Friday, July 25, 2014

AIDS ရောဂါတိုက်ဖျက်ရေးမှာ နှိမ့်ချဆက်ဆံမှု အဓိက အဟန့်အတား

HIV/AIDS နဲ့ ပတ်သက်ပြီး တိုးတက်မှု ဘယ်လောက်ရှိလာပြီလဲ
သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ တနင်္ဂနွေနေ့ကစပြီး ၂၀ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ AIDS ညီလာခံကို ကျင်းပနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့မှာ AIDS နဲ့ ပတ်သက်တဲ့အကြောင်း၊ ဘယ်လောက်အထိ တိုးတက်မှုတွေရှိလာပြီလဲ ဆိုတဲ့အကြောင်းတွေကို တင်ပြပေးထားပါတယ်။ ကမ္ဘာပေါ်က လူသန်းပေါင်း ၃၅ သန်းလောက်ဟာ AIDS ရောဂါဖြစ်လာစေတဲ့ HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေ ဖြစ်ကြပါတယ်။
AIDS ရောဂါရယ်လို့ သိရှိလာတဲ့နောက်ပိုင်း AIDS ရောဂါ ဖြစ်ပွားမှုနှုန်းလျှော့ချတဲ့ လုပ်ငန်းတွေ လုပ်ဆောင်လာပြီး ဒီ၂၀၁၄ ခုနှစ် မဲလ်ဘုန်းမြို့မှာ ကျင်းပတဲ့ ညီလာခံကတော့ သြစတြေးလျအတွက်အကြီးမားဆုံးသော ကျန်းမာရေးဆိုင်ရာ ညီလာခံလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။
ဒီညီလာခံကို ကမ္ဘာတလွှားက သိပ္ပံပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ HIV ဗိုင်းရပ်စ် ကူးစက်ခံရသူတွေ တက်ရောက်နေကြပြီး စုစုပေါင်း အယောက် တစ်သောင်းကျော် တက်ရောက်မယ်လို့ မျှော်လင့်နေကြပါတယ်။
အခုအချိန်ထိ ကမ္ဘာတလွှားက လူသန်းပေါင်း ၃၀ ဟာ AIDS ရောဂါကြောင့် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း AIDS ရောဂါကြောင့် သေဆုံးသူတွေ၊ HIV ရောဂါပိုး ကူးစက်ခံရသူတွေ လျော့နည်းလာပြီး လာမယ့် ၁၅ နှစ်အတွင်း အာရှ-ပစိဖိတ်ဒေသမှာ AIDS လုံးဝ ပပျောက်သွားအောင် လုပ်ဆောင်မယ်လို့ ဆုံးဖြတ်နေကြပါတယ်။
HIV တိုက်ဖျက်ရေးမှာ ဘယ်လောက်အထိ အောင်မြင်မှု ရပြီလဲဆိုတာကို လေ့လာကြရအောင်
HIV/ AIDS ရယ်လို့ စတင်သိရှိကြတဲ့ အချိန်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က ဖြစ်ပါတယ်။ အဲဒီရောဂါပိုးဟာ အင်မတန်ကြောက်စရာကောင်းသလို၊ ကူးစက်ရလွယ်ကူတဲ့အတွက်လည်း ဒီရောဂါဆိုး ပပျောက်သွားအောင် အစွမ်းကုန် လုပ်ဆောင်လာကြပါတယ်။ အဲဒီ ရောဂါပိုးကို နားလည်ဖို့အတွက် ဘီလီယံနဲ့ချီတဲ့ ငွေကြေးတွေကို သုံးစွဲပြီး စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ကြပါတယ်။

အဲဒီလို သုတေသန ပြုစုမှုကနေတဆင့် HIV ဗိုင်းရပ်စ်ကို ဘယ်လို ထိန်းသိမ်းမလဲ၊ ရောဂါအရှိန် နှေးကွေးအောင် ဘယ်လို လုပ်ဆောင်ကြမလဲ ဆိုတာတွေအပြင် တစ်ဦးကို တစ်ဦး မကူးစက်အောင် ဘာတွေ လုပ်ဆောင်သင့်သလဲ စတဲ့ ပညာပေးအစီအစဉ်တွေကိုပါ လုပ်ဆောင်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အခုအချိန်ထိ ဒီရောဂါကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးတွေမရှိသေးပေမယ့် antiretrovirals လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်တဲ့ ဆေးတွေကိုတော့ ထုတ်လုပ်နိုင်ပြီ ဖြစ်ပါတယ်။ ဒီလို ဆေးတွေကြောင့်လည်း HIV ဝေဒနာရှင်တွေအနေနဲ့ သက်တမ်းစေ့ နေထိုင်နိုင်တာတွေ ရှိလာပေမယ့်လည်း တချို့ပိုးတွေဟာ ဆေးမနိုင်တဲ့ ပိုးတွေဖြစ်နေတဲ့အတွက် သိပ္ပံပညာရှင်တွေအတွက် စိန်ခေါ်မှုကြီး ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။

HIV ဗိုင်းရပ်စ်ပိုးရဲ့ လှုပ်ရှားပုံအကြောင်းကို လေ့လာကြရအောင်
HIV ရဲ့အရှည်ကတော့ Human Immunodeficiency Virus ဖြစ်ပြီး မြန်မာလိုကတော့ ခုခံအားကျဆင်းစေတဲ့ ရောဂါပိုးလို့ ပြောရမှာ ဖြစ်ပါတယ်။ အဲဒီ ဗိုင်းရပ်စ်ပိုးက ခန္စာကိုယ်ထဲမှာ ရှိနေရင် ကင်ဆာနဲ့ တခြားရောဂါတွေကို တိုက်ဖျက်နိုင်စွမ်းရှိမှာ မဟုတ်တော့ပါဘူး။

ပြီးတော့ ခန္စာကိုယ်အတွက် အသုံးဝင်တဲ့ သွေးဖြူဥတွေကို တိုက်ဖျက်တဲ့အပြင် ဆဲလ်တွေရဲ့ DNA ထဲ ဝင်ရောက်နေထိုင်တဲ့ရောဂါ ပိုးဖြစ်ပါတယ်။ အဲဒီလို ကိုယ်ယောင်ဖျောက် နေထိုင်နိုင်တဲ့အတွက် HIV ရောဂါပိုး ရှိတယ်ဆိုတာကို မသိကြတာဖြစ်ပြီး တခုခု ဖြစ်လာတဲ့အခါမှသာ ကိုယ်ခန္စာက တိုက်ခိုက်နိုင်စွမ်းမရှိပဲ တဖြေးဖြေး ပိုဆိုးလာတဲ့အဆင့် ဖြစ်လာတတ်ပါတယ်။
အဲဒီလို အဆင့်ရောက်တဲ့အခါ Acquired Immune Deficeiency Syndrome လို့ခေါ်တဲ့ AIDS ရောဂါအဆင့် ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အဲဒီ ရောဂါကို အကောင်းဆုံး ထိန်းသိမ်းနိုင်တဲ့ ဆေးကတော့ ARV လို့ခေါ်တဲ့ Antiretroviral ဆေးတွေဖြစ်ပါတယ်။

ဗိုင်းရပ်စ်ရဲ့ လှုပ်ရှားမှု အဆင့်အလိုက် ဆေးသောက်ရတဲ့ နှုန်းတွေကွာပြီး အဆင့် ၅ ဆင့် သတ်မှတ်ထားပါတယ်။ အဲဒီလို ဆေးဝါးတွေကြောင့် တရုတ်နိုင်ငံမှာ AIDS ရောဂါပိုးကြောင့် သေဆုံးသူ ဦးရေ ၈၀% လျော့ကျသွားပါတယ်။ ARV ဆေးတွေဟာ ဗိုင်းရပ်စ်ပိုး ပြန့်နှံ့မှုကိုပါ ကာကွယ်ပေးတဲ့အတွက် ၂၀၀၁ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း ကူးစက်မှုနှုန်း ၂၀% လျော့ကျသွားတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ဒီလို ဆေးတွေကို ဗိုင်းရပ်စ်ပိုး ရှိသူတိုင်း မရနိုင်ကြသေးပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အဆိုအရ ARV ဆေးတွေ မရရှိသေးသူ လူပေါင်း ၁၉ သန်းလောက် ရှိနေသေးတယ်လို့ ဆိုပါတယ်။

HIV အပေါ် အသာစီးမှု ရအောင် ဘာတွေလုပ်ဆောင်နေကြပါသလဲ
HIV ရောဂါပိုးကို တိုက်ဖျက်နိုင်ဖို့ အဓိက လုပ်ဆောင်ပေးတာကတော့ အောင်မြင်တဲ့ သိပ္ပံစမ်းသပ်မှုတွေပဲ ဖြစ်ပါတယ်။ ARV လို ဆေးတွေကို တီထွင်နိုင်မှု၊ ကွန်ဒုံးအစွတ်တွေကို ထုတ်လုပ်နိုင်မှုတွေကြောင့် HIV တိုက်ဖျက်ရေးကို တော်တော်လေး လုပ်ဆောင်နိုင်ကြပါတယ်။ အခုလည်း သြစတြေးလျနိုင်ငံ ဆေးဝါး ကုမ္ပဏီတခုရဲ့ တီထွင်မှုကြောင့် HIV ရောဂါပိုးကို ၉၉.၉% သတ်နိုင်စွမ်းရှိတဲ့ ကွန်ဒုံးတွေ ထွက်ပေါ်လာပေမယ့် ပြည်သူတွေကို ရောင်းချဖို့ခွင့်ပြုချက်ကိုတော့ စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။
သိပ္ပံစမ်းသပ်မှုအပြင် ပညာပေးလုပ်ငန်းတွေ၊ နိုင်ငံရေးသမားတွေရဲ့ အားပေးအားမြောက်မှုတွေ၊ ရံပုံငွေ တောင့်တင်းမှုတွေနဲ့ တခြား တက်ကြွလှုပ်ရှားသူတွေကြောင့်လည်း ရောဂါတိုက်ဖျက်ရေးမှာ အတော်လေးကို အောင်မြင်မှု ရနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကွန်ဒုံးလို ကာကွယ်ရေးပစ္စည်းတွေကို စာသင်ကျောင်းတွေအထိ ပညာပေး သင်ကြားတာတွေလုပ်နိုင်သလို ကွန်ဒုံးကို အလွယ်တကူရရှိစေနိုင်မယ့် နည်းလမ်းတွေ လုပ်ထားပေးတဲ့အတွက်လည်း ရောဂါပြန့်နှံ့မှုကို ထိန်းချုပ်တာတွေ အတိုင်းအတာတစ်ခုအထိ လုပ်နိုင်ကြပါတယ်။ ဒါ့အပြင် လူတန်းစားမရွေး အခမဲ့ ဆေးစစ်ခွင့်ပေးတာတွေကလည်း ကောင်းကျိုးတွေဖြစ်စေပါတယ်။

HIV ဗိုင်းရပ်စ်ပိုးဟာ လိင်လုပ်သားတွေကနေတဆင့် ပြန့်နှံ့နေတာလို့ ယူဆကြပေမယ့် တရားမဝင် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့်လည်း ဖြစ်နိုင်သလို လိင်တူချင်းဆက်ဆံမှုကနေလည်း အဖြစ်များတယ်လို့ ဆိုပါတယ်။ ကာကွယ်ရေးနဲ့ ကုသရေးတွေမှာ ကမ္ဘာနဲ့တဝှမ်း တိုးတက်မှုတွေ ရှိလာပေမယ့် အခုအချိန်အထိ စိန်ခေါ်မှုကြီး တစ်ခုဖြစ်နေတာကတော့ ဗိုင်းရပ်စ်ပိုးရှိသူတွေအပေါ် ခွဲခြားဆက်ဆံမှုပဲ ဖြစ်ပါတယ်။ ဒါကြောင့် အာရှ-ပစိဖိတ်ဒေသမှာဆိုရင် HIV ဗိုင်းရပ်စ်ပိုး ရှိသူတွေကို ခွဲခြားဆက်ဆံမှုတွေ မလုပ်ဖို့ ပညာပေးကန်ပိန်းတွေ အကြီးအကျယ် ပြုလုပ်နေကြပါတယ်။
HIV ရောဂါပိုး အမြစ်ပြတ်အောင် လုပ်ဆောင်နိုင်ဖို့ ဘယ်လောက် နီးစပ်လာပြီလဲ ဆိုတာကို လေ့လာရအောင်
တချိန်တခါတုန်းက လူတွေကို အင်မတန် ဒုက္ခပေးတဲ့ ရောဂါတချို့ကို လုံးဝ အမြစ်ပြတ်အောင် လုပ်ဆောင်နိုင်ခဲ့သလို တချို့ကို လုံးဝ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ပေမယ့် HIV ဗိုင်းရပ်စ်ပိုးကို အမြစ်ဖြတ်နိုင်မယ့် ဆေးကိုတော့ မတီထွင်နိုင်ကြသေးပါဘူး။ အကြောင်းရင်းကတော့ ဒီရောဂါပိုးဟာ အပြောင်းအလဲမြန်တဲ့ ရောဂါပိုးဖြစ်သလို အမျိုးအစားပေါင်း မြောက်များစွာ ရှိတဲ့အတွက် ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်တုန်းကတော့ HIV ပိုးကို ကာကွယ်နိုင်မယ့် ဆေးကို တွေ့လုနီးပါး ဖြစ်ခဲ့တဲ့အတွက် အဲဒါကို သုတသနပြုဖို့ ဒေါ်လာ သန်းပေါင်း ၈၀၀ ရာထားခဲ့ကြပေမယ့် အောင်မြင်မှု မရခဲ့ပါတယ်။ ကာကွယ်ဆေးအစား ပျောက်ကင်းအောင် ကုသနိုင်မယ့်နည်းကို ရှာဖွေကြလာကြပါတယ်။ ကလေးငယ်တစ်ဦးကို ပျောက်ကင်းအောင် ကုသနိုင်ပြီလို ကြေညာခဲ့ကြပေမယ့် မကြာခင်တုန်းကပဲ အဲဒီကလေးငယ်ကိုခန္စာထဲမှာ HIV ပိုးကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံတိုင်း နိုင်ငံတိုင်းက ပညာရှင်တွေ သုတေသနတွေ လုပ်ပြီး ကြိုးစားမယ်ဆိုရင် အောင်မြင်မှု ရနိုင်တယ်လို့ မဲလ်ဘုန်းမြို့မှာ ကျင်းပတဲ့ ၂၀၁၄ ကမ္ဘာလုံးဆိုင်ရာ AIDS ညီလာခံ ဖြစ်မြောက်ရေးဥက္ကဌ ပါမောက္ခ Sharon Lewin က ပြောသွားခဲ့ပါတယ်။

အခုလောလောဆယ်အချိန်အထိ HIV ရောဂါပိုးကို အထိ ရောက်ဆုံး တိုက်ဖျက်နိုင်တဲ့ နည်းလမ်းကတော့ HIV ပိုးရှိသူတိုင်းကို ARV ဆေးတွေ ပေးကမ်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အခုလောလောဆယ် HIV ပိုး ကူးစက်ခံရသူ ၉၅% ဟာ အတော်အတန် ချမ်းသာတဲ့နိုင်ငံနဲ့ ဆင်းရဲတဲ့ နိုင်ငံက လူတွေ ဖြစ်ကြပါတယ်။

အခုအချိန်အထိ ARV ဆေးကို ချမ်းသာသူနဲ့ ပရဟိတ အဖွဲ့တွေက ကူညီတဲ့ လူတွေကသာ ရရှိတာဖြစ်တဲ့အတွက် လာမယ့် ၁၅ နှစ်အတွင်း လူတိုင်းကို ဆေးတွေ ပေးနိုင်ရင် လုံးဝရော့ကျနိုင်တဲ့ အနေအထား ဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒါပေမဲ့လည်း HIV ကူးစက်မှုနှုန်းဟာ အင်ဒိုနီးရှား၊ သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံမှာ မြင့်တက်လာတဲ့အတွက် လူတိုင်းကို ARV ဆေးပေးဖို့ ရည်ရွယ်ချက်က ဖြစ်လာနိုင်ပါ့မလားဆိုပြီးတော့လည်း စိုးရိမ်နေကြပါတယ်။

The goal: leave no one behind

မဲလ်ဘုန်းမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာလုံးဆိုင်ရာ AIDS ညီလာခံရဲ့ အဓိက ရည်ရွယ်ချက်ကတော့ HIV ပိုး ကူးစက်ခံရတူတွေ သာတူညီမျှစွာ ကုသခွင့်ရဖို့နဲ့ ဝေဒနာသည်တွေအပေါ် ခွဲခြားဆက်ဆံတာတွေ ပပျောက်လုပ်ဆောင်ဖို့အတွက် အဓိက ရည်ရွယ်ပြီး ဆွေးနွေးပွဲတွေ ပြုလုပ်နေတာဖြစ်ကြောင်းလည်း တင်ပြလိုက်ရပါတယ်။

Radio Australia - HIV/AIDS နဲ့ ပတ်သက်ပြီး တိုးတက်မှု ဘယ်လောက်ရှိလာပြီလဲ 

HIV ဗိုင်းရပ်စ်ပိုးနဲ့ မူးယစ်ဆေး အသုံးပြုမှု သုတေသန အတွက် ထောက်ပံ့ကြေး ပေးအပ်
 HIV ဗိုင်းရပ်စ်ပိုးနဲ့ မူးယစ်ဆေးဝါး အသုံးပြုမှုတို့နဲ့ ပတ်သက်ပြီး သုတေသန လုပ်ဖို့အတွက် ပညာရှင် ငါးဦးကို အမေရိကန်နိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အသင်းက ထောက်ပံ့ကြေးတွေ ပေးအပ်ခဲ့ပါတယ်။
သြစတြေးလျ၊ ဗြိတိန်၊ အိန္ဒိယ၊ ဇင်ဘာဘွေနဲ့ အီရန်နိုင်ငံက သုတေသီ လူငယ် ငါးဦးကို အမေရိကန် ဒေါ်လာ ၇၅၀၀၀ စီ ဆုချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။
တရားမဝင် မူးယစ်ဆေးဝါး သုံးစွဲမှုဟာ တစ်ကမ္ဘာလုံး အတွက် ပြဿနာကြီး တစ်ခုဖြစ်နေပြီး မူးယစ်ဆေးဝါး သုံးစွဲမှုကနေ HIV ပိုး ပြန့်နှံ့မှုကိုပါ ဖြစ်စေနိုင် တဲ့အတွက် ဒီကဏ္ဍမှာ သုတေသနတွေ ပြုလုပ်ဖို့ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
အဲဒီ ပညာရှင် လူငယ် ငါးဦးကတော့ စိတ်ကြွဆေးပြား အသုံးပြုမှုနဲ့ HIV ဆက်စပ်ပုံ၊ ဘိန်းဖြူနဲ့ HIV ဆက်စပ်ပုံ၊ အရက်သေစာနဲ့ HIV ဆက်စပ်ပုံ အစရှိတဲ့ စာတမ်းတွေပြုစုပြီး သုတေသန ပြုလုပ်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။


AIDS ရောဂါတိုက်ဖျက်ရေးမှာ နှိမ့်ချဆက်ဆံမှု အဓိက အဟန့်အတား

လိင်တူချင်းဆက်ဆံသူတွေဟာ ရာဇ၀တ်မှု ကျူးလွန်သူတွေ မဟုတ်ဘူးလို့ သြစတြေးလျနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောလိုက်ပါတယ်။ ရောဂါ ပိုးရနေသူတွေ၊ ဝေဒနာရှင်တွေကို အမှောင်ထုထဲ ချောင်ထိုးထားလိုက်ရုံနဲ့ ရောဂါ တိုက်ဖျက်ရေး မအောင်မြင်နိုင်ဘူးလို့ အကြိမ် (၂၀) မြောက် ကျင်းပတဲ့ နိုင်ငံတကာ AIDS ညီလာခံမှာ အမေရိကန် သံအမတ် John Berry က ပြောကြားလိုက်တဲ့ အကြောင်း ဗွီအိုအေသတင်းထောက် Joe De Capua က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ HIV/AIDS ဝေဒနာရှင်တွေအပေါ် ခွဲခြားဆက်ဆံတာတွေ ရှိနေတာကြောင့် ကာကွယ်တားဆီးရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ဆက်ပြီး ရှိနေဆဲပဲလို့လည်း ညီလာခံကို တက်ရောက်နေတဲ့ အေးငြိမ်းမေတ္တာအဖွဲ့ရဲ့ စီမံကိန်းမန်နေဂျာ ကိုမျိုးမင်းထက် က ပြောပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။ ကမ္ဘာကြီးမှာ HIV/AIDS ရောဂါ တိုက်ဖျက်ရေးအတွက် အရေးကြီးဆုံးအချိန်ကို ရောက်နေပြီလို့ ညီလာခံကို တက်ရောက်လာတဲ့ သြစတြေးလျနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး John Berry က ပြောပါတယ်။

“ကျနော်တို့အနေနဲ့ အခုဆိုရင် AIDS ရောဂါကင်းတဲ့ မျိုးဆက်ရနိုင်ဖို့ လက်လှမ်းမီလုနီးပါးဖြစ်နေပါပြီ။ ဒါပေမဲ့ ဒီဦးတည်ချက်ရောက်ဖို့က ကျနော်တို့အားလုံးအတွက် အတူတကွ လက်တွဲ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ကာကွယ်စောင့်ရှောက်မှုနဲ့ ရောဂါကုသမှုအတွက် လူတိုင်း လက်လှမ်းမီစေရမှာ ဖြစ်ပါတယ်။” ဒါပေမဲ့လို့ ကမ္ဘာမှာ ဒီရောဂါပိုးကို ကာကွယ်ဖို့ ကုသဖို့အတွက် အတားအဆီး အခက်အခဲတွေဟာ အများကြီး ရှိနေတယ်လို့ သူက ဆိုပါတယ်။

“ဒီရောဂါဖြစ်နိုင်ဖို့ အလားအလာ များတဲ့သူတွေနဲ့ HIV ပိုး ရနေသူတွေကို နှိမ်ချဆက်ဆံတာ၊ HIV နဲ့ ပတ်သက်ပြီး အရှက်ရစရာအဖြစ် ထင်မြင်ယူဆကြတာတွေဟာ ဒီရောဂါ ပပျောက်အောင် လုပ်ဆောင်ရာမှာ အဟန့်အတားတွေ ဖြစ်နေပါတယ်။”
HIV ပိုး ကာကွယ်တားဆီးရေးနဲ့ ပတ်သက်လို့ လူငယ်တွေကို ပညာပေးတာ၊ သုတေသန လုပ်ငန်းတွကို ထောက်ပံ့တာ၊ HIV ပိုး ရှိနေသူတွေကို ခရီးသွားလာခွင့် ကန့်သတ်ချက်တွေကို ဖယ်ရှားတာ၊ ကူးစက်ရောဂါတွေကို တိုက်ဖျက်ရေး ကြိုးပမ်းနေတဲ့ Global Fund အဖွဲ့ကြီးကို ထောက်ပံ့တာ စတဲ့ အချက်တွေကိုလည်း အမေရိကန် သံအမတ်ကြီးက ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ လိင်တူချင်းဆက်ဆံသူတွေ၊ လိင်လုပ်သားတွေအနေနဲ့ ရောဂါပိုးကာကွယ်ရေးမှာ ခွဲခြားဆက်ဆံတာတွေကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ အေးငြိမ်းမေတ္တာအဖွဲ့ရဲ့ စီမံကိန်းမန်နေဂျာ ကိုမျိုးမင်းထက် က ပြောပါတယ်။ သူကိုယ်တိုင်လည်း လိင်တူချင်းဆက်ဆံသူတွေရဲ့ လိင်မှုဆိုင်ရာနဲ့ မျိုးစက်ပွားဆိုင်ရာ ကျန်းမာရေးဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ဆွေးနွေးခဲ့တာပါ။

“လူငယ်အမျိုးသားအချင်းချင်း ချစ်ခင်စုံမက်သူတွေလေ ပြီးတော့ကျတော့ လူငယ်အမျိုးသမီး လိင်လုပ်သားတွေ၊ ပြီးတော့ မူးယစ်ဆေး အကြောထဲ ထိုးသွင်းတဲ့လူငယ်တွေအတွက်၊ နောက်တခါ HIV ပိုး ကူးစက်ထားတဲ့ လူငယ်တွေအတွက်ရယ်ပေါ့နော် သူတို့အတွက်ကို ကျနော်က လာပြီးတော့ ဆွေးနွေးပေးတာ၊ လာပြီး ဆွေးနွေးတဲ့အထဲမှာတော့ ကျနော်တို့ မြန်မာနိုင်ငံအတွက်ဆို အဓိကက လူငယ်ပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ်ပေါ့နော် ဒီ HIV/AIDS နဲ့ ပတ်သက်လို့ရှိရင် ခွဲခြား နှိမ်ချ ဆက်ဆံမှုတွေက အခုထိ ရှိနေတုန်းပဲပေါ့။ အဲ့ဒီလို ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိနေတဲ့အကြောင်းတွေကို ကျနော်က ဒီမှာလာပြီးတော့ ဆွေးနွေးတာပေါ့နော်။” ဒါအပြင် မြို့နဲ့ဝေးတဲ့ နေရာတွေမှာ ခွဲခြားဆက်ဆံမှု အခြေအနေတွေကိုလည်း အခုလို ပြောပြပါတယ်။

“ခွဲခြားတာက ၂ မျိုးရှိပါတယ်။ ကိုယ်ကိုယ်တိုင် ခွဲခြားတာရယ်၊ လူထုကနေပြီး ခွဲခြားတာရယ် ၂ ခုရှိတယ်။ အဓိက ကိုယ်ကိုယ်တိုင် ခွဲခြားတာ အရမ်းဆိုးပါတယ်။ ကိုယ်ကိုယ်တိုင် ခွဲခြားလို့ရှိရင်တော့ ဒီ HIV ပိုးအကြောင်းကိုလည်း မသိဘူး။ ဒီ HIV ပိုးကနေပြီးတော့ ဘယ်လို ကူးစက်ပုံ ကူးစက်နည်းတွေကိုလည်း မသိတဲ့အတွက်ကြောင့် ကိုယ်ကိုယ်တိုင် ခွဲခြားနေတယ်။ ကိုယ်ကိုယ်တိုင် ခွဲခြားပြီးတော့ ဆေးဝါးကုသခံယူမှု မရှိဘူး။ အဲလိုမရှိဘဲ တချို့သေသွားတဲ့ HIV ပိုး ကူးစက်ထားသူတွေ ရှိပါတယ်။ အဓိကနယ်တွေမှာဆိုရင်တော့ ခွဲခြားနှိမ်ချ ဆက်ဆံမှုတွေ ရှိနေတဲ့အတွက်ကို အပြင်မထွက်ရဲတာမျိုးတို့၊ သူကိုယ်တိုင်က ဖွင့်မပြောရဲတာမျိုးတို့ တချို့ဆိုရင်တော့ ဘယ်နေရာမှာ ဆေးကုသမှု ခံယူရမလဲဆိုတာ လက်လှမ်းမမီတဲ့ ပုံစံမျိုး ရှိတာတွေ အဲ့လိုမျိုးလေးတွေ ရှိတယ်။”

လက်ရှိ ကျင်းပနေတဲ့ နိုင်ငံတကာ AIDS  ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း  အရှေ့တောင်အာရှမှာ ထူးခြားတဲ့ အပြောင်းအလဲတွေ ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံမှာ HIV- AIDS ကုသမှုနည်းတွေ ပြောင်းလဲလာပုံတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အပါအဝင် မြန်မာအစိုးရနဲ့ တွဲဖက်ပြီးတော့ HIV-AIDS ရောဂါ ကူးစက်ပျံ့ပွားမှု ထိန်းချုပ်ရာမှာ အပြောင်းအလဲတွေ ရှိနေတဲ့အကြောင်းကို မြန်မာအစိုးရ ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးနဲ့ UNAIDS က တာဝန်ရှိသူတွေ ဦးဆောင်ပြီး ဇူလိုင်လ (၂၃) ရက်နေ့က ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။

VOA - AIDS ရောဂါတိုက်ဖျက်ရေးမှာ နှိမ့်ချဆက်ဆံမှု အဓိက အဟန့်အတား

No comments: