ကျွန်တော်တို့ဟာ ဒီညမှာတော့
ပိုမြင့်တဲ့ တောင်တန်းပေါ်က ပလောင်နီရွာ တစ်ရွာမှာ ညအိပ်ဖြတ်သန်းဖို့ ပြင်ကြတယ်။တစ်
နေကုန်ချီတက်ရတာ ပျော်စရာပါ။ လမ်းတစ်လျှောက်မှာ ဈေးသွားကြတဲ့ ပလောင် မိန်းမပျိုတွေ
အတန်းလိုက် အုပ်လိုက် တွေ့ရတယ်။ သူတို့က သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ထားကြတာ။
ဈေးသွားတယ်ဆိုတာကလည်း တောမှာတော့ လူမှုရေးပွဲလမ်းသဖွယ် မဟုတ်လား။ ဒါ့အပြင်
ဈေးသွားတယ် ဆိုတာ ပွဲလမ်းတစ်မျိုးဖြစ်ပြီး ဈေးသွားရင်းနဲ့ ဖူးစာဖက်နဲ့
တွေ့နိုင်တယ်မဟုတ်လား။ရှေ့က ပလောင်ပျိုမ တစ်ယောက်က ပန်းရောင်နှုတ်ခမ်းနီ
ဆိုးထားပြီး ပါးနဲ့နဖူးမှာလည်း သနပ်ခါး ပါးကွက်ကျားနဲ့။
တစ်ခါတုန်းက ညောင်ရွှေစော်ဘွားက
ဆာဂျော့စကော့ကို ကမ်းလှမ်းခဲ့ဖူးတယ်။ ပလောင်ပျိုတစ်ယောက်ကို တောင်ပေါ်တိုင်းရင်းသား
လူမျိုးနွယ်စု လူထူးလူဆန်းအနေနဲ့ အင်္ဂလန်ကိုခေါ်သွားဖို့ပါ။ ပဒေါင်တွေက လည်ပင်းမှာ
ကြေးကွင်းစွပ်ပြီး ကမ္ဘာကျော်သလို ငွေပလောင်တွေကလည်း ခါးမှာ
ငွေကွင်းစွပ်တယ်။နောင်နှစ် ၁၀၀ ကျော်ကြာတဲ့အခါမှာ ဒီသဘောမျိုး
တွေ့လာရပြန်တယ်။ရန်ကုန်ဆင်ခြေဖုံးမှာ ကျွန်တော်တွေ့ခဲ့ရတာ က
'တိုင်းရင်းသားကျေးရွာ' ဆိုပြီး တိုင်းရင်းသား လူနေအိမ်အတုလေးတွေ ဆောက်ပြီး
တိုင်းရင်းသားဝတ်စုံ ကိုယ်စီနဲ့ သရုပ်ပြ နေထိုင်ကြပုံကို တိုးရစ်တွေ အပါအ၀င်
အများပြည်သူ လေ့လာနိုင်ဖို့ ဖန်တီးခဲ့တယ်။
ပလောင်နီရွာ တစ်ရွာနားကို
ကျွန်တော်တို့ရောက်လာပြီ။ ပလောင်အိမ်တွေက စပါးကျီတွေလို ကြီးမားပြီး ခိုင်ခန့်တယ်။
ဘင်ကပြောပြတယ်။ အရင်ကဆိုရင် အိမ်အကြီးကြီးတွေမှာ မိသားစု တစ်ဒါဇင်လောက် စုပေါင်း
နေထိုင်လေ့ရှိခဲ့ကြကြောင်း၊ အခုတော့ နောက်ဆုံးနှစ်၂၀ လောက်မှာ အိမ်ထောင်ခွဲသလို
အိမ်တွေ ခွဲသွားကြကြောင်းဆိုတယ်။ ရွာရဲ့ အမြင့်ဆုံးတောင်ထိပ်မှာ
စေတီတော်တစ်ဆူရှိပြီး အနိမ့်ဆုံးမှာ ရေစက်နဲ့ နတ်စင်ရှိတယ်။ ဧရာမ
ညောင်ပင်ကြီးသုံးပင်အောက်မှာ ဖုံးကွယ်နေတယ်။ ရွာအနှံ့အပြားမှာ ၀က်တွေ
မွေးထားတာတွေ့ရပြီး ကြွက်မည်းကြီးတွေလို ၀က်ပေါက်တွေက ရွာထဲကအိမ်တွေအောက်က
မြေကြီးပေါ်မှာ နှုတ်သီးထိုးပြီး အစာရှာနေတယ်။ ဆေးဆရာအဖြစ်လည်း နာမည်ကြီးတဲ့ ဘင်ကို
ရွာလူကြီးက ခေါ်တယ်။ မီးခိုးအူနေတဲ့ အခန်းထဲက မီးဖိုဘေးမှာ ဖျားနာနေတဲ့
မိန်းမတစ်ယောက်ကို စောင်အထပ်ထပ် ခြုံထားပေးတယ်။ ဘင်က လူနာမိန်းမကို
အဖျားစမ်းနေစဉ်မှာ ဘေးကဆောင့်ကြောင့်ထိုင်နေသူ သူကြီးသားက ဖြစ်စဉ်ကိုပြောပြတယ်။
''သူပြောတာက သူ့အမေက သင်္ဘောသီးတွေ
အများကြီးစားမိလို့ဖျားတာတဲ့'' လို့ ဘင်က ကျွန်တော့်ကို ပြန်ပြောရင်း
သက်ပြင်းချတယ်။ အလွန်ရှေးကျတဲ့ အစွဲအလမ်းတွေ ရှိနေတယ်။ ထမင်းစားပြီးပြီးချင်း
ရေချိုးရင်၊ မြေနတ်ရေနတ်တို့ကို စော်ကားမော်ကားလုပ်မိရင်၊ အစောင့်အရှောက်တွေရှိတဲ့
ဧရာမသစ်ပင်တွေ အောက်မှာ အခင်းကြီးအခင်းလေး သွားမိရင်စသဖြင့် ပလောင်ကဲ့သို့
တောင်တန်း နေတွေမှာ နေမကောင်းဖြစ်ရခြင်း အကြောင်းရင်းများစွာ ရှိနေတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း
နမ့်စန်မြို့နယ် ခိုလမ်ရှိ တိုင်းရင်းသားဒေသ ပလောင် ကျေးရွာကို ဇန်န၀ါရီ ၁၀ ရက်က
တွေ့ရစဉ် (ဓာတ်ပုံ-ခွန်စည်သာ)
အဘွားကြီးမှာ ကိုယ်ပူသိပ်ကြီးနေပြီ။
ဘင်က အက်စပရင် ဆေးနှစ်ပြားကို လက်ဖက်ရည်သောက် ပန်းကန်လုံးထဲ
ထည့်ခြေလိုက်တယ်။သင်္ဘောသီး အများကြီးစားတာကြောင့် ဖျားတာမဟုတ်ပါဘူးလို့
ဆေးသောက်နေတဲ့ အဘွားကြီးကို သူပြောပြတယ်။ သင်္ဘောသီးမှာ အရေးကြီးတဲ့ ဗီတာမင်အေ ပါတယ်လို့
ရှင်းပြတယ်။ သင်္ဘောစေ့ကို အချို့တိုင်းရင်းသားတွေက ကိုယ်ဝန်ဖျက်ချရာမှာ သုံးသတဲ့။
ကျွန်တော် ကလောကနေ ဗီတာမင်အားဆေးမျိုးစုံ ၀ယ်လာတာ။ ဘင်က အားဆေး ၁၀ လုံးကို ထုတ်ယူ
ရေတွက်ပြီး စက္ကူအပိုင်းထဲ ထည့်ခေါက်လိုက်ပြီး ပေးလိုက်တယ်။ အဘွားကြီးက ဆေးထုပ်ကို
ဖျာအောက်မှာ ထားလိုက်တယ်။ စောင်ကိုဆွဲခြုံပြီး မီးဖိုဘေးနားရွှေ့ကာ မျက်ရည်တွေ
ကျလာပြီး တဖွဖွ ပြောနေပြန်တယ်။
''အဘွားကြီး ဘာတွေပြောနေတာလဲ''လို့
ကျွန်တော်ကမေးတော့ ဘင်ကပြုံးပြီးရှင်းပြတယ်။
''သူပြောနေတာက သူတကယ်ဆိုရင်
သင်္ဘောသီးတွေကို ဒီလောက်ကြီး မစားသင့်ဘူး။ နို့မို့ဆိုရင် သူနေမကောင်း
ဖြစ်မှာမဟုတ်ဘူးတဲ့ဗျ''
နောက်နှစ်နာရီလောက်အတွင်းမှာ ဘင်ဟာ
ရွာရိုးကိုးပေါက်လျှောက်ပြီး အက်စပရင်တွေ ဗီတာမင် အားဆေးတွေကို လျှောက်ဝေပေးတယ်။
အဲဒီမှာနာမကျန်းဖြစ်သူ အတော်များနေတယ်။ အရောင်လွင့်ပြီး ညစ်ပေနေတဲ့
ရိုးရာဝတ်စုံတွေ ၀တ်ထားတဲ့ ပလောင်အမျိုးသမီးတွေအများကြီး လာပြကြသလို ကလေးတွေလည်း
ရွံ့ရွံ့နဲ့ လိုက်လာကြတယ်။ဘင်က နာမကျန်းသူတွေကို စမ်းသပ်ပြီးပညာပေး စကားပြောကာ
ကုသပေးတယ်။ ၀ိုင်းအုံလာတဲ့ ကလေးသူငယ်အများစုက ဗိုက်ပူနံကား
နပ်ချေးတွဲလောင်းတွေနဲ့။
ဘင်ရဲ့ အက်စပရင်ဆေးပြားတွေနဲ့ ဗီတာမင်
ဆေးပြားတွေက နောက်လူနာတစ်ဦး ဖြစ်တဲ့ ချာတိတ်တစ်ယောက်ကိုတော့ ဘယ်လိုမှ
မကယ်တင်နိုင်ပါဘူး။ သူဟာမြို့နဲ့ဝေးရာ တောင်ကုန်းပေါ်က တဲကလေးထဲမှာ ပြင်းထန်တဲ့
ငှက်ဖျားရောဂါတစ်မျိုးကို သေလုမြောပါး ခံစားနေရသူပါ။ သူ့နံဘေးမှာ မိသားစု
ဆွေမျိုးညာတိ တစ်ဒါဇင်လောက် ရှိတယ်။အစ်ကိုတစ်ယောက်က သူ့မျက်နှာကို သုတ်ပေးနေတယ်။
အစ်မတစ်ယောက်က သူ့လက်တွေကို ပွတ်သပ်ပေးနေတယ်။ ကျန်တစ်ယောက်က သူ့ခြေထောက်တွေကို
ဖက်ထားတယ်။ ဒီလူငယ်ရဲ့ မူလကတည်းက ပိန်တဲ့ ပလောင်မျက်နှာက အာဟာရချို့တဲ့ပြီး
ကြုံလှီနေပြီ။ သူ့မေးရိုးတွေက ငေါထွက်လို့။ ပြူးထွက်နေတဲ့ သူ့မျက်လုံးတွေက ခေါင်မိုးဆီကို
ကြောင်တောင်ငေးရီလို့။
ဒီလူငယ်ဟာ ဒီလောက်ပြင်းထန်တဲ့
ငှက်ဖျားကို ဒီဒေသမှာ နေရင်းရတာမဟုတ်ပါဘူး။ ဒီအရပ်က ခြင်တွေအတွက်
အရမ်းအေးလွန်းတယ်။ သူက ပလောင်တို့ရဲ့ တောင်ယာခုတ်-မီးရှို့ရွှေ့ပြောင်း
စိုက်ပျိုးရေးစနစ်ရဲ့ သားကောင်ဖြစ်ရတာပါ။ ရွှေ့ပြောင်း တောင်ယာခုတ်စနစ်ကြောင့်
ဒီဒေသဒီတောတောင်မှာ သစ်မရှိတော့ဘူး။ ထင်းမီးအတွက်တောင် အဝေးကြီး
သွားရောက်ရှာဖွေရတယ်။ များသောအားဖြင့် ပိုဝေးပြီး ပိုပူနွေးစိုစွတ်တဲ့ ငှက်တော
ခွေးတောတွေအထိ သွားရတာ။ ဒီသူငယ်ဟာ အဲဒီအဝေးတောတွေဆီ သစ်ခုတ် သွားရင်းနဲ့
ငှက်မိလာတာပါ။
ဒီလူက ရုတ်တရက်ဆိုသလို ငေါက်ခနဲ
ထထိုင်ဖို့ ကြိုးစားပါလေရော။ သူမျက်လုံး ကလယ်ကလယ်တွေက ကြောင်စီစီနဲ့။
''အိမ်မီးလောင်နေပြီ''လို့ သူက
ရုတ်တရက် ကယောင်ကတမ်း ထအော်တယ်။
''အိမ်မီးလောင်နေပြီ''
''အိမ်မီးလောင်နေပြီ''လို့ထပ်အော်ပြန်တော့
သူ့မွေးချင်းတွေက သူ့ကို ၀ိုင်းဆွဲထားကြရင်း ယဲ့ယဲ့ပြုံးပြကြတယ်။
ဒီလူ သက်သာ နေကောင်းရေးအတွက်
နတ်တင်ဖို့ လုပ်နေကြောင်း မိသားစုက ဘင့်ကိုပြောပြတယ်။ ဘင်က ခေါင်းညိတ်ရုံမှတစ်ပါး
အခြားဘာမှမပြောနိုင်ဘူး။ ပြီးတော့မှ မိသားစုကိုကြည့်ကာ ဒီလူနာကို ကလောဆေးရုံ
အမြန်ပို့သင့်ကြောင်းပြောတယ်။
''ဒါက အမြဲတမ်းခွကျတဲ့ ကိစ္စပဲ'' လို့
နောက်ကျတော့ ဘင်ကကျနော့်ကို ရှင်းပြတယ်။
''ပလောင်တွေက ဆေးရုံတွေကို
အယုံအကြည်မရှိကြဘူး။ ဆေးရုံတက်ရင် သေမယ်ချည်းပဲ ထင်နေကြတာ''တဲ့။
ဘင်၊ရွာလူကြီးနဲ့ ဒေသခံ
ဘုန်းကြီးတို့က ဆေးရုံပို့ဖို့ တိုက်တွန်းနားချရလေ့ရှိတယ်။ ဆင်းရဲသား ပလောင်တွေက
ဆေးရုံဆေးဖိုး ကုန်ကျစရိတ်များမှာကိုလည်း ကြောက်တယ်။ ဆေးဖိုးနဲ့ ကုသစရိတ်
အဲဒီခေတ်(၁၉၉၀များဆီက) ကျပ် ၅၀၀၀ လောက်ကုန်တာကိုတောင် သူတို့တတ်နိုင်တဲ့
အတိုင်းအတာထက် ကျော်လွန်နေပြီလေ။ ဘင်နဲ့ကျနော်က ဆေးရုံတက်စရိတ်ပေးဖို့
ကမ်းလှမ်းတယ်။ ထူးမခြားနားပါပဲ။ ထမ်းစင်နဲ့ ၅ နာရီလောက် သွားရရင် ကလောမရောက်ခင် သေလိမ့်မယ်လို့
သူတို့က စိုးရိမ်ပူပန်တယ်။ တကယ်က ခုအတိုင်းဘာမှမလုပ်ဘဲ ထိုင်ကြည့်နေရင်သာ
သေသွားတော့မှာလို့ ဘင်က သတိပေးတယ်။ သူတို့ဆေးရုံတက်မတက်
နောက်နေ့မှာသွားကြည့်ဦးမယ်လို့ ဘင်ကပြောတယ်။
ကျနော့်တို့ရွာထဲကို ရောက်တယ်။
သစ်သားတံခါးကို သော့ကြီးကြီးခတ်ထားတဲ့ အဆောက်အအုံကိုတွေ့ရတယ်။ အဆောက်အအုံပြင်ပက
ဆိုင်းဘုတ်ဖော်ပြချက်အရ ယူအင်ဒီပီကဖွင့်ထားတဲ့ ကျန်းမာရေးစင်တာတဲ့။
ကြာတော့ကြာခဲ့ပါပြီ။
■
ကျမ်းကိုး-ဆာဂျော့စကော့ရဲ့'ဗမာ'
-အင်ဒရူးမားရှယ်ရဲ့
'ဘောင်းဘီဝတ်သူများ'
ပုံစာ(၁)
ငွေခါးပတ်များနှင့် ငွေပလောင်အမျိုးသမီးများကို တွေ့ရစဉ်
(ကျန်ပုံများ)
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ခိုလမ်ရှိ တိုင်းရင်းသားဒေသ
ပလောင်ကျေးရွာရှုခင်းများကို၁၀-၁-၂၀၁၅က တွေ့ရစဉ်
Writer: ကိုနေ(မန်း)
Credit: www.news-eleven.com
No comments:
Post a Comment