Tuesday, July 24, 2012

ချစ်ကြိုးလေးတစ်မျှင် ပြန်ဆက်ဖို့...



လူတစ်ဦးတစ်ယောက်ရဲ့ဘ၀မှာ အခက်အခဲဆုံး အလုပ်ကတော့ ပြတ်တောက်သွားတဲ့ အချစ်ရေးတစ်ခုကို ပြန်ဆက်ရတာ ပါပဲ။ ကဗျာဆန်ဆန်ပြောရရင်တော့ 'ချစ်ကြိုးလေးတစ်မျှင် ပြန်ဆက်ရေး'ပေါ့။အချစ်ရေးတစ်ခုအဆုံးသတ်သွားပြီဆိုရင် ပုံမှန်အတိုင်း ပိုပြီးနီးနီးကပ်ကပ် နှလုံးသားချင်း ထပ်တူပုံအပ်ထားခဲ့ရင် ခံစားရတဲ့ နာကျင်မှုက ပိုပြီးနက်ရှိုင်းမှာအမှန်ပဲ ပေါ့နော်။ 

ပြတ်တောက်ကွဲကွာခဲ့ရတဲ့ အချစ်ရေးတွေကို ဘယ်လိုပြန်တည်ဆောက်မလဲ၊ ချစ်ကြိုးလေးတစ်မျှင် ဘယ်လိုပြန်ဆက်မလဲ ဆိုတာကို ဆွေးနွေးကြည့်ရအောင် သူငယ်ချင်းတို့ရေ။ တစ်ခုရှိတာက ပြတ်တောက်သွားတဲ့ အချစ်ရေးတစ်ခုမှာ ပါဝင်တဲ့ သူတိုင်းဟာ ကွဲကွာရခြင်း ဒဏ်ရာပြဿနာတွေကို ကုစားနိုင်မယ်ဆိုရင် သူတို့ရဲ့အချစ်ရေးတွေကို အသစ်တစ်ဖန်ပြန် တည်ဆောက်နိုင်မယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ အချိန်ယူကောင်းယူရပါမယ်။ ဒါပေမဲ့ ရလဒ်ကတော့ အချိန်ပေး၊ ကြိုးစားရကျိုးနပ်ပါလိမ့်မယ်လို့။

ဒဏ်ရာကုစားဖို့အတွက် အခက်အခဲအတားအဆီးများ
ပြတ်တောက်သွားတဲ့ အချစ်ရေးတွေကို ပြင်ဆင်မွမ်းမံဖို့ မဆွေးနွေးခင် ကျွန်မတို့ဟာ ဘာတွေက ပထမဆုံး အတားအဆီး တွေလည်းဆိုတာ ဆွေးနွေးရမှာပါ။

(၁) မာန
ဒါလေးကိုတော့ ပထမဆုံးနေရာပေးပြီး ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ မာနထားတာဟာ ပြိုကွဲသွားတဲ့ အချစ်ရေး တစ်ခု ပြန်လည်ထူထောင်ရေးမှာ အကြီးမားဆုံးနဲ့ ဖြစ်လေ့ဖြစ်ထအရှိဆုံး အခက်အခဲအတားအဆီး တစ်ရပ်မို့ပါ။ ကျွန်တော့်ကိုယ်တွေ့မှာလည်း သူငယ်ချင်းတစ်ဦးကို မာနတွေတက်ပြီး လမ်းခွဲခဲ့ဖူးတာရှိတယ်။ 

နိဂုံးချုပ်ပြန်စဉ်းစားကြည့်တော့ အပြစ်တင်စရာဆိုလို့ သူရော၊ ကျွန်မမှာပါ ဘာမှမယ်မယ်ရရမရှိခဲ့ဘူး။ ကျွန်မတို့ကို ကိုယ့် အမှားကိုယ်တာဝန်ယူဖို့ ခက်ခဲစေခဲ့တာဟာ မာနတရားပဲဆိုတာ သိခဲ့ရတယ်။ ဒါကြောင့် မာနကလူတွေကို တစ်ကွဲစီ ကွဲပြားစေတယ်ဆိုတာ သိထားပါ။ ကျွန်တော်တို့ထင်တာကလည်း အမှားလုပ်မိလို့အဲဒါကို မှားပါတယ်လို့ အခြားသူတွေ ကို ၀န်ခံလိုက်ရင်ကိုယ်တော့ ရှုံးပြီလို့တွေးထင်တတ်ကြတာကိုး။ ဒါပေမဲ့ မာနကိုမျိုသိပ်ပြီး အမှန်ကိုဝန်ခံတာဟာ ကိုယ့် အတွက်ရော၊ သူ့အတွက်ပါ အမြင်ရှင်းလင်းစေတာအမှန်ပါ။ အချစ်ရေးတစ်ခုမှာ မာနဘေးဆိုတဲ့ အတားအဆီးကို ကျော်လွန်ဖို့ လျှို့ဝှက်ဖော်မြူလာနည်း မရှိဘူး။ ရေကူးတတ်ချင်သူအဖို့ ရေထဲအရင် ခုန်ချကူးခတ်ရသလိုမျိုးပဲ။ မာန တရားကို အနိုင်ရချင်ရင် သူ့ကိုရဲရဲရင်ဆိုင်၊ ပပျောက်အောင် သတိရှိရှိသာကြိုးစားပါ။ ဒါမှမဟုတ်ရင်တော့ သင်တကယ် ရှုံးတာပါ။

(၂)အချိန်
အချိန်ဆိုတာ အကောင်းဆုံးသမားတော်တဲ့။ တချို့ကပြောတယ်။ အဲဒါတစ်ဝက်ပဲမှန်ပါတယ်။ ဆိုလိုတာက ကျွန်မတို့ဟာ အချိန်ကြာကြာ ပိုစောင့်လေလေ၊ ပြိုကွဲသွားတဲ့ ဆက်ဆံရေးကို ပြန်တည်ဆောက်ဖို့ ခက်ခဲလေလေပါပဲ။ ရှင်ပေါလုက အက်ဖီဆီယန်ကျမ်းစာမှာ '....သင်အမျက်ထွက်နေဆဲ၌ပင် နေမ၀င်ပါစေလေနှင့်' လို့လာရှိတယ်။ 

သူဆိုလိုတာက ပြဿနာတစ်ခုကိုဖြေရှင်းဖို့ အချိန်မဆိုင်းနဲ့။ ဒေါသထွက်နေရင် ဒေါသကို မြန်မြန်ငြှိမ်းသတ်လို့ သတိပေးတာပါပဲ။ သင်ဟာပြိုကွဲသွားတဲ့ အချစ်ရေးဒဏ်ရာကို မြန်မြန်ကုစားလေ အနာပိုသက်သာလေ၊ အချစ်ရေးပြန်တည်ဆောက်ဖို့ အခွင့်သာလေပါပဲ။အချိန်ဆိုတာ ကျွန်တော်တို့ကို ကြာလေဝေးလေဖြစ်အောင် ပြုစားတတ်ပါတယ်။ ပြဿနာဖြစ်ဖြစ်ချင်း လူတစ်ယောက် ဘာလိုအပ်ခဲ့တယ်ဆိုတာကို သတိမေ့စေပါတယ်။ ဒီတော့ အချိန်ကြာလာတာနဲ့အမျှ ပြဿနာဟာ ခါးသီးစရာ၊ အကျယ်ချဲ့စရာဖြစ်လာတတ်ပါတယ်။

(၃) မှားယွင်းတဲ့အသံတွေ
ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ ဘ၀မှာ အသံတွေမျိုးစုံကြားနေရတာပါ။ မီဒီယာက အကြံပေးတဲ့အသံတွေ၊ အိမ်နီးချင်း ကပေးတာတွေ၊ အလုပ်ခွင်ကရတာတွေ၊ ပြီးတော့ ကိုယ့်စိတ်အတွင်းထဲက ပေါ်လာတဲ့အသံတွေ။ ဒီမှာ ကျွန်တော်သတိပေး လိုတာကတော့ မှားယွင်းစွာ မြှောက်ပင့်တဲ့။ လမ်းမှားရောက်စေနိုင်တဲ့ အသံမျိုးတွေကို နားမယောင်မိဖို့ပါ။ တစ်ခါတလေ ကျရင် ကျွန်တော်တို့ရဲ့အချစ်ရေးတွေဟာ တအားကြီးခိုင်မာလွန်းတာမဟုတ်ပေမဲ့ မပျက်စီးနိုင်သေးဘူး။ ဒါပေမဲ့ စကား အမှားတွေ၊ မြှောက်ပေးတာတွေ နားထောင်မိရင်တော့ ပျက်စီးတတ်တာ သတိချပ်စေချင်ပါတယ်။ ဒါကြောင့် အသံတွေ ကိုလည်း ရွေးချယ်စဉ်းစား နားထောင်တတ်ပါစေ။

(၄) အချစ်ရေးတည်မြဲဖို့ အာမခံလိုစိတ် မရှိတာ
ဒီစိတ်ကလည်း အတားအဆီးတစ်ရပ်ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်ကြတယ်။ ဒါပေမဲ့ ကိုယ့်အချစ်ရေး တည်မြဲလိုစိတ် နည်းပါးတာ။ အာမခံချက်မပေးလိုတာဟာ သည်းခံစိတ်နည်းပါးတာကို ပြသတာပါပဲ။ ဒီကိစ္စမှာ အချစ်ဟာ ပထမ၊ သည်းခံစိတ်က ဒုတိယ။ ဒါပေမဲ့ ဒီနှစ်ခုတွဲထားမှ လိုင်မြဲတဲ့ အချစ်ရေးဖြစ်တာကို သဘောပေါက်သူ နည်းပါးဆဲပါပဲ။

ကွဲအက်သွားတဲ့ အချစ်ရေးကို ပြန်လည်ဖာထေးရေး ခြေလှမ်းအဆင့်များ
ချစ်ကြိုးလေးတစ်မျှင် ပြန်ဆက်ဖို့ အချက် (၆)ချက်လောက်တော့ စဉ်းစားမိပါတယ်။ အဲဒါတွေကိုလည်း ဝေမျှပေးချင် ပါတယ်။

(၁) ကွဲကွာရခြင်းအကြောင်းအရင်းမှန်ကိုသိနားလည်ခြင်း
လူတော်တော်များများဟာ အချစ်ရေးမှာ ကွဲကွာရခြင်းအကြောင်းအရင်းမှန်ကို ပြန်တွေးတာ နည်းလှတယ်။ မတွေးမိအောင် လည်း ခုနကတင်ပြခဲ့တဲ့ အချက်တွေက ပိတ်ကာဆီးနေမှာပါ။ ဒါကြောင့် ပြဿနာတစ်ရပ်ဖြစ်လာရင် နှစ်ဦးသားဆက်ဆံ ရေးကို ပျက်စီးစေတဲ့ ရင်းမြစ်ဟာ ကိုယ့်ဆီက စတင်သလား အရင်နားလည်အောင် ကြည့်ပါ။

(၂) ကိုယ့်ကိုယ်ကို နှိမ့်ချမှု
ကိုယ်ဟာ ပြဿနာရဲ့ ရင်းမြစ်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ နှိမ့်ချမှုမှမရှိရင် ကွဲအက်သွားခဲ့တဲ့ ဆက်ဆံရေးကို ဘယ်လိုပြန်ဖာထေးမလဲ။ ရမှာမဟုတ်ပါဘူး။ ဒါကြောင့် နှိမ့်ချမှုဟာ အမှားဝန်ခံဖို့အတွက် အဓိကလိုအပ်ချက်ဖြစ်ပါတယ်။ တကယ်လည်း သင့်ဘက်က အမှားဝန်ခံတာကို ကြိုးစားလုပ်ဆောင်နိုင်ခဲ့ရင် ဆုလာဘ်က ထင်တာထက် ပိုကြီးမားတယ် ဆိုတာ သတိထားမိလာပါလိမ့်မယ်။

(၃) သည်းခံနိုင်မှု
ဒါလည်း မရှိမဖြစ် လိုအပ်ချက်ပါ။ အချစ်ရေးပြိုကွဲသွားတာဟာ တစ်ညတည်း ၀ုန်းဒိုင်းဖြစ်လေ့ရှိတာ မဟုတ်ပါဘူး။ ဒါကြောင့် ပျက်ယွင်းသွားတဲ့ အချစ်ရေးတစ်ခုကိုလည်း တစ်ညထဲမှာ ပြန်မတည်ဆောက်နိုင်ပါဘူး။ အနာကျက်ဖို့ သည်းခံ စိတ်ရှည်ရပါမယ်။ အခြားတစ်ဖက်က ပေါင်းစည်းရေးအတွက် ဆန္ဒမရှိနေတာတောင်မှ ကိုယ့်ဘက်ကသည်းခံမှုရှိရင် မာန တွေအရည်ပျော်စေနိုင်ပါတယ်။ ကိုယ့်အချစ်ကို မြဲမြဲဆုပ်ကိုင်ပါ။ တစ်ဖက်သားကိုလေးစားပါ။ သည်းခံနိုင်မှုက တစ်ဖက်ကို ကိုယ့်အပေါ်နားလည်မှုဖြစ်စေတဲ့ မြစ်ဖျားဆိုတာ မမေ့ပါနဲ့။

(၄) ပွင့်ပွင့်လင်းလင်းပြောခြင်း
ပြဿနာတိုင်းမှာ ပွင့်လင်းစွာပြောခြင်းဖြင့် ဖြေရှင်းနိုင်တာတွေ့ရတယ်။ ပထမဆုံးအပြန်အလှန် အပြစ်တင်မှုကာလလွန် မြောက်သွားရင် ပွင့်လင်းစွာပြောဆိုနိုင်တဲ့ ကာလရောက်လာပါလိမ့်မယ်။အဲဒီကမှတစ်ဆင့်သာ ဖြေရှင်းရေးလမ်းကြောင်း ပေါ်မယ်။ ကျွန်တော်တို့ဟာ ပြဿနာတွေအတွက် အပြန်အလှန် လက်ညှိုးထိုးလေ့ ရှိတယ်။ ဒါမှအမှန်ပေါ်လာမယ် ထင် တတ်ကြတယ်။အဲဒါမှားပါတယ်။ ပြဿနာတွေဟာ သူ့ကြောင့် ကိုယ့်ကြောင့်ပါ တည်ရှိနေတာပါ။ ကိုယ်ဘာမှားနေသလဲ ရှာကြည့်ပါ။ တွေ့ရင် ပွင့်လင်းရိုးသားစွာ ၀န်ခံကြည့်ပါ။ ဒါဆိုပြန်လည်ပေါင်းစည်းရေး လမ်းစပွင့်လာမှာပါ။

(၅) ခွင့်လွှတ်ခြင်း
ဒီကိစ္စကလည်း တစ်ဖက်ထဲက လုပ်လို့မရပါဘူး။ နှစ်ဖက်ပူးပေါင်း လုပ်ရတာပါပဲ။ ဒါပေမဲ့ သူမစတင်သေးခင် ကိုယ်က အရင်စတင်ပါ။ ခါးသီးမှုက ကိုယ်တို့ကြားမှာ အမြစ်မတွယ်ပါစေနဲ့။ ခွင့်လွှတ်ဖို့ လိုအပ်တယ်ဆိုရင် ခွင့်လွှတ်ပါ။ ကိုယ် ကပိုကောင်းတယ်လို့လည်း မတွေးပါနဲ့။အဲဒီစိတ်က ခွင့်လွှတ်ချင်တာကို ဖျက်ဆီးတတ်တယ်။ကိုယ်လည်း မှားနိုင်တယ် လို့တွေးတာ ခွှင့်လွှတ်ဖို့အတွက် လမ်းစကိုရောက်ရှိတာပါ။ 

ခွှင့်လွှတ်ခြင်းဖြစ်တည်ရင် ကျေအေးလာမယ်။ ဒါဆို ဆက်ဆံရေးတစ်ခုလုံး အသစ်ကပြန်စနိုင်ပါမယ်။

(၆) ဖြေရှင်းချက်ကို လက်တွေ့ကျင့်သုံးခြင်း
ကိုယ်တွေရဲ့ ဆက်ဆံရေးဘာကြောင့် ပျက်ယွင်းခဲ့ရလဲ။ နှစ်ယောက်စလုံး နာကျင်မှုကိုယ်စီရအောင် ဘာတွေလုပ်ခဲ့မိလဲ။ တစ်ဦးနဲ့တစ်ဦး နှုတ်အား၊ ကိုယ်အားဖြင့် ခါးသီးအောင် စော်ကားပြုမူခဲ့တာတွေ ရှိလား။ 
သစ္စာဖောက်ခဲ့လို့လား။ ပြဿနာ တွေ ဖြေရှင်းဖို့ အဆုံးသတ်စဉ်းစား ဖြေရှင်းချက် ထွက်လာပြီဆိုရင် မျှော်လင့်ချက်အပြည့်နဲ့ ကျင့်သုံးဆောင်ရွက်ပါ။ မျှော်လင့်ချက်ကို လက်မလျှော့လိုက်ပါနဲ့။ ကိုယ့်အချစ်ကို အမြဲပဲခိုင်မာအောင် သက်သေပြပါ။ ဖြေရှင်းချက်တိုင်းဟာ လက်တွေ့ကျင့်သုံးဖို့ဖြစ်ပါတယ်။ အဖြေတိုင်းဟာ ကြိုးစားရှာဖွေပြီးမှ ရလာတာပါ။ အလဟဿလွှင့်ပစ်ဖို့ မဟုတ်ပါဘူး။ တိတိကျကျလိုက်နာကျင့်သုံးပါ။ ပြတ်သွားတဲ့ ချစ်ကြိုးလေးတစ်မျှင် ပြန်ဆက်ဖို့ သင့်အပေါ်မှာပဲ မူတည်နေတာပါလေ။

No comments: