ရှားပြတ်သားတဲ့ လမ်းညွှန်ချက်မရှိပါပဲနဲ့ ကိုယ့်ရဲ့အဖွဲ့သားတွေကကော သူတို့ဘာလုပ်ရမယ်ဆိုတာကို ဘယ်လိုသိနိုင်လိမ့်မလဲ။ သိနိုင်တယ်ဆိုစေအုံးတော့ အမှန်မဖြစ်နိုင်ပာဘူး။ ဒီလိုလမ်းညွှန်ချက်တွေပေးတာဟာ ခေါင်းဆောင်တွေလုပ်ရမယ့် အလုပ်တွေထဲက ပထမဆုံးနဲ့ အရေးအကြီးဆုံး အလုပ်တစ်ခုပါပဲ။ ကိုယ့်လူတွေကို မိမိတို့ ဘယ်ရောက်ချင်လဲ ဘာလုပ်ချင်လဲ ဘာဖြစ်ချင်လဲဆိုတာကို သေသေချာချာမြင်လာအောင် ပြောပြပေးပါ။ ပြီးတော့ ဒီအောင်မြင်မှုတွေကနေ မိမိတို့အတွက် ဘာတွေယူဆောင်လာမယ် ဒီလိုအောင်မြင်နိုင်ဖို့အတွက် သူတို့ဆီက ကိုယ့်အနေနဲ့ ဘယ်လိုအားထုတ်မှုမျိုးတွေကို မျှော်လင့်ထားသလဲဆိုတာကိုပါ သူတို့အနေနဲ့ ရှင်းရှင်းလင်းလင်း သိနေအောင် ကြိုးစားရပါမယ်။

ဒါပေမယ့် ဒီနေရာမှာ ကိုယ့်လူတွေ ကိုယ်သွားချင်တဲ့နေရာ ကိုယ်ရောက်ချင်တဲ့နေရာ ဒါတွေကို ကောင်းကောင်း နားလည် မလည်ကို သိနိုင်မယ့် အကောင်းဆုံးသောနည်းလမ်းကတော့ မိမိအနေနဲ့ သူတို့ကို နားလည်မလည် သေသေချာချာ မေးမြန်းခြင်းပါပဲ။ သူတို့တော့ ကောင်းကောင်းနားလည်သွားကြပြီဆိုတဲ့ မိမိရဲ့ထင်မြင်ချက်တစ်ခုထဲနဲ့ ဒါဟာ သူတို့ နားလည်သွားကြပြီလို့ ယူဆလို့မရပါဘူး။

အမှန်တော့ ရှင်းလင်းပြတ်သား တိကျတဲ့ လမ်းညွှန်ချက်မရှိတာဟာ ကျဆုံးဖို့အတွက် အားမခံပေးလိုက်တာနဲ့ အတူတူပါပဲ။ ဒီတော့ ကိုယ့်လူတွေကို ရိုးရိုးရှင်းရှင်းလေးနဲ့ နားလည်အောင်ရှင်းပြပါ။ ပြီးတော့ သူတို့ဒါကို နားလည်မလည် မေးခွန်းတွေမေးပါ။ ဆန်းစစ်ပါ။ သူတို့ကောင်းကောင်းနားမလည်မချင်း ဒီအဆင့်က မတက်ပါနဲ့အုံး။

(၂) လုံခြုံမှုရှိတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်။

စိုးရိမ်စရာတွေ ၊ စိတ်ဖိစီးမှုတွေ ၊ ကြောက်ရွံ့စရာတွေနဲ့ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်မှာ ကိုယ်လုပ်စရာရှိတာတွေကို အကောင်းဆုံးလုပ်နိုဖို့ဆိုတာကတော့ တော်တော်လေးကို ခက်ခဲပါလိမ့်မယ်။ ဒီလိုလုံခြုံမှုမရှိတဲ့ ပတ်ဝန်းကျင်မျိုးဟာ ကျဆုံးမှာကို ကြောက်တဲ့စိတ်၊ ကိုယ်ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်လေး ပြုတ်သွားမှာကို ကြောက်တဲ့စိတ် စသည်ဖြင့် အမျိုးမျိုး ဖြစ်နေနိုင်ပါတယ်။ တခါတလေကျတော့ ဒီပတ်ဝန်ကျင်မျိုးဟာ ရိုးရိုးလေးနဲ့ မရှိသယာင် ရှိနေနိုင်ပါတယ်။ ဥပမာအားဖြင့် မိမိအနေနဲ့ လူတစ်ယောက်ကို လူအများရှေ့မှာ အော်ဟစ် ဆူပူတာမျိုးတွေဖြစ်ပါတယ်။

လုပ်ငန်းခွင်ထဲမှာ ပျော်ရွှင်တဲ့လူတွေဟာ အလုပ်ကောင်းကောင်းပြီးတဲ့လူတွေ အလုပ်ဖြစ်စေတဲ့ လူတွေပါပဲ။ လူတစ်ယောက်ဟာ လုပ်ငန်းခွင်ထဲမှာ အမြဲပျော်ရွှင်နေမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်အနေနဲ့ သူတို့ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူတို့ကို ပျော်ရွှင်အောင်ထားဖို့၊ သူတို့ကို ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်တစ်ခုကို ဖန်တီးခြင်းဟာလဲ ဒီ ကိုယ့်လူတွေကို ပျော်အောင်လုပ်ရတဲ့ အလုပ်ရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ ကိုယ့်လူတွေကို ဒီပတ်ဝန်းကျင်က မျှမျှတတနဲ့ အပြန်အလှန် လေးစားတန်ဖိုးထားမှုတွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် တုန့်ပြန်ကြမယ်၊ တစ်ခုခုဆို ပွင့်ပွင့်လင်းလင်း ဖွင့်ဟတိုင်ပင်လို့ရမယ်ဆိုတာကို ကိုယ့်လူတွေသိနေအောင် ကြိုးစားထားသင့်ပါတယ်။

လုပ်ငန်းခွင်ထဲမှာ တစ်ခုခုမှားမှားယွင်းယွင်း ဖြစ်လာတဲ့အခါ အဖြေကိုသာရှာပါ။ တစ်ယောက်နဲ့ တစ်ယောက် တလှည့်ဆီ အပြစ်လှည့်တင်နေတာမျိုး မဖြစ်ပါစေနဲ့။ ဒီလိုအပြစ်တင်နေကြခြင်းဟာ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ဖြစ်လာစေခြင်းထက် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ယုံကြည်မှုကို ပျက်စီးစေပါလိမ့်မယ်။ အားလုံးအတွက်လည်း မကောင်းပါဘူး။

(၃) ကိုယ့်လူေ​တွအောင်မြင်ဖို့အတွက် အစီအစဉ် ချပါ။

လူတွေက အလုပ်ပင်ပင်ပန်းပန်းလုပ်ရမှာကို ကြောက်ကြတာ မဟုတ်ပါဘူး။ သူတို့ကျရှုံးမှာကို ကြောက်ကြတာပါ။ ကိုယ့်အနေနဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ သူတို့ ဘယ်လိုအောင်မြင်နိုင်မလဲဆိုတာကို လမ်းပြနိုင်မယ် လမ်းညွှန်နိုင်မယ်၊ သူတို့ရဲ့အောင်မြင်မှုအတွက် ကိုယ့်အနေနဲ့ အစီအစဉ် ချပေးနိုင်မယ်ဆိုရင် သူတို့အနေနဲကလည်း ကိုယ့်အတွက် တော်တော်လေး အလုပ်ကြိုးစားကြပါလိမ့်မယ်။ ဒီနေရာမှာ တစ်ကိုယ်ကောင်းမဆန်ဖို့နဲ့ တစ်ယောက်ရဲ့အောင်မြင်မှုဟာ တစ်ခြားတစ်ယောက်ရဲ့ အောင်မြင်မှုကို အထောက်အပံ့ဖြစ်စေတယ်ဆိုတာကို မမေ့စေချင်ပါဘူး။

လူတိုင်းဟာ ကျရှုံးဖို့အတွက်ရည်ရွယ်ပြီး အလုပ်ကို ဘယ်တော့မှ လာလေ့မရှိကြပါဘူး။ လူတိုင်း လူတိုင်းဟာ နေ့ရက်တိုင်း လတိုင်း နှစ်တိုင်းမှာ နည်းအမျိုးမျိုးနဲ့ အောင်မြင်ချင်ကြတယ်။ အောင်မြင်တဲ့ အသင်းအဖွဲ့တစ်ခုရဲ့ အစိတ်အပိုင်းလေးတစ်ခုအနေနဲ့ ရှိချင်တတ်ကြပါတယ်။ ဒီစိတ်ဓာတ်ဟာ လူတိုင်းစိတ်ထဲမှာ စွဲမြဲနေတဲ့ စိတ်ခံစားမှုတစ်ခု၊ ကျွန်တော်တို့ရဲ့ အခြေခံကျလှတဲ့ လိုအပ်ချက်တစ်ခုသာ ဖြစ်ပါတယ်။

ခေါင်းဆောင်တိုင်း ခေါင်းဆောင်တိုင်း မိမိရဲ့လက်အောက်ငယ်သားတွေကို ၄င်းတို့ရဲ့အောင်မြင်မှုတွေအတွက် မိမိအသိစိတ်နဲ့တာဝန်ယူစေချင်ကြတယ်၊ ပြီးတော့ ဒီလိုလုပ်ပေးနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ သူတို့ရဲ့အောင်မြင်မှုအတွက် ကိုယ့်အနေနဲ့ အစီအစဉ်ကို စနစ်တကျ ချပေးဖို့ပါပဲ။ ကိုယ့်လူတွေ ဘာကြောင့်သူတို့ အောင်မြင်ဖို့လိုအပ်လဲဆိုတာ မသိရင် ဘာကြောင့်သူတို့အနေနဲ့ ဒီအောင်မြင်ရမယ်ဆိုတဲ့ တာဝန်တွေကို ယူနေကြတော့မလဲ။ ဒါဟာ လုံးဝရိုးရှင်းတဲ့ သဘောတရားတစ်ခုပါ။ ဒါကိုသိအောင်လုပ်ပြီး လက်တွေ့ကျင့်သုံးရပါမယ်။

ကိုယ့်အနေနဲ့ ကိုယ့်ရဲ့လူတစ်ယောက်ကို တာဝန်တစ်ခုပေးအပ်တဲ့အခါ ဒီတာဝန်ကိုပြီးမြောက်ဖို့အတွက် လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေကော လုံလုံလောက်လောက်ရှိရဲ့လားဆိုတာကို မေးရပါမယ်။ သိအောင်လုပ်ရပါမယ်။ သူတို့အနေနဲ့ ဒီတာဝန်တွေကို ထမ်းဆောင်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ လုံလောက်ပီဆိုမှ သူတို့အနေနဲကလည်း ဒီတာဝန်တွေကို လက်ခံရယူကြပါလိမ့်မယ်။ သူတို့အနေနဲက ဒီတာဝန်တွေက် ငြင်းဆန်ခဲ့မယ်ဆိုရင်တော့ ကိုယ့်အနေနဲ့ သူတို့လိုအပ်နေတာလေးတွေကို ထပ်ဖြည့်ပေးဖို့ လိုအပ်ပါသေးတယ်။ စစ်ထွက်ပြီး တပ်သားတွေမှာ လက်နက်မပါတာကတော့ တပ်မှူးညံ့လိုသာဖြစ်ပါတယ်။

(၄) အောင်မြင်ဖို့အတွက် နေရာပေးပါ။ 

ဝန်ထမ်းတွေ ကိုယ့်လက်အောက်ငယ်သားတွေ မုန်းကြတဲ့အရာထဲမှာ နေရာတကာလိုက်ပါတတ်တာ ကိုယ့်အနေနဲ့ ပါလေရာ ငပိချက်ဖြစ်နေတာကတော့ ထိပ်ဆုံးကပါပဲ။ ဒါဟာအမှန်တရားပါ။ ဒါပေမယ့် လူတွေကဒါကို လက်မခံချင်ကြပါဘူး။ ပြီးတော့ ဒါဟာ ကိုယ့်လူတွေအတွက် သိပ်တော့ မကောင်းလှပါဘူး။ ဒီပုံစံဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ကိုလည်း အကျဉ်းတန် ရုပ်ဆိုးစေပါတယ်။ ဘယ်သူမှ ဒီလိုခေါင်းဆောင်တွေအတွက် အလုပ်လုပ်မပေးချင်ကြပါဘူး။ ဒီလိုအခြေအနေသာ ဖြစ်လာမယ်ဆိုရင်တော့ တစ်ယောက်ထဲရုံးဖို့ပဲ့ ရှိပါတော့တယ်။

ကိုယ့်လူတွေကို ဘယ်လိုရလာဒ်မျိုး ကိုယ်မျှော်လင့်ထားသလဲဆိုတာကို သိအောင်ပြောပါ။ ပြီးတော့ သူတို့လိုချင်တဲ့အရာကို သူတို့ကိုယ်တိုင် ကြိုးစားကြပါစေ။ ဒါပေမယ့် ဒါဟာ ကိုယ့်လူတွေကို လုံးဝဥသုံ ပစ်ထားလိုက်လို့ရပြီလို့ ဆိုလိုတာမဟုတ်ပါဘူး။ သူတို့ကိုယ့်ကိုလိုအပ်လာတဲ့အချိန်မှာတော့ လိုအပ်သလို စစ်ဆေး သတိပြု ကူညီပေးဖို့တော့ လိုအပ်ပါတယ်။ ဒါပြီးရင်တော့ သူတို့ကိုယ်တိုင် အကောင်အထည်ဖေါ်ခွင့်ပြုလိုက်လို့ ရပါပြီ။

(၅) လိုအပ်တဲ့အချိန်မှာ အဆင်သင့်ရှိနေပါစေ။

ကိုယ်အဖွဲ့လေး အလုပ်ကောင်းကောင်းလုပ်နေနိုင်ပြီဆိုရင်တော့ ကိုယ့်အနေနဲ့ ခေါင်းဆောင်းကောင်း တစ်ယောက်အနေနဲ့ လုပ်ပေးစရာ နှစ်ခုပဲ ကျန်ပါတော့တယ်။ ဒါတွေက ဘာတွေလဲဆိုတော့ သူတို့ကို အားပေးအားမြှောက်ပြုပေးဖို့နဲ့ လိုအပ်လာတဲ့အခါ အကူအညီပေးဖို့ပဲ ဖြစ်ပါတယ် သူတို့ရဲ့အောင်မြင်မှုကိုသွားတဲ့လမ်းဟာ အမြဲတမ်းတော့ ဖြောင့်ဖြူးနေမှာ မဟုတ်ပါဘူး။ ဒီလိုလမ်းခရီးမှာ ကိုယ့်ရဲ့ အကူအညီ အထောက်အပံ့လေးတွေဟာ ကိုယ့်လူတွေအတွက် မီးပြတန်ဆောင် ဖြစ်နိုင်ပါတယ်။

လက်တွေ့ဘ၀မှာ လူတစ်ယောက်ကိုအကူအညီတောင်းရတာကတော့ ပျော်စရာသိပ်မကောင်းလှပါဘူး။ ဒါပေမယ့် လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင် ပန်ဝန်းကျင်တစ်ခုကို ဖန်တီးတဲ့အခါမှာတော့ အသင်းအဖွဲ့တစ်ခုမှာ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းနဲ့ အကူအညီတောင်းခံနိုင်တာဟာလည်း ဒီလိုပတ်ဝန်းကျင်မျိုးဖန်တီးခြင်းကို အထောက်အကူဖြစ်စေပါတယ်။

ကိုယ့်လူတွေကို မိမိရဲ့ အကူအညီကို လိုအပ်လာတဲ့အခါ လိုအပ်တဲ့အချိန်မှာပဲ ချက်ချင်း အကူအညီတောင်းတတ်တဲ့ အလေ့အကျင့်ကို မွေးမြူပေးထားသင့်ပါတယ်။ သူတို့အနေနဲ့ ကိုယ့်ကို အကူအညီတောင်းဖို့ အချိန်အကြာကြီးစောင့်လိုက်ရတဲ့အခါ မလိုလာအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်ပေါ်လာစေပါတယ်။ မိမိအနေနဲ့ ဒီလိုကိစ္စမျိုး မဖြစ်ပွားအောင် သတိထားရှောင်ကျဉ်ရပါမယ်။

ကိုယ့်ရဲ့အဖွဲ့သားတွေကို မိမိအနေနဲ့ သူတို့ကိုလိုအပ်လာတဲ့အခါ ကူညီဖို့ အဆင်သင့်ရှိနေကြောင်း သူတို့အားလုံး သိနေပါစေ။ ပြီးတော့ သူတို့အနေနဲ့ ကိုယ့်ရဲ့အကူအညီလိုအပ်နိုင်တဲ့ အနေအထားမျိုးမှာ မိမိကို အကူအညီတောင်းရဲအောင် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးပါ။

(၆) အကြောင်းအကျိုး အကောင်းအဆိုးကို ငြင်သာစွာ တုန့်ပြန်ပါ။ 

လူတစ်ယောက်ကို အသိအမှတ်ပြုတာဟာ သူ့ကိုမနာကျင်စေပါဘူး။ ပြီးတော့ လူတစ်ယောက်ရဲ့ ကောင်းကွက်လေးကို ကိုယ့်အနေနဲ့ အသိအမှတ်ပြုပေးတာဟာ ဘာမှကုန်ကျတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။ ပြီးတော့ ရင်းတာထက် အများကြီးပြန်ရစေတဲ့ ရင် နှီးမြှုပ်နှံမှုမျိုးပါ။

ဒီနေရာမှာ ကောင်းကောင်းအသိအမှတ်ပြုတာနဲ့ အပြုအဘောဆောင်တဲ့ အသိအမှတ်ပြုမှုဆိုတာကို ကောင်းကောင်းကွဲနေဖို့ လိုပါတယ်။ နေရာတကာမှာ အပြုကဘောဆောင်ဖို့လိုအပ်သလို တုန့်ပြန်မှုကောင်း ဖြစ်ဖို့လည်းလိုအပ်ပါသေးတယ်။ ဒီအလုပ်ဟာ ကိုယ်ခေါင်းဆောင်နေတဲ့ လူတွေအောင်မြင်ဖို့အတွက် မိမိအနေနဲ့ လုပ်ရမယ့် အရေးကြီးတဲ့ အလုပ်တစ်ခုပါပဲ။

ကိုယ်လူတွေရဲ့ ကောင်းကွက် ဆိုးကွက်တွေအတွက် တုန့်ပြန် အသိအမှတ်ပြုတဲ့အခါ ဒါဟာ အားလုံးပိုမိုကောင်းမွန်ဖို့ ဖြစ်တယ်ဆိုတာကို ကိုယ့်လူတွေ ကောင်းကောင်းနားလည်နေရပါမယ်။ ကိုယ့်ရဲ့တုန်ပြန်အကြံပေးမှုဟာ အပြစ်တင်ဝေဖန်မှုမျိုးမဟုတ်ဘဲ နောက်တကြိမ် သူတို့ရဲ့အောင်မြင်မှုအတွက်ပဲ ဖြစ်သင့်ပါတယ်။

သင့်အနေနဲ့ ဒီအထက်မှာ ဖေါ်ပြခဲ့တဲ့ အချက် (၆) ချက်ကို ကောင်းကောင်း အသုံးချနိုင်ရင် ဒါတွေဟာ ကိုယ်ကို ခေါင်းဆောင်ကောင်းတစ်ယောင်ဖြစ်လာစေရုံသာမက ကိုယ့်ရဲ့ အဖွဲ့အစည်းလေးကိုလည်း ပိုမိုကောင်းမွန်တဲ့ အဖွဲ့အစည်းလေး ဖြစ်လာစေမှာပါ။ ကိုယ့်အနေနဲ့ ပိုပိုပြီး ကောင်းမွန်တဲ့ ရလာဒ်တွေကိုရလာမယ်။ ဒီလိုအရာတွေကပဲ သင့်ကို လူတိုင်းကသင့်ထံမှာ အလုပ်လုပ်ချင်လာတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် မွေးဖွားလာစေမှာပါ။

အားလုံးအဆင်ပြေကြပါစေ...

မြတ်သု, SPHRi 

08/02/19

No comments: