Monday, February 20, 2023

လိပ်ပြာ ဖြတ်သင့်၊ မဖြတ်သင့် 💋

  


လိပ်ပြာဖြတ်တဲ့အကြောင်း လူပြောများနေတယ်နော်။ လိပ်ပြာဖြတ်တယ်ဆိုတာ ဘာလဲ၊ ဘာ့ကြောင့် လိပ်ပြာဖြတ်ကြတာလဲ၊ ဖြတ်လိုက်ရင် ဘာတွေကြုံရနိုင်သလဲ ဆိုတာရော သိချင်ကြလား။ သိချင်ရင် ဆက်ဖတ်လိုက်ကြရအောင်။


#လိပ်ပြာဖြတ်တယ်ဆိုတာ…

အမျိုးသမီးတွေရဲ့ အင်္ဂါမှာ မွေးလမ်းကြောင်း (Vagina) အဝကို ဖုံးအုပ်ထားတဲ့ Labia Minora လို့ခေါ်တဲ့ အတွင်းနှုတ်ခမ်းသား အလွှာနဲ့ Labia Majora လို့ခေါ်တဲ့ အပြင်နှုတ်ခမ်းသား အလွှာဆိုပြီး ရှိပါတယ်။ လိပ်ပြာဖြတ်တယ်ဆိုတာ Labia Minora အတွင်းနှုတ်ခမ်းသားကို ဖြတ်တာဖြစ်ပြီး Labiaplasty လို့လည်း ခေါ်ပါတယ်။


ဘာကြောင့် လိပ်ပြာဖြတ်ကြတာလဲ?


အတွင်းနှုတ်ခမ်းသားအဖက်က ပုံမှန်ထက် ပိုကြီးပြီး ပိုရှည်နေတဲ့အခါ ဖြတ်လေ့ရှိကြပါတယ်။


အဲဒီလို ပိုကြီးနေတဲ့အတွက်ကြောင့်…


အဝတ်အစားတွေကြားညပ်နေတတ်တာ

လိင်ဆက်ဆံရာမှာ အခက်အခဲဖြစ်တာ

အထိုင်အထခက်ခဲတာ

လေ့ကျင့်ခန်းလုပ်ရာမှာ အနှောင့်အယှက်ဖြစ်တာ

ရာသီလာချိန် Tampons နဲ့ Menstrual Cup ထည့်ရာမှာ အခက်အခဲဖြစ်တာတွေက လိပ်ပြာဖြတ်ကြတဲ့ အကြောင်းပြချက်တွေပါ။


လိပ်ပြာဖြတ်တာ ကောင်းသလား?

အတွင်းနှုတ်ခမ်းသား ကြီးနေရှည်နေတာဟာ ရောဂါတစ်ခု မဟုတ်သလို အသက်အန္တရာယ်လည်း မရှိပါဘူး။ သို့သော် My body my choice လို့ ပြောလေ့ရှိကြတာမို့ အထက်မှာ ပြောခဲ့တဲ့ အကြောင်းပြချက်တွေကြောင့် စိတ်အနှောင့်အယှက် အရမ်းဖြစ်နေရင် ကိုယ့်လိပ်ပြာကို ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ဖြတ်လို့ ရပါတယ်။ 


အရေးအကြီးဆုံးက ဖြတ်ပေးမယ့်သူဟာ တကယ်တတ်ကျွမ်းသူ ဖြစ်ရဲ့လားဆိုတာပါ။ လိပ်ပြာဖြတ်တာဟာ အန္တရာယ်ရှိနိုင်တဲ့ ခွဲစိတ်မှု ဖြစ်တာမို့ ခွဲစိတ်မှုနဲ့ ပတ်သက်ပြီး Training သေချာရထားလား၊ ဘွဲ့ရထားလား၊ တကယ်ရော ကျွမ်းကျင်ရဲ့လား၊ အရင်လုပ်ဖူးတဲ့သူတွေရဲ့ Review တွေရော ကောင်းရဲ့လားဆိုတာကို စုံစမ်းပြီး မခွဲခင် ဆရာဝန်နဲ့ သေသေချာချာဆွေးနွေးဖို့ လိုအပ်ပါတယ်။ ဘာဆိုးကျိုးတွေ ဖြစ်နိုင်သလဲ၊ ဖြစ်လာရင် ဘယ်လိုတာဝန်ယူပေးမှာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မေးထားသင့်ပါတယ်။


ဘယ်လောက်ကြာလဲ?

လိပ်ပြာဖြတ်တာကို ထုံဆေး သို့မဟုတ် မေ့ဆေးနဲ့ လုပ်လေ့ရှိပြီး တစ်နာရီကနေ နှစ်နာရီတွင်း ကြာမြင့်နိုင်တဲ့ ခွဲစိတ်မှုပါ။ ကြီးနေ၊ ရှည်ထွက်နေတဲ့ အစိတ်အပိုင်းကို ဖြတ်ထုတ်ပြီး ပုံစံကျအောင် ပြန်ချုပ်ပေးတာ ဖြစ်ပါတယ်။


ခွဲပြီးတဲ့အခါ…


ပိုးမဝင်အောင် သန့်သန့်ရှင်းရှင်း ထားရပါမယ်။

ပွတ်တိုက်မှု မဖြစ်အောင် အတွင်းခံနဲ့ အဝတ်အစား ချောင်ချိတာတွေ ဝတ်သင့်ပါတယ်။

လိင်ဆက်ဆံခြင်းကို တစ်လခွဲရှောင်ရမှာ ဖြစ်ပြီး ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို တစ်လခွဲကနေ သုံးလထိ ရှောင်ရပါမယ်။


ဆိုးကျိုးတွေက ဘာလဲ?


ခွဲထားတဲ့ နေရာမှာ…


သွေးထွက်တာ

ရောဂါပိုးဝင်တာ

အမာရွတ်တွေ ဖြစ်တာ

ထိတွေ့အာရုံခံစားမှု မကောင်းတော့တာ၊ လျော့သွားတာတွေ အပြင်

ခွဲနေစဥ် သွေးပြန်ကြောထဲကို သွေးခဲပိတ်ဆို့တာ (သွေးခဲက နှလုံးနဲ့ အဆုတ်ထဲကို ရောက်သွားရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်)

မေ့ဆေး၊ ထုံးဆေးနဲ့ ဓာတ်မတည့်တာတွေ ဖြစ်နိုင်ပါတယ်။


အထူးသတိပြုရမယ့် အချက်ကတော့ အသက် ၁၈ နှစ်အောက်တွေမှာ လိပ်ပြာလုံးဝမဖြတ်သင့်ပါဘူးဆိုတာပါပဲ။ အသက်အရွယ် ငယ်ရွယ်နုနယ်သေးတာမို့ ခန္ဓာဗေဒက ပြောင်းလဲနိုင်သေးတာကြောင့်ဖြစ်ပါတယ်။


အခုဆိုရင် လိပ်ပြာဖြတ်တဲ့အကြောင်း သိသွားပြီ ထင်ပါတယ်။ ခွဲပြီးလို့ ဆိုးကျိုးတွေ ခံစားရခါမှ အရင်လိုပြန်ဖြစ်ချင်လို့လည်း ရမှာမဟုတ်တာမို့ လိပ်ပြာဖြတ်ကိုဖြတ်ချင်တယ်ဆိုရင်လည်း မခွဲခင် သေချာဆုံးဖြတ်၊ စုံစမ်းကြဖို့ တိုက်တွန်းလိုက်ပါရစေ။


ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်

မျှဝေသူ - Healtppy စာမျက်နှာ

No comments: