Tuesday, September 15, 2009

ဤကမ္ဘာကိုကျွန်ုပ်တို့ ဖျက်ဆီးခဲ့ကြသည်


(တစ်)
ယခုရက်ပိုင်းများအတွင်း ကျွန်တော့်ကိုအဆွဲဆောင်ဆုံး သတင်းက ကမ္ဘာသစ်ရှာသည်ဆိုသော သတင်းပဲဖြစ်ပါသည်။ ၂၀၀၉ခုနှစ်မတ်လ၆ရက်က ကက်ပလာ(Kepler)အမည်ရှိ ဒေါ်လာသန်း၆၀၀တန် အာကာသယာဉ်ကိုလွှတ်တင်လိုက်ကာ ကမ္ဘာသစ်ရှာပြီဆိုသည့် သတင်းပဲဖြစ်ပါသည်။ နာဆာက စီစဉ်ဆောင်ရွက်သည့် သုတေသနလုပ်ငန်း Nasa's new hunt for another Earth ဟုခေါင်းစဉ်ပေးထားသည့်လုပ်ငန်း။


အိုးအိမ်အဟောင်းကို စိတ်ပျက်သူတို့က အိုးသစ်အိမ်သစ်ထူထောင်ကြ၏။ မိတ်ဟောင်း၊ ဆွေဟောင်းများကို ငြီးငွေ့သူတို့ က မိတ်သစ်ဆွေသစ်ရှာကြ၏။ ဈေးကွက်အဟောင်းက လေးလံထိုင်းမှိုင်းလာသောအခါ ဈေးကွက်သစ်ကိုရှာကြ၏။

မြို့သစ်၊ရွာသစ်၊ဂီတအသစ်၊ပန်းချီအသစ်၊ဒီဇိုင်းအသစ်စသည် စသည်များ။
ယခုကမ္ဘာသစ်ကို ရှာကြပြီဟုဆိုချေသောအခါ ကျွန်တော်တို့နေထိုင်ကြရာ ဟောသည့်ကမ္ဘာအဟောင်းကို လူသားတို့ စိတ်ကုန်စပြုလာ၊ စိုးရိမ်ထိတ်လန့်စပြုလာခြင်း၏ လက္ခဏာတစ်ရပ်ဟု ကျွန်တော်ခံစားမိပါသည်။

ပျက်တော့မည့် ကမ္ဘာသို့မဟုတ် ပျက်နေသောကမ္ဘာကနေ ဘယ်ကမ္ဘာ၊ ဘယ်နေရာကို ကျွန်တော်တို့လွတ်အောင် ပြေးကြ မလဲ။ ကမ္ဘာပျက်အောင် ဘယ်သူတွေက လုပ်နေကြတာလဲ။ ပြန်ပြီးပြုပြင် ပြန်ပြီး စောင့်ရှောက်ထိန်းသိမ်းလို့ရော မရနိုင် တော့ဘူးလား။ မေးခွန်းတွေကတော့ အများကြီးပဲ ဖြစ်ပါသည်။

(နှစ်)
ကျွန်တော်တို့၏၀ါကျင်ကျင် ဂန္တ၀င်စာရွက်အဟောင်းများပေါ်တွင်ကား မီးဖျက်သောကမ္ဘာ၊ ရေဖျက်သောကမ္ဘာ၊ လေဖျက် သောကမ္ဘာ စသဖြင့် ကမ္ဘာပျက်ပုံကို အမျိုးအစားခွဲထားသည်။

နေ၇စင်းထွက်ပေါ်လာကာ မြေကြီးမှနေ၍ ပထမဈာန်သုံးဘုံတိုင်အောင် မုန်ညင်းလုံးမျှပင်အကြွင်းအကျန်မရှိဘဲ လောင်ကျွမ်းပျက်စီးသွားမည့် ကမ္ဘာဆိုပါကလား၊ မီးကြောင့်တဲ့။

ဒုတိယဈာန်သုံးဘုံတိုင်သည်အထိ ဆားခဲကိုရေတွင်ချ၍ ကျေသွားသကဲ့သို့ ကျေပျက်သွားမည့်ကမ္ဘာက ရေကြောင့်တဲ့။

တတိယဈာန် သုံးဘုံတိုင်သည်အထိ စကြ၀ဠာကုဋေတစ်သိန်းလုံး မှုန့်မှုန့်ညက်ညက်ကျေပျက်သည်အထိ ပျက်စီးသွားမည့် ကမ္ဘာကတော့လေကြောင့်ပျက်မည့်ကမ္ဘာတဲ့။

အင်္ဂလန်နိုင်ငံတောင်ပိုင်းဆပ်ဆက်တက္ကသိုလ်က ရောဘတ်စမစ်ကတော့ ကမ္ဘာပျက်ဖို့နှစ်သန်းပေါင်း ၇၆၀၀လိုသေးသည် ဟုဆိုပါသည်။ နေဆွဲအားထဲသို့ ကမ္ဘာကြီးဝင်ရောက်သွားပြီးနောက် ပေါက်ကွဲသွားမည်ဖြစ်ကြောင်းလည်း နက္ခတ္တဗေဒ၊ ရူပဗေဒပညာရှင်တို့က တွက်ချက်နေကြပါသည်။

သန်းနှင့်ချီသော နှစ်များကြောင့် ကာလအဓွန့်ဝေးလွန်းကွာလွန်းလှပေရာ မပူပင်တတ်သူတို့က မပူပင်ချင်ဘူးပဲဆိုပါတော့။ အခုကိုပဲ ကမ္ဘာကပျက်စပြုနေခဲ့ပြီဖြစ်ပါသည်။

(သုံး)
ခရမ်းလွန်နွေဦးတဲ့။အမည်က ကဗျာဆန်သလောက် ကြောက်မက်ဖွယ်အရိပ်ကြီးက ကမ္ဘာကိုမိုးထား၏။ လူတို့ရှို့ကြသည့် တောမီးကထွက်သော အခိုးအငွေ့များ၊နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုမှထွက်လာသည့် အငွေ့များ၊ လေယာဉ်တို့၊ကား တို့၊စက်ရုံ၊အလုပ်ရုံတို့လို နေရာပေါင်းစုံကထွက်လာသည့် အငွေ့များထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်တွေ နိုင်ထရိုဂျင် အောက်ဆိုက်တွေပါ၏။ သည်ဓာတ်ငွေ့တွေက ကမ္ဘာ့အိုဇုန်းလွာကိုဖျက်ဆီး၏။

ကမ္ဘာ့မြေမျက်နှာပြင်အထက် ၁၀မိုင်ဝန်းကျင်တွင် ကမ္ဘာကိုဝန်းရံကာကွယ်ထားသည့် အိုဇုန်းအလွှာ (အောက်ဆီဂျင် အက်တမ် ၃ခု + အိုဇုန်း ဓာတ်ငွေ့) သည်ပေါက်သည့်နေရာ၌ပေါက်ကာ၊ ပါးသည့်နေရာက ပါးလွှာလာ၏။ ကမ္ဘာသို့ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်လာသည့် နေရောင်နှင့် အတူ ခရမ်းလွန်ရောင်ခြည်ကို ကျွန်တော်တို့ တားမထားနိုင်တော့။ မှန်လုံအိမ် အာနိသင်ဟု အမည်ပေးထားသည့် ကမ္ဘာကြီးအမြဲတမ်း ပူနွေးနေသည့် အရသာကို ကျွန်တော်တို့ ခံစားကြရ၏။

ကာဗွန်ဒိုင်အောက်ဆိုက်ကို ပင်လယ်ကလည်းနိုင်အောင် မစုပ်ယူနိုင်တော့။ ပြုန်းနေသည့် သစ်တောတွေကလည်း မစုပ်ယူ နိုင်ပြန်။ ကာဗွန်ဒိုင်အောက်ဆိုက်တစ်နှစ်တွင် ဘီလျံ၇တန်လောက်ထွက် နေသည့် ကမ္ဘာ၌ ဘီလျံ၃တန်လောက်သာ စုပ်နိုင် သော ပင်လယ်နှင့် သစ်တောတို့က လက်မှိုင်ချကြရပြီ။

Green house effect ခေါ် မှန်လုံအိမ်အာနိသင်ဖြင့် အပူရှိန်တက်နေသည့် ကမ္ဘာ၌ ရေခဲတောင်တွေအရည်ပျော်၊ ပင်လယ် သမုဒ္ဒရာတွေ ရေလျှံ၊ ရေကြီး၊ ရေလွှမ်း၊မုန်တိုင်းတိုက်၊မိုးခေါင်၊ရာသီပျက်၊ သီးနှံပြုန်းအားလုံးသော ဘေးဒုက္ခတွေက ကျွန်တော်တို့အတွက်ဖြစ်ပါ၏။ နိုက်ထရိုဂျင်အောက်ဆိုက်၊ ကာဗွန်ဒိုင်အောက်ဆိုက်တိုးအောင် လုပ်တာ ကျွန်တော်တို့။

အိုဇုန်းလွှာပေါက်အောင်လုပ်တာ ကျွန်တော်တို့။ သစ်တောတွေ ပြုန်းအောင်လုပ်တာ ကျွန်တော်တို့။ အခုပူသော ကမ္ဘာကို စိတ်ပျက်နေသည်ဆိုတာကလည်း ကျွန်တော်တို့။
အက်ဆစ်မိုးဆိုသည်ကလည်း တဝေါဝေါရွာသွန်းရန် အသင့်အနေအထား။ ရှာလကာရည်ထက်နှစ်ဆပြင်းသော အက်ဆစ် မိုးတဲ့။ ယာဉ်ရထားများ ကျောက်မီးသွေးလောင်စာများ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများမှ ထွက်လာသည့် ဆာလဖာဒိုင် အောက်ဆိုက်နှင့် နိုင်ထရိုဂျင်အောက်ဆိုက်များကြောင့် မိုးက အသန့်မရွာတော့။ အက်ဆစ်မိုး၊ ပိုတက်စီယမ် ပါသောမိုး၊ အလူမီနီယမ်ပါသောမိုး။ သစ်ပင်၊သစ်တော၊ချောင်းမြောင်းသားငါး အားလုံးကိုအဆိပ်သင့်မည့်မိုး။ သည်မသန့်သော မိုးတွေရွာအောင်လုပ်ခဲ့တာလည်း ကျွန်တော်တို့။

နျူကလီးယားဆောင်း။ရေခဲမှတ်၏အောက်သို့ရောက်သည်အထိ အေးခဲနေမည့်ဆောင်း။ နျူကလီးယားစမ်းသပ်ဖောက်ခွဲမှု ကြီးများ၏ နောက်တော်ပါးကနေ ဖ၀ါးခြေထပ်ကပ်ပြီးလိုက်ပါလာမည့်ဆောင်းတဲ့။ သက်ရှိသတ္တ၀ါတွေ၊ အပင်တွေ ဘယ်လို မှ အသက်မရှင်နိုင်သည့်ဆောင်း။ သည်နျူကလီးယားဆောင်းကိုလည်း ကျွန်တော် တို့တွေကပဲ ပုံဖော်နေခြင်းဖြစ်ပါသည်။

The Strait Time သတင်းစာတစ်နေရာ၌ အောက်ဆီဂျင်ဘား (Oxygen Bar) ဟူသည့်သတင်းတိုကလေးတစ်ပုဒ် ဖတ်ဖူး ခဲ့ပါသည်။ လေထုမသန့်တော့သော ကမ္ဘာ၌ အောက်ဆီဂျင်က ၂၁ရာခိုင်နှုန်းသာရှိရာ အောက်ဆီဂျင်သန့်သန့် ပြည့်ပြည့်၀၀ ကို ထိုဘားများ၌ဓာတ်ငွေ့ပိုက်ဖြင့် တစ်မိနစ်ကို စင်ကာပူဒေါ်လာ တစ်ဒေါ်လာနှုန်းဖြင့် ရှူနိုင်ကြောင်း သတင်း ကလေးဖြစ် ပြီး၊ အဆိုတော် ဘရစ်တနီစပီးယား၊ ရုပ်ရှင်မင်းသမီး ဂျူလီယာရောဘတ်တို့ သွားရှူလေ့ရှိသည် ဟုဖော်ပြထား ပါသည်။ အော်.....အသက်ရှူဖို့တောင် ရှေ့လျှောက် ခက်ခဲတော့မယ့် ကမ္ဘာလား။

(လေး)
တကယ်တော့ ကမ္ဘာကိုနေချင်စရာ မကောင်းတော့အောင်၊ပျက်စီးယိုယွင်းအောင် လုပ်ခဲ့တာက ကျွန်တော်တို့ကိုယ်တိုင်ပဲ ဖြစ်ပါသည်။ မုန်တိုင်းကြီးတွေ၊ မဟာရေလျှံရေလွှမ်းမှုကြီးတွေ၊ ငလျင်တွေ၊ မီးတောင်ပေါက်ကွဲသံတွေ။
တစ်ခါတွင်အမေရိကန် ဒုတိယသမ္မတဟောင်း အယ်လ်ဂိုး (Albet Amold Gore) ၏ An inconvenient truth စာအုပ်ကို လှန်လှောခွင့်ရခဲ့ရာ၊ ရေကြီးမှုဖြစ်လျှင် ပင်လယ်ရေပြင်အောက်ရောက်သွားနိုင်သည့် ဒေသများကိုပြထားရာ မဖွံ့ဖြိုးသော နိုင်ငံတွေက အများစုဖြစ်ပါသည်။

ဒါကြောင့်လည်း ဘင်္ဂလားဒေ့ရှ် ပတ်ဝန်းကျင်နှင့် သဘာဝသစ်တောရေးရာဝန်ကြီး မစ္စတာရာမန်ခန်းက လူဦးရေသန်း ၁၅၀ရှိသော သူ့နိုင်ငံ၌ သန်း၃၀သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဒုက္ခသည်များသည် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများကြောင့် ဒုက္ခဖြစ်ရခြင်းဟုဆိုကာ လျော်ကြေးပေးကြဖို့တောင်းနေခြင်းဖြစ်ပါလိမ့် မည်။ ကမ္ဘာ့ ရာသီဥတု သဘာဝအနေအထား ပြောင်းလဲရတာ ဖွံ့ဖြိုးသော နိုင်ငံများကြောင့်ဟူသော စွပ်စွဲချက်။

ဘယ်လိုပဲဖြစ်ဖြစ် အကြမ်းအားဖြင့်ကတော့ ကမ္ဘာကိုပျက်အောင်အပြင်ကလာဖျက်ခြင်းမဟုတ်တာကတော့ သေချာပါ သည်။ ကမ္ဘာသူ၊ကမ္ဘာသား ကျွန်တော်တို့ကိုယ်တိုင်က ဖျက်နေခြင်းသာဖြစ်ပါသည်။

(ငါး)
ကျွန်တော့်တွင် ကမ္ဘာကျော်မင်းသား ကီနူးရိဗ် (Keanu Reeves)၏ ရုပ်ရှင်တစ်ကားရှိပါသည်။ The day the Earth stood still ဟူသည့်ဇာတ်ကား။ ပျက်စီးယိုယွင်းလုနီးနီး ကမ္ဘာမှ လူမှတစ်ပါး သတ္တ၀ါမှန်သမျှကို တခြားဂြိုဟ်က လာရောက်ကယ် ထုတ်သည့် ဇာတ်ကား။ ကယ်တင်ပြီးနောက် ကမ္ဘာကိုဖောက်ခွဲထားရစ်ခဲ့မည့်အစီအစဉ်။ ကမ္ဘာကိုနေချစ်စဖွယ် ဖြစ်အောင် ပြန်လည်ပြုပြင်ပါမည်ဟူသော လူသားတို့၏ ကတိဖြင့် အဆုံးသတ်ထားသည့် ဇာတ်ကား။

ကျွန်တော်သိပ်သဘောကျသွားမိသည်။ လူသည်ကမ္ဘာကြီးကနေထွက်ပြေးပြီး တခြားဂြိုဟ်မှာ သွားနေလို့မရဟူသည်ကို အော်ပီကျယ်၏ ကာတွန်းထဲကအတိုင်း ကျွန်တော်တို့သည် ကမ္ဘာကနေ စွန့်ခွာသွားလို့မရပါ။ထို့ကြောင့် ပြန်လည် လတ် ဆတ်၊ ပြန်လည်လန်းဆန်း၊ ပြန်လည်သန့်စင်သော ကမ္ဘာဖြစ်အောင် ကျွန်တော်တို့လူသားတွေကပဲ ပြန်လုပ်ကြရမှာဖြစ် ပါသည်။

အဘယ်ကြောင့်ဆိုသော်......

သည်ကမ္ဘာကို ဖျက်ဆီးခဲ့သူမှာ ကျွန်တော်တို့လူသားများ ကိုယ်တိုင်ဖြစ်နေသောကြောင့်ပင် ဖြစ်ပါသည်။

မောင်သာချို
Ref: 7 Day News Journal အတွဲ(၈) အမှတ်(၂၆)

No comments: