Tuesday, January 12, 2016

ယိုယွင်းလာပြီ ငပလီ




လွန်ခဲ့သောအနှစ် နှစ်ဆယ်ကဆိုလျှင် ရခိုင်ပြည်နယ်၊သံတွဲမြို့မှ ကားမောင်းသွားပါက အချိန်အနည်း ငယ်အတွင်းရောက်ရှိနိုင်သည့် ဘင်္ဂလားပင်လယ်အော်ရှိ ငပလီကမ်းခြေသည် မြန်မာနိုင်ငံ၏ မပျက်စီးသေးသော သဘာဝရတနာများ၏သရဖူကို ဆောင်းထားနိုင်ခဲ့သည်။ ဒေသခံများသည် ကမ်းခြေကို လက်လှမ်းမီကြပြီး သူတို့သည် ပင်လယ်ပြင်ကိုသာ မှီခိုနေကြရသည်။ ပင်လယ်ကမ်းခြေတလျှောက်ရှိ နည်းပါးလှသော ဟိုတယ်တလုံးစ၊ နှစ်လုံးစအနက်မှ တလုံးလုံးတွင် နိုင်ငံခြားသား ခရီးသွား ဧည့်သည်တယောက်တလေကို မကြာခဏဆိုသလို တွေ့မြင်နိုင်ကြပါသည်။

အချိန်ကပြောင်းလဲသွားခဲ့ပါပြီ။ နိုင်ငံခြားသားခရီးသွားများ တိုးတက်လာပြီး အလယ်အလတ်တန်းစားနှင့်အဆင့်မြင့်ဟိုတယ်များ ငပလီကမ်းခြေတွင် အကန့်အသတ်ဖြင့် သိသာစွာ များပြားလာခဲ့ပါသည်။ ပင်လယ်ပြင်ကိုမျက်နှာမူနေသော ကမ်းခြေတလျှောက် သဲသောင်ပြင်မျက်နှာစာမြေကွက်နေရာ အားလုံးနီးပါး ရောင်းချပြီးစီးသွားပြီဖြစ်သည်။ လူအများအသုံးပြုနိုင်သော ကမ်းခြေမြေနေရာကွက်လပ် အနည်းငယ်သာ ကျန်ရှိပါတော့သည်။ သို့သော် သဲမြေများကတော့ ဆက်လက်ပျောက်ကွယ်လျက်ရှိနေပါသည်။

သဘာဝအားဖြင့် ပင်လယ်သည်သဲများကို တွန်းဖယ်နေပြီး ကမ်းခြေသို့မရပ်မနား ပို့ချနေပါသည်။ မကြာမီမှာပင် သဲသောင် ကမ်းခြေသည် သစ်ပင်အတားအဆီးများနှင့်အုန်းပင်၊ ဓနိပင်များ၏အမြစ်ခြေရင်းများကို ရောက်ရှိသည့်တိုင်အောင် တဖြည်းဖြည်းနှင့် ဆင်ခြေလျှောအသွင် ရေမျက်နှာပြင်ထက် ပို၍မြင့်တက်လာစေပါသည်။ ငပလီကမ်းခြေတွင်သဲများ တူးဖော်နေခြင်းသည် သဘာဝမျှခြေတခုကို အနှောက်အယှက် ဖြစ်စေပါသည်။ ငပလီကမ်းခြေ၏ ထူထဲသောထုရှိသည့် သဲသောင်ပြင်သည် အရှေ့တောင်အာရှတိုက်တွင် ဆွဲဆောင်မှုအရှိဆုံးသော ကမ်းခြေများအနက်မှ တခုဖြစ်ပါသည်။ ပြီးခဲ့သော နှစ်ကထက် သဲထုသည် တမီတာ(သုံးပေခန့်)မျှ နိမ့်ဆင်းလာနေပါသည်။ ပင်လယ်ရေလှိုင်း အတက်အကျရှိသော ကမ်းစပ်သည်လည်း ပို၍မတ်စောက်လာပါသည်။ သဲများကိုဖယ်ရှားလိုက်ခြင်းကြောင့် ပင်လယ်သည် ဟိုတယ်ပရ၀ဏ်နံရံများ၏ အုပ်မြစ်များ၊ အုန်းပင်များ၏အမြစ်များကို အားနည်းချည်နဲ့သွားစေပြီး ပြီးခဲ့သောမုတ်သုန်မိုးရာသီအတွင်း အများအပြားပြိုလဲကျစေခဲ့သည်။ ဆင်ဒဝေး (Sandoway Resort) နှင့် မာဆေး ရီထရိ၊ရီဆော့ (Merciel Retreat and Resort) ဟိုတယ်များ၏ ဧည့်တည်းခိုဆောင်မျက်နှာ စာနံရံများပြိုကျခဲ့သည်။ သံတွဲလေဆိပ်မှခဲတစ်ပစ်ခန့်အကွာအဝေးတွင်ရှိပြီး လေကြောင်းပို့ဆောင် ရေးဦးစီးဌာနက တည်ဆောက်နေသော ဟိုတယ်တလုံးတွင်လည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့သည်။ ဟိုတယ်ပတ်လည်ရှိ နံရံများပြိုလဲခဲ့သည်။

၂၀၀၄ ခုနှစ်မှစ၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် သဲတူးဖော်ခြင်းလုပ်ငန်းကို ဟန့်တားရန် ကြိုးပမ်းခဲ့ပါ သည်။ ကမ်းခြေမှသဲများကို တရားမ၀င်သုံးစွဲမှုအပေါ် ယခုနောက်ဆုံး တားမြစ်မှုတရပ်မှာ ၂၀၁၅ ဇန်န၀ါရီလ ၁ ရက်စွဲဖြင့် အဆိုပါဝန်ကြီးဌာနကထုတ်ပြန်လိုက်သော ကြေညာချက်အမှတ် ၂ /၁၅ ပင်ဖြစ်သည်။ ယင်းကိစ္စအပေါ် သံတွဲမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဇန်န၀ါရီလ ၂၇ ရက် နေ့ရက်စွဲဖြင့် သဲသောင်ပြင်မှ သဲများတူးဖော်ခြင်းကို တားဆီးပိတ်ပင်လိုက်ပြီး မည်သူမဆို လိုက်နာမှုမရှိပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ထပ်ဆင့်အသိပေး ထုတ်ပြန်ခဲ့သည်။

သံတွဲလေဆိပ်နှင့်နီးကပ်နေသော ဟိုတယ်တည်ဆောက်ရေး လုပ်ငန်းခွင်တခုအနီးတွင် အလုပ်သမား ငါးဦးတို့သည် သဲသောင်မှ သဲများကိုအိတ်များအတွင်း သွတ်သွင်းနေကြပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သယ်ဆောင်သွားနေကြသည်။ သူတို့သည် ဥပဒေကိုချိုးဖောက်နေသည်ဆိုသည့်အချက်ကို လုံးဝ သတိမပြုမိကြဘဲ၊ပျော်ရွှင်ရယ်မောနေကြသည်။ အသားညိုညိုလူငယ်တဦးကသူ၏ ဂေါ်ပြားကိုကိုင်လျက် “ကျွန်တော်တို့ကမြောက်ဦးကလာတာ၊ ကျွန်တော်တို့ဆီမှာ အလုပ်မရှိဘူး။ ဒါကြောင့် ဒီကိုလာပြီး ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လာလုပ်နေကြတာ။ အမျိုးသမီးတွေက သဲသောင်ပြင်ကသဲတူးခ တနေ့ သုံးထောင့်ငါးရာ ကျပ်ရတယ်။ ကျွန်တော်တို့ယောင်္ကျားတွေက တနေ့ ငါးထောင်ကျပ်ရတယ်။”

လေဆိပ်မြောက်ဘက်ရှိကျေးရွာတခုမှ ကျေးရွာသားတဦးက ယခင်ကသဲတူးဖော်ခြင်းတွင် သူပါဝင်ပတ်သက်ခဲ့ပုံကို ပြောပြပါသည်။ “ပြီးခဲ့တဲ့ခြောက်လလောက်ကစပြီး ကျွန်တော်တို့ အဲဒါတွေမလုပ်ကြတော့ပါဘူး။ ကျွန်တော်တို့ဒေသအုပ်ချုပ်ရေးတွေဆီက ခွင့်ပြုချက်မရတော့ပါဘူး။”

ကျေးရွာသည် စိုက်ပျိုးရန်အတွက် မြေအောက်ရေ လုံလောက်စွာ မရရှိခဲ့ပါ။ ထို့ကြောင့် ကျေးရွာအတွက် သဲတူးဖော်ခြင်းလုပ်ငန်းသည် အဓိက ၀င်ငွေဖြစ်ခဲ့ပါသည်။ စိုက်ပျိုးရေးမှ ၀င်ငွေလုံလောက်မှုမရှိဘဲ သဲတူးလုပ်ငန်းမှ ကျေးရွာအတွက်ရံပုံငွေ စုစုပေါင်းဝင်ငွေ ကျပ်သိန်း တထောင့်ငါးရာ ရရှိခဲ့သည်ဟု ဆိုပါသည်။ ၀င်ငွေတွေ ဘယ်ကရသလဲ မေးကြည့်ရာ ကွမ်းချိုးစွဲနေသောသွားများကို မြင်အောင်ပြုံး၍ “မပြောဘူးဗျာ”ဟု သူက ပြန်ပြောသည်။

ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ၊ သဲတူးဖော်ခြင်းလုပ်ငန်း၏ လိုအပ်ချက်သည် မြင့်မားနေဆဲဖြစ်သည်ကို ရွာမှကိုက်နှစ်ရာကျော် အကွာခန့်တွင် သဲသောင်ပြင်သို့ ဦးတည်သွားနေသော ကားဘီးရာများက ညွှန်ပြနေပါသည်။ ဖောလဲင် (Forland) အမှတ်တံဆိပ်၊ အပြာရောင်ကုန်တင်ကားတစ်စီး ကမ်းခြေတွင် ရပ်ထားသည်။ ယာဉ်မောင်းသည် ကားလက်ကိုင်ခွေပေါ်တွင် အိပ်မောကျကောင်းနေဆဲ ဖြစ်ပါသည်။ လူနှစ်ဦးက ကားပေါ်သို့သဲများကို တူး၍တင်နေကြပါသည်။ အလုပ်သမားနှစ်ဦးသည် သူတို့ဘာလုပ်နေသည်ကို သံသယကင်းစွာဖြင့် ရှင်းပြနေပါသည်။

“ဒီသဲတွေက လမ်းမကြီးတိုးချဲ့ဖို့နဲ့ ဒီကနေ မိုင်ငါးဆယ်လောက်ဝေးတဲ့နေရာမှာ ဆောက်နေတဲ့ တံတားစီမံကိန်းအတွက် တူးနေတာပါ”ဟု တဦးက ပြောပါသည်။ “ကျွန်တော်တို့တနေ့နှစ်ခေါက်လောက်တော့ရပါတယ်။ ကားတစီးတစ်ခေါက်ကို တသိန်းသုံးသောင်းလောက် တန်ပါတယ်။ ကျွန်တော်တို့ကတော့ ကားတစီးစာတခေါက်ကို ကျပ် နှစ်သောင်းလောက်ရပါတယ်။ ကားပိုင်ရှင်က ခုနစ်သောင်း လောက်ကျန်ပါတယ်။”

နိုင်ငံတော်အစိုးရအတွက် ရခိုင်ကမ်းမြောင်ဒေသဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး Laguna Lodge ဟိုတယ်ကို လုပ်ကိုင်နေသူ အောလီဗာ အီး စိုးသက်က ဆောက်လုပ်ရေးကုမ္ပဏီများသည် ကားတစီးလျှင် ငွေကျပ်လေးသောင်းမျှသာရှိသော မြစ်သဲညိုများကို အဘယ်ကြောင့် အသုံးမပြုကြသည်ကို သူ နားမလည်နိုင်ကြောင်း၊ ပင်လယ်ကမ်းစပ်မှ သဲများသည် ဆောက်လုပ်ရေးလုပ်ငန်းအတွက် မသင့်တော်ကြောင်း ပြောပြပါသည်။

တာဝန်သိသော စီးပွားရေးမြန်မာဗဟို (Myanmar Centre for Responsible Business -MCRB) က ဤကိစ္စအပေါ် စိုးရိမ်ပူပင် မှုရှိကြောင်းကို ပြည်ထောင်စု မြေအရင်းအမြစ်ဗဟိုကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းထံသို့ ဧပြီလ ၃၀ ရက်နေ့က ပေးပို့သောစာတွင် ထင်ဟတ်ပေါ်လွင်နေပါသည်။ ပင်လယ်ကမ်းစပ်မှသဲများသည် အဆောက်အအုံများ တည်ဆောက်ရာတွင် အသုံးပြုရန် မသင့်တော်ပါ။ အကြောင်းမှာ ထိုသဲများသည် ဆားဓာတ်ပျော်ဝင်မှုများနေပြီး အဆောက်အအုံများကို ဆွေးမြေ့ ပျက်စီးစေနိုင်ပါသည်ဟု စာတွင်ဖော်ပြထားပါသည်။ ထို့အပြင် အခြားသော သဲအမျိုးအစားများနှင့် နှိုင်းယှဉ်ပါက ကမ်းခြေမှသဲများသည် ပိုလုံးဝန်းပြီး ပင်လယ်လှိုင်းများ၏ အရှိန်ကြောင့် ပို၍ချောမွေ့နေပါသည်။ ထို့ကြောင့် သူ၏ အနားစွန်းများတွင် ရောစပ်ထားသော အင်္ဂတေ၊ ဘိလပ်မြေကို ဆွဲကပ်ကုတ်ယူထားနိုင်သော အချွန်အတက်များကင်းမဲ့နေပါသည်ဟု ဆက်လက်ရေးသားထားပါသည်။ ညီညာပြန့်ပြူးလှသော ငပလီကမ်းခြေမှ တူးဖော်ရရှိသောသဲများကို ဒေသ၀န်းကျင်ရှိ ဆောက်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနေသည်မှာ နှစ်ပေါင်းအတော်ကြာနေပြီဖြစ်သည်။

စစ်တွေပြည်နယ်ဆေးရုံကြီးကိုလည်း ကရိုရင်းဓာတ်များသော ပင်လယ်မှသဲများကို အသုံးပြုတည်ဆောက်ထားသည်ဟု ဆိုပါသည်။ ဆေးရုံကြီးပြိုကျခဲ့ပါသည်။

ငပလီဆေးရုံအသစ်ကြီးနှင့် စာသင်ကျောင်းအသစ်များသည်လည်း အလားတူ ကံကြမ္မာမျိုးကြုံရနိုင်ပြီး ယင်းသည် တာဝန်မဲ့ သောလုပ်ရပ်များဖြစ်၍ အန္တရာယ်ရှိကြောင်းကို ပြောဆိုနေကြပါသည်။ ဦးဥာဏ်ထွန်းထံ ပေးပို့သည့်စာတွင် ကမ်းခြေမှသဲများကို ဖယ်ရှားနေခြင်း၏ အခြားသောနောက်ဆက်တွဲဆိုးကျိုးများကိုMCRB ကမီးမောင်းထိုးပြထားပါသည်။ ငပလီ ကမ်းခြေပျက်စီးယိုယွင်းလာခြင်းသည် ခရီးသွားလုပ်ငန်းကဏ္ဍကိုထိခိုက်စေနိုင်သည်ဟူသော အချက်တခုပါဝင်ပါသည်။ ဤကဏ္ဍသည် ရခိုင်ပြည်နယ်သားအများအပြားကို အလုပ်အကိုင်ဖန်တီးပေးနေသောကဏ္ဍလည်းဖြစ်ပါသည်။ ကမ်းခြေများ တိုက်စားပျက်စီးလာခြင်းသည်ဂေဟစနစ်ကိုထိခိုက်လာစေနိုင်ပြီး သဘာဝဘေးအန္တရာယ်များအပေါ်ကြံ့ကြံ့ခံနိုင်စွမ်းကိုလည်း ကျဆင်းစေခြင်းစသည့်အချက်များသည် ကမ်းခြေမှသဲများကိုတူးဖော်နေခြင်း၏ အခြားသောဘေးထွက်ဆိုးကျိုးများ ဖြစ်သည်။ MCRB ၏ စာနှင့်ပတ်သက်၍ ယခင် ရေတပ်ဗိုလ်ချုပ်ကြီးဖြစ်ခဲ့သူ၊ ဦးဥာဏ်ထွန်းထံမှ မေလ၂၄ရက်နေ့က ပြန်ကြားချက်တွင် သဲများတူးဖော်ခြင်း၏ ပြဿနာနှင့် သဘာဝပတ်ဝန်းကျင်အပေါ်အနုတ်လက္ခဏာထိခိုက်မှုများကို ဂရုပြုမိကြောင်း၊ သဲများတူး ဖော်ခြင်းတားမြစ်ချက်၏ ဥပဒေလွှမ်းမိုးမှုကိုပိုမိုထိရောက်မှုရှိစေရန်သူတိုက်တွန်းသွားမည် ဟုဖော်ပြထားကြောင်း စာကို ဖတ်လိုက်ရသူတို့က ဆိုပါသည်။

သို့သော် ဤကိစ္စအပေါ်တွင် နိုင်ငံတော်အစိုးရ၏ လက်ထဲ၌သြဇာအာဏာ မည်မျှရှိနေပါသနည်း။ ၂၀၁၃ ခုနှစ်က ငပလီသို့ သမ္မတကြီး ဦးသိန်းစိန် လာရောက်လည်ပတ်စဉ်က သူသည် မိုးကုတ်စက်ဝိုင်း၏ အနားသတ်မျဉ်းကို သဘာဝအတိုင်း ထိန်းသိမ်းထားသည်ကို မြင်တွေ့လိုသည်ဟု ပြောကြားခဲ့ပါ သည်။ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် အုန်းပင်အမြင့်ထက်ကျော်သောအဆောက်အဦများ တည်ဆောက်ခွင့် ပိတ်ထားသည့်တားမြစ်ချက်မျိုးကို အားကျ၍ ဤကဲ့သို့ အကြံပြုခဲ့သည်ဟု ယူဆရပါသည်။ ထို့အပြင် ကမ်းခြေရှိ သဲသောင်များ တူးဖော်ခြင်းကို ဟန့်တားသည့်စည်းကမ်းချက်တရပ် ထုတ်ပြန်လိုသည့်သဘော ဖြစ်နိုင်ပါသည်။

ထိုအချိန်မှစ၍ ဒေသဆိုင်ရာအစိုးရအရာရှိများသည် ကမ်းခြေနေရာဒေသသုံးခုတွင်သာ သဲတူးဖော်ခွင့်ကို စနစ်တကျခွင့်ပြုခဲ့ သည်။ သူတို့သည် ထိုဆုံးဖြတ်ချက်များကြောင့် ဘဏ္ဏာငွေဆိုင်ရာ အကျိုးအမြတ် တစုံတရာ ရှိမရှိဆိုသည့်အချက်မှာ မသဲကွဲလှပါ။ သို့သော် သူတို့အတွက် အကျိုးအမြတ်မရှိဟု ပြောဆိုရန်မှာလည်း ခက်ခဲနေပြန်ပါသည်။ အပြောထက် တကယ့်လက်တွေ့တွင် နိုင်ငံတော်အဆင့်နှင့် သေဆိုင်ရာအာဏာပိုင်အဆင့်တို့မှာ ဟန်ချက်ညီညီ လုပ်ဆောင်နေကြသည်ဟု မဆိုနိုင်ပါ။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးသည့်ကာလအတွင်း သမ္မတကြီး ဦးသိန်းစိန်နှင့် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတို့ ငပလီသို့ လာရောက်ခဲ့စဉ်ကလည်း ငါးထပ်တိုက်အမြင့်ရှိမည့် ဟိုတယ်အဆောက်အအုံ၏တည်ဆောက်ရေးလုပ်ငန်းခွင်မှ တူးဖော်ထားသော သဲသောင်ပုံကြီးကို လူမမြင်စေရန် အပြာရောင်နှင့်အစိမ်းရောင် ပလတ်စတစ်စများဖြင့်ဖုံးအုပ်ကာ ကွယ်ဝှက်ထားခဲ့သည်ဟု ကိုစိုးသက်က ပြောပါသည်။

ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသူများသည် သဲတူးဖော်နေကြသော သဲတင်ကားများနှင့် ဂေါ်ပြားကိုင်ထားသောသူများသာဖြစ်သည်ဟု အပြစ်မတင်သင့်ကြောင်း သူက ဆက်ပြောပါသည်။ အချို့စီးပွားရေးလုပ်ငန်းရှင်များသည် ပြန်လည်အစားထိုး၍ မရနိုင်သော အခြေအနေမျိုးအထိရောက်အောင် လုပ်ဆောင်နေကြသည်။ စပယ်ကြီးကျေးရွာအနီး ကမ်းခြေရှိ ဘောလုံးကွင်း သုံးကွင်းစာမျှ အကျယ်အ၀န်းရှိသည့် ဒီရေတောနေရာများကို သဲများဖြင့် ဖို့ပစ်လိုက်ကြသည်။ သဲများကိုလပေါင်းအတော်ကြာ စုတ်တင်မြေဖို့ခဲ့ကြရသည်။ မြေကွက်ပိုင်ရှင်က လုပ်ဆောင်နေခြင်းဖြစ်သလား၊ ကုမ္ပဏီက လုပ်ဆောင်နေခြင်းဖြစ်သလား ဆိုမှာလည်း မရှင်းလင်းလှသေးပါ။ ပညပေးခြင်းသည်သာ ပြဿနာကိုဖြေရှင်းရန်အတွက် အဓိကသော့ချက်ဖြစ်သည်ဟု MCRB ၏ ညွှန်ကြားရေးမှူး ဗစ်ကီဘိုးမင်းက ယုံကြည်နေပါသည်။

“ကျမတို့ကတော့ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူတဦးကို ခေါ်ပြဖို့ကြိုးစားနေပါတယ်။ အခြားပင်လယ်ကမ်းစပ်တွေမှာ သဲတွေတူးဖော်ကြလို့ ကာလအလတ်နဲ့ ကာလရှည်တွေမှာ ဘယ်လို နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်လာနိုင်သလဲဆိုတာကို ပြသပေးနိုင်မယ့်လူမျိုးဖြစ်ဖို့လိုပါတယ်။ ပထမအရေးအကြီးဆုံးပြဿနာက အဲဒါ (သဲသောင်ကမ်းခြေ) တွေဟာ အကန့်အသတ်ရှိတဲ့ သဘာဝအရင်းအမြစ်တွေပဲဆိုတာ လူတွေက နားမလည်ကြသေးတာပါပဲ။ ကျွန်မက ကျောင်းတွေမှာ အစီအစဉ်ကလေးတခု ရှိလာစေချင်တယ်။ ဒါပေမဲ့ စိတ်မကောင်းစရာက ယူနက်စကို (UNESCO) က သဲစောင့်ကြည့်ခြင်း (Sandwatch) ဆိုတဲ့ အစီအစဉ်ကလေးက ကြည့်ရတာ ရံပုံငွေ ပြတ်လတ်သွားလို့ မလုပ်ဖြစ်လိုက်ဘူး ထင်ပါတယ်၊”ဟု သူက ဆက်ပြောပါသည်။

“သတင်းဆိုးကတော့ ပြဿနာဟာ သိထားတာထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်ဆိုတာပါပဲ။ ဖြစ်ချင်တော့ ဒါဟာ ငပလီဒေသတခုတည်းကွက်ပြီး ဖြစ်နေတာ မဟုတ်ဘူး၊ ငွေဆောင်ကမ်းခြေနဲ့တနင်္သာရီဒေသကြီးရဲ့ ရုတ်တရက် မမြင်နိုင်တဲ့ နေရာဒေသတွေအထိတိုင်အောင် အဲဒါတွေက တောက်လျှောက်ဖြစ်နေတယ်”လို့ ဘိုးမင်းက ပြောပါတယ်။
ကိုစိုးသက်သည် မြန်မာနိုင်ငံတွင်နှစ်ပေါင်း နှစ်ဆယ်ကျော်နေထိုင်ခဲ့ပြီး ငပလီတွင်သဲတူးဖော်ခြင်း၏ အကျိုးသက်ရောက်မှုများကို ကိုယ်တွေ့မျက်ဝါး ထင်ထင်တွေ့ခဲ့ရသူဖြစ်သဖြင့် အစိုးရက အလျင်အမြန် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောပါသည်။ သဘာဝတရားက နှစ်ပေါင်း ထောင်ချီပြီးဖြစ်တည်အောင် လုပ်လာခဲ့တဲ့အရာတွေကို လူသားတွေက မိနစ်ပိုင်းအတွင်း ပျက်စီးအောင် လုပ်လိုက်နိုင်တယ်။ ငပလီမှာ သဘာဝတရားတွေ ဖျက်ဆီးနေတာတွေကို အဆုံးသတ်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ဟာ မူဝါဒတွေ ချမှတ်ထားလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”ဟု သူက ပြောပါသည်။

စွန့်ပစ်အမှိုက်များ (အခြားဆိုးရွားသောအနံ့အသက်များ)
ယခင်ကာလကဆိုလျှင် သံတွဲမြို့စည်ပင်သာယာကော်မတီ၏ ပုံမှန်အမှိုက်သိမ်းဆည်းမှု မရှိခဲ့သဖြင့် စွန့်ပစ်အမှိုက်များသည် ငပလီနှင့် သံတွဲမြို့ဒေသ၏ ပြဿနာများဖြစ်ခဲ့ပါသည်။ မြန်မာစားဖိုမှူးများအသင်းကဦးဆောင်ကာ ကွန်ကရစ်အမှိုက် သိမ်းလှောင်ကန်များ တည်ဆောက်၍ သံတွဲမြို့ စည်ပင်သာယာကော်မတီက တပတ်တကြိမ် ပုံမှန်သိမ်းဆည်းပေးနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ ငပလီကမ်းခြေ၏တောင်ဘက်အစွန်းရှိ လင်းသာကျေးရွာအပြင်ဘက်တွင် ပထမဦးဆုံးသော အမှိုက်သိမ်းလှောင်ကန်ကို တည်ဆောက်နိုင်ခဲ့ခြင်းက ကြီးမားသော အောင်မြင်မှုကြီးတရပ် ဖြစ်ခဲ့ပါသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလက ရခိုင်ဟိုတယ်လုပ်ငန်းရှင်များအသင်းကြီး၏ အောက်တွင် ငပလီဟိုတယ်များစုပေါင်း၍ ဟိုတယ်တလုံးစီ၏ အခန်းတခန်းလျှင် အမေရိကန်ဒေါ်လာတရာနှင့် ပိုမိုကြီးမားသော ဟိုတယ်တလုံး၏အခန်းတခန်းလျှင် အမေရိကန်ဒေါ်လာ တရာ့ငါးဆယ်နှုန်းဖြင့် အမှိုက်သယ်ယာဉ်နှစ်စီးဝယ်ယူရန်အတွက် အချို့ဟိုတယ်များကလည်း ဧည့်သည်တဦးစီကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ နှုန်းဖြင့် အမှိုက်သိမ်းဆည်းသူ ဆယ်ဦး၏လစာအတွက် ထည့်ဝင်ခဲ့ကြ သည်။ မော်တော်ယာဉ်အတွက် စက်သုံးဆီဖိုးနှင့် ပြုပြင်ထိန်းသိမ်းခအတွက်လည်း ထည့်ဝင်ကြပါသည်။ သံတွဲမြို့ စည်ပင်သာယာ ကော်မတီမှ အမှိုက်သယ်ယာဉ်ဖြင့် အမှိုက်သယ်ယူရန် နှစ်ဦးနှစ်ဖက်အကြားနားလည်မှု သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြသည်။

ရခိုင်ဟိုတယ် လုပ်ငန်းရှင်များအသင်းကြီးက ၀ယ်ယူပေးခဲ့သော အမှိုက်သယ်ယာဉ်နှစ်စီးလည်း ပျောက်ဆုံးသွားခဲ့သည်ဟု ငပလီကမ်းခြေမှ ဟိုတယ်လုပ်ငန်းရှင်များက ဆိုပါသည်။ သံတွဲမြို့စည်ပင်သာယာကော်မတီသည် ၂၀၁၅ ခုသြဂုတ်လမှစ၍ အမှိုက် သိမ်းလှောင်ကန်ကို လာရောက်သိမ်းဆည်းခြင်းမရှိတော့ကြောင်း သူတို့က ပြောပါသည်။ ယင်းအတွက်ကြောင့် ကမ်းခြေလမ်းမတလျှောက် အနံ့အသက်မကောင်းသော အမှိုက်ပုံများအစီအရီ ဖြစ်ပေါ်နေပါသည်။

“ကျွန်တော်တို့က မော်တော်ယာဉ်လည်းဝယ်ပေးတယ်။ စက်သုံးဆီဖိုးလည်း စိုက်ပေးတယ်။ လစာလည်း ပေးထားတယ်။ အဲဒါတောင် အမှိုက်လာမသိမ်းတော့ဘူး။ ဒါဟာသိပ်ကို အချိုးမကျတာပါပဲ”ဟု အမည်မဖော်လိုသော ဟိုတယ်ပိုင်ရှင်တဦးက ဆိုပါသည်။

(၀န်ခံချက်။ ။Frontiermyanmar မှ Hans Hulst ၏ paradise-lost, ကို မောင်မီးအိမ် ဘာသာပြန်ဆိုသည်။)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments: