Tuesday, April 5, 2011

အရက်အလွန်အကျွံ သောက်သူများတွင် အဝလွန်ခြင်းက အသည်းပျက်စီးစေရန် အရှိန်မြှင့်ပေး

စကော့တလန်ရှိ လူပေါင်း ၉,၀၀၀ ကျော်ကို လေ့လာချက်အရ အရက်အလွန်အကျွံ သောက်သူများတွင် အဝလွန်ခြင်းက ဆိုးရွားသော သက်ရောက်မှုများရှိပြီး အသည်းပျက်စီးမှုကို အလျင်အမြန် ဖြစ်ပေါ်စေကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

အဆိုပါတွေ့ရှိမှုကြောင့် အန္တရာယ်ကင်းစွာ အရက်သောက်နိုင်သည့် ပမာဏကို အဝလွန် သူများတွင် ပို၍ လျှော့ချ သင့်ကြောင်း ပညာ ရှင်တို့က အကြံပြုခဲ့ကြသည်။

ကမ္ဘာ့နေရာအချို့တွင် အသည်းပျက်စီးမှုကြောင့် သေဆုံးမှုနှုန်းမြင့်တက်လျက်ရှိပြီး ယခု လေ့လာချက်၌ အရက်သောက်သုံးမှု ပုံစံများကို အပြည့်အစုံ ရှင်းပြခြင်း မပြုနိုင်သေး ကြောင်း ယခုလေ့လာချက်ကို ဦးဆောင်ပြုလုပ်ခဲ့သူ ဂလပ်စကိုး တက္ကသိုလ်မှ ဒေါက်တာ ကာရိုးအယ်လ်ဟတ်က ဆို၏။

သူတို့အဖွဲ့သည် အဝလွန်ခြင်းနှင့်အရက် သောက်သုံးမှုပမာဏတို့ကို လေ့လာခဲ့ကြရာ ယင်းနှစ်ခု ဒွန်တွဲတည်ရှိခြင်းက အသည်းရောဂါ ဖြစ်ပွား နိုင်ခြေကို ပို၍ မြင့်မားစေကြောင်း တွေ့ရှိခဲ့ရသည်။

သူသည် လေ့လာချက်နှစ်ရပ် ပြုလုပ်ခဲ့ကြရာ ပထမလေ့လာချက်၌ ၁၉၆၅ ခုနှစ်နှင့် ၁၉၆၈ ခုနှစ်အကြား၌ လူများကို စတင်မှတ်တမ်းတင်ခဲ့ပြီး ဒုတိယလေ့လာချက်၌ ၁၉၇၀ ပြည့်နှစ် နှင့် ၁၉၇၃ ခုနှစ် အကြား၌ လူများကို စတင်မှတ်တမ်းတင်ခဲ့သည်။ နှစ်အုပ်စုစလုံးကို ၂၀၀၇ ခုနှစ်အကုန်၌ ပြန်လည်စိစစ်လေ့လာကြည့်ခဲ့ကြသည်။

ထိုသို့လေ့လာခဲ့ရာ၌ အဆိုပါအချိန်အတွင်း လူပေါင်း ၈၀ သည် အသည်းရောဂါကြောင့် သေဆုံးခဲ့ပြီး ၁၄၆ ဦးသည် အသည်းရောဂါနှင့် ဆက်နွှယ်သော အခြေအနေရပ်များ ကြောင့် သေဆုံးခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ဒုတိယလေ့လာချက်၌ သုတေသန ပြုလုပ်သူများသည် ဆေးရုံမှတ်တမ်းများထဲမှ အသည်းရောဂါဖြစ်ပွားသူ ၁၉၆ ဦးကို လေ့လာခဲ့ကြသည်။

ပုံမှန်ကိုယ်အလေးချိန်ရှိသူ သို့မဟုတ် ပုံမှန်အောက်နိမ့်သော သူများသည် သီတင်းတစ်ပတ်လျှင် ၁၅ ကြိမ်အရက်သောက်ပါက ၎င်းတို့နှင့် ကိုယ်အလေးချိန် တူသော အခြားသူများထက် အသည်းရောဂါဖြစ်နိုင်ခြေ သုံးဆပိုများကြောင်း တွေ့ရှိခဲ့ရသည်။ သို့သော် အရက် သောက်သူသည် အဝလွန်သူဖြစ်ပါက အသည်း ရောဂါဖြစ်နိုင်ခြေ ခုနှစ်ဆ ပိုများကြောင်း တွေ့ရှိရသည် ဟုဆိုသည်။

Ref: Good Health

No comments: