Thursday, November 23, 2017

အစမ်းသပ်ခံ နိုင်ငံရေးလား


အရင်အစိုးရ လက်ထက်မှာ သမ္မတရုံး ၀န်ကြီးဌာန ခြောက်ခု ထားတယ်။ မကောင်းဘူး။ သမ္မတသြဇာ ထွားအောင် လုပ်တဲ့ သဘောပါပဲ။ တကယ် လုပ်သွားတာက ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်းနဲ့ ဦးအောင်မင်းတို့ သုံးဦးပဲ ရှိမယ် ထင်ပါတယ်။ အခု အစိုးရက အရင်အစိုးရနဲ့ ဘာကွာသလဲ။ ဆန်းစစ် ကြည့်ပါမယ်။

(၁)

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အစိုးရ အုပ်ချုပ်မှု ပုံစံဟာ သမ္မတစနစ်ကို အခြေပြုပါတယ်။ ၀န်ကြီးချုပ် စနစ်မဟုတ်ဘူး။ ဒါဟာ သတိထားရမှာ ဖြစ်သလို အစိုးရ အင်စတီကျူးရှင်းကို တိုးတက် ကောင်းမွန်အောင် လုပ်တဲ့အခါ သမ္မတစနစ်ရဲ့ အခန်းကဏ္ဍကို အလေးထား ဖော်ထုတ်ရမယ့် အချက်ဖြစ်ပါတယ်။

(၂)

ဒီကနေ့ လွှတ်တော်မှာ ၀န်ကြီးဌာန နှစ်ခု ထပ်တိုးတာနဲ့ ပတ်သက်ပြီး သမ္မတက သ၀ဏ်လွှာ ပို့ပါတယ်။ ပုံမှန် လုပ်ထုံးလုပ်နည်း အရဆိုရင် ထပ်တိုးမယ့် ၀န်ကြီးဌာနကို အမည် စာရင်းတင်၊ ဒါကို လွှတ်တော်က သဘောတူပြီးမှ အဲဒီမှာ ခန့်ထားမယ့် ၀န်ကြီးအမည်စာရင်းကို နောက်တဆင့် တင်သွင်းရမှာ ဖြစ်တယ်။ ဒီနေ့မှာ မြင်ရတာက (တဆင့်ပြီးမှ တဆင့် လုပ်ခြင်းထက်) တပြိုင်နက်တည်း ၀န်ကြီးဌာန အမည်ကိုရော၊ ၀န်ကြီး အမည်တွေကိုပါ လွှတ်တော် တွဲတင်ပြီး ဆုံးဖြတ်ဖို့ အဆိုပြုပါတယ်။ ဒီလို တပြိုင်နက်တည်း လုပ်ရတဲ့ အကြောင်းကို ပြည်ထောင်စု လွှတ်တော် နာယကက ပြောပေတဲ့ ဘာကြောင့်ပဲ ဖြစ်ဖြစ် အဲဒီလို အလျင်စလို မလုပ်သင့်ဘူးလို့ မြင်တယ်။ တဖက်မှာလည်း ဒီလို တပြိုင်နက် လုပ်တာကို ကြည့်ခြင်းအားဖြင့် ဆုံးဖြတ်ပြီးသား ဖြစ်တယ်၊ ပြင်ဖို့ မသင့်ဘူးလို့ ကြိုတင် သတ်မှတ်ပေးရာ ရောက်ပါတယ်။ (အခုတင်တဲ့ ထပ်တိုးအဆိုကို ဘယ်လောက် ခိုင်လုံ အကြောင်းပြချက်တွေနဲ့ ဆွေးနွေး ဆွေးနွေး၊ အာဏာရပါတီက မဲခွဲပြီး အတည်ပြုမှာပါပဲ။ ကန့်ကွက်သူ အဖျက်သမားလို့ တံဆိပ်ခပ် ခံရပါမယ်။ ဒါပေတဲ့ ပြောသင့်တာတော့ ပြောကြရပါလိမ့်မယ်)

ထပ်တိုး ၀န်ကြီးဌာန နှစ်ခုကို ကြည့်ပြန်တော့ လှေကြီးပေါ် လှေငယ် ထပ်တင်တဲ့ သဘောပဲ ဖြစ်နေပါတယ်။ အသေးစိတ် ပြန် စိစစ်ရင် အင်စတီကျူးရှင်း တခုကို ခိုင်မာအောင် လုပ်ရမယ့် အစား ဗွက်ပေါက်အောင် လုပ်လိုက်သလိုပဲလို့ ခံစားမိတယ်။

(၃)

အင်စတီကျူးရှင်း တခုဆိုတာ အိမ်အမိုး တခုလိုပဲ အမိုးပြားငယ် တခုနဲ့တခု ထပ်နေ၊ စေ့နေမှ မိုးလုံပြီး ရေစီးကောင်းမှာ ဖြစ်တယ်။ တခုပေါ် တခုထပ်ပြီး စလုံးစခု ဖြစ်နေပြီဆို မိုးလုံမှာမဟုတ်သလို ရေစီးကောင်းမှာ မဟုတ်ပါဘူး။ မိုးလုံပြီး ရေစီးကောင်းမှ ရေခံချိန်မှာ အကျိုးရမှာ ဖြစ်ပါတယ်။

အခု ထပ်တိုးမယ့် ဖွဲ့စည်းပုံအရ တခုနဲ့တခု ထပ်နေ၊ စေ့နေတာ မဟုတ်ပဲ ရှိပြီးသား တခုအပေါ် နောက်တခု ထပ်တင်တဲ့ (ပိုးပေါက်နေတဲ့ ဓနိလက်အပေါ် နောက် ဓနိ ထပ်တင်ပြီး ဖာထေးသော) ပစ်စားထိုးစနစ်ပဲ ဖြစ်တာ တွေ့ရပါတယ်။ ဓနိအမိုးနဲ့ နေဖူးသူတွေက ဒါကို ကောင်းကောင်း သိတယ်။ ပစ်စားထိုး စနစ်ဟာ တမိုးတော့ ခံနိုင်ပေတဲ့ နောက်နှစ်တွေမှာ မိုးယိုတဲ့ ဒဏ်ကို ပိုခံကြရတယ်။

နောက်ခုက ဖြစ်နေတဲ့ ပြဿနာ ခေါင်မှာလား၊ ပိုးစားနေတဲ့ ဓနိတွေမှာလား ဆိုတာ အတ္တတွေ ဖယ်ခွာပြီး ကြည့်ရမှာပါ။ ခေါင်မလုံဘဲ ပိုးစားနေတာတွေကို ပစ်စားထိုးရုံနဲ့ မိုးလုံမှာ မဟုတ်ပါဘူး။

(၄)

အစိုးရအဖွဲ့ရဲ့ ထပ်တိုးဖွဲ့စည်းပုံအရ ရှိထားပြီး ၀န်ကြီးဌာနတွေနဲ့ ထပ်တိုး ၀န်ကြီးဌာနတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်း ရှုပ်ထွေးသွားတာ တွေ့နိုင်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူး အပြင် နိုင်ငံခြားရေး ၀န်ကြီး ရာထူး၊ သမ္မတရုံးဝန်ကြီး ရာထူးတွေ ယူထားသလို တခုချင်းစီ အောက်မှာလည်း ၀န်ကြီးဌာနတွေ ရှိထားပြီး ဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အောက်မှာ အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ရှိပါတယ်။ ဒါက တချက်ပါ။

နောက်တချက်က သမ္မတ အောက်မှာ သမ္မတရုံး ၀န်ကြီးဌာန ရှိပါတယ်။ သမ္မတရုံး ၀န်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။

အစိုးရ ဖွဲ့စည်းပုံအရ ၀န်ကြီးချုပ် စနစ် မဟုတ်တဲ့အတွက် သမ္မတရုံး ၀န်ကြီးဟာ အစိုးရ အဖွဲ့ရုံး ၀န်ကြီး ဖြစ်ပြီး၊ အဲဒီ ၀န်ကြီးဌာနဟာလည်း အစိုးရအဖွဲ့ရုံး ၀န်ကြီးဌာနပဲ ဖြစ်ပါတယ်။ အခေါ်အဝေါ်သာ ကွာပြီး သဘောတရား၊ လုပ်ရတဲ့ အလုပ် အတူတူပါပဲ။

အခု နောက်ထပ် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ၀န်ကြီးဌာန ထပ်ဖွဲ့မှာ ဖြစ်တဲ့အတွက် သူ့ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုဟာ မေးစရာ ဖြစ်သွားပါပြီ။ သမ္မတရုံး ၀န်ကြီးနဲ့ အစိုးရအဖွဲ့ရုံး ၀န်ကြီးက ရာထူးတူပြီး၊ သူတို့ နှစ်ဦးအကြား တာဝန်ခွဲဝေမှုဟာ မလိုအပ်တဲ့ အပိုအလုပ်တခု ဖြစ်သွားပါတယ်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ဆိုတာလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ သူ လုပ်မယ်ဆိုတဲ့ ကိစ္စတွေဟာ နိုင်ငံခြားရေး ၀န်ကြီးဌာန လုပ်ရမယ့် ကိစ္စတွေသာ ဖြစ်ပါတယ်။ နိုင်ငံခြားရေး ၀န်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ရှိထားပြီပါလျက် သူနဲ့ အလား သဏ္ဍာန်တူတဲ့ ၀န်ကြီးဌာန နောက်တခု ထပ်ဖွဲ့စရာ လိုမယ် မထင်ပါ။

(၅)

လှေကြီးပေါ် လှေငယ်တင်ပြီး နောက်ထပ် Layer တွေ ထပ်ခွဲသလို လုပ်လိုက်တဲ့ စုဖွဲ့မှု ပုံစံအရ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရာထူးသုံးခု ယူထားပေမယ့် လုပ်ငန်း တာဝန်တွေ မနိုင်တော့ဘူး ဆိုတာ ပေါ်လွင်စေပါတယ်။ မနိုင်တော့ဘူး ဆိုရင် နိုင်နင်းမယ့်သူကို လွှဲပေးတာ၊ တာဝန်ပေးတာက ပိုပြီး လက်တွေ့ကျပါတယ်။

ဒီလို မဟုတ်ဘဲ ရှိထားပြီးသားတွေနဲ့ အလားသဏ္ဍာန် တူတဲ့ ၀န်ကြီးဌာန ထပ်တိုးတာဟာ အစိုးရ အင်စတီကျူးရှင်းကို ပိုပြီးရှုပ်ထွေး စေပါတယ်။ ကာ/လုံ မှာ တနေရာ ထိုင်ရဖို့ နိုင်ငံခြားရေး ၀န်ကြီး တာဝန်ကို ဆက်ကိုင် ထားတယ်လို့ ယူဆနိုင်စရာ ရှိပေတဲ့ ကျန်တခုက မလိုအပ်ဘူး ထင်ပါတယ်။

သို့ပေတဲ့ သမ္မတရုံး ၀န်ကြီးဌာန ရှိထားပြီးပါလျက် အစိုးရအဖွဲ့ရုံး ၀န်ကြီးဌာန ထပ်ဖွဲ့တာက ဘယ်လို ရည်ရွယ်ချက်လဲလို့ စဉ်းစား သင့်ပါတယ်။ လက်ရှိ အနေအထားအရ သမ္မတဟာ ဒေါ်အောင် ဆန်းစုကြည်ရဲ့ လူယုံ တဦးပါ။ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် မသိဘဲ ဘာ တခုမှ လုပ်မှာ မဟုတ်ဘူးလို့လည်း ယူဆနိုင်ပါတယ်။ ဖြစ်သင့် တာကတော့ အစိုးရ အဖွဲ့ရုံး ၀န်ကြီးဌာန ထပ်ချဲ့တာထက် သမ္မတရုံးဝန်ကြီး နေရာ အတွက် တဦးဦးကို တာဝန် လွှဲပြောင်း ပေးသင့်တယ်လို့ပဲ မြင်ပါတယ်။

တဆက်တည်းမှာပဲ အခုပုံစံအရ အစိုးရရဲ့ လုပ်ကိုင်ပုံ နည်းလမ်း အပေါ် ပညာရပ်ပိုင်း ဆိုင်ရာ အရရော၊ သာမန် အမြင်မှာပါ ထိုးနှက်စရာ ဖြစ်လာနိုင်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပုဒ်မ ၅၉ (စ) အတားအဆီးကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူး လုပ်လိုက်တယ်။ ဒါ ရှိနေလို့ ဒါ ဖြစ်တယ်လို့ ပြောနိုင်ပြီး အကြောင်းပြချက် ခိုင်လုံပါတယ်။

ဒါပေတဲ့ သမ္မတရုံး ၀န်ကြီးဌာန ရှိနေတယ်။ ဘာကြောင့် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ၀န်ကြီးဌာန ထပ် ဖြစ်လာသလဲ။ နိုင်ငံခြားရေး ၀န်ကြီးဌာန ရှိထားတယ်။ ဘာကြောင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ၀န်ကြီးဌာန ထပ် ဖြစ်လာသလဲ။

ဒါဟာ အစိုးရအဖွဲ့ရဲ့ မြော်မြင် လုပ်ကိုင်ပုံ၊ ထိရောက် ကောင်းမွန်ခြင်း ရှိ၊ မရှိ ဆိုတဲ့အပေါ် ပိုင်းဖြတ်တဲ့ အကဲဖြတ် မေးခွန်း ဖြစ်လာပါလိမ့်မယ်။

(၆)

အရေးကြီးတာက အတိတ်နဲ့ အနာဂတ်ရဲ့ ဆက်စပ်မှုပါပဲ။ Institutional continuity လို့ ပညာရှင်တွေက ဆိုကြမယ် ထင်ပါတယ်။ အနာဂတ်မှာ ဘယ်လိုပုံစံမျိုးနဲ့ လက်ဆင့်ကမ်းမလဲ ဆိုတာပါ။

အစိုးရ တဆက် တက်လာတိုင်း စုဖွဲ့မှု ပုံစံတခု ဖြစ်နေမယ် ဆိုရင် အစိုးရ အင်စတီ ကျူးရှင်းဟာ ငွေကုန်၊ လူပင်ပန်းတာက လွဲပြီး ဘာမှ အကျိုးထူးရဖို့ မမြင်ပါဘူး။ အင်စတီကျူးရှင်း အားမကောင်းရင် တိုင်းပြည် တည်ငြိမ်မှု ဆိုတာလည်း ရဖို့ ခက်မယ် ထင်ပါတယ်။ အရင်အစိုးရ အဆက်ဆက်ရဲ့ ဆိုးမွေ နှစ်ငါးဆယ်ကို ဆက်ခံနေရလို့ အခုလူတွေ ရုန်းကန် နေရတယ် ဆိုရင်၊ အခု လူတွေ လုပ်နေတဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေဟာလည်း နောက်လူတွေအပေါ် သက်ရောက်မှု ရှိနေမှာပါ။

ပွင့်ပွင့်လင်းလင်း ပြောရရင် အခု လုပ်ထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူးတို့၊ အတိုင်ပင်ခံရုံး ၀န်ကြီး ဌာနတို့၊ အစိုးရအဖွဲ့ရုံး ၀န်ကြီး ဌာနတို့၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ၀န်ကြီး ဌာနတွေ ဆိုတာကို နောင်တက်မယ့် အစိုးရတွေက ဘယ်လို ဆက်ထားမလဲ၊ မလိုဘူး ဆိုပြီး ဖျက်ကြမလား၊ ဒါမှမဟုတ် ဌာနတွေ ပြန်ပေါင်းကြမလား၊ ဘယ်လို နည်းနဲ့ ဆက်ခံကြမလဲ။ ဒီလို အကျိုးဆက်တွေအပေါ် ရေတိုအတွက် မဟုတ်ဘဲ အမြော်အမြင် ရှိရှိ စဉ်းစားသင့်ပါတယ်။

ဖြစ်နေတဲ့ အခြေအနေတွေအရ မြန်မာ့နိုင်ငံရေးဟာ  ပညာရေးလို အစမ်းသပ်ခံ ဖြစ်နေပြီလား၊ စိုးရိမ်စရာပါ။ တချိန်က ၀ိဇ္ဇာ၊ သိပ္ပံ ခွဲလိုက်၊ ပေါင်းလိုက်၊ ၀ိပ္ပံ ဖြစ်လိုက်၊ ပြန်ပေါင်းလိုက်၊ ခွဲလိုက်၊ စမ်းသပ်မှုတွေ ကြားမှာ ပညာရေးဟာ ခေါင်း မထောင်နိုင်အောင် ချိနဲ့ခဲ့ပီး၊ ဓားမ နောက်ပိတ် သံသရာထဲက မရုန်းနိုင်ပဲ အခုထိ တလည်လည် ဖြစ်နေရဆဲပါ။ နိုင်ငံရေးကိုလည်း ပညာရေးလို အစမ်းသပ်ခံ မဖြစ်စေချင်ပါဘူး။

အထူးသဖြင့် သမ္မတ စနစ်ကို အခြေပြုထားတဲ့ အုပ်ချုပ်မှု ပုံစံ ဖြစ်တာကြောင့် သမ္မတ စနစ်ရဲ့ အခန်းကဏ္ဍ (role of presidency) အားကောင်းဖို့ပဲ အာရုံ စိုက်သင့်တယ် ထင်ပါတယ်။ မလိုလားအပ်တဲ့ စမ်းသပ်မှုတွေက တဆင့် အကျိုးနည်းမှာကိုတော့ ဘယ်သူ့အတွက်မှ မဖြစ်စေချင်ပါဘူး။

ရေးသားသူ - ဆရာနေထွန်းနိုင်

No comments: