Sunday, July 22, 2012

Thai Style Spicy Cuisine



အခုလတ်တလော ထိုင်းဟင်လျာတွေကို စားသောက်ရတာ အရသာတွေ့နေ ပါတယ်။ ကျွန်တော့်သူငယ်ချင်းကတော့ မကြိုက်ပါဘူးတဲ့လေ။ ထုံးစံအတိုင်း ကျွန်တော်က အရှေ့တိုင်းအစားအစာချက်ပြုတ်ပုံတွေကိုကြိုက်နှစ်သက်သူဆို တော့ စားတာပါပဲ ထိုင်းအစားအစာကို။

ဇူလိုင် မိုးစက်တွေထဲ ထိုင်းစတိုင်လ် ရှူးရှူးရှဲရှဲဟင်းလျာတွေကို ရန်ကုန်မြို့၊ နတ်မောက်လမ်း၊ ကန်တော်ကြီး (ရွှေကျွန်း) မှာရှိတဲ့ Bangkok Kitchen စားသောက်ဆိုင်က လက်ရာကောင်းကောင်း ဟင်းလျာသုံးမျိုးကို အရသာခံကြည့်ရအောင် လား ဘော်ဒါတို့ရေ။

တုံခလုံကိုင် (ကြက်ချဉ်စပ်ဟင်း)
လိုအပ်သောပစ္စည်းများ

ကြက်သား - ၃၅၀ ဂရမ်၊ စပါးလင် - ၃ပင်၊ ပဒဲကော ပါးပါးလှီး - ၆ခု၊ ကြက်သွန်နီကင် - ၅ စိတ်၊ မှို (ကောက်ရိုးမှို) - ၁၀၀ဂရမ်၊ ခရမ်းချဉ်သီး - ၁လုံး၊ ကြက်ပြုတ်ရည်(ဟင်းချိုပန်းကန် နှစ်လုံးစာ) - နှစ်ခွက်၊ မန်းကျည်းရွက် - ၁/၂ခွက်၊ မန်းကျည်းရည် - အနည်းငယ်၊ သံပရာရည် - အနည်းငယ်၊ ငံပြာရည် - အနည်းငယ်၊ ငရုတ်သီးခြောက် - အနည်းငယ်။

ချက်ပြုတ်နည်း
ကြက်သားပြုတ်ရည်(၂)ခွက်ကို ဒယ်အိုးထဲသို့ထည့်ပါ။ ပဒဲကောကင်(ပါးပါးလှီး)၊ ကြက်သွန်နီကင်၊ ကြက်သားတုံးတို့ကို ထည့်ပါ။ ပြီးလျှင် စပါးလင်၊ မှို၊ ခရမ်းချဉ်သီး၊မန်ကျည်းရွက်တို့ကိုထည့်ပါ။ ရေအနည်းငယ်ဆူလာလျှင် အရသာအတွက် သံပရာရည်၊ ငံပြာရည်၊ မန်းကျည်းရည်တို့ကို မိမိနှစ်သက်သလိုထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
(ကြက်ပြုတ်ရည်ကိုကိုယ်လိုသလိုနှိုင်းဆထည့်ပါ။ ပဒဲကောကတော့ ပူစပ်တဲ့အရသာအတွက်ဖြစ်ပါတယ်)

မူဖက်ပစ်ထိုင်းဒမ် (၀က်သားငရုတ်ကောင်းချက်)
လိုအပ်သောပစ္စည်းများ

ဝက်သား(ပါးပါးလှီး) - ၂၀၀ဂရမ်၊ ငရုပ်ပွ(စိမ်း) - ၃၀ဂရမ်၊ ငရုတ်ပွ(နီ) - ၃၀ဂရမ်၊ငရုတ်ပွ(၀ါ) - ၃၀ဂရမ်၊ ကြက်သွန်နီ (သေးသေးတုံး) - ၃၀ဂရမ်၊ ပြောင်းဖူးအသေး - ၃၀ဂရမ်၊ မုန်လာဥနီ ၃၀ဂရမ်၊ ငရုတ်ကောင်းအမည်း/အဖြူ - ၂၀ဂရမ်၊ ခရမ်းချဉ်သီး - ၂လုံး၊ ကြက်သွန်မြိတ် - ၃၀ဂရမ်၊ ခရုဆီ(ဇွန်းကြီး) - ၂ဇွန်း၊ ကြက်သွန်ဖြူ(နုပ်နုပ်စင်း) - ၅တက်၊ဆီ - အနည်းငယ်။

ချက်ပြုတ်နည်း
ဒယ်အိုးထဲတွင် ဆီထည့်ပြီး အသားကိုကြော်ပါ။ ပြီးလျှင် ရေအနည်းငယ်ထည့်ပါ။ ငရုတ်ပွ၊ ကြက်သွန်နီ၊ပြောင်းဖူးအသေး၊ မုန်လာဥနီ၊ ခရမ်းချဉ်သီးနဲ့ ကြက်သွန်မြိတ်တို့ကိုထည့်ပါ။ နောက်ဆုံးမှာ ခရုဆီ၊ ငရုတ်ကောင်းမှုန့်တို့ကိုထည့်ပြီး အနံ့၊ အရသာနဲ့ပြည့်စုံတဲ့ ထိုင်းစတိုင်လ်ဝက်သားငရုတ်ကောင်းချက်ကို သုံးဆောင်နိုင်ပါပြီ။

ဖက်ချာပလာ (ငါးအသား + ထိုင်းအမွှေးအကြိုင်အစပ်ကြော်)
လိုအပ်သောပစ္စည်းများ

ငါးအသားလွှာ - ၂၀၀ဂရမ်၊ ကြက်သွန်ဖြူ(နုပ်နုပ်စင်း) - ၃တက်၊ ငရုတ်ပွ(စိမ်း/နီ) - ၃၀ဂရမ်၊ ယိုဒယားပင်စိမ်း (ဟောလဖား)- ၁/၂ခွက်၊ပင်စိမ်း(ကဖောင်း)ကြော် - ၁/၂ခွှက်။ ယိုးဒယားချင်း (ကချိုင်) - ၅ခု၊ခရုဆီ(ဇွန်းကြီး) -၂ဇွန်း၊ပဲငံပြာရည်(ဇွန်းသေး) - ၂ဇွန်း၊ သကြား(ဇွန်းသေး) - ၂ဇွန်း၊ ဆား(ဇွန်းသေး) - ၂ဇွန်း၊ ဆီ - အနည်းငယ်။

ချက်ပြုတ်နည်း
ငါးအသားလွှာကို ဆားနဲ့ဆေးပါ။ ပြီးလျှင်ဆီနှင့်ကြော်ပါ။ ကြက်သွန်ဖြူ(နုပ်နုပ်စင်း)ကို ဆီသတ်ပါ။ ပါဝင်သောအမွှေး အကြိုင်အရွက်များနဲ့ ခရုဆီ၊ ပဲငံပြာရည်၊ သကြား၊ ဆားတို့ကိုထည့်ပြီး မွှေးပျံ့တဲ့ အနံ့အရသာနဲ့ ငါးအသားအစပ်ကြော် ဟင်းလျာကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။

No comments: