Thursday, February 8, 2018

ဘယ်လိုမိဘမျိုး ဖြစ်ပေးမလဲ


 (၁)

ပြီးခဲ့တဲ့တစ်ပတ်က ရန်ကုန်ကနေ တာဝန်ကျရာ ပခုက္ကူကို ပြန်တော့ ကိုယ့်ကိုယ်ပိုင် ပစ္စည်းထုပ်တွေအပြင် ရုံးက ပေးလိုက်တဲ့ လက်ပ်တော့ပ် ၂လုံးရော တခြားပစ္စည်းထုပ်တစ်ထုပ်ရော သယ်ရမှာဆိုတော့ တစ်ယောက်တည်းနဲ့ကို အထုပ်က ခပ်များများ ဖြစ်နေတယ်။ အဲဒီမှာတင် သားတွေကို အရမ်းစိတ်ပူတတ်တဲ့ ကျွန်တော့်အမေက ကိုယ်တိုင် တက္ကစီလိုက်ငှားပေး၊ တက္ကစီသမားကိုလည်း ဂိတ်ရောက်တဲ့အထိ ပို့ပေးဖို့၊ ပစ္စည်းတွေချပေးဖို့ တဖွဖွမှာ၊ ကားခကိုလည်း လိုတာထက်ပိုပေးပြီး ကျွန်တော့်ကို ကားပေါ်တင်ပေးလိုက်ပါတယ်။ စိတ်ထဲမှာတော့ သြော် ငါ့အမေဟာ ငါတို့ကို တော်တော်ချစ်ပါလားလို့ တွေးမိလိုက်ပါတယ်။ တစ်ပြိုင်တည်းမှာပဲ ဒီအရွယ်ထိ ဒီလိုတွေ လိုက်လုပ်ပေးနေတာကိုလည်း မလိုအပ်တော့တဲ့ ကိစ္စတစ်ခုအဖြစ် ခံစားမိပါတယ်။ ကျွန်တော်ဟာ အသက်၂၆နှစ် ပြည့်ပြီးပါပြီ။ လူငယ်လို့ သတ်မှတ်ကြတဲ့ အရွယ်ထက်တောင် ၂ နှစ်စွန်းသွားပါပြီ။ အဲဒီအရွယ်ကြီးကို ဒီလိုတွေ အသေးစိတ် လိုက်လုပ်ပေးနေတာ အမှန်အတိုင်းပြောရရင် မခံချင်တော့ပါဘူး။ အမေ့ကိုလည်း နေရာတကာ အသေးစိတ် လိုက်စိတ်ပူနေတာမျိုး မဖြစ်စေချင်တော့ဘူး။ အေးအေးဆေးဆေး နေစေချင်ပါပြီ။ ဒါဟာ မိဘနဲ့သားသမီးကြား (အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွေမှာ) ဖြစ်လေ့ရှိတဲ့ ပဋိပက္ခပုံစံတွေထဲက တစ်ခုလို့ ဆိုရမယ်ထင်တယ်။

ကျွန်တော့်အမေဟာ အပြင်အလုပ်မလုပ်ပါဘူး။ ကျွန်တော်တို့ ညီအစ်ကို၂ယောက်ကိုပဲ ငယ်ငယ်လေးကတည်းက ခုချိန်ထိ လိုလေသေးမရှိအောင် ပြုစုခဲ့ စောင့်ရှောက်ခဲ့သူပါ။ ပြောရရင် ကျွန်တော်တို့ ၂ ယောက်ဟာ သူ့ဘ၀ဆိုလည်း မမှားပါဘူး။ ကျွန်တော်တို့ ညီအစ်ကို ၂ ယောက်က ငယ်ငယ်ကတည်းက အမျိုးထဲမှာ နာမည်ကြီးပါတယ်၊ မိဘရဲ့ အလိုလိုက်ခြင်းကို ခံရတဲ့နေရာမှာရော၊ နည်းနည်းလေးမှ အတိမ်းအစောင်းမခံတဲ့ နေရာမှာရောပေါ့။ ကျွန်တော်တို့သွားနေကျ ပုံစံကနေ နည်းနည်းလေး သွေဖယ်သွားတာနဲ့ ကျွန်တော်တို့ ၂ ယောက် အလိုမကျတော့ဘူး၊ ဂျီတွေကျကြ ပြဿနာတွေရှာကြပြီ။ ငယ်ငယ်က အင်းစိန်မှာရှိတဲ့ အဖိုးအဖွားအိမ်ကို သွားလည်ကြမယ်ဆို ကျွန်တော်တို့ကို တော်တော်ခေါ်ယူရတယ်၊ အဖိုးနဲ့ အဖွားက အသက်ကြီးပြီဆိုတော့ အဲဒီအိမ်မှာ ထမင်းဆို ပျော့ပျော့ပဲ ချက်တတ်တယ်။ အဲဒါကို ကျွန်တော်တို့နှစ်ယောက်က မစားနိုင်ဘူး၊ နောက်ပြီး အိမ်သာမှာကလည်း သန့်ရှင်းရေးလုပ်စရာ ပိုက်မရှိဘူး၊ အဲဒါတွေကြောင့် အဖိုးအဖွားအိမ်ဆို မသွားချင်ဘူး။ မဖြစ်မနေ သွားရမယ်ဆိုလည်း အမေက အိမ်ကနေ ထမင်းအိုးတစ်အိုးတည်ပြီး ယူသွားရတယ်၊ ဟင်းဆိုလည်း ထိုနည်းလည်းကောင်းပဲ၊ သပ်သပ်ချက်ယူသွားရတာ။ ငယ်ငယ်ကဆို ထမင်းဆိုင်သွားလို့ စားချင်တဲ့ ချဉ်ရည်ဟင်းနဲ့ ငါးကြော် မရတာ၊ အပြင်တစ်နေရာရာသွားရင်း အိမ်သာသွားချင်လာတာ၊ သင်္ကြန်မှာ ရေပက်ခံထွက်ကြရင်း လမ်းမှာ ဆန်ပြုတ်ဝင်သောက်ပြီး အဆာဖြေကြရတာ စတဲ့ သူတစ်ပါးအတွက် ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေဟာ မိဘရဲ့ အလိုလိုက် ဂရုစိုက်ခြင်းကို ခံရတဲ့ ကျွန်တော်တို့အတွက်တော့ တကယ့်ပြဿနာအကြီးကြီးတွေ ဖြစ်နေခဲ့တယ်။ ကျွန်တော်တို့အတွက်တင် မဟုတ်ဘူး၊ အမေ့အတွက်လည်း အဲဒီလိုအတိမ်းအစောင်းမခံတဲ့ သားနှစ်ယောက်ကြောင့် ဘယ်သွားသွား နောက်ဆံတတင်းတင်းနဲ့ စိတ်ညစ်စရာ ကောင်းနေခဲ့မှာ အမှန်ပါပဲ။ တဖြည်းဖြည်းကြီးလာတဲ့အခါမှာတော့ လိမ္မာပြီး စာတော်တယ်ဆိုတဲ့ ဂုဏ်ပုဒ်ကလွဲရင် ကျန်တဲ့အရည်အချင်း ကျွန်တော်တို့မှာ မရှိသလောက် ဖြစ်လာတယ်။

ကျောင်းပြီးပြီးချင်း သိပ်မကြာဘူး၊ ဖျာပုံမှာ အလုပ်ရခဲ့တယ်။ အဲဒီကို စသွားရတော့မယ် ဆိုတဲ့အချိန်မှာ စိတ်ထဲတစ်မျိုးကြီး ဖြစ်နေမိတယ်၊ ကြောက်နေသလိုလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့နေသလိုလို ခံစားမှုမျိုးပေါ့။ တကယ်ဟိုမှာ အလုပ်လုပ်ရတဲ့အခါကျတော့ အိမ်မှာလို ထမင်းပျော့လို့၊ ဟိုဟင်းမကြိုက်လို့ ဒီဟင်းမကြိုက်လို့ ဆိုပြီး ညည်းနေလို့ မရတော့ဘူး၊ အိမ်သာမှာ ပိုက်ကို လိုက်ရှာနေရင်တော့ ဒုက္ခပဲရောက်သွားမယ်။ လူတွေအားလုံးနဲ့ အဆင်ပြေအောင် အလိုက်အထိုက် ပေါင်းသင်းနေထိုင်ရတယ်၊ ကိုယ့်ကို လှည့်မယ့်ပတ်မယ့်လူတွေ၊ ပြိုင်မယ့်ဆိုင်မယ့်လူတွေကြားထဲမှာ survive ဖြစ်အောင် နေရတယ်။ တစ်ခါတစ်လေ ရန်ကုန်က ပြန်လာလို့ အထုပ်တွေအများကြီးနဲ့ ကိုယ်တစ်ယောက်တည်း ဖြစ်နေတဲ့အခါ ဖြစ်ပါ့မလားလို့တွေးမိတယ်၊ တစ်သက်လုံး မိဘလုပ်ပေးသမျှ မျှောလိုက်ခဲ့တာဆိုတော့ ထစ်ခနဲဆို သူများအကူအညီ လိုချင်တယ်၊ ကိုယ့်အားကိုယ်ကိုးချင်စိတ် မရှိဘူး၊ ဒီတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှု ဆိုတာလည်း မရှိခဲ့ဘူး။ နောက်တော့ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုပြီး လုပ်ကြည့်တဲ့အခါ တကယ်လုပ်လို့ ရနေတယ်။ ပါပီလွန် လို၊ ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် လို စာအုပ်တွေကတစ်ဆင့်လည်း သတ္တိတွေရတယ်၊ ဒီလောက် အခက်အခဲတွေကြားကနေတောင် သူတို့တွေ စိတ်ဓါတ်မကျဘဲ ရုန်းကန်နိုင်သေးရင် ကိုယ်ကြုံနေရတာတွေက သူတို့နဲ့ယှဉ်ရင် ဘာဟုတ်သေးလို့လဲ၊ ဒါလေးတွေကို ညည်းနေရတာ၊ သူများအကူအညီ မျှော်နေမိတာ သူတို့ကို အားနာဖို့တောင် ကောင်းတယ်။ အဲဒီလိုနဲ့ လောကမှာ တကယ်ဖြစ်အောင်လုပ်ချင်ရင် လုပ်လို့ရတယ် ဆိုတာကို သဘောပေါက်လာခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း တဖြည်းဖြည်း ယုံကြည်မှုရှိလာတယ်။ ဒါပေမယ့်လည်း ငယ်ငယ်ကတည်းက အားနည်းလာခဲ့တာဆိုတော့ အဲဒီစိတ်ဓါတ်ကို ခွန်အားရှိအောင် အခုချိန်ထိ ကြိုးစားနေရတုန်းပါပဲ။

(၂)

အမျိုးသမီးကျန်းမာရေးကို ထဲထဲဝင်ဝင် လုပ်နေခဲ့တာဆိုတော့ အိမ်ထောင်သည်အမျိုးသမီးတွေ နောက်ပြီး သူတို့နဲ့ပါလာကြတဲ့ ကလေးတွေ အများကြီးပဲ မြင်တွေ့ရ ကြုံနေရပါတယ်။ ကိုယ့်ယောကျာ်းနဲ့ကိုယ် ကလေးဘယ်နှယောက်မွေးမွေးပေါ့ ဆိုတဲ့ အမေမျိုးတွေ၊ ကလေးတွေအများကြီးရှိတော့ ကြီးလာရင် ခိုင်းစားလို့ရတာပေါ့ ဆိုတဲ့ အမေမျိုးတွေကို တွေ့ရတဲ့အခါတိုင်း မထွက်တတ်တဲ့ ဒေါသက ထွက်ထွက်လာမိတယ်။ အခုခေတ်မှာ အားလုံးက အမျိုးသမီး အမျိုးသမီးနဲ့ အမျိုးသမီးတွေအရေးကို ရှေ့တန်းတင်လာကြတာဟာ အလကားသက်သက်တော့ မဟုတ်ဘူး၊ မိခင်တွေဟာ အနာဂတ်ကို ပုံဖော်ကြမယ့် ကလေးငယ်တွေအတွက် အင်မတန်အရေးကြီးလို့ပါပဲ။ ပုခက်လွှဲတဲ့လက်က ပညာရှိနေမှ အဲဒီပုခက်ထဲကနေ ထွက်လာတဲ့ ကလေးတွေက ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်မှာပါ။

(၃)

ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ ဒေါက်တာအောင်ထွန်းသက်၊ နောက်ဆုံး စုပုံချစ်အထိ ဘ၀မှာ အောင်မြင်မှုတွေရနေကြတဲ့၊ လူအများလေးစားအားကျရတဲ့ သူတွေအများစုဟာ ချမ်းသာပြည့်စုံတဲ့ မိသားစုကနေ ပေါက်ဖွားလာကြသူတွေ မဟုတ်ပါဘူး။ သူတို့တွေရဲ့ဘ၀ကို လိုက်ကြည့်လိုက်ရင် စာဖတ်ခြင်းကို အားပေးတဲ့၊ သားသမီးကို အကောင်းဆုံးလမ်းညွှန်ပေးနိုင်တဲ့ မိဘတွေ ရှိနေတာကို တွေ့ရပါလိမ့်မယ်။ မသန်စွမ်း ညီမလေး စုပုံချစ် နိုင်ငံခြားကနေ ဘွဲ့လွန်အောင်ပြီး မြန်မာပြည်ပြန်လာတော့ သူ့ရဲ့အဖေက အင်တာဗျူးတစ်ခုမှာ ဖြေထားတယ်၊ “ကျွန်တော်တို့က ပွင့်လင်းမြင်သာမှု ရှိအောင် ပြောပြထားခဲ့တယ်၊ သမီးရဲ့ အခြေအနေမှန်ကိုပေါ့၊ စိတ်မကောင်းဖြစ်မှာစိုးလို့ ထိမ်ချန်ထားတာမျိုး မရှိဘူး၊ သမီးဘ၀ရဲ့ တစ်ခုတည်းသော ထွက်ပေါက်ဟာ ပညာရေးပဲ ဆိုပြီး ငယ်ငယ်လေးကတည်းက ပြောပြထားတယ်”

သမီးလေး ဒီလိုဖြစ်နေလို့ သနားပြီး ဘာမှမလုပ်ခိုင်း၊ အစစအရာရာ အဆင်သင့်ဖြစ်အောင် လုပ်ပေးထားမယ်၊ သမီးစိတ်ချမ်းသာရင် ပြီးရော ဆိုပြီးသာ ထားထားခဲ့ရင် ဒီကနေ့ လူအများက ချီးကျူးနေရတဲ့ စုပုံချစ်ဟာ သနားစရာ ဒုက္ခိတမလေးတစ်ယောက်အဖြစ်ထက် ပိုမှာမဟုတ်ပါဘူး။

မြန်မာမှာရော ကမ္ဘာမှာပါ အောင်မြင်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ကြည့်လိုက်ရင်လည်း ချမ်းသာတဲ့ မိသားစုကနေ ပေါက်ဖွားလာကြတယ်ဆိုတာ ခပ်ရှားရှားပါပဲ။ အားလုံးနီးပါးဟာ အောက်ခြေအဆင့်က တက်လာကြသူတွေချည်းပါပဲ။ တစ်နည်းပြောရရင် မိဘရဲ့ ချမ်းသာမှုတွေ၊ မိဘဆီကရတဲ့ အမွေတွေကတောင် လူကို ကြိုးစားချင်စိတ်မရှိအောင်၊ ဘ၀ကို ရေစုန်မျောလိုက်နေမိအောင် လုပ်နေသလိုပါပဲ။ ကမ္ဘာကျော်သူဌေးကြီး ၀ါရင်းဘတ်ဖတ်က ပြောဖူးပါတယ်၊ “ကျွန်တော့်သားသမီးတွေကို သိပ်ချမ်းသာတဲ့အဆင့်မျိုး ရောက်အောင်တော့ အမွေပေးခဲ့မှာ မဟုတ်ဘူး၊ ငါတို့ဘာမှလုပ်ဖို့ မလိုတော့ဘူး ဆိုတဲ့ ခံစားချက်ဝင်သွားလိမ့်မယ်” တဲ့။ မိဘတိုင်း အတုယူဖို့ကောင်းတဲ့ စိတ်ထားမျိုးပါ။ တကယ်လည်း သူ့ပိုင်ဆိုင်မှုတွေရဲ့ ၈၀% ကျော်ကို Bill & Melinda Gates Foundation ဆီ ထည့်ဝင်နေတဲ့သူလည်း ဖြစ်ပါတယ်။

(၄)

လှပတဲ့ လိပ်ပြာလေးတစ်ကောင် ဖြစ်လာဖို့ ပိုးတုံးလုံးဘ၀ကနေ ပြောင်းလဲရပါတယ်။ အဲဒီအကောင်လေးက အခွံထဲကနေ ရုန်းကန်ထွက်ပြီးမှ လိပ်ပြာလေး ဖြစ်လာတာပါ။ အဲလိုရုန်းကန်ထွက်နေတာကို မကြည့်ရက်လို့ သနားလို့ဆိုပြီး သူ့အခွံလေးကို သွားချွတ်ပေးလိုက်ရင် အဲဒီအကောင်လေးဟာ ကိုယ်ပေါ်က အရိအချွဲတွေ မစင်တော့တဲ့အတွက် လိပ်ပြာတော့ ဖြစ်လာပေမယ့် လေပေါ်မပျံနိုင်ဘဲ မြေမှာပဲ လျှောက်နေရတဲ့ မြေလျှောက်လိပ်ပြာလေး ဖြစ်လာမှာပါ။ တကယ်တော့ ရှုံးနိမ့်မှုတွေကနေ ရုန်းကန်ထနိုင်ခြင်း၊ အခက်အခဲတွေကို ကျော်လွှားနိုင်ခြင်းကသာ အင်မတန်အရုပ်ဆိုးတဲ့ ပိုးတုံးလုံးအဖြစ်ကနေ အရမ်းလှပပြီး လေမှာပျံဝဲနိုင်တဲ့ လိပ်ပြာလေးအဖြစ်ကို ပြောင်းလဲသွားစေနိုင်မယ့် တစ်ခုတည်းသော အကြောင်းရင်းပါ။ အလွယ်လမ်းလိုက်ခြင်း၊ သူများအားကိုးခြင်းဟာ ခေတ္တခဏတော့ အဆင်ပြေနိုင်ပေမယ့် ရေရှည်မှာတော့ လူကို ကောင်းကောင်းဒုက္ခပေးသွားနိုင်တဲ့ အကျင့်စရိုက်တွေပါပဲ။

(၅)

နဖူးပေါ်နားနေတဲ့မှက်ကို ဖယ်တဲ့နေရာမှာတောင် စေတနာတစ်ခုတည်းနဲ့ မရပါဘူး၊ ပညာလိုပါသေးတယ်။ သားသမီးကို ပြုစုပျိုးထောင်တဲ့နေရာမှာဆို ပိုလို့တောင် ပညာရှိဖို့ လိုပါတယ်။ သားသမီးကို ဂရုစိုက်တယ်၊ လိုလေသေး မရှိအောင် ထားတယ်၊ ဘာမဆို လိုချင်တာအကုန် ၀ယ်ပေးတယ်ဆိုရုံနဲ့ မပြီးသေးပါဘူး၊ သားသမီးတွေကို ကိုယ့်အားကိုယ်ကိုးတတ်အောင်၊ လောကကြီးကို ရင်ဆိုင်ရဲအောင်၊ အမှန်တရားကို ချစ်မြတ်နိုးတတ်အောင်၊ ငွေကြေးထက် ဂုဏ်သိက္ခာကို ပိုတန်ဖိုးထားတတ်အောင်၊ ဒါတွေကိုလည်း သင်ပေးဖို့ လိုပါသေးတယ်။ သားသမီးတွေအနေနဲ့တော့ ကိုယ်ဘယ်လိုမိဘမျိုးနဲ့ တွေ့ချင်တယ်၊ ဘယ်လိုပြုစုပျိုးထောင်ခံရချင်တယ် ဆိုပြီး ရွေးချယ်လို့မရပါဘူး။ တကယ်တော့ မိဘဆိုတာ သားသမီးတွေအတွက် ရွေးချယ်ခွင့်လည်း မရှိသလို ဘ၀မှာ ဘယ်တော့မှလည်း စွန့်ခွာပစ်ပယ်သွားလို့ မရတဲ့ အပေါင်းအဖော်တွေပါပဲ။ မိဘကို ရွေးချယ်လို့မရပေမယ့် ကိုယ့်ဆီကို ရောက်နေကြတဲ့၊ ဒါမှမဟုတ်လည်း မကြာခင် ရောက်လာကြတော့မယ့် သားသမီးတွေအတွက် ဘယ်လိုမိဘမျိုး ဖြစ်ပေးမလဲဆိုတာကိုတော့ ရွေးချယ်လို့ရပါတယ်။

မိဘတွေရဲ့ စေတနာ၊ မေတ္တာတွေဟာ သားသမီးတွေကို မြေလျှောက်လိပ်ပြာလေးတွေ ဖြစ်မလာစေဖို့တော့ လိုပါတယ်။

ဒေါက်တာ ဖြိုးသီဟ

၃၁.၁.၂၀၁၅

No comments: