Friday, November 11, 2011

SOUL ဂီတပျောက်ကွယ် မသွားခင်

--> ဒီနေ့ခေတ်မှာ ပဲဖြစ်ဖြစ်၊ အရင် ခေတ်ကပဲ ဖြစ်ဖြစ် ဂီတ ရေစီးကြောင်း ထဲမှာ မျောပ နေကြတဲ့ အမျိုးမျိုးသော ဂီတတွေဟာ အများသော အားဖြင့် လူမည်း ဂီတတွေသာ ဖြစ်နေတာကို တွေ့ရတတ်ပါတယ်။
လူမည်းတွေက စတင်ခဲ့တဲ့ ဂီတတွေဟာ ပရိသတ်တွေ ကြားထဲမှာ ခေတ်အဆက်ဆက် ရေပန်းစား ခဲ့ကြပါတယ်။ ဥပမာ ပြောရရင်-Disco, House, Blues, Hip Hop စတဲ့ ဂီတတွေဟာ လူမည်း ဂီတတွေပဲ ဖြစ်ပါတယ်။ ယနေ့ခေတ် မှာတော့ အရိပ်အယောင် အနည်းငယ် မျှသာ ကျန်ရှိတော့တဲ့ လူမည်းဂီတ တစ်မျိုးနဲ့ မိတ်ဆက်ပေး ချင်ပါတယ်။အဲဒီ ဂီတကတော့ Soul ဂီတပဲ ဖြစ်ပါတယ်။

Soul ဂီတဟာ မြောက် အမေရိက နိုင်ငံတွေက စတင်ပေါ် ထွက်ခဲ့တာ ဖြစ်ပါတယ်။ အဓိက ပေါ်ထွက်ရာ နေရာကတော့ ချီကာဂို မြို့တော်ဖြစ်ပြီး၊ နယူးယောက်၊ ဒီထရော့၊ ဖန်ဖစ်(စ)၊ ဖလောရင့်(စ) အစရှိတဲ့ မြို့တော်တွေ မှာလည်း ဒေသလိုက် ကိုယ်ပိုင် Soul ဂီတတွေကို ဖန်တီးခဲ့ ကြပါတယ်။ ၁၉၄၀ ခုနှစ်နဲ့ ၁၉၅၀ ခုနှစ် အတွင်းမှာ Doo Wop လို့ အမည်ရတဲ့ ဂီတတစ်ခု ပေါ်ထွက်ခဲ့ ဖူးပါတယ်။ အဲဒီအချိန်မှာ Gospel ဂီတဟာလည်း အာဖရိက၊ အမေရိကန် လူမျိုးတွေကြောင့် အတော်လေး နေရာရ နေခဲ့ပါတယ်။ နောက်မှာတော့ အဲဒီဂီတ နှစ်မျိုးဟာ တဖြည်းဖြည်း ပေါင်းစပ်သွားပြီး Soul ဂီတဖြစ်လာ ခဲ့တယ်လို့ တချို့က ပြောကြပါတယ်။ တချို့ကလည်း Soul ဂီတဟာ Gospel နဲ့ R&B ပေါင်းစပ် ထားတာလို့ ဆိုကြပြန် ပါတယ်။

Soul ဂီတဟာ လူမည်း ဂီတတစ်ခု ဖြစ်ပါတယ်။ Soul ဂီတမှာ ပရိသတ် တွေကို ဆွဲဆောင်နေတဲ့ အဓိက အရာကတော့ လက်ခုပ်သံ များများပါတဲ့ စည်းချက်တွေနဲ့ ကြိုတင်ပြင်ဆင် ထားတာမျိုး မဟုတ်တဲ့ ခန္ဓာကိုယ် လှုပ်ရှားမှု ကကွက်တွေပဲ ဖြစ်ပါတယ်။ Solo နဲ့ Chorus ကြားထဲမှာ သီချင်း သီဆိုတတ်တဲ့ အမူအကျင့် ကလည်း ထူးခြား လှပါတယ်။ တစ်ခါ တလေမှာ ကြိုတင် စီစဉ်ထားခြင်း မရှိဘဲ သီချင်းဆိုနေရင်းနဲ့ သီချင်းစာသားတွေကို ထပ်တိုးဖြည့်ပြီး လက်တန်း သီဆိုထားတာမျိုးကိုလည်း တွေ့ရ  တတ်ပါတယ်။ ၁၉၆၀ ခုနှစ် နောက်ပိုင်းမှာ စတင်ပေါ်ထွက် ခဲ့တဲ့ Soul ဂီတဟာ ၁၉၄၀ ခုနှစ်နဲ့ ၁၉၅၀ ခုနှစ် အတွင်းမှာ ကျော်ကြားခဲ့တဲ့ Hard Gospel ဂီတရဲ့ ပုံစံတွေ အများကြီး ပါဝင် နေတာကိုတော့ ငြင်းလို့ မရပါဘူး။

Soul ဂီတရဲ့ သမိုင်းကြောင်းမှာ ထင်ရှားတဲ့ အနုပညာရှင် နှစ်ယောက် ရှိပါတယ်။ အဲဒီ အနုပညာရှင်တွေကတော့ Ray Charles နဲ့ Curtis May field တို့ပဲ ဖြစ်ပါတယ်။  Ray Charles ဟာ Soul ဂီတကို စတင် တီထွင်ခဲ့သူလို့ ပြောစမှတ် ရှိခဲ့ ကြပါတယ်။ I Got a Woman ဆိုတဲ့ သီချင်းဟာ Ray Charles ရဲ့ အနုပညာ သက်တမ်း တစ်လျှောက်လုံးမှာ လူကြိုက် အများဆုံး ခံရတဲ့ သီချင်း တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ Ray Charles ဟာ ကလေး ဘ၀ကတည်းက မျက်စိအလင်း ကွယ်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့  သူဟာ သူ့ရဲ့ Soul သီချင်းပေါင်း များစွာကြောင့် ပြည်သူလူထုရဲ့ မေတ္တာကို ရရှိခဲ့ပါတယ်။ Ray Charles  အများဆုံး သီဆိုတဲ့ သီချင်း ပုံစံကတော့ ကရုဏာ သက်ဖွယ်ရာ သီချင်း ပုံစံလေးတွေပဲ ဖြစ်ပါတယ်။ Curtis May field ကတော့ အမေရိကန် မြောက်ပိုင်းရဲ့ ဂီတ ဖခင်ကြီးလို့ သိရပါတယ်။ Soul ဂီတနဲ့ ထင်ရှားခဲ့တဲ့ အခြား အစောပိုင်း အနုပညာရှင်တွေ ကတော့ Sam Cooke, James Brown နဲ့ Solomon Burke တို့ပဲ ဖြစ်ပါတယ်။ Soul ဂီတကို အမှီပြုပြီး ထွက်ပေါ်လာတဲ့ ဂီတတွေ ထဲမှာ Psychedelic rock, funk နဲ့ House ဂီတတို့ ပါဝင်ပါတယ်။ ၁၉၇၀ ခုနှစ်နဲ့ ၁၉၈၀ ခုနှစ်တို့မှာ Disco ဂီတနဲ့ funk  ဂီတဟာ Soul ဂီတထက်ကို ပိုပြီး လူကြိုက် များခဲ့ပါတယ်။

ဒါပေမဲ့ ၁၉၈၀ ခုနှစ် အဆုံးမှာတော့ အရှိန် အဟုန်ကောင်း ကောင်းနဲ့ ကျော်ကြားခဲ့တဲ့ Disco ဂီတနဲ့ funk ဂီတကို ပရိသတ်တွေက ငြီးငွေ့စ ပြုလာကြပြီး Soul ဂီတကို တဖြည်းဖြည်း လူကြိုက်များ လာကြပါတယ်။ ဒါကြောင့် Soul ဂီတဟာ ၁၉၈၀ ခုနှစ် အဆုံးမှာ စတင်ကျော် ကြားခဲ့တယ်လို့ ပြောလို့ ရပါတယ်။ Soul ဂီတမှာ British-Soul, Blue-eyed Soul, Psychedelic Soul နဲ့ Neo-Soul ဆိုပြီး အစရှိတဲ့ ဂီတပုံစံ ခွဲတွေ အမျိုးမျိုးရှိ နေပါတယ်။ Psychedelic Soul ဂီတကတော့ Psychedelic rock နဲ့ Soul ဂီတတို့ ပေါင်းစပ်ထားတာ ပဲဖြစ်ပါတယ်။ Blue-eyed Soul ကတော့ R&B နဲ့ အလား သဏ္ဌာန်တူပြီး လူဖြူအနု ပညာရှင်တွေ သီဆိုတဲ့ Soul ဂီတ တစ်မျိုးပဲ ဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ Soul ဂီတရဲ့ လူဖြူ အနုပညာ ရှင်တွေကတော့ Taylor Hicks, George Michae နဲ့ Amy Winehouse အစရှိတဲ့ ခေတ်သစ် Soul အနုပညာ ရှင်တွေပဲ ဖြစ်ပါတယ်။ British Soul ဂီတဟာလည်း ၁၉၆၀ ခုနှစ်မှာပဲ စတင်ပေါ်ထွက် ခဲ့တာဖြစ်ပြီး အင်္ဂလန် လူမျိုးတွေရဲ့ အနှစ်သက်ဆုံး ဂီတတစ်ခု ဖြစ်ခဲ့ပါတယ်။ Neo-Soul ဂီတကတော့ R&B နဲ့ Hip Hop တို့ ကို ပေါင်းစပ်ထားတဲ့ ဂီတတစ်ခု ဖြစ်ပြီး ၁၉၇၀ ခုနှစ်မှာ စတင်ခဲ့ ပါတယ်။ သီချင်းထဲမှာ ကဗျာ စာသားလို သီချင်း စာသားတွေ ပါဝင်နေတာ ဟာလည်း Neo-Soul ဂီတရဲ့ ထူးခြားတဲ့ အချက် တစ်ချက်ပဲ ဖြစ်ပါတယ်။

Soul ဂီတဟာ လူမည်းတွေက တီထွင်ခဲ့တဲ့ ဂီတတစ်ခု ဖြစ်ပေမယ့် လည်း Soul  ဂီတကျော်ကြား လာပြီး နောက်ပိုင်းမှာ လူဖြူတွေ ဟာလည်း Soul ဂီတကို သဘောကျ နှစ်ခြိုက် ခဲ့ကြပြီး Soul ဂီတ လူဖြူ အနုပညာရှင် တွေလည်း ပေါ်ထွက်လာ ခဲ့ပါတယ်။ ဒါကြောင့် Soul ဂီတဟာ လူဖြူတွေနဲ့ လူမည်းတွေကို ပေါင်းစည်းပေး ခဲ့တဲ့ ဂီတတစ်ခု လို့ပြောရင်လည်း မမှားပါဘူး။ Soul ဂီတဟာ ယနေ့ခေတ် လူငယ်တွေနဲ့ အနည်းငယ် ဝေးကွာနေတဲ့ ဂီတတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ Soul ဂီတဟာ တစ်ချိန်က ကျော်ကြားခဲ့တဲ့ ဂီတ တစ်ခုပဲ ဖြစ်တဲ့အတွက် Soul ဂီတ ပျောက်ကွယ်မသွား ခင်မှာ လူငယ်တွေအတွက် သိသမျှ၊ မှတ်သမျှ လက်ဆင့်ကမ်း ပေးလိုက်ရ ပါတယ်။           
စိမ့်စိမ့်လွင်ဦး
(Teen မဂ္ဂဇင်း၊အောက်တိုဘာလ ၂၀၁၁)

No comments: