❝ ထူးအိမ်သင် ရေးခဲ့သော “အရေးကြီးပြီ” သီချင်း ဖြစ်ပေါ်လာပုံ ❞
[ သန်းဝင်း (၈၈) မျိုးဆက် ]
၁၉၈၈ စက်တင်ဘာလ ၁၈ ရက် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ကျနော်သည် ပြည်တွင်းတွင် နေထိုင်ရန်အခြေအနေ မပေးတော့သောကြောင့် ၁၉၈၈ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသား (၇) ယောက်နှင့်အတူ ရန်ကုန်မှ မော်လမြိုင် သို့ စတင်ထွက်ခွာခဲ့ ပါတယ်၊ မော်လမြိုင်တွင် သူတို့ အစီအစဥ် နှင့် လာခဲ့ကြသော ကိုမွန်းအောင်၊ ထူးအိမ်သင်တို့နှင့် သီးခြားစီ ဆုံကြပါတယ်။
ကျနော်တို့ နယ်စပ်ကို အတူတူ သွားကြရန် စီစဥ်ခဲ့ကြသော်လည်း လမ်းပြစီစဥ်သူ၏ အစီအစဥ်ကြောင့် ထူးအိမ်သင်တို့က တသုတ်၊ကိုမွန်းအောင်၊ ဘစောထွန်း၊ ကျနော်တို့ အုပ်စုနဲ့က တစ်သုတ် ဖြစ်သွားခဲ့ကြပါတယ်၊ နောက် နယ်စပ် ဘုရားသုံးဆူမှာ အားလုံး ပြန်လည် ဆုံတွေ့ခဲ့ကြပါတယ်။ ထို့နောက် ၁၉၈၈ နိုဝင်ဘာလတွင် ကရင်နယ်မြေ ဝမ်ခ (ကော့မူးရာ) စခန်းတွင် ကျင်းပသော ABSDF ညီလာခံ တက်ရောက်ရန် သွားခဲ့ကြရာတွင် ကျနော်နှင့်အတူ ကိုမွန်းအောင်၊ ထူးအိမ်သင် တို့ အတူလိုက်ပါခဲ့ကြပါတယ်။ ညီလာခံမှာ သူတို့က လေ့လာသူတွေအဖြစ်သာ တက်ရောက်ခဲ့ပါတယ်၊ ညီလာခံပြီး နောက်တရက် မှာ နိုဝင်ဘာလ ၆ ရက်နေ့မှာ ရခိုင် ALP ရုံးရှေ့တွင် TIME မဂ္ဂဇင်းမှ ကျနော်တို့ကို အင်တာဗျူးလုပ်ဖို့ ပြောလာခဲ့အခါ ကျနော် က ထူးအိမ်သင်ကို အင်တာဗျူးလုပ်ဖို့ ပြောတယ်။
ကျနော်က အင်တာဗျူးလုပ်ဖို့ အတွက် ငှက်ကြီးကိုကျောင်းသား တီရှပ်တစ်ထည် ပေးတဲ့အခါမှာ ငှက်ကြီးက ကျနော်ကို “သန်းဝင်း..အခု အင်တာဗျူးကြောင့် ငါ့ကို ထိခိုက်တာကို ငါဂရုမစိုက်ဘူး…ငါ့ အမေ အဖမ်းခံရမယ်ဆိုရင် ငါ ဒီအင်တာဗျူးကို မလုပ်ချင်ဘူး” လို့ ပြောပါတယ်။ ကျနော်က “ဘာမှ မဖြစ်ပါဘူး သူငယ်ချင်းရာ သူတို့ ဒီလိုသာ ဖမ်းကြကြေးဆိုရင် အခု တောခိုလာကြတဲ့ ရဲဘော်တိုင်းမှာ အမေရှိကြတာပဲ” သူတို့ ဖမ်းလို့ ဘယ်ကုန်ပါ့မလဲ လို့ ပြောလိုက်တော့ ငှက်ကြီးဟာ သူ့အမေကို ချစ်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာသော စိုးရိမ်မှု ပြေလျှော့သွားပြီး အင်တာဗျူးကို ဆက်လုပ်ခဲ့ပါတယ်။
ကျနော် ဆိုလိုချင်တာက ငှက်ကြီးဟာ အမေကို ဘယ်လောက်ချစ်သလဲ ဆိုတာ သိသာစေချင်တာပါ။ နောက်ကျနော်တို့နဲ့အတူ နယ်စပ်မှာ အတူနေကြရင်း သူ့ အမေကို လွမ်းကြောင်း ခဏခဏ ကျနော့် ကို ပြောပါတယ်။ သူ နှင့်အတူ ကျနော်တို့ အမေနဲ့ ဝေးကွာခဲ့ရသော ဘဝတူများကို ကိုယ်ချင်းစာ ပြီး ရင်ထဲက ထွက်လာသော ခံစားချက်များကို နောက်ပိုင်း သူ ရေးသား သီဆိုခဲ့သော အမေစီးရီးဟာ ကျနော်တို့ အလွမ်းဖြေရသော သီချင်းများ ဖြစ်ခဲ့ပါတယ်။ ငှက်ကြီးကို ကျေးဇူးတင်ရပါတယ်…။
ထို့နောက် နိုဝင်ဘာလ ၁၄ ရက်နေ့ တွင် မယ်တလေ (ခရော့ဒေး) စခန်းတွင် ကျင်းပသော DAB ရဲ့ ပထမညီလာခံသို့ တက်ရောက် ခဲ့ရာတွင် ကိုမွန်းအောင်၊ ထူးအိမ်သင်၊ ကျနော်နှင့်အတူ လိုက်ပါခဲ့ပါတယ်… ဒီအေဘီ ညီလာခံမှာ ကျနော့်ကို ကျောင်းသား ကိုယ်စားလှယ်အဖြစ် ဒီအေဘီ ဗဟို တွဲဖက် အထွေထွေအတွင်းရေးမှူး ရွေးချယ်ခဲ့ပါတယ်။ ဒီအေဘီ ညီလာခံအပြီး ဒီအေဘီ ယာယီရုံးကို မယ်တလေ (ခရော့ဒေး) စခန်းမှာ ရုံးဖွင့်ခဲ့ပါတယ်၊ အဲဒီ ရုံးမှာ ကျနော် က အခန်းတစ်ခန်းရခဲ့ပါတယ်။ အဲဒီအခန်းမှာ ကျနော်၊ ကိုမွန်းအောင်၊ ထူးအိမ်သင် အတူနေခဲ့ကြပါတယ်။ ကျနော် တို့ အခန်းထဲမှာ ဂစ်တာတစ်လုံးရယ်၊ ကက်ဆက်တစ်လုံးရယ် ဒါဘဲ ရှိပါတယ်။
ဒီလိုနေထိုင်ရင်းနှင့် တနေ့မှာ ကျနော် ရက်ကိုတော့ အတိအကျ မမှတ်မိတော့ပါ။ ကိုမွန်းအောင် နှင့် ကျနော် သောင်ရင်းမြစ်သို့ ရေချိုးရန် ပြင်ဆင်နေချိန်တွင် ကျနော်က ငှက်ကြီးကို လှမ်းမေးလိုက်တယ် “ဟေ့ကောင်…ရေချိုး မလိုက်ဘူးလား ဆိုတော့ မလိုက်တော့ဘူးကွာ မင်းတို့ ပြန်လာရင် ငါ တော်လှန်ရေးအတွက် လက်ဆောင် ပေးစရာရှိတယ် ဒါပေမဲ့ အလကား မရဘူး ငါ့ကို လက်ဖက်ရည် တိုက်ရမယ်” လို့ ပြောတယ်။
ကျနော်က တော်လှန်ရေးအတွက် ဆိုရင်တော့ တိုက်ရမှာပေါ့ကွာ ဟု ပြောပြီး ကျနော် နှင့် ကိုမွန်းအောင် ရေချိုးထွက်သွားကြပါတယ်။ ကျနော့်အထင် မိနစ် ၄၀ လောက်အကြာမှာ ကျနော်တို့ အခန်းကို ပြန်ရောက်ခဲ့ကြတယ်၊ ရောက်ရောက်ချင်း ငှက်ကြီးက မင်းတို့ အဆင်သင့်ဖြစ်ရင်ပြော လို့ ပြောတယ်၊ ကျနော်တို့ အဝတ်အစား လဲပြီးနောက် ကိုမွန်းအောင်၊ ကျနော်၊ ငှက်ကြီး အတူ ထိုင်ကြပြီး ငှက်ကြီးက ဂစ်တာကို ဆွဲကိုင်ပြီး အခု အများ သိကြတဲ့ “အရေးကြီးပြီ” သီချင်းကို တီး၊ ဆို ပြတော့တယ်၊ ဆိုပြီး ကြိုက်လား လို့ မေးတော့ ကိုမွန်းအောင်က ကြိုက်တယ်လို့ ဖြေတယ်၊ ကျနော်က စာသားတွေ ပြင်စရာ ရှိသေးလား၊ မရှိရင် ABSDF ရဲဘော်များကို စတင်တိုက်ပေးချင်တယ် လို့ပြောတော့ မရှိတော့ဘူး အဆင်သင့်ပဲ လို့ သူကပြောတယ်။ ပြီးတော့ လက်ဖက်ရည်ဆိုင်ကို သွားကြပြီး လက်ဖက်ရည်သောက်နေတဲ့ အချိန်မှာ ကျနော်က သူ့ကိုမေးတယ် မင်း ဒီသီချင်းကို ဘယ်တုန်းက စပ်ခဲ့သလဲလို့ မေးတော့ မနေ့ညက စဥ်းစားပြီး ဒီမနက်မှ ရေးတယ်လို့ ပြောတယ်။
ဒါနဲ့ ကျနော်တို့က ညမှာ မိတ္တူတွေ အများကြီး ကူးပြီး ဒီအေဘီရုံးနှင့် အနီးဆုံးဖြစ်တဲ့ ABSDF တပ်ရင်း ၂၀၇ မှ ရဲဘော် များကို စတင် တိုက်ပေးမယ်လို့ စဥ်းစားပြီး တပ်ရင်း ၂၀၇ မှ ရဲဘော်များကို ဘောလုံးကွင်းတွင်အားလုံးကို စုစေခဲ့ပြီး ရဲဘော်များ အားလုံးကို မိတ္တူတွေ ပေးပြီး ထူးအိမ်သင်၊ ကိုမွန်းအောင်၊ ကျနော်တို့က ရှေ့မှာနေပြီး အကြိမ်ကြိမ် တိုက်ပေးခဲ့ကြပါတယ်။ ၂၀၇ ရဲဘော်များ အားလုံး မှတ်မိကြလိမ့်မယ် ထင်တယ်…။ ဒီသီချင်းကို ထူးအိမ်သင် ကိုယ်တိုင် ၂၀၇ ရဲဘော်များ ကို စ တိုက်ပေးခဲ့တယ် ဆိုတဲ့ သမိုင်းကို ဖော်ထုတ်ပေးလိုသော သဘောပါ။ နောက်ပိုင်း ကိုမွန်းအောင် မှ သွေးမုန်တိုင်း စီးရီးထဲမှာ ထည့်သွင်း သီဆို လို့ အများက သိခဲ့ကြတာ ဖြစ်ပါတယ်၊ ဒါဟာ အများ သိတဲ့ အရေးကြီးပြီ ဆိုတဲ့ သီချင်း ပေါက်ဖွားလာတဲ့သမိုင်း အမှန်ပင်ဖြစ်ပါတယ်။ သူငယ်ချင်း ငှက်ကြီး ကောင်းရာသုဂတိ လားပါစေ…။
#အရေးကြီးပြီ
#ထူးအိမ်သင်
#မွန်းအောင်
#ABSDF
#ဆီသို့
#Towards
-------------------------------------
Subscribe to us on;
Telegram >>> https://t.me/towardsweeklynews
SoundCloud >>> https://soundcloud.com/towards-podcast
YouTube >>> https://www.youtube.com/@SiTho-Towards-Media



No comments:
Post a Comment