Friday, January 15, 2016

Zawgyi Unicode or Myanmar Unicode



“ဇော်ဂျီကို Upgrade လုပ်လိုက်ရုံပါပဲ။ အင်ဂျင်ကျလာတဲ့ကားကို ပြင်ပြီးသုံးမှ ကားစီးသူတွေ ခရီးရောက်မှာပါ”

မြန်မာနိုင်ငံတွင် စံမြန်မာစာစနစ် ရှိလာရေးအတွက် ဆောင်ရွက်လျက် ရှိနေသည်။ သို့သော်လည်း တစ်ဖက်နှင့်တစ်ဖက် အငြင်းပွားမှုများ ဖြစ်ပွားနေပြီး စံသတ်မှတ်ချက်ရှိသည့် မြန်မာစာစနစ်ကို ပြောင်းလဲအသုံးပြုရန် အတွက် နှောင့်နှေးနေရသည်။ စံမြန်မာစာစနစ် တစ်ခုတည်း ဖြစ်ရေးအတွက် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ၂၀၁၆ ဩဂုတ် ၁ ရက်တွင် ပြောင်းလဲအသုံးပြုရန် ဆုံးဖြတ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦးက ယင်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ ယင်းကြောင့် လက်ရှိ အသုံးပြုမှုများနေသည့် ဇော်ဂျီ မြန်မာစာစနစ်နှင့် စံသတ်မှတ်ချက် ရှိသည်ဟု ဆိုထားသည့် ယူနီကုတ်စနစ်တို့နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ပညာရှင်များကို တွေ့ဆုံမေးမြန်းပြီး ဖော်ပြအပ်ပါသည်။

“ဇော်ဂျီက စံသတ်မှတ်ချက်ကို မလိုက်နာတာ မဟုတ်ဘူး။ စံသတ်မှတ်ချက် မရှိခင်က ထွက်ခဲ့တာ” -


(Alpha Info-Tech ကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမြတ်သူနှင့် တွေ့ဆုံခြင်း)
Voice : စံသတ်မှတ်ချက်ဆိုတာ ဘာလဲ။ ဘယ်လို တိုင်းတာတာလဲဆိုတာ အရင်ဆုံး ပြောပြပေးပါ။
UYMT : ယူနီကုတ်လို အဖွဲ့အစည်းကနေ စံသတ်မှတ်ချက်တွေ သတ်မှတ်ထားတယ်။ ဘယ်နိုင်ငံက ဆိုရင် ဘယ်စာလုံးကို ဘယ်နေရာမှာ ထည့်ပေးမယ် ဆိုပြီးတော့ စံနှုန်းတွေ သတ်မှတ်ထားတာရှိတယ်။ တကယ်တမ်းကျတော့ ယူနီကုတ် ဗားရှင်း ၃ လောက် ကတည်းက ဗမာစာကို အခြားနိုင်ငံခြားသားတွေက ထည့်ထားတာတွေ ရှိတယ်။ အဲ့ဒီ စံသတ်မှတ်ချက်တွေမှာ မတူတဲ့ဟာတွေကို ပြင်လာခဲ့ကြတာတွေ ရှိတယ်။ အရင်တုန်းက သတ်မှတ်ထားတဲ့စံက အင်္ဂလိပ်စာ အတွက်ကနေ တဖြည်းဖြည်းနဲ့ အခြားနိုင်ငံတွေရဲ့ စံတွေပါ ပါလာအောင် လုပ်ရတယ်။ အဲ့ဒီအထဲမှာ မြန်မာစာ အတွက်ကို နေရာတွေ တောင်းရတယ်။ သတ်မှတ်ထားတဲ့ ပမာဏထဲမှာ ဘယ်စာလုံးတွေ ထည့်ရမယ် ဆိုတာကို တင်ရတယ်။ အဲ့ဒါကို စံသတ်မှတ်ချက်လို့ ခေါ်တာ။ သူတို့အခေါ်ကတော့ ISO 10646 လို့ခေါ်တယ်။

Voice : ဇော်ဂျီအနေနဲ့ရော စံဖြစ်အောင်သွားမယ် ဆိုရင် ဘယ်လိုလုပ်လို့ရမလဲ။
UYMT : ဇော်ဂျီကနေ စံဖြစ်အောင်သွားမယ် ဆိုရင် ဇော်ဂျီက စံမဖြစ်ဘူး၊ ဖြစ်တယ်ဆိုတာကို အရင်ရှင်းမှ ရမယ်။ ဇော်ဂျီက စံသတ်မှတ်ချက်ကို မလိုက်နာဘူးလား ဆိုတော့ အခုအချိန်ကျမှ ဇော်ဂျီထွက်လာတာ ဆိုရင်တော့ မလိုက်နာဘူး။ ဒါပေမဲ့ အခုရှိတဲ့ စံသတ်မှတ်ချက်က ၂၀၀၈ မှ ပေါ်လာတာ။ ၂၀၀၈ မှ ထွက်လာတဲ့ စံသတ်မှတ်ချက်ကြီးကို ၂၀၀၄ မှာ ထွက်ခဲ့တဲ့စနစ်က ဘယ်လိုလိုက်နာရမလဲ။ 

မြန်မာစာက စံသတ်မှတ်ချက်ဖြစ်အောင် သွားတဲ့အခါကျတော့ ယူနီကုတ် 4.1 မှာ မြန်မာစာက တော်တော်များများ ပါလာတယ်။ အဲ့ဒီထဲမှာ မပါလာတာက ယပင့်၊ ရရစ်၊ ဝဆွဲ၊ ရှေ့ထိုး ပါမလာဘူး။ အဲ့ဒါတွေကို အရင်တုန်းက ပေးမထည့်ဘူး။ အဲ့ဒီလို သတ်မှတ်ထားတာနဲ့ စံသတ်မှတ်ချက်ကြီး ထွက်လာတယ်။ အဲ့ဒါက ၂၀၀၄ လောက်က။ မပါဘဲ လိုနေတဲ့ အောက်က တဝမ်းပူတို့၊ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ရှေ့ထိုးတို့ကို ဘယ်မှာသွားထည့်လိုက်လဲ ဆိုတော့ လွတ်တဲ့နေရာတွေမှာ ထည့်လိုက်တယ်။ အဲ့တော့ သုံးလို့ရသွားတယ်။ အဲ့ဒီအချိန်မှာ အဲ့ဒီဇော်ဂျီကို သုံးခဲ့တာ။ ၂၀၀၈ လောက်မှာမှ ထွက်လာတဲ့ စံသတ်မှတ်ချက် ဆိုတာကြီးနဲ့ ပြောလို့မရဘူး။ ကျွန်တော့်ဘက်က ပြောချင်တာက ဇော်ဂျီက စံသတ်မှတ်ချက်ကို မလိုက်နာတာမဟုတ်ဘူး။ စံသတ်မှတ်ချက် မရှိခင်က ထွက်ခဲ့တာ။

Voice : ဇော်ဂျီမြန်မာစာစနစ်နဲ့ ယူနီကုတ်စနစ်ကြား ကွာဟတာက ဘာဖြစ်မလဲ။
UYMT : ၂၀၀၈ မှာ Zawgyi 2008 ဆိုပြီးတော့ အသစ်တစ်ခု လုပ်ခဲ့သေးတယ်။ အဲ့ဒါက အခု ယူနီကုတ်လိုပဲ။ ကကြီး ရရစ်ဆိုရင် ရရစ်က တစ်လုံးတည်း သိမ်းသွားတယ်။ သုညကို တစ်ချောင်းငင် လိုက်တာနဲ့ သုညကနေ ဝလုံး ပြောင်းပေးတယ်။ အဲ့ဒါမျိုးပါတဲ့ ဇော်ဂျီစနစ်ကို လုပ်တယ်။ တိုင်းရင်းသား ဘာသာစကားမှာ ယူသုံးထားတဲ့ နေရာတွေကို ဖယ်ပေးတယ်။ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ရှေ့ထိုးကလွဲလို့ ယူနီကုတ်အတိုင်း လုပ်ပေးတယ်။ ယူနီကုတ်ရဲ့စံနှုန်းကို လိုက်နာတဲ့ ဇော်ဂျီ ဆန်ဆန်တော့ ဖြစ်တာပေါ့။ တကယ့်ယူနီကုတ်နဲ့ ဘာကွာလဲဆိုတော့ 4.1 မှာ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ရှေ့ထိုး မပါခဲ့ရာကနေ 5.1 ကို ရောက်တဲ့အခါ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ရှေ့ထိုး ပါလာတယ်။ ကျွန်တော်တို့က ဇော်ဂျီက ၂၀၀၄ ကတည်းက သုံးထားတာ။ သူတို့က ၂၀၀၈ လောက်ကျတော့ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ရှေ့ထိုး ထည့်တဲ့အခါကျတော့ ကျွန်တော်တို့နဲ့ မတူအောင် ထည့်လိုက်တယ်။ တကယ်လို့သာ လူတွေ ဇော်ဂျီသုံးနေတာကို အသိအမှတ် ပြုပြီးတော့ ဂရုစိုက်ပြီး ထည့်မှာချင်းတူတူ ဇော်ဂျီနဲ့ တူအောင်ထည့်လိုက်ရင် အခုအချိန်မှာ လွယ်လွယ်လေး ဖြစ်သွားမယ်။ အခုတော့ နေရာရွှေ့လိုက်တော့ အဲ့လိုမဖြစ်ဘဲ ဖြစ်သွားတယ်။ သူက အဲ့တုန်းက အဲ့လိုမလုပ်ခဲ့ဘူး။ ဇော်ဂျီကို နေရာဖယ်ပြီး ယူနီကုတ်က နေရာယူတဲ့ ဆန်ဆန်လုပ်ခဲ့တယ်။ နေရာတူအောင်သာ လုပ်ခဲ့မယ်ဆိုရင် အခုအချိန်မှာ ဇော်ဂျီက ရှိချင်မှတောင် ရှိတော့မှာ။ လွယ်လွယ်ကူကူ ပြောင်းသွားမှာ။

Voice : အသုံးပြုသူတွေက ယူနီကုတ်ကို ပြောင်းသုံးဖို့ ဝန်လေးနေသလို ဖြစ်နေတယ်။ အဲ့ဒါဘာကြောင့်လို့ မြင်သလဲ။
UYMT : အဓိကကတော့ ပြောင်းသုံးလို့ ကုန်သွားမယ့် အချိန်တို့၊ ငွေတို့ စတာတွေနဲ့ ပြန်ရလာမယ့် နည်းပညာတွေကို တန်တယ်လို့ မထင်ရင် ပြောင်းမသုံးဘူး။ တန်တယ်လို့ထင်ရင် ပြောင်းသုံးမှာလေ။ ဝင်းဒိုးအသစ်တွေ ပြောင်းသုံးတယ်ဆိုတဲ့ ကိစ္စက ပိုကောင်းတယ်လို့ စဉ်းစားလို့လေ။ ဗားရှင်းတွေ ပြောင်းသုံးတယ်ဆိုတဲ့ အဓိကအချက်က လုပ်ဆောင်ချက်တွေ ပိုကောင်းလာတာကို မက်လို့လေ။ အခုအချိန်မှာ Zawgyi 2016 ဗားရှင်း ထုတ်တယ်ဆိုရင် ကျွန်တော့်ကို ဆဲ။ ရတယ်။ လက်ခံတယ်။ ဘာဖြစ်လို့ ယူနီကုတ်နဲ့ စံမကိုက်တာကြီး ထုတ်တာလဲဆိုပြီး ပြောလို့ရတယ်။ ဒါပေမဲ့ အဲ့ဒီ အချိန်ကဟာကြီးကို သုံးနေတာကျတော့ ကျွန်တော်နဲ့မဆိုင်ဘူး။ သူတို့နဲ့လည်း မဆိုင်ဘူး။ အသုံးပြုသူနဲ့ပဲ ဆိုင်တယ်။
သူ့ထက်ပိုပြီး အကျိုးရတယ်လို့ ပြနိုင်တဲ့ ထုတ်ကုန်ကို ထွင်နိုင်ရင် လူတွေက မသုံးနဲ့လို့တောင် ပြောလို့ရမှာ မဟုတ်ဘူး။ ပိုက်ဆံပေးရရင်တောင် ဝယ်မှာ။

Voice : ဇော်ဂျီရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်တာမဟုတ်ဘဲ အဆင်ပြေပြေဖြစ်အောင် ဘယ်လို လုပ်လို့ရမလဲ။ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဘာတွေလိုမလဲ။
UYMT : ဇော်ဂျီကို ယူနီကုတ်ရဲ့ စံနှုန်းအတိုင်းဖြစ်အောင် ယူနီကုတ်အတိုင်း ထားမယ်။ ယူနီကုတ်ရဲ့ သဘောက ဒီစာလုံးတွေ ပါရမယ်ဆိုတာပဲ ပြောတာလေ။ ဘယ်နေရာမှာ ထားရမယ်ဆိုတာ မပါဘူး။ အဲ့တော့ လက်ရှိယူနီကုတ်ကို ယပင့်၊ ရရစ်၊ ဝဆွဲ၊ ရှေ့ထိုးကို နဂိုဇော်ဂျီနဲ့ တူအောင်ထားမယ်။ အဲ့ဒါကို ISO တင်လိုက်ရင် ယူနီကုတ်စံနှုန်းနဲ့လည်း ကိုက်သွားမယ်။ ဇော်ဂျီလည်း အသစ်ဖြစ်သွားမယ်။ ဇော်ဂျီအဟောင်းကိုလည်း အသစ်မှာ မြင်ရသွားမယ်။ အဲ့ဒီစနစ်သာ ပေါ်ခဲ့ရင် ဇော်ဂျီအဟောင်းတွေက မြင်ရမယ်။ အသစ်က ယူနီကုတ်အတိုင်း ဖြစ်သွားမယ်။ လူတွေက ရိုက်ရင်း ရိုက်ရင်းကနေ ယူနီကုတ်တွေ ဖြစ်သွားမယ်။ သူတို့ဘက်က အဲ့ဒီ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ရှေ့ထိုးကို ပေးမပြောင်းဘူး။

 “ဇော်ဂျီကို Upgrade လုပ်လိုက်ရုံပါပဲ။ အင်ဂျင်ကျလာတဲ့ကားကို ပြင်ပြီးသုံးမှ ကားစီးသူတွေ ခရီးရောက်မှာပါ” 


(Myanmar’s Net ကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်ထွဋ်နှင့် တွေ့ဆုံခြင်း)

Voice : မြန်မာစာ စံသတ်မှတ်ချက်က ဘာလဲ။ ဘယ်လိုတိုင်းတာတာလဲဆိုတာ အရင်ဆုံး ပြောပြပေးပါ။
UZH : မြန်မာနိုင်ငံမှာ အသုံးများတဲ့ (ကျွန်တော် မှတ်မိသလောက် လူဦးရေ ၅ သန်းကျော်က ပြောဆိုအသုံးပြုတဲ့) တိုင်းရင်းသား ဘာသာစကားတွေ အားလုံးကို Universal Code ခေါ် Unicode Standard ထဲ ထည့်ပါတယ်။ Unicode Standard ကို ISO-10646 စံအဖြစ် ထည့်သွင်းသတ်မှတ်ပါတယ်။ အဲဒီစံစနစ်ကိုသုံးရင် မြန်မာစာကို အင်္ဂလိပ်စာ သုံးသလို လိုသလို ရှာနိုင်မယ်၊ အက္ခရာ စီနိုင်မယ်၊ တွက်ချက်နိုင်ပါမယ်။ (စံသတ်မှတ်ချက် အသေးစိတ်ကို www.unicode.org မှာ ကြည့်ရှုနိုင်ပါတယ်။) အဲဒီစံနှုန်းထား စည်းကမ်းတွေနဲ့ ကိုက်ညီရင် စံမီပါတယ်။ မတူရင် မမီပါဘူးလို့ဘဲ သတ်မှတ်ပါတယ်။ ဒီလိုစံသတ်မှတ်ထားတဲ့ အတွက် တစ်ကမ္ဘာလုံး ဘယ်နေရာရောက်ရောက် Font မရှိလို့ မမြင်ရဘူးဆိုတဲ့ခေတ် နောင်မှာ ရှိတော့မှာ မဟုတ်ပါဘူး။

Voice : လက်ရှိအသုံးများနေတဲ့ မြန်မာစာစနစ်ရဲ့ အားနည်းချက်က ဘာတွေဖြစ်မလဲ။ ယူနီကုတ်လို့ ပြောတဲ့စနစ်တွေရဲ့ အားသာချက်တွေကရော ဘာတွေဖြစ်မလဲ။
UZH : လက်ရှိအသုံးများနေတဲ့ စနစ်တွေဟာ ဒုတိယမျိုးဆက် မြန်မာစာစနစ်တွေပဲ ဖြစ်ပါသေးတယ်။ မြန်မာစာလုံး တစ်လုံးကို ရှာရင် တွေ့တဲ့အခါ တွေ့၊ မတွေ့တဲ့အခါ မတွေ့ဖြစ်တာဟာ အသိသာဆုံး အချက်ပါပဲ။ ယူနီကုတ်ကို မသုံးဖြစ်သေးတဲ့ သူတွေဟာ မြန်မာစာ Data နဲ့ ကွန်ပျူတာရဲ့ စွမ်းရည် အပြည့်အဝ အသုံးမချနိုင်လို့ တိုးတက်သင့်သလောက် မတိုးတက်ဘဲ ဖြစ်နေတာ တွေ့ရပါတယ်။ အံ့ဩရလောက်အောင်ကောင်းတဲ့ ကွန်ပျူတာစနစ်တွေကို အခမဲ့သုံးလို့ ရနေရဲ့သားနဲ့ ယူနီကုတ် မသုံးတဲ့စက်တွေ ဖုန်းတွေမှာ အသုံးမပြုနိုင်တော့ မြန်မာနိုင်ငံသားတွေ အရမ်းနစ်နာနေပါတယ်။

Voice : ဇော်ဂျီအနေနဲ့ ၂၀၀၅ လောက်မှာ လုပ်ခဲ့တယ်။ ၂၀၀၈ မှာ စပြီးထွက်လာတဲ့ စံသတ်မှတ်ချက်မှာ မဝင်ဘူးပေါ့။ အငြင်းပွားမှုတွေ ရှိတယ်။ ဒါက ဘယ်လိုရှိသလဲ။
UZH : မြန်မာယူနီကုတ်ကို Unicode Standard Version 3 မှာ မြန်မာစာ ပထမဆုံး စပါခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် ကတည်းကပါ။ ၂၀၀၅ မှာ မြန်မာယူနီကုတ် အပြည့်အစုံကို Unicode Version 4.1 ထဲမှာ ၂၀၀၅ ခုနှစ် ကတည်းက ထွက်ခဲ့တာ ဖြစ်ပါတယ်။

Voice : မြန်မာစာစနစ်ကို ပြောင်းတဲ့နေရာမှာ အသုံးပြုသူက ပြောင်းပြီးအသုံးပြုမှလား။ နည်းပညာအရ အဆင်ပြေပြေဖြစ်အောင် ဘယ်လိုလုပ်လို့ ရဦးမလဲ။
UZH : မြန်မာစာစနစ်ကို ပြောင်းသုံးဖို့က ဖုန်း Handset တွေ၊ Hardware, Software တွေ ထုတ်လုပ်သူတွေနဲ့ ပုံနှိပ်ထုတ်ဝေတဲ့ မီဒီယာတွေက တစ်ပြိုင်တည်းမှာ ပြောင်းသုံးဖို့ လိုပါတယ်။ Visionary Leadership ရှိတဲ့ ခေါင်းဆောင်တွေ ဦးဆောင်ပြောင်းလဲရမယ့် အလုပ်ပါ။ User တွေက အလိုအလျောက် လိုက်လာပါလိမ့်မယ်။ ဒီပြောင်းလဲရေးကိုလည်း တာဝန်ရှိတဲ့ အစိုးရပိုင်းက ဦးဆောင်မလုပ်လို့ NGO တွေ၊ Civil Organization တွေက ထလုပ်နေရတာပါ။ ကျွန်တော်တို့ မြန်မာတွေ ကမ္ဘာ့မိသားစုက ခွဲထွက်ပြီး ငါ့မြင်းငါစိုင်း လုပ်ကြတဲ့ခေတ်ကို ပြောင်းလဲပစ်ဖို့ အချိန်တန်ပါပြီ။

Voice : ယူနီကုတ် စံသတ်မှတ်ချက်ကို မလိုက်နာတဲ့ စနစ်ကြောင့် ဘယ်လိုထိခိုက်မှု ရှိနိုင်လဲ။
UZH : မြန်မာဘာသာနဲ့ Database အပြည့်အဝ မသုံးနိုင်တာဟာ တိုင်းပြည်ကို တိုးတက်သင့်သလောက် တိုးတက်မလာအောင် အတားအဆီးကြီးတစ်ခု ဖြစ်နေပါတယ်။ ကွန်ပျူတာကို ဘုရားစူးစေ့ စာစီစာရိုက်အတွက်ပဲ သုံးတဲ့ခေတ်ထက် ပိုတိုးတက်ဖို့ လိုနေပါပြီ။

Voice : ဇော်ဂျီရဲ့ အခန်းကဏ္ဍကို မှေးမှိန်သွားမှ ယူနီကုတ်စနစ် အသက်ဝင်မှာလား။ ဒါမှမဟုတ် ဇော်ဂျီပါ လိုက်ပါနိုင်မယ့် အဖြေတစ်ခု ရှိနိုင်လား။
UZH : လွယ်လွယ်လေးပါ။ ဝင်းမြန်မာစာ စနစ်ကို Upgrade လုပ်လိုက်တော့ ယူနီကုတ်အဖြစ်နဲ့ Database သုံးလို့ ရသွားတယ်။ ဇော်ဂျီကို Upgrade လုပ်လိုက်ရုံပါပဲ။ အင်ဂျင်ကျလာတဲ့ကားကို ပြင်ပြီးသုံးမှ ကားစီးသူတွေ ခရီးရောက်မှာပါ။ မီးခိုးတလူလူနဲ့ ဆီအရမ်းစားနေတဲ့ကားကို ပြည်သူတွေကို အတင်းမသုံးခိုင်းသင့်ပါဘူး။

Voice : တိုင်းရင်းသား ဘာသာစကားတွေ အတွက် ယူနီကုတ်စနစ်က ဘယ်လိုအထောက်အပံ့ပေးလဲ။ လက်ရှိပေးထားတဲ့ အထောက်အပံ့ကရော ပြည့်စုံနေပြီလား။ လိုအပ်တာတွေရှိမယ် ဆိုရင် ဘယ်လိုဖြည့်စွက်မလဲ။
UZH : ရှမ်း၊ မွန်၊ ကရင်ဘာသာတွေ ရနေပါပြီ။ ရှားပါးရှေးစာလုံးတွေလို အချို့စာလုံးတွေ ထပ်ဖြည့်ဖို့ လိုကောင်းလိုပါမယ်။ မြန်မာစာအဖွဲ့ ဦးစီးဌာနကို အခြားတိုင်းရင်းသားဘာသာတွေ အတွက်ပါ တာဝန်ယူ လုပ်ပေးနိုင်အောင် ပြင်ဆင်ဖွဲ့စည်းထားတာ သိရပါတယ်။ ဘာသာဗေဒ ပညာရှင်တွေ ပေါင်းပြီး ထပ်ဖြည့်လို့ ရပါတယ်။

Voice : မြန်မာစာ စနစ်တစ်ခုတည်း ဖြစ်သွားတဲ့ အခါမှာ ဘယ်လိုကောင်းကျိုးတွေ ရလာနိုင်သလဲ။
UZH : ဘယ်နေရာရောက်ရောက် ဘယ်ကွန်ပျူတာ ဘယ်ဖုန်းမှာကြည့်ကြည့် မြန်မာစာမပေါ်လို့ ဆိုတဲ့ ပြဿနာ ရှိတော့မှာ မဟုတ်ပါဘူး။

Voice : တစ်ချိန်မှာ မဖြစ်မနေ ပြောင်းရမယ်လို့ ယူဆကြတယ်။ လက်ရှိမှာက တစ်ဖက်နဲ့တစ်ဖက် အငြင်းပွားမှုတွေ ရှိနေတယ်။ ဒီအချိန်မှာ ပြောင်းလိုက်ပြီး နောက်ထပ် ထပ်ပြောင်းဖို့ လိုဦးမှာလား။
UZH : မော်တော်ကား စပေါ်ခါစက ဒီဇယ်အင်ဂျင်ကားပဲ ရှိခဲ့ပါတယ်။ ဓာတ်ဆီကားတွေ ပေါ်လာပြီး၊ အခု Gasohol အရက်နဲ့ မောင်းတဲ့ကားတွေ၊ ဆိုလာနဲ့ မောင်းတဲ့ကားတွေ ရှိလာပါပြီ။ ခေတ်အလိုက် အသုံးများလာရင် တဖြည်းဖြည်းချင်း ပြောင်းသုံးသွားကြရမှာ ဓမ္မတာပါ။ ကမ္ဘာ့ရေစီးကြောင်းပါ။

Voice : ဖြည့်စွက်ပြီး ဘာများပြောချင်သေးသလဲ။
UZH : ယူနီကုတ် မသုံးကြလို့ ပြည်သူအများစုက နောက်ဆုံးပေါ် နည်းပညာတွေ မသုံးနိုင်ဘဲ ဖြစ်မှန်းမသိ ဖြစ်နေပါတယ်။ စနစ်ဟောင်းကို သုံးနေလို့ တိုင်းရင်းသား ဘာသာစကားတွေကို ကွန်ပျူတာတွေ၊ ဖုန်းတွေမှာ အမှန်မပေါ်ဘဲ ဖြစ်နေတယ်။ ပြောင်းသုံးဖို့ ယူနီကုတ်သုံးတဲ့ မြန်မာစာစနစ် ၁၀၀ လောက်တောင် ရှိနေပါပြီ။ တာဝန်ရှိသူတွေက မကြာခင် တစ်ပြိုင်နက်တည်း ပြောင်းမယ့်ရက် ကြေညာပါလိမ့်မယ်။ ပြောင်းဖို့အသင့်ဖြစ်ဖို့ ယူနီကုတ်ဆော့ဝဲတွေ ထည့်ထားနှင့်ဖို့ လိုနေပါပြီ။ နောက်ဖုန်းအသစ်ဝယ်တဲ့အခါ မြန်မာယူနီကုတ် ထည့်လို့ရမရ မေးပြီးမှ ဝယ်ပါ။
(မောင်မန်း)

No comments: