Monday, March 12, 2018

အရေပြားနုပျိုမှုကို ပျက်ယွင်းစေမယ့် အစားအသောက်များ


[9 Foods You Should Avoid and How They’re Aging Your Skin]

မိမိခန္ဓာကိုယ်အတွင်း ဘာတွေသွပ်သွင်းနေသလဲဆိုတာ အတော်အရေးပါတဲ့ကိစ္စဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စားသောက်လိုက်တဲ့ အစားအသောက်တွေဟာ ခန္ဓာကိုယ်အရေပြားအပေါ် အကျိုးသက်ရောက်မှုရှိနေနိုင်လို့ပါ။ သန့်ရှင်းပြီး မှန်ကန်တဲ့ အစားအစာ အဟာရဓာတ်တွေကို စားသုံးမှီဝဲနေချိန်မှာ ကျန်းမာစိုပြည်သလို တောက်ပတဲ့ အရေပြားအလှအား သတိပြုမိနိုင်ပြီး စားချင်တာစား သောက်ချင်တာသောက်မိချိန်များဝယ် အရွယ်မတိုင်သေးပဲ အရေပြား​လျော့ရိ​လျော့ရဲဖြစ်ခြင်း၊ အရေးအကြောင်းပေါ်ခြင်းနှင့် မျက်အိပ်တွဲကျခြင်းကဲ့သို့သော အနုတ်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုများဖြစ်လာပုံကို သိမိရတာ တကယ်ရှင်းလွန်းပါတယ်။

စာဖတ်သူ အနေနဲ့ ကျန်းမာလှပပြီး စိုပြေတဲ့ အသားအရေပိုင်ဆိုင်ချင်တယ်ဆိုရင် ဖြတ်တောက်သင့်သော အစားအစာ ကိုးမျိုးအကြောင်း အောက်မှာ ကျနော်က ပြောပြ အကြံဥာဏ်​ပေးပါမယ်။

(၁) အနီ​ရောင်​ အသား (RED MEAT)

ကျွမ်းကျင်သူများအဆိုအရ အနီ​ရောင်​အသား (ခြေလေးချောင်းသား)မှာ သွေးကြောနံရံတွေကို မာကျောစေတဲ့ဓာတ်သဘာဝ (carnitine)ရေချိန်မြင့်မားစွာပါဝင်တာကြောင့် အရွယ်မတိုင်ခင် အရေပြားတင်းအား ​လျော့ရိ​လျော့ရဲ ဖြစ်စေပါတယ်။ ဒါကြောင့် ဟမ်ဘာဂါအစား သက်​သတ်​လွတ်​ ဘာဂါကိုပဲ ပြောင်းစားကြတာပေါ့။

(၂) အငန်ဓာတ် (SALT)

ဆား အထူးသဖြင့် အိုင်အိုဒင်းဆားဟာ စာဖတ်သူရဲ့ အရေပြားအတွက် မသင့်တော် မကောင်းတဲ့အထဲမှာ ပါပါတယ်။ ဘာကြောင့်လဲဆိုတော့ အိုင်အိုဒင်းဆားဓာတ်သဘာဝက အရေပြားတစ်ရှူးကို ဖောင်းကြွစေသလို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ၀က်ခြံတွေလည်း ဖြစ်စေနိုင်ပါတယ်။ မျက်အိပ်တွေထွက် မျက်နှာက ခပ်ဖောင်းဖောင်းနဲ့ စာဖတ်သူကို မကျန်းမာတဲ့အသွင်ပေါက်စေမှာပါ။ ဒါကြောင့် ကိုယ်စားသောက်တဲ့ အစားအစာများထဲက အငန်ဓာတ်ပမာဏကို အမြဲစစ်ဆေးတိုင်းဆသင့်သလို အငန်ဓာတ်ကဲထားတဲ့ အသင့်စား အစားအစာတွေကိုလည်း သတိထားစားကြပါလို့။

(၃) အချိုဓာတ် (SUGAR)

သကြားဓာတ်ဟာ ကိုယ်ခံအားစနစ်ကို အားလျော့စေနိုင်ဆုံး အစားအစာဖြစ်ပါတယ်။ မျက်ဝန်းတ၀ိုက်က ကျီးခြေရာတွေလို မျက်နှာပြင်အနှံ့ အရေးအကြောင်းပေါ်ပေါက်နှုန်းကို တိုးမြင့်စေနိုင်စွမ်းရှိပါတယ်။ ကိုယ်ခန္ဓာထဲက ကော်လာဂျင် (collagen and elastin) ဓာတ်ဖြစ်ပေါ်မှုကို လျော့ပါးစေတာကြောင့် အရေပြားတောက်ပမှုလည်း နည်းစေပါတယ်။

အချိုဓာတ်ကြိုက်နှစ်သက်တယ်ဆိုရင်လည်း သဘာဝအချိုဓာတ်များများပါဝင်သော သစ်သီးအသီးနှံများကို စားသုံးဖို့ ကြိုးစားကြပါလို့။

(၄) အကြော်အလှော် (FRIED FOODS)

ဓာတ်တိုးပစ္စည်း (free radicals)များ ပါဝင်သော ဆီကြော်အစားအစာတွေမှ
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေဟာ အဆီပြန်တတ်သော ချွေးပေါက်ကျယ်တွေဖြစ်ပေါ်စေနိုင်ပါတယ်။

ထောပတ်သီး နဲ့ သံလွင်ဆီ တို့လို ကျန်းမာရေးအတွက် အနှောင့်အယှက်မဖြစ်တဲ့ အဆီဓာတ်ပါဝင်သော အစားအစာတွေကို ရွေးချယ်စားသုံးရပါမယ်။

(၅)ကာဘိုဟိုဒရိုတ်ဓာတ်များသော အစားအစာများ (FOODS WITH HIGH GLYCEMIC INDEX)

ဂလိုက်စီမစ်ညွှန်းကိန်းမြင့်တဲ့ (a high glycemic index) အစားအစာကို စာဖတ်သူ စားသောက်နေချိန် ခန္ဓာကိုယ်မှာ သွေးတွင်းအချိုဓာတ် (glucose)နဲ့ အင်ဆူလင်ဟော်မုန်းဓာတ်(insulin levels)တိုးမြင့်လာပါတယ်။ ပြောရရင် အဲ့သလို အစားအစာတွေကြောင့် ၀က်ခြံတွေထွက်တာနဲ့ ချိတ်ဆက်နေတာပါ။ ၀က်​ခြံထွက်နှုန်းတ၀က်လောက် လျော့ကျချင်တယ်ဆိုရင်တော့ ဂလိုက်စီမစ် အစားအစာတွေကို လျော့စားမှဖြစ်ပါမယ်။

ဆီးချို​သွေးချို သမားတွေစားပါတယ်ဆိုတဲ့ အစားအသောက်မျိုးကို စားသောက်ပြီး ပုံမှန်ထက် အရသာပိုကဲအောင် ပြုပြင်စားသောက်တာ ရှောင်ကြဉ်ပါ။ ကာဘိုဟိုဒရိုတ်ဓာတ်များသော အစားအစာက သွေးတွင်း အချိုဓာတ်ကို တိုးမြင့်စေနိုင်တာကြောင့်ဖြစ်ပါတယ်။

(၆) အရက်သေစာ (ALCOHOL)

အရက်ဟာ စာဖတ်သူကို ဆိုးဆိုးဝါးဝါး ရေဓာတ်ခြောက်ခမ်းစေပါတယ်။ အဲဒီ အကျိုးသက်ရောက်မှုအရ စာဖတ်သူရဲ့ အရေပြားကော ကိုယ်ခန္ဓာအစိတ်အပိုင်း အသီးသီးကိုရော ရေဓာတ်ပို့လွှတ်နေတဲ့ ဇီဝကမ္မဖြစ်စဉ်အပေါ် ရိုက်ခတ်မှုရှိလာပါတယ်။

မျက်နှာနီမြန်းလာခြင်းနဲ့ အရေပြားညစ်နွမ်းနွမ်းဖြစ်ခြင်းကဲ့သော ဖြစ်စဉ်များဟာ ကိုယ်တွင်းသွေးပျစ်ချွဲခြင်းကိုဖြစ်စေသော အရက်ကြောင့်ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ခုခံကာကွယ်လိုစိတ်များကို ပျက်ယွင်းစေရုံသာမက အရေပြားကိုလည်း ယိုယွင်းစေနိုင်ပါတယ်။

(၇) ကဖင်းဓာတ် (CAFFEINE)

ကဖင်းဟာ ဆီးရွှင်ဆေး (a diuretic) တစ်လက်နည်းပါး ရေဓာတ်ဆုံးရှုံးမှုများစေတယ်။ အရေပြားအစိုဓာတ်ကို နည်းစေနိုင်တယ်၊ ပြီးတော့ ကော်တီဆုန်း(cortisol) ထုတ်လုပ်မှု ပမာဏ တိုးမြင့်စေတယ်လို့ ဆိုလိုပါတယ်။ ကော်တီဆုန်း ပိုမိုများပြားလာတာဟာ ဇရာလက္ခဏာပြသမှုဖြစ်စဉ်ကို ပိုမိုမြန်ဆန်စေတဲ့သဘောဖြစ်ပြီး အရေပြားကို ပါးလွှာအောင် လုပ်တဲ့သဘောဘက် သက်ရောက်ပါတယ်။

(၈) ပြု ပြင်ထားသော သွားရေစာ အစားအစာများ (PROCESSED SNACK FOODS)

ကျနော်တို့အားလုံး သိနေပါတယ် ပြုပြင်ဖန်တီးထားတဲ့ လွယ်လင့်တကူစားသုံးနိုင်တဲ့ အစားအစာတွေဟာ ကျန်းမာရေးအတွက် မကောင်းသလို အရေပြားအလှအတွက်လည်း မကောင်းမွန်ဘူးဆိုတာလေ။ အစားအစာတွေက ပြု ပြင်ထားတာဆိုတော့ သူတို့တွေရဲ့ သဘာဝအဟာရတွေနဲ့ ကောင်းမွန်တဲ့ မူလအခြေတွေ ယွင်းနေတဲ့ အဆင့်တစ်ခုမှာ ရှိနေပါတယ်။ မကြာခဏဆိုသလိုပါပဲ အစားအစာတွေကို ပြုပြင်ထုတ်လုပ်ကြရာမှာ သကြားနဲ့ ဆိုဒီယမ်တို့ အသုံးများကြပါတယ်။ အဲဒီအရာတွေက ကိုယ်ခန္ဓာမှ လိုအပ်သလောက်သာ စားသုံးသင့်ပြီး အပိုများများမလိုအပ်ဘူးဆိုတာ ကျနော်တို့ သိနေကြပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်ဆိုတဲ့ သွားရေစာ (Snacks) တွေကတော့ သစ်သီးဝလံအမျိုးမျိုးနဲ့ အစေ့အဆန်တွေပဲ ဖြစ်ပါတယ်။

(၉) အချိုတုနဲ့ အရောင်တုများ (ARTIFICIAL SWEETENERS AND COLORS)

အရောင်ကာလာနဲ့တကွ အချိုအရသာ အတုတွေမှာ အဟာရတန်ဖိုး လုံးဝမရှိကြပါဘူး။ စာဖတ်သူဟာ ဓာတ်မတည့်မှု (allergies) ဖြစ်လွယ်သူတစ်ယောက်ဆိုပါက ဆိုးဆေးနဲ့ အချိုတုတွေဟာ ယားယံခြင်းကို ခံစားရစေနိုင်စွမ်းရှိနေပါတယ်။ ခန္ဓာကိုယ်တွင်း ရောက်သွားပါက ဘယ်လိုဖြစ်တန်စွမ်းရှိသလဲဆိုတာ စမ်းသပ်အဖြေရှာထားခြင်းရဲ့ ရလဒ်ပါ။

ဒီလို တုပဖန်တီးထားတဲ့ ထုတ်ကုန်တွေဟာ မကြာခဏဆိုသလို အရေပြားနီရဲရောင်ရမ်းခြင်းတွေ၊ မတည့်တဲ့ အရာနဲ့ ထိတွေ့မိချိန် ဒုက္ခပေးတတ်တဲ့ ခန္ဓာကိုယ်တွင်းက ဒြပ်ပေါင်းတမျိုးဖြစ်သည့် ဟစ်စတီမိုင်း (histamine) တုန့်ပြန်မှုတွေ ဖြစ်ပေါ်စေပါတယ်။ စာဖတ်သူရဲ့ တစ်ရှူးတွေထဲမှာ အဆိုပါ ဓာတုပစ္စည်းကို မသိမသာ သိုလှောင်ထားတတ်ခြင်းက ခန္ဓာကိုယ်ရဲ့ ဆိုးရွားတဲ့ ကိစ္စရပ်ပါ။

(Alex Aung)

Ref: 9 Foods You Should Avoid and How They’re Aging Your Skin By WellnessBin

No comments: