ကျမစာသင်ခဲ့တဲ့ ပေါ်လီတက္ကနစ်မှ ကျောင်းသား ကျောင်းသူတချို့က ဘယ်လိုအလုပ်အကိုင်ကို သူတို့ စိတ်ဝင်စားလဲ၊ သူတို့အတွက် သင့်တော်လဲဆိုတာတွေ ဘယ်လိုသိနိုင်မလဲဟု မေးလေ့ရှိသလို၊ သူတို့ တကယ်စိတ်ဝင်စားသော အလုပ်အကိုင်နှင့် လက်ရှိတက်နေသောလိုင်းတို့ ကွဲလွဲနေတာ ဘယ်လိုလုပ်ရမလဲဟုလည်း အကြံဥာဏ်တောင်းလေ့ရှိသည်။ တကယ်တော့ အဲဒီမေးခွန်းမျိုးကို ဘ၀ရဲ့ အချိန်အပိုင်းအခြားတခုမှာ ကျမတို့ အားလုံး မေးဖူးကြမည် ထင်သည်။
ဘယ်လိုလိုင်းကို သင်ယူမလဲ
အထူးသဖြင့် ငယ်ရွယ်စဉ်အချိန်မှာ ကျမတို့ ကြီးရင် ဘာလုပ်ချင်တယ်ဆိုတဲ့ အတွေးအပေါ် ကျမတို့ ပတ်ဝန်းကျင်က သက်ရောက်မှု ရှိတတ်သည်။ မိဘတွေဖြစ်စေချင်သော၊ ကိုယ့်အသိုင်းအ၀ိုင်းမှာ ဂုဏ်ရှိသော၊ ကိုယ့်သူငယ်ချင်းအများစု ရွေးချယ်ကြသော လိုင်းမျိုးကို ရွေးချယ်လေ့ရှိသည်။ ကျမကြီးပြင်းခဲ့သော အသိုင်းအ၀ိုင်းမှာ ဆရာဝန်၊ အင်ဂျင်နီယာဖြစ်မှ ဘ၀တက်လမ်းကောင်းမည်ဟု သတ်မှတ်ထားကြသည်။ ထို့ကြောင့် သွေးမြင်ရင် ကြောက်တတ်သော ကျမက ဆရာဝန်လုပ်ဖို့ စိတ်မပါခဲ့သော်လည်း၊ အင်ဂျင်နီယာဖြစ်ဖို့ကိုတော့ စိတ်အားထက်သန်ခဲ့သည်။
တကယ်တော့ ရွေးချယ်နိုင်ခွင့်ရှိဖို့ကလည်း အရေးကြီးသည်။ ဘယ်လိုင်းကိုရတယ်ဆိုတာ စာမေးပွဲရလဒ်ပေါ် မူတည်နေသော ပညာရေးစနစ်အောက်တွင် ကိုယ်ကြိုက်တာ ရွေးချယ်နိုင်ဖို့ ပထမအဆင့်က အောင်မှတ်ကောင်းဖို့ လိုအပ်သည်။ ဒါမှမဟုတ်ရင်တော့ ရွေးချယ်ခွင့်တောင်မရဘဲ ရရာလိုင်းကိုသာ ယူကြရမည်။
နှစ်စဉ်နှစ်တိုင်း စင်္ကာပူနိုင်ငံသားများ ပေါ်လီတက္ကနစ်ဝင်ခွင့် လျှောက်လွှာတင်သောအခါ သူတို့ GCE “O” Level ရမှတ်ကို သုံးကြရသည်။ ကျမတို့ ဆရာ ဆရာမများက လျှောက်လွှာလာတင်သော ကျောင်းသားများကို ဘယ်လိုင်းကို လျှောက်ရင် သင့်တော်မလဲ၊ ဘယ်လိုင်းက အောင်ပြီးရင် ဘယ်လိုအလုပ်မျိုးတွေရလဲ ဆိုတာမျိုး ရှင်းပြရသည်။
ရမှတ်အလွန်နည်းသော ကျောင်းသားများက သူတို့စိတ်ဝင်စားတာ၊ ဘယ်လိုအလုပ်မျိုး သူတို့နှင့် သင့်တော်နိုင်မယ်ဆိုတာတွေကို မစဉ်းစားနိုင်ကြ။ သူတို့ရထားသော အမှတ်စာရင်းကိုပြခါ၊ ဒီလိုအမှတ်မျိုးတွေနဲ့ ဘယ်လိုင်းကို ရနိုင်မလဲဆိုသော မေးခွန်းကိုသာ မေးကြရှာသည်။ သူတို့အတွက်က ပေါ်လီတက္ကနစ်မှာ ၀င်ခွင့်ရပြီး၊ ဒစ်ပလိုမာတခုရဖို့က အဓိက ဖြစ်နေသည်။
မြန်မာနိုင်ငံမှ တချို့ကျောင်းသား ကျောင်းသူ များအတွက်လည်း ပေါ်လီတက္ကနစ်မှာ ကိုယ်က ပထမစိတ်ကြိုက်အဖြစ် ရွေးချယ် လျှောက်ထားသောလိုင်း မရဘဲ၊ တခြားလိုင်းကိုရလျှင် ယူလိုက်ကြတာများသည်။ ကိုယ်ရရာလိုင်းကို တက်တာက အမှားတခုတော့ မဟုတ်ချေ။ အထူးသဖြင့် ပေါ်လီတက္ကနစ်တက်သော ဆယ်ကျော်သက် အရွယ်တွင် ကျောင်းသား ကျောင်းသူ အများစုအတွက် ကိုယ်တကယ်စိတ်ဝင်စားသော လိုင်းကို သေချာသိဖို့ ခဲယဉ်းပြီး၊ ၀င်ခွင့်ရဖို့က အဓိကဖြစ်နေသည်။ ကိုယ်ရတဲ့လိုင်းကို သင်ယူရင်း စိတ်ပါချင်ပါသွားမှာဟုလည်း တွေးတတ်ကြသည်။ ဒါမှမဟုတ် ချပေးသောလိုင်းကို သင်နေရင်းမှ ကိုယ်စိတ်မပါဘူးဆိုတာ သိလာတာလည်း ဖြစ်တတ်သည်။
အဲဒီအခါ သူတို့ တကယ်စိတ်ဝင်စားသော အလုပ်အကိုင်နှင့် လက်ရှိတက်နေသောလိုင်းတို့ ကွဲလွဲနေတာ ဘယ်လိုလုပ်ရမလဲဟု သူတို့စဉ်းစားလာကြသည်။ ထိုသို့ကျောင်းသားမျိုးကို ကျမက အောက်ပါအတိုင်း အကြံပေးလေ့ရှိသည်။
ပထမအချက်ကတော့ ကိုယ်က ဘယ်လိုင်းကို စိတ်ဝင်စားတယ်ဆိုတာ သေချာဖို့၊ ကိုယ်စိတ်ဝင်စားသောလိုင်းမှာ သင်ကြားသည့် ဘာသာရပ်များအကြောင်း၊ အဲဒီလိုင်းက အောင်ပြီးသောအခါ လုပ်ရမည့် အလုပ်အကိုင်များ အကြောင်းကို လေ့လာရမည်။
သေချာပြီဆိုရင် ဒုတိယအနေနှင့် ကိုယ်က လိုင်းပြောင်းဖို့ အခြေအနေပေးလားဟု စဉ်းစားရမည်။ ဥပမာ … ကိုယ်က ပေါ်လီတက္ကနစ်မှာ ဒုတိယနှစ်အထိ ပြီးသွားပြီဆိုလျှင်၊ နောက်ထပ် တစ်နှစ်တက်လိုက်တာနှင့် ဒစ်ပလိုမာရမည်။ ကိုယ်ကြိုက်သောလိုင်းကို တက္ကသိုလ်မှာ အဲဒီ ဒစ်ပလိုမာလက်မှတ်ကို သုံးပြီး၊ ဆက်တက်နိုင်မလား။ အဲလို ဆက်တက်နိုင်မည်ဆိုရင် ပေါ်လီတက္ကနစ်ကို ပြီးအောင်တက်တာ ကောင်းသည်။
နောက်တချက်က ကိုယ်က ကျောင်းမြန်မြန်ပြီးအောင်တက်ပြီး၊ မိဘကို ပြန်လုပ်ကျွေးရမှာမျိုး ရှိလား။ အဲလို ငွေကြေးအရ စဉ်းစားရမှာရှိလျှင်၊ ဒစ်ပလိုမာကို ပြီးအောင်တက်ပြီး၊ အလုပ် တစ်နှစ် နှစ်နှစ်လောက် လုပ်ပြီးမှ၊ ငွေစုပြီး ကိုယ်ဆက်တက်ချင်သော လိုင်းကို တက်နိုင်ဖို့ ကြိုးစားနိုင်သည်။
တကယ်တော့ ဒစ်ပလိုမာလက်မှတ်မျိုးက ဘ၀မှာ နောက်တဆင့်ကိုတက်ဖို့ ကြားခံပေးသော အဆင့်တဆင့် ဖြစ်နိုင်သည်။ ကျမကျောင်းသား ကျောင်းသူ တချို့က အင်ဂျင်နီယာဒစ်ပလိုမာ ရသော်လည်း အင်ဂျင်နီယာအလုပ်ကို မလုပ်သူတွေ ရှိသည်။ ကျမကျောင်းသူတယောက်ဆိုရင် ပေါ်လီတက္ကနစ်မှာ ကျောင်းတက်စဉ် ကာလတလျှောက်လုံး သူမ သင်ယူရသော အင်ဂျင်နီယာဘာသာရပ်များကို လုံးဝစိတ်မ၀င်စားခဲ့ချေ။ စာမေးပွဲအောင်ဖို့လောက်သာ သူမက ကြိုးစားခဲ့သည်။ အင်ဂျင်နီယာ ဒစ်ပလိုမာရပြီးသောအခါ၊ အဲဒီဒစ်ပလိုမာကို သုံးပြီး သူမ စိတ်ဝင်စားသော စိတ်ပညာရပ်ဘာသာကို ဆက်လက်တက်ရောက်နိုင်ခဲ့သည်။
ဘယ်လိုအလုပ်အကိုင်ကို ရွေးချယ်မလဲ
ကိုယ်က ဘယ်လိုလိုင်းကို သင်ယူလဲဆိုတာ ဘယ်လိုအလုပ်အကိုင်ကို ရွေးချယ်မှာလဲဆိုတာနှင့်လည်း သက်ဆိုင်သည်။ လူတိုင်းကတော့ ကိုယ်နှစ်သက်တာကို လုပ်ချင်ကြသည်။ သို့သော် လူတိုင်းအတွက် အကန့်အသတ်တွေ ရှိတတ်သည်။ ကိုယ့်ရွေးချယ်မှု၏ နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲဆိုတာကို စဉ်းစားကြရသည်။
ဥပမာ ... ကိုယ့်အပေါ် မှီခိုနေရသူတွေ ရှိချင်မှရှိမည်။ ကျမတုန်းကဆိုရင် ဘွဲ့ရပြီး မိဘကို ပြန်လုပ်ကျွေးချင်သောကြောင့် အလုပ်ကောင်းရဖို့ကိုသာ စိတ်ထဲမှာ အဓိကထားခဲ့သည်။ ဒါကြောင့် အလုပ်မြန်မြန်ရနိုင်သော၊ ကျမလည်း အတန်အသင့် စိတ်ဝင်စားသည် ထင်ရသော အီလက်ထရောနစ် အင်ဂျင်နီယာလိုင်းကို ရွေးချယ်ခဲ့သည်။
လူတိုင်းဟာ ကိုယ်လုပ်ချင်သောအလုပ်ကို လုပ်ချင်ကြပေမယ့်၊ သူတို့ရရှိသော အခွင့်အရေးချင်း မတူညီကြချေ။ တချို့က အပူအပင်မရှိ ဘယ်သူ့ကိုမှ ထည့်သွင်းစဉ်းစားစရာ မလိုဘဲ ကိုယ်လုပ်ချင်တာ လုပ်နိုင်ကြသည်။ ထို့ကြောင့် ကိုယ့်အခြေအနေကို ကိုယ့်ဘာသာ ပြန်လည်ဆန်းစစ်ဖို့ အရေးကြီးသည်။ ကိုယ်က အလုပ်ရဖို့ ဦးစားပေးချင်လား၊ ဘယ်လိုအလုပ်မဆို လုပ်ဖို့ စဉ်းစားထားပြီလား စသဖြင့်။
တချို့တွေကတော့ အလုပ်ရွေးချယ်ရာတွင် အလုပ်ဂုဏ်ဆိုတာနှင့် တိုင်းတာတတ်ကြသည်။ တကယ်တော့ “အလုပ်ဟူသမျှ ဂုဏ်ရှိစွ” ဆိုသည့်စကားလို ဘယ်အလုပ်မဆို သူ့နေရာနှင့်သူ အရေးကြီးသည်။ စင်္ကာပူမှ နာမည်ကျော် ဆံပင်ညှပ်သူတယောက် အကြောင်းကို ဥပမာပေးချင်သည်။ သူက အတန်းပညာမှာ အလယ်တန်းအဆင့်လောက်သာ နေခဲ့သော်လည်း၊ ဆံပင်ညှပ်ခြင်းဆိုသော လက်တွေ့ပညာရပ်တခုမှာ ထူးချွန်သောကြောင့် ဆံပင်ညှပ်လုပ်ငန်းနှင့် ချမ်းသာကြွယ်ဝသွားသည်။ အလားတူပဲ အတန်းပညာရပ်တခု ထူးချွန်သူတွေဟာလည်း ထိုက်တန်သော ရလဒ်တွေကို ရနိုင်သည်။ ဘယ်အလုပ်မဆို အရေးကြီးတာက ထူးချွန်အောင် ကြိုးစားဖို့ပင် ဖြစ်သည်။
အလုပ်အကိုင် ရွေးချယ်ရာမှာ စဉ်းစားရမယ့် နောက်တချက်က "right person, right job" ဖြစ်သည်။ ဘယ်လိုအလုပ်ဟာ ကိုယ်နဲ့ သင့်တော်မလဲဆိုတာကို ကျမတို့ အမြဲသေချာ ဆန်းစစ်သင့်သည်။ ဥပမာ .. လူတွေနှင့် ဆက်ဆံရတာကို မနှစ်သက်သူတယောက်က Sales & Marketing လိုနေရာမျိုးမှာ လုပ်မည်ဆိုလျှင်၊ သူ့ ကာရိုက်တာကို မပြောင်းသမျှ သိပ်အောင်မြင်မှု မရှိဖို့ များသည်။ ဒါကြောင့် လူတိုင်းဟာ ကိုယ့်အားသာချက်က ဘာလဲ ၊ အားနည်းချက်က ဘာလဲဆိုတာကို အမြဲဆန်းစစ်ပြီး ဘယ်လိုနေရာဟာ ငါနဲ့ သင့်တော်မလဲဟု စဉ်းစားသင့်သည်။
ဘ၀နှင့် အလုပ်အကိုင်
ဘ၀မှာ ကိုယ်က ဘယ်လိုအလုပ်မျိုးကို တကယ်စိတ်အားထက်သန်လဲဆိုတာ သေချာသိဖို့လည်း လိုအပ်သည်။ ဒါကြောင့် လူငယ်တွေကို ဘ၀မှာ ကိုယ်ဘာလုပ်ချင်လဲဆိုတာ ကိုယ့်ဘာသာ ပြန်လည်ဆန်းစစ်ပြီး ဆုံးဖြတ်ဖို့ ကျမအမြဲတိုက်တွန်းမိသည်။ အထူးသဖြင့် ကိုယ်စိတ်ဝင်စားသော အလုပ်အကိုင်တွေမှာ ဘာတွေ လုပ်ရလဲ၊ ဘယ်လိုအခက်အခဲတွေ ကြုံရနိုင်လဲ၊ ဘယ်လိုအရည်အချင်းတွေ လိုအပ်လဲ စတာတွေလေ့လာပြီး၊ ကိုယ်နှင့်တကယ် သင့်တော်ပါ့မလားဆိုတာ မေးခွန်းထုတ်သင့်သည်။
ကျမတို့ဘ၀မှာ အလုပ်ဆိုတာ နေ့တစ်ဓူဝ တစ်ပတ် ငါးရက်၊ မနက်ကနေ ညနေထိ လုပ်နေရတာများသည်။ ဒါကြောင့် ကိုယ်တကယ်စိတ်အားထက်သန်သော အလုပ်မျိုးကို လုပ်နိုင်ဖို့ အခွင့်အလမ်းမျိုး ပေါ်လာတာနှင့် ကိုယ်ကအသင့်ဖြစ်နေအောင် အဘက်ဘက်က ကြိုးစားထားသင့်သည်။
အောင်မြင်သော အမေရိကန် စီးပွားရေးလုပ်ငန်းရှင် Warren Buffet က ဘ၀မှာ အလုပ်အကိုင်ရွေးချယ်တာနှင့် ပတ်သက်ပြီး ခုလိုပြောခဲ့သည် … “ပိုက်ဆံနောက်ကိုလိုက်ပြီး အလုပ်အကိုင်ကို ရွေးတာထက်၊ ကိုယ်စိတ်အားထက်သန်တာကို ရွေးချယ်သင့်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်စိတ်အားထက်သန်တာကို လုပ်နေရရင်၊ အလုပ်လုပ်နေရတာ ပျော်ရွှင်စရာကောင်းတယ်။ ၀င်ငွေဘယ်လောက်ရလဲဆိုတာကို အဓိကထား ရွေးမယ်ဆိုရင်၊ ကိုယ်မကြိုက်တာ လုပ်ရတာကြာလာရင် စိတ်ညစ်ပြီး၊ နောက်ဆုံးကျ အောင်မြင်သင့်သလောက် မအောင်မြင်ဖြစ်ပြီး၊ ၀င်ငွေလည်း ကိုယ်ထင်ထားသလောက် မရ ဖြစ်လိမ့်မယ်”။
တကယ်တော့ ဘ၀မှာ ကိုယ်လုပ်ချင်တာ လုပ်နိုင်ဖို့က အားလုံးအတွက် အလွယ်တကူဖြစ်လာသော အခြေအနေ မဟုတ်ချေ။ တချို့က သူများထက်ပိုပြီး ကြိုးစား အားထုတ် လုပ်ယူရတာမျိုး ဖြစ်သည်။ အသက်ငယ်လေ ဘယ်လို အလုပ်အကိုင်ကို လုပ်မလဲဆိုတာ ပိုအချိန်ယူ စဉ်းစားနိုင်လေ ဖြစ်သည်။ အသက်ကြီးလာတာနှင့်အမျှ ဘ၀မှာ တာဝန်တွေပိုလာသလို၊ ရရှိသော အခွင့်အလမ်းများလည်း နည်းပါးလာတတ်သည်။
ဒါကြောင့် ကျမတို့အားလုံး လူငယ်ဘ၀မှာ ကိုယ်ရရှိသော အခွင့်အလမ်းများကို လက်လွတ်မခံဘဲ အကျိုးရှိရှိအသုံးချပြီး ကိုယ်တကယ် စိတ်အားထက်သန်သော အလုပ်အကိုင်မျိုးကို လုပ်နိုင်ဖို့ ကြိုးစားကြရပေမည်။
Ref: The Tao of Warren Buffett
ခင်နှင်းစိုး
khsoesoe@gmail.com
၁၅ ဇွန် ၂၀၁၂
(၂၆ ရက်၊ ဇွန်လ၊ ၂၀၁၂ ထုတ် Venus News Journal တွင် ဖော်ပြပြီးဖြစ်သည်)
No comments:
Post a Comment