Sunday, March 4, 2018

“ပြစ်တင်ကဲ့ရဲ့မှုများရဲ့ နောက်ကွယ်”


(ဖတ်ပြီး ကိုယ့်ချစ်သူကို မန်းရှင်းခေါ်ရန်ကြာချိန် - ၅ မိနစ်)

“ဒီလောက်လိုလေသေးမရှိ ထားတဲ့ ယောကျာ်းမျိုး ရထားတာတောင် ဖောက်ပြန်သေးတယ်”

“ဟယ် ဒီပုံစံကြီးကိုများ ဟိုကောင်မလေးက ဘာကြည့်ကြိုက်တယ် မသိဘူး”

“မိန်းမကတောင် ပြန်လုပ်ကျွေးနေတာကို ဒီအတိုင်း ထိုင်မစားဘူး၊ မယားငယ်က ထားရသေးတယ်”

အဲဒီလိုစကားသံတွေ ကြားဖူးကြမှာပါ။ ကိုယ်တိုင်လည်း တစ်ခါတစ်လေ မချိတင်ကဲ ပြောဖူးကြပါလိမ့်မယ်။ ချစ်တာရယ်၊ လိင်ဆက်ဆံတာရယ်၊ အိမ်ထောင်ပြုတာရယ်ကို တစ်သားတည်းလို့ ခံယူထားကြတဲ့ ကျွန်တော်တို့အသိုင်းအ၀ိုင်း၊ ကိုယ်ကျင့်သိက္ခာစံနှုန်းတွေကို သိပ်တန်ဖိုးထားကြတဲ့ မြန်မာ့လူနေမှုဓလေ့မှာ ဒီစကားတွေ ပြောမိတတ်ကြတာ မဆန်းပါဘူး။

စာရေးဆရာကြီး မာ့ခ်တွိန်းပြောဖူးတဲ့၊ “လူသားတိုင်းဟာ အမှောင်ဘက်တစ်ခြမ်းစီ ရှိနေကြတဲ့ လတစ်စင်းစီပါပဲ” ဆိုတဲ့ စကားလေး သိပ်သဘောကျခဲ့ဖူးတယ်။ ကိုယ့်မှာရှိတဲ့ အမှောင်ဘက်အခြမ်းကို မေ့ပြီး တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ သူတစ်ပါးရဲ့အမှောင်ကိုပဲ သိပ်မီးမောင်းထိုးချင်ကြတယ်။ ထိုးလည်း ထိုးမိတတ်ကြတယ်။

အမှောင်ဆိုမှတော့ ဘယ်ကောင်းမလဲ။ အတုယူစရာလည်း မရှိ၊ အားကျစရာလည်း မရှိ၊ ခွင့်လွှတ်စရာလည်း မရှိ။ ဒါပေမယ့် အဲဒီအမှောင်တွေမှာ တစ်ခါတစ်လေတော့ မှောင်ရခြင်းအကြောင်းတွေ ရှိနေတတ်ပါတယ်။

၁။ လူတွေ သိပ်မသိတဲ့ စိတ်ဒဏ်ရာတွေအကြောင်း

ကောင်လေးနဲ့ ကောင်မလေး တွဲလာတာ ၁၀ နှစ်ကျော်ပြီ။ မိန်းကလေးဘက်က မင်္ဂလာဆောင်ရအောင် ပြောလာတဲ့အချိန်မှာ ယောကျာ်းလေးက တော်တော်လေး တွေဝေသွားတယ်။ ဒီတော့ မိန်းကလေးက စိတ်ဆိုးတာပေါ့။ သူ့ကို အပျော်တွဲတာလား၊ ဘ၀တစ်သက်စာ မရည်ရွယ်ခဲ့ဘူးလား။ သူ့မိဘတွေကလည်း ပြောလာတယ်၊ ငါတို့သမီးကို နင်က ယုတ်မာတယ်ပေါ့။ ပတ်ဝန်းကျင်ကလည်း ပြောလာတယ်၊ မိန်းကလေးတစ်ယောက်ကို နှစ်ရှည်လများ တွဲပြီးမှ မယူဘဲ ထားခဲ့တဲ့အကောင်တဲ့။

သူ့ကိုယ်သူ ပြန်မေးတယ်၊ ဘာလို့မယူချင်တာလဲ၊ မချစ်လို့လား။ မဟုတ်ဘူး၊ ချစ်တယ်။ အပျော်တွဲတာလားဆိုတော့လည်း မဟုတ်ဘူး။ တကယ်ချစ်တာ။ ဒါဆို ဘာလို့လဲ။ ဘာလို့လဲဆိုတော့ လက်ထပ်ပြီး နှစ်ကိုယ်တူဘ၀ကို တည်ဆောက်လိုက်ခြင်းက သူတို့နှစ်ယောက်ကို ပိုပျော်ရွှင်စေမယ်လို့ မယုံကြည်တာကြောင့်ပဲ။ ချစ်တယ်၊ တစ်သက်လုံးလည်း ချစ်သွားချင်တယ်၊ ဒါကြောင့်မို့လို့ကို ရှေ့ဆက်မတိုးချင်တာ။

သူ့မိသားစုကို ပြန်ကြည့်တော့ အဖေနဲ့အမေနဲ့က ကွဲနေတယ်။ မချစ်လို့ မဟုတ်ဘူး။ သဘောထားတွေ မတိုက်ဆိုင်လို့။ ချုပ်ချယ်တတ်တဲ့ အဖေ၊ သံသယကြီးတဲ့ အဖေ၊ ပတ်ဝန်းကျင်ကို သိပ်ဂရုစိုက်တဲ့ အဖေနဲ့၊ ခေတ်ဆန်ပြီး အပျော်အပါးကို သဘောကျတဲ့ အမေတို့ကြားက ရန်ပွဲတွေနဲ့ သူ့ငယ်ဘ၀ကို ဖြတ်သန်းခဲ့ရတယ်။ ကျောင်းကနေ အိမ်ကိုပြန်လာတိုင်း မိသားစုပျော်ပျော်ရွှင်ရွှင်နေရတယ် ဆိုတာ မရှိဘူး။ ရန်ဖြစ်ထားလို့ ဒေါသထွက်နေကြတဲ့ အဖေနဲ့အမေရဲ့မျက်နှာတွေက သူ့ကို ဘာမှလာလုပ်မနေပေမယ့် စိတ်ကျဉ်းကြပ်စေတယ်။ ငယ်ငယ်က အဖေ အမေ ရန်ဖြစ်ရင် ငိုတယ်။ နည်းနည်းကြီးလာတော့ အပြင်ကို ထွက်ထွက်သွားတတ်တယ်။ နောက်တော့ အိမ်ကိုပြန်မလာတော့ဘဲ သူ့ဘ၀သူ ကျောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေကင်းမဲ့စွာနဲ့ လူ့အသိုင်းအ၀ိုင်းထဲ ရောက်လာတယ်။ သူ့ကိုယ်သူ အစကနေ တည်ဆောက်ယူရတယ်။ ထက်မြက်တဲ့ တခြားလူတွေကို တွေ့တိုင်း၊ စိတ်ဒဏ်ရာတစ်ပွေ့တစ်ပိုက်နဲ့ ဖြစ်နေတဲ့ သူ့ကိုယ်သူ ပြန်မြင်မြင်လာတယ်။ မိဘတွေ သူတို့ပေးလိုက်မှန်းတောင် သိပုံမရတဲ့ ဆိုးမွေတွေကို သူ့ခမျာ ဆက်ခံတော်လှန်နေရတယ်။

သူ့အလှည့်ကျတော့ အဲဒီလိုအိမ်ထောင်ရေးမျိုး ဖြစ်မှာကြောက်တယ်။ သူလိုသားသမီးမျိုးတွေ ထပ်ပေါ်လာရမှာကို မလိုချင်ဘူး။ ဒီလိုနဲ့ အချစ်ဆိုတဲ့နေရာမှာပဲ ရပ်နေလိုက်တယ်။ ရှေ့ဆက်မတိုးတော့ဘူး။ လူတွေရဲ့သတ်မှတ်ထားချက်အရတော့ ဒါဟာ မဖြစ်သင့်ဘူး၊ တကယ်ချစ်တယ်ဆို လက်ထပ်ခြင်းနဲ့ အဆုံးသတ်ရမယ်ပေါ့။ ဒါပေမယ့် လူတွေမသိတာက တစ်ခါတစ်လေမှာ ရှေ့ဆက်မတိုးတာဟာ မနီးစပ်ချင်လို့ မဟုတ်ဘူး၊ ဝေးမသွားချင်လို့ ဖြစ်တယ်ဆိုတာပဲ။

၂။ လူတွေသိပ်မသိတဲ့ တန်ဖိုးထားမှုတွေအကြောင်း

ဒီမိဘကပဲ ပေါက်ဖွားတဲ့ သွေးချင်းတွေတောင် တစ်ယောက်နဲ့တစ်ယောက် မတူသေးရင် ကျန်တဲ့သူစိမ်းတွေဆို ပိုဆိုးမယ်။ ဘယ်လိုမှ တစ်ထပ်တည်းကျဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့်လည်း ဘ၀အတွက် အရေးကြီးတဲ့ တန်ဖိုးထားမှုချင်းတော့ တူဖို့လိုတယ်။ ကိုယ်ကျင့်တရားလား၊ ငွေကြေးလား၊ ဂုဏ်လား၊ ရိုးသားမှုလား၊ အဲဒါတွေမှ မတူရင်တော့ ဘယ်လောက်ချစ်ကြပါစေ၊ နားလည်ပေးဖို့ရာ မလွယ်ဘူး။

ကိုယ်က အနုပညာ ၀ါသနာပါတယ်။ နောက်တစ်ယောက်က အနုပညာသမား ဖြစ်စရာ မလိုဘူး။ ဒါပေမယ့် သူတန်ဖိုးထားတဲ့ အနုပညာကိုတော့ လေးစားပေး၊ နားလည်ပေးနိုင်ရမယ်။ အဲဒါကိုပဲ ပါရမီဖြည့်တယ်လို့ ခေါ်တာ။ သူတန်ဖိုးထားတာကို ကိုယ်ကလည်း အတူလိုက်ပြီး တန်ဖိုးထားပေးတတ်ခြင်းပေါ့။

အဲဒီလိုမဟုတ်တဲ့အခါ ချစ်ပေမယ့် နှလုံးသားနှစ်ခုက နီးစပ်မနေတော့ဘူး။ ကိုယ့်နေ့စဉ်ဘ၀မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအတွက် ရင်ဖွင့်တိုင်ပင်စရာက သူ မဟုတ်တော့ဘူး။ ဘ၀မှာ မရေရာမှုတွေ ကြုံရတိုင်း အနည်းဆုံး သူတစ်ယောက်ကတော့ ငါ့ကိုယုံကြည်ပေးမှာပဲရယ်လို့ စိတ်လုံခြုံမှုမရှိတော့ဘူး။

ဂီတ၀ါသနာပါသူက သူလိုလူတစ်ယောက် တွေ့တဲ့အခါ သိပ်ခင်တွယ်တယ်။ စာပေ၀ါသနာပါသူက သူလိုလူတစ်ယောက် ထပ်တွေ့တဲ့အခါ တအားရင်းနှီးလွယ်တယ်။ ဒါက တူရာတူရာ ခင်မင်တတ်တဲ့ လူ့သဘာဝဖြစ်သလို၊ ကျွန်တော်တို့အပြင်လူတွေအတွက် ဘာများကြည့်ကြိုက်လဲ မသိဘူး ဆိုပြီး အံ့သြနေရတဲ့ တချို့သော Relationship တွေရဲ့ ဖြစ်တည်လာရခြင်း အကြောင်းရင်းလည်း ဖြစ်တယ်။

၃။ လူတွေသိပ်မသိတဲ့ လေးစားခံလိုခြင်းတွေအကြောင်း

ဒီနေရာမှာ Gender လို့ခေါ်တဲ့ သတ်မှတ်ချက်တွေအကြောင်း မဖြစ်မနေ ထည့်ပြောရမယ်။ (ကိုယ့်မိန်းမကို ထက်ထက်မြက်ြ်မက်ဖြစ်မှ သဘောကျတဲ့ ယောကျာ်းတွေလည်း ရှိပေမယ့်) များသောအားဖြင့် ယောကျာ်းအများစုဟာ သူတို့ကပဲ ဦးဆောင်ရတာမျိုးကို သဘောကျတယ်။ မိန်းမက သူ့ပိုက်ဆံသူရှာနေတာ၊ ထက်မြက်နေတာ၊ သူ့ခြေထောက်ပေါ် သူရပ်နေတာထက် သူ့ကိုပဲ မှီခိုနေတာကို ပိုကြိုက်တယ်။ မိန်းမ လိုချင်တာတွေ ဖြည့်ဆည်းပေးနေရတဲ့ဘ၀ကို ပိုဂုဏ်ယူတယ်။ မိန်းကလေးတွေကကျတော့လည်း အများစုက အိမ်ထောင်ပြုမယ်ဆို ကိုယ်အားကိုးလို့ရမယ့်ယောကျာ်း၊ ကိုယ့်ဘ၀ကို လုံခြုံမှုပေးမယ့် ယောကျာ်း၊ ဒီလိုမျိုး ရှာဖွေတတ်ကြတယ်။

အဲဒီအတိုင်း အံဝင်နေရင် ပြဿနာမရှိပေမယ့် မိန်းမက ယောကျာ်းထက် ထက်မြက်နေတဲ့အခါ၊ ၀င်ငွေကောင်းနေတဲ့အခါမှာတော့ ပြဿနာရှိလာတယ်။ ဒီယောကျာ်းဟာ မိန်းမ သူ့အပေါ်ကောင်းတာ သိတယ်။ သူကလည်း ဒီမိန်းမကို ချစ်တယ်။ ဒါပေမယ့် ဒီမိန်းမနဲ့အတူရှိနေတိုင်းမှာ သူ့ကိုယ်သူ လေးစားခံရမှု ပျောက်ဆုံးနေတယ်လို့ ခံစားရတယ်။ အများပြောတတ်ကြသလိုဆို၊ သူလိုချင်တာက မိဖုရား၊ ရတာက ဘုရင်မ ဖြစ်နေတယ်။ ဒီအခါ မိဖုရားနဲ့ တွေ့တဲ့အခါ စိတ်တွေယိုင်ကုန်တယ်။ အဲဒီမိဖုရား လိုအပ်သမျှ ပင်ပင်ပန်းပန်း ဖြည့်ဆည်းပေးနေရတဲ့ ဘ၀ကို ဘုရင်မဆီမှာ အပူအပင်ကင်းကင်း လိုသမျှ ရနေတဲ့ဘ၀ထက် သူပိုသာယာတယ်။

အဲဒီလိုပဲ။ အိမ်ထောင်တစ်ခုမှာ နောက်ကွယ်ကနေ ပံ့ပိုးနေတဲ့ အိမ်ထောင်ရှင်မရဲ့ အခန်းကဏ္ဍဟာ သိပ်အရေးကြီးတယ်။ ဒါပေမယ့် ဘယ်သူကမှ အသိအမှတ်မပြုဘူး။ ခင်ဗျားမိန်းမ ဘာအလုပ်လုပ်လဲဆို ကျွန်တော့်မိန်းမ မှီခိုပေါ့၊ ဒီလိုပဲ ပြောတတ်ကြတယ်။ ဒါပေမယ့် သူတို့လည်း လူသားပဲမို့ လေးစားခံလိုကြတယ်။ ဒီအခါ ကိုယ့်ယောကျာ်းက တခြားမိန်းမတစ်ယောက်ကို ထက်မြက်လှချေရဲ့လို့ ချီးကျူးနေသံ ကြားရတိုင်းမှာ မိန်းမရင်ထဲ ဆစ်ခနဲ ဆစ်ခနဲ ခံစားရတယ်။ မကြိုက်ဘူး။ သူ့ဘ၀မှာ လောက်လောက်လားလား အောင်မြင်မှုမျိုး မရှိခဲ့ပေမယ့် ဒီမိသားစုကို ပေးဆပ်ထားရတာတွေအတွက် သူ့ယောကျာ်းဆီကနေ အသိအမှတ်ပြုတာ သူလိုချင်တယ်။

ဒါတွေက ဘယ်ယောကျာ်း၊ ဘယ်မိန်းမကမှ ဒီလိုလေးစားခံချင်တယ်လို့ ထုတ်ပြောနေမှာ မဟုတ်ဘူး။ ဒါပေမယ့်လည်း လူတော်တော်များများမှာ ရှိနေနိုင်တဲ့ စိတ်ခံစားချက်တွေ ဖြစ်ပါတယ်။

၎။ လူတွေသိပ်မသိတဲ့ လိင်ကိစ္စတွေအကြောင်း

ဒီအပိုင်းမှာတော့ တော်တော်လေး နှိုက်နှိုက်ချွတ်ချွတ် ပြောပါရစေ။ ပထမဆုံးအနေနဲ့ လိင်ဆန္ဒဟာ လူသားတိုင်းမှာ ရှိတယ်ဆိုတာလေး လက်ခံပေးပါ။ သာယာပျော်ရွှင်တဲ့ ဆက်ဆံရေးတစ်ခုအတွက် ဒီအပိုင်းဟာလည်း မဖြစ်မနေ လိုအပ်ပါတယ်။

ကျွန်တော်တို့မြန်မာ့အသိုင်းအ၀ိုင်းကတော့ ပွင့်လင်းမှုမရှိတာမို့ ဒီလိင်ကိစ္စကိုလည်း ပေါ်ပေါ်တင်တင် ပြောကြတာ တအားနည်းပါတယ်။ အိမ်ထောင်သည်တွေကြားထဲမှာတောင်မှပေါ့။ ပိုဆိုးတာက မိဘသဘောတူလို့ ယူရတဲ့သူတွေမှာပဲ။ ချစ်လို့ကြိုက်လို့ ယူတဲ့သူတွေတောင် ဒီလိုမပြောရဲသေးရင် သူတို့ဆို ပိုတောင်မှ ရှက်နေကြလိမ့်ဦးမယ်။

တချို့ယောကျာ်းတွေက လိင်ဆက်ဆံတဲ့အခါ သူ့မိန်းမကို Passive သဘောလေးပဲ နေစေချင်တယ်။ ဒါဆို သူ့မိန်းမက ဒီကိစ္စမှာ သိပ်စိတ်မ၀င်စားဘူးပေါ့။ နောက်ကွယ်မှာ ဖောက်ပြန်နေမှာကိုလည်း သူစိုးရိမ်စရာ မလိုတော့ဘူး။ ကျွန်တော်တို့သတ်မှတ်ချက်တွေအရလည်း ဒီလိုမိန်းကလေးမျိုးက တန်ဖိုးရှိတယ်ပေါ့။

တချို့ကျတော့ အရုပ်လို မလှုပ်မယှက်နဲ့ ဘာမှမခံစားရသယောင် နေနေတာကို သဘောမကျဘူး။ Cooperative ဖြစ်စေချင်တယ်။ သူနဲ့အတူ လိင်ဆန္ဒပြည့်ဝခြင်း ခရီးတစ်ခုကို အတူတူသွားစေချင်တယ်။ ဒါပေမယ့် ထုတ်ပြီးတော့ ဘယ်လိုပြောမလဲ။ ကိုယ့်မိန်းမက သူ့ကို ဒီအတွက် ယူထားတာလားလို့ အထင်လွဲသွားမှာ စိုးနေတယ်။

တချို့ကျတော့ အရော။ ကိုယ့်မိန်းမကိုတော့ Passive ပုံစံပဲ ဖြစ်စေချင်တယ်၊ ဒါပေမယ့် တစ်ဖက်မှာလည်း သူက ကြိုက်လည်းမကြိုက်ဘူး။ ဒီတော့ Cooperative ဖြစ်တဲ့ မိန်းမတစ်ယောက်နဲ့ တွေ့တဲ့အခါ သာယာမိပြန်တယ်။ အဲဒီလိုလူတွေက အိမ်ထောင်ရေးပြဿနာ ပိုတက်လွယ်တယ်။

မိန်းကလေးဘက်က ပြန်ကြည့်။ ခုနကလို ကိုယ်က Cooperative ဖြစ်ချင်တယ်။ ဘယ်လိုအခြေအနေဆို သူ့အတွက် ဆန္ဒပိုပြည့်ဝတယ်၊ ပိုသဘောကျစရာကောင်းတယ် ဆိုတာမျိုး ပြောချင်တယ်။ ဒါပေမယ့် သင့်ပါ့မလား၊ ငါ့ယောကျာ်းများ ငါ့ကို အထင်သေးသွားမလား စိုးရိမ်ပြီး ထုတ်မပြောဘူး။ အဲဒီမှာ လှေကြီးထိုးရိုးရိုး၊ လိင်မှုရေးရာမှာ ကျွမ်းကျင်မှုအားနည်းတဲ့ ယောကျာ်းနဲ့လည်း တွေ့ရော၊ ဆန္ဒမပြည့်ဝတော့ဘူး။

အဲဒီလို မတူညီမှုတွေကို ပွင့်ပွင့်လင်းလင်းလည်း ထုတ်မပြောကြဘဲ အုံ့ပုန်းလုပ်နေတဲ့အခါ၊ ထုတ်ပြောလိုက်ရင် ငါက ဒါကိုပဲ တအားစိတ်ပါနေသလိုများ ဖြစ်နေမလား တွေးနေတဲ့အခါ ရင်ထဲမှာ အလိုမကျခြင်းတွေနဲ့ ပြည့်နှက်နေတယ်။ အပေါ်ယံတော့ အဆင်ပြေနေတယ်ထင်ရပေမယ့် တကယ်တမ်းမှာ ဟုတ်မနေဘူး။ ဒီအခါ ကိုယ်နဲ့အံဝင်ခွင်ကျ ဖြစ်သူတစ်ယောက်နဲ့ တွေ့တဲ့အခါ ခုနက အလိုမကျခြင်းတွေအတွက် သာယာမှု ရှာမိတတ်ကြတယ်။ ။

အင်္ဂလိပ်လိုတော့ လွယ်လွယ်လေးပဲ၊ Healthy relationship တဲ့။ ဘာသာပြန်ရခက်တယ်။ ကျန်းမာသော ဆက်ဆံရေးလား၊ ကျန်းမာရေးနဲ့ညီညွှတ်သော ရင်းနှီးကျွမ်းဝင်မှုလား၊ တစ်ခုမှတော့ အဆင်မပြေဘူး။ အဓိကကတော့ ကျွန်တော်တို့ ခံယူထားသလို၊ Relationship တစ်ခုဆိုတာ တစ်ယောက်ကိုတစ်ယောက် ချစ်နေတယ်ဆိုရုံနဲ့ မပြီးဘဲ တန်ဖိုးထားမှုတွေ တူဖို့၊ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် နားလည်ပေး၊ သည်းခံပေးဖို့၊ ပွင့်လင်းဖို့၊ နှစ်ဦးစလုံး လိင်မှုကိစ္စမှာ ကျေနပ်ပျော်ရွှင်မှုရဖို့၊ စတဲ့ အခြေအနေတွေအကုန်လုံး ပြည့်စုံနေတဲ့ အခြေအနေတစ်ရပ်ကို ခေါ်တာပဲဖြစ်ပါတယ်။

ခုပြောခဲ့တဲ့အချက်တွေက လူအများ မကောင်းဘူးလို့ သတ်မှတ်ထားကြတဲ့ ဖောက်ပြန်မှုတွေ၊ အမှောင်ဘက်ခြမ်းတွေအတွက် အကြောင်းပြချက် ပေးနေတာ မဟုတ်သလို၊ ခွင့်လွှတ်ပေးခိုင်းနေတာလည်း မဟုတ်ပါဘူး။

ဒီပို့စ်ကနေ အဓိက သိစေလိုတာ နှစ်ချက်ရှိပါတယ်။ ကျွန်တော်တို့ လွယ်လွယ်ကူကူလေး အပြစ်တင်၊ တံဆိပ်ကပ် လုပ်နေကြတဲ့ အဖြစ်အပျက်တွေ၊ လူပုဂ္ဂိုလ်တွေထဲက တချို့မှာ ဒီလိုဘယ်သူမှမသိနိုင်တဲ့ အကြောင်းအချက်လေးတွေ ရှိနေနိုင်တယ်ဆိုတာရယ်၊ အဲဒီလို Healthy relationship တစ်ခု တည်ဆောက်ချင်တယ် ဆိုသူတွေအတွက် အချစ်ဟာ အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခု ဖြစ်ချင်ဖြစ်နေနိုင်ပေမယ့် တစ်ခုတည်းသောလိုအပ်ချက် မဟုတ်ဘူးဆိုတာလေးကို သိစေချင်တာရယ်ပါ။

ဒေါက်တာ ဖြိုးသီဟ
၁.၃.၂၀၁၈

(မူရင်းတင်ထားသော Page အားကြည့်ချင်ပါက စာရေးသူနေရာကို Click နှိပ်ကြည့်ပါ။ Links ချိတ်ထားပါသည်။

No comments: