Wednesday, July 25, 2012

အနုပညာရှင်တို့ချက်ပြုတ်ပေးတဲ့....စားသောက်ဖွယ်ရာ

(1) ဘူးသီးကြော်စားရအောင်လား
ဘူးသီးကြော်ကိုဘာနဲ့တွဲဖက်စားရင်ကောင်းလဲလို့ဟိုသည်လျှောက်တွေးကြည့်မိတယ်။ ကျွန်တော်တို့ရှမ်းပြည်ထွက် လက်ဖက်ခြောက် ကောင်းကောင်းပါတဲ့ လက်ဖက်ရည်ကြမ်းပူပူလေး တဖူးဖူးမှုတ်သောက်လိုက် ဘူးသီးကြော်ကြွပ်ကြွပ်ရွရွှလေးကို အချဉ်ရည်လေးတို့ကာ ကိုက်စားလိုက် ဘယ်လောက်ကောင်းထားလဲနော်။

အခု ပြန်လည်ဖော်ပြမယ့် ဘူးသီးကြော်ကို အဆိုတော်သရုပ်ဆောင် မိုးယံဇွန်က ကြော်ပေးထားတာပါ စားကြပါဦးနော်။

ဘူးသီးကြော်
ပါဝင်ပစ္စည်းများ
ဘူးသီးအသေး တစ်လုံး၊ရွှေလိပ်ပြာမှုန့်နှစ် ၁ထုပ်၊အချိုမှုန့် အနည်းငယ်၊ဆား အနည်းငယ်၊ဆီ ၃၀ ကျပ်သား
ဂျင်း(ချင်း) အနည်းငယ်၊ကြက်သွန်ဖြူ အလတ်စား ၅လုံး၊မန်ကျည်းသီး အသင့်တင့်၊နံနံပင် အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်
- ဘူးသီးကို အနေတော် လေးတွေလှီးစိတ်ထားရပါမယ်။
- မုန့်နှစ်ကို မပျစ်မကြဲ ရေကိုသင့်တော်သလောက်ထည့်ကာဖျော်ရပါမယ်။
- မုန့်နှစ်ထဲကို အချိုမှုန့်ဖြစ်ဖြစ်၊ ဆားဖြစ်ဖြစ်အနည်းငယ်ထည့်ပြီး မွှေပါ။ မုန့်နှစ်ကို ပျစ်နေအောင်ထားရင်အကောင်းဆုံးပါပဲ။ မုန့်နှစ် ပျစ်တော့မှာ ကြော်တဲ့အခါမှာ ကြော်လို့ကောင်းမယ်။ စားတဲ့အခါမှာလည်း ကြွပ်ကြွပ်လေးနဲ့ စားလို့ကောင်းတယ်။
- ဆီပူပူထဲထည့်ကြော်တဲ့အခါတော့ အရောင်ရင့်သွားတဲ့အထိမထားပဲ မုန့်နှစ်လူးထားတဲ့ ဘူးသီးစိတ်လေးတွေ ရွှေညိုရောင်နည်းနည်းသမ်း ပြီဆိုတာနဲ့ ဆယ်ယူထားသင့်ပါတယ်။

အချဉ်စပ်နည်း
စစချင်း မန်းကျည်းသီးကို ရေနွေးနဲ့စိမ်ထားတယ်။ ပြီးရင် ကြက်သွန်ဖြူကိုထောင်း၊ ဂျင်း(ချင်း)ကိုထောင်းထားပါ။ အားလုံးအသင့်ဖြစ်ပြီဆိုရင် တော့ မန်ကျည်းသီးကို အဖတ်တွေဆယ်လိုက်ပြီး ထောင်းထားတဲ့ ဂျင်း(ချင်း)နဲ့ ကြက်သွန်ဖြူထည့်ပြီးတော့ သကြားနည်းနည်းထည့်မယ်။ မွှေတာနှံ့ပြီဆိုရင် အပေါ်ကနံနံပင်လေးနည်းနည်းဖြူးလိုက်ပြီးရင်တော့ အချဉ်က ဘူးသီးကြော်နဲ့တို့စားဖို့အသင့်ဖြစ်ပါပြီ။

ကဲ..အိမ်မှာကြော်တဲ့ ဘူးသီးကြော်လေးနော်..စားကြပါဦး။

(2)ကြက်သားဟင်းကိုအမျိုးမျိုးအဖုံဖုံကြော်လှော်ချက်ပြုတ်ကြတာမှာ အခု သရုပ်ဆောင် လှအဉ္ဇလီတင့် (ချောချော) ချက်ပြုတ်ပေးတဲ့ နှင်းချယ်ရီ ကြက်သားချဉ်စပ်က အရသာတစ်မျိုးထူးပါတယ်။ စားနေကြပုံစံမျိုးမဟုတ်တော့ တော်တော်ခံတွင်းလိုက်တာကြောင့် သူငယ်ချင်း တို့လည်း ချက်ပြုတ်စားကြည့်ကြပါဦးနော်။

နှင်းချယ်ရီကြက်သားချဉ်စပ်
ပါဝင်သည့် ပစ္စည်းများ
ကြက်သား - ၅၀ကျပ်သား    ခရမ်းချဉ်သီး - ၅လုံး
ကြက်သွန်ဖြူ - အနည်းငယ်   ကြက်သွန်နီ - ၅လုံး
ငပိ - အနည်းငယ်    ငရုတ်သီးအနှစ် - အနည်းငယ်
ငရုတ်သီးစိမ်း - အနည်းငယ်  ပင်စိမ်း/ချင်း - အနည်းငယ်
ငံပြာရည်/ဟင်းချိုမှုန့် - အနည်းငယ်

အဆင့်ဆင့်ပြုလုပ်ပုံ
ပထမဦးဆုံး ခရမ်းချဉ်သီးကို ရေခန်းလေးပြုတ်ပြီး အခွံကိုခွာ၍ နုပ်နုပ်စဉ်းထားပါ။ ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်၍ ချင်း၊ကြက်သွန် ဖြူ၊နီ များကို ထည့်၍်ဆီသတ်ပါ။ ငရုတ်သီးအနှစ်နှင့် မျှင်ငပိကို ထည့်၍ဆီနာနာလေး သတ်ပေးပါ။ ထို့နောက် ပင်စိမ်းရွက်အနည်းငယ် ထည့်ပါ။ အရောင်ရဲ၍ အနံ့မွှေးလာလျှင် ကြိတ်ထားသော ငရုတ်သီးအစိမ်းများကိုထည့် ပါ။ အသင့်နယ်ထားသော ကြက်သားတုံးလေး များကို အိုးထဲ သို့ထည့်ပါ။ နုပ်နုပ်စဉ်းထားသော ခရမ်းချဉ်သီးများကိုဆက်၍ ထည့်ပြီး မွှေပါ။ ဆူလာသည်အထိ ရေနွေးထည့်၍ ခဏထား ပါ။ အသားများနူး ၍ အိသွားလျှင် အပေါ့၊အငံ မြည်း၍ အသင့် သုံးဆောင်နိုင်ရန် ပန်းကန်ပြားတစ်ချပ်ထဲသို့ ငှက်ပျောဖက်လေးခင်း၍ ချက်ထားသော ကြက်သားချဉ်စပ်ဟင်းကို ထည့်ပါ။ အစပ်ကြိုက်သူများအနေဖြင့် သီးသန့် စားနိုင်ရန် ဘေးပတ်ပတ်လည်တွင် ငရုတ်သီး ကွင်းလေးများကို အစီအရီထည့်၍ သုံးဆောင်နိုင်ပါပြီ။

(၃) ရှမ်းပြည်ဖက်က အနုပညာရှင်လေးတစ်ယောက်က အိမ်မှာအလွယ်တကူပြုလုပ်စားလို့ရမယ့် ရှမ်းခေါက်ဆွဲကိုပြင်ဆင်ကျွေးတာစားဖူး ပါတယ်။ အရသာကမဆိုးပါဘူး။အိမ်မှာလုပ်စားကြည့်ကြပေါ့နော်။

ရှမ်းခေါက်ဆွဲ ပြုလုပ်နည်း
ပါဝင်သောပစ္စည်းများ -
(၁) ကြက်သား(သို့)၀က်သား - ၅၀ သား
(၂) ရှမ်းခေါက်ဆွဲခြောက် (အစီး/အဖွယ် ကိုယ်ကြိုက်နှစ်သက်ရာ) - ၂စီး
(၃) ဂျုံခေါက်ဆွဲ - ၁၀ သား
(၄) ဘဲဥ - ၂လုံး
(၅) ဆီတို့ဟူး - ၁တုံး
(၆) ပဲပုပ် - အနည်းငယ်
(၇) ငရုတ်ကောင်းမှုန့် - အနည်းငယ်
(၈) ရှောက်တကောပါကော်မှုန့် - အနည်းငယ်
(၉) ကြက်သွန်မိတ်၊ နံနံပင် - အနည်းငယ်

အဆင့်ဆင့်ပြုလုပ်နည်း
ရှမ်းခေါက်ဆွဲခြောက်ကို တစ်နာရီခွဲလောက် ကြိုတင်ရေစိမ်ထားပါ။ ကြက်သား(သို့)၀က်သားကို ရေနွေးပွက်ပွက်ဆူတွင် ထည့်ပြုတ်ပါ။ အသားနူးအိပါက ဆယ်၍နွှင်ထားပါ။ ဘဲဥကို မွှေခေါက်၍ ဒယ်အိုးပြားတွင် ဆီအနည်းငယ်သာထည့်ကြော်ပြီး လိပ်၍ ပါးပါးပြန်လှီးပါ။ ဆီတို့ဟူးကို ရေနွေးနည်းနည်းဖြင့် ရေဖျော်ထားပါ။ ဂျုံခေါက်ဆွဲကို ဆီများဖြင့် အကြွပ်ကြော်ပါ။ ပါဝင်ပစ္စည်းများ အဆင်သင့်ဖြစ်လျှင် ခေါက်ဆွဲကို ရေနွေးဖြင့် အနေတော်ဖြော၍ ပြင်ဆင်ထားသော ဟင်းအမယ်များကို စုံလင်စွာထည့်၍ သုံးဆောင်နိုင်ပါသည်။

(တစ်ပွဲစာစီခန့်မှန်းထည့်ပြီးပြင်ဆင်စားသောက်ကြတာပေါ့)

ဝက်ခေါက်ကြော်၊ တို့ဟူးကြော်၊ မုန့်ညင်းချဉ်တို့ မုန်လာဥဖြူချဉ်တို့နှင့် ပြီးတော့ ကြက်ရိုးပြုတ်ရည်နံနံခတ်ပြီး တွဲဖက်စားသောက် လိုက်ရင်တော့ အရမ်းဂွတ်မယ်ထင်ပါတယ်။

(4) ဒီတစ်ခါ အဆိုတော်သရုပ်ဆောင်ဆရာဝန်မလေး ချစ်သုဝေက ၀ါတွင်းကာလသက်သတ်လွတ်စားသူများအဆင်ပြေဖို့ ချက်ပြထားတဲ့ ဟင်းအတွဲအစပ်လေးကိုပြန်လည်ဖောက်သည်ချပါရစေ။

သက်သက်လွတ် ပဲကုလားဟင်း
ပါဝင်ပစ္စည်းများ
ပဲစင်းငုံ - ၁၀ ကျပ်သား
ဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း
ဒန့်သလွန်သီး - ၄ တောင့်
ကြက်သွန်ဖြူ/နီ - ၂လုံး
မုန်လာဥဖြူ - ၁၀ ကျပ်သား
အာလူး - ၁၅ ကျပ်သား
ဘူးသီး - တစ်စိပ်
ပဲသီး (ပဲတောင့်ရှည်) - ၁၅ ကျပ်သား
ဂေါ်ရခါးသီး - ၁ လုံး
မန်ကျည်းမှည့် - အနည်းငယ်
ဆား - အနည်းငယ်
ဟင်းခတ်မှုန့် - အနည်းငယ်
ငရုတ်သီးခွဲခြမ်း - အနည်းငယ်
ပျဉ်းတော်သိမ် (ဆီသတ်ရွက်) - အနည်းငယ်

ချက်ပြုတ်နည်း
ပဲစင်းငုံကို ရေဆေးပြီး ရေစိမ်ထားလိုက်ပါ။ ပြီးလျှင် နူးသွားအောင် ပေါင်းအိုးနှင့်ပေါင်းပြီး သတ်သတ်ဖယ်ထားပါ။ အထက် ပါအသီးအနှံများကို အခွံနွှာ၍ သင်ထားပါ။
ပထမဆုံး အိုးထဲသို့ ဆီထည့်ပြီး ပူလာလျှင် ကြက်သွန်ဖြူ/နီကို ဆီသတ်ပါ။ ပြီးလျှင် ငရုတ်သီး ခွဲခြမ်းထည့်ပါ။ အရောင် လေးရဲပြီး အနံ့လေးမွှေးလာရင် အိုးထဲက ခဏဖယ်ထားပါ။ အိုးထဲမှာ ဆီသတ်ပြီး ကျန်တဲ့ထဲကို ပြုတ်ထားတဲ့ ပဲကိုထည့်ပါ။ အရင်ဆုံး မာပြီးမကျက်နိုင်မဲ့ မုန်လာဥဖြူ၊ ဒန့်သလွန်သီး၊ ဂေါ်ရခါးသီး၊ အာလူးနဲ့ ခရမ်းသီးများကိုထည့်ပါ။ ပြီးလျှင် ရေ နည်းနည်းထည့်ပြီး အုပ်ထားပါ။ နူးလောက်ပြီဆိုလျှင် နူးလွယ်တဲ့ ပဲသီး၊ ဂေါ်ဖီ၊ရုံးပတေသီး၊ ဘူးသီးများကို ထည့်ပြီး၊ မန်ကျည်းရည်ထည့်ပါ။ ပြီးလျှင် သတ်သတ်ဖယ်ထားသော ကြက်သွန်နှစ်များကို ထည့်အုပ်ပါ။ ချခါနီးမှာ မဆလာ၊ ငရုတ်သီးတောင့်ရှည့်၊ ဟင်းခတ်မှုန့်များထည့်၍ အပေါ့အငန် မြည်းပြီးသုံးဆောင်နိုင်ပါပြီ။

သတ်သက်လွတ် ငံပြာရည်ချက်
ပါဝင်ပစ္စည်းများ
ဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း
မြေပဲ - ၂၀ကျပ်သား
ပဲငံပြာရည်အကြည် - အနည်းငယ်
ငရုတ်သီးခွဲခြမ်း - အနည်းငယ်
ကြက်သွန်ဖြူ - ၂ လုံး
ကြက်သွန်နီ - ၁လုံး
ဟင်းခတ်မှုန့် - အနည်းငယ်
ဆား - အနည်းငယ်

ဒယ်အိုးထဲသို့ ဆီထည့်ပြီး ပါးပါးလှီးသော ကြက်သွန်နီကို ဆီသတ်ပါ။ ပြီးလျှင် ထောင်းထားတဲ့ ငရုတ်သီးခွဲခြမ်းကိုထည့်ပါ။ အရောင်ရဲပြီး အနံ့မွှေးလာလျှင် မြေပဲထောင်းထားတာကို ထည့်ပြီးလုံးပါ။ နည်းနည်းကြာလျှင် ပဲငံပြာရည်အကြည်ထည့်ပါ။ ပြီးလျှင် အပေါ့အငန်မြည်း၍ သုံးဆောင်လို့ရပါပြီ။ ချက်ရတာလွယ်ကူတဲ့ သတ်သက်လွတ်ဟင်းလေးတစ်ခွက်ပါ။
ဝါတွင်းမှာ သတ်သက်လွတ်စားမည့်သူများအတွက် ရည်ရွယ်ပြီး ချက်ထားတဲ့ဟင်းနည်းလေးဖြစ်ပါတယ်။

စာကြွင်း။ သူတို့လည်းဟင်းချက်တတ်ကြတယ်နော်။ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ‘ကောင်းကောင်းစားချင်ရင် ကောင်းကောင်း ချက်တတ်ရတယ်’ လို့ပြောပြနေကြသလိုပါပဲ။

Credit: မြင်ကွင်း မဂ္ဂဇင်း

No comments: