Tuesday, April 5, 2011

သင်္ကြန်တွင် ရေမသန့်ရှင်းမှုကြောင့် အရေပြားရောဂါ ဖြစ်ပွားနိုင်

သင်္ကြန်ကာလအတွင်း ဆော့ကစားကြသော ရေများမှာ ရေစုပ်ပိုက်နှင့် စုပ်တင်သော ရေများတွင် အညစ်အကြေးများ ပါလာတတ်သည့် အပြင် ကန်ရေ၊ မြောင်းရေ၊  နှစ်ချို့ရေများ၏ မသန့်ရှင်းသော ရေများကြောင့် အရေပြားယားယံခြင်းနှင့် အရေပြားရောဂါများ ဖြစ်ပွားတတ်ကြောင်း သိရသည်။

အရေပြား ယားယံခြင်းရောဂါသည် 'Histamine' ဟုခေါ်သော ယားစေသည့် ဓာတ်တစ်မျိုးကြောင့် ဖြစ်သည်။ ရာသီဥတု၊ အစားအသောက်နှင့် အသုံးအဆောင် ပစ္စည်းတို့ကြောင့်လည်း ဖြစ်နိုင်ပြီး အဆိုပါ 'Histamine'ကို လူ့ခန္ဓာကိုယ်၏ ဆဲလ်များထဲမှ ထုတ်ပေးကြောင်း သိရသည်။

အရေပြား ယားယံခြင်းမှာ အပြင်ပိုင်းနှင့် အတွင်းပိုင်း အကြောင်းအရာ နှစ်ရပ်ရှိသည့်အပြင် အပြင်ပိုင်း ယားယံခြင်းသည် မိမိ ထိတွေ့သည့် အသုံးအဆောင်ပစ္စည်းများနှင့် ရာသီဥတု၊ ရေ၊ လေ၊ မြေတို့ကြောင့် ဖြစ်ပြီး အတွင်းပိုင်း ယားယံခြင်းမှာ အစားအသောက်၊ ဆေးဝါးများနှင့် အတွင်းရောဂါအခံရှိသူတို့ကြောင့်လည်း ဖြစ်နိုင်ကြောင်း သိရသည်။ ရန်ကုန်ဆေးရုံကြီး (အရေပြား၊ ကာလသား၊ အိပ်ခ်ျအိုင်ဗွီ) အထူးကုဆရာဝန်ကြီး ဒေါက်တာဦးမျိုးသန့်က "သင်္ကြန်ကာလကတော့ စွတ်စိုလိုက်၊ ခြောက်သွေ့လိုက်နဲ့ တချို့ Sensitive ဖြစ်တဲ့ အသားရေပိုင်ရှင်တွေဟာ အရေပြားယားယံတာတွေ ဖြစ်လာတတ်တယ်။

စွတ်စိုထိုင်းမှိုင်းပြီးတော့ ချွေးထွက်လာကြတဲ့ အတွက်ကြောင့် ယားယံမှုတွေ ဖြစ်လာတာ ပိုပြီးတွေ့ရတယ်။ သန့်ရှင်းတဲ့ အဝတ်အစားတွေ ဝတ်သင့်တယ်။ ပြီးတော့ တချို့လူတွေက ကိုယ်နဲ့ ဓာတ်မတည့်တဲ့ ပစ္စည်းတွေကို သုံးမိရင်လည်း အရေပြား ယားယံတာ ဖြစ်တတ်တယ်။  ဥပမာ - လိမ်းဆေးတို့၊ မိတ်ကပ်တို့ပါ။ လူတွေက အထူးအဆန်း ပစ္စည်းအသစ်၊ တံဆိပ်အသစ်ဆိုရင် ဝယ်သုံးချင်ကြတယ်။ မိမိနဲ့ တည့်ပါမလားဆိုတာ မတွေးတော့ဘူးလေ။

ပြီးတော့ အဲယားကွန်းအခန်းထဲကနေ အပြင်နေပူထဲကို ထွက်ရင် အပူရှပ်ပြီး အင်ပြင်တို့၊ အပိန့်တို့ ထွက်လာတတ်ကြတယ်။ ဓာတ်မတည့်တဲ့ အစားအစာတွေကိုလည်း ရှောင်ရှားသင့်ပါတယ်"ဟု ပြောကြားသည်။ ဒေါက်တာ ဦးမျိုးသန့်က 'သင်္ကြန်လည်တဲ့ လူတွေအနေနဲ့ နေရောင်ခြည် ကာကွယ်ဖို့ ဦးထုပ်တို့၊ မျက်မှန်တို့၊ အဝတ်အစားတို့ကို လုံလုံခြုံခြုံ ဝတ်သင့်တယ်။ တကယ်လို့ သင်္ကြန်လည်လို့ပဲ ဖြစ်ဖြစ် မသန့်ရှင်းတဲ့ ရေတွေကြောင့်ပဲဖြစ်ဖြစ် အသားအရေ ယားယံမှုတွေ ဖြစ်လာခဲ့ရင် သင်္ကြန်လည်တာကို ရပ်ဆိုင်းသင့်ရင် ရပ်ဆိုင်းရမယ်။ သင်္ကြန်လည်ပြီးလို့ ပြန်လာရင်လည်း သန့်ရှင်းတဲ့ ရေနဲ့ ရေပြန်ချိုးပြီး သန့်ရှင်းတဲ့ အဝတ်အစားတွေကို ဝတ်သင့်ပါတယ်။

သင်္ကြန်မှာ အရက်၊ မူးယစ်ဆေးဝါးတို့ကိုလည်း ရှောင်ရှားသင့်ပါတယ်။ အရက်တို့ မူးယစ်ဆေးဝါးတို့ သုံးစွဲလို့ရှိရင် မိမိစိတ်ကို မထိန်းနိုင်ဘဲနဲ့ အမှားတွေ လုပ်မိမယ်။ ဒီတော့ ကိုယ့်အရေပြားကိုလည်း ဂရုမစိုက်မိဘဲ ဖြစ်တတ်ပါတယ်။ သင်္ကြန်ပြီးရင် အရေပြား ယားယံလို့ ဆေးခန်းလာပြတဲ့ လူတွေ တော်တော်များပါတယ်"ဟု ပြောကြားသည်။ အရေပြား ယားယံခြင်းအတွက် 'Antihistamine' ပါသည့် လိမ်းဆေး၊ စားဆေးနှင့် ထိုးဆေးများကို အသုံးပြုသင့်ကြောင်းနှင့် တစ်ရက်၊ နှစ်ရက်နှင့် မသက်သာပါက တတ်ကျွမ်းနားလည်သည့် အရေပြားဆရာဝန်ကြီးများကို ပြသသင့်ကြောင်း အကြံပြုပြောကြားခဲ့သည်။

Ref: Hot News

No comments: