Sunday, February 4, 2018

Anejaculation သုက်မထွက်ခြင်း


သူငယ်ချင်းတယောက် သူ့အတွက် မေးပေးပါဆိုလို့။ နည်းနည်း ထူးဆန်းတယ် ပြောရမလားမသိဘူး။ သူက အခုမှ ၂ ခါ လောက်ပဲ ဆက်ဆံဖူးတာပါတဲ့။ ယောက်ျားလေးပါ။ သူ့ချစ်သူနဲ့ အတူနေတာ မပြီးတာလား၊ ပြီးသွားတာ မသိတာလား၊ မသိပါဘူးတဲ့။ ကိုယ်တိုင် မသိလိုက်ပဲ ပြီးသွားတာမျိုး ရှိနိုင်သလား။ သူက အရည်မထွက်ဘူးတဲ့။ ကိုယ့်ဘာသာ ကစားရင်တော့ ပြီးပါတယ်တဲ့။ ဘာဖြစ်တာပါလဲ။ ဘယ်လိုလုပ်ရမလဲတဲ့။ ရောဂါများလား။

သုက်လွှတ်တာမှာ ပြဿနာ (၄) ရပ်ရှိတယ်။
1. Premature ejaculation သုက်လွှတ်စောခြင်း၊
2. Delayed (Retarded) ejaculation သုက်လွှတ်နောက်ကျခြင်း၊
3. Retrograde ejaculation သုက်ပြောင်းပြန်ထွက်ခြင်း နဲ့
4. Anejaculation သုက်မထွက်နိုင်ခြင်း။

Premature ejaculation သုက်လွှတ်စောခြင်းကို စာ ၂ ပုဒ်၊ Retrograde ejaculation သုက်ပြောင်းပြန် ထွက်ခြင်းလဲ တပုဒ် ရေးထားပါတယ်။ ကျန်တဲ့ ၂ မျိုးကို တွဲရေးပါရစေ။

လိင်ဆက်ဆံပြီးလို့ ဖြစ်ဖြစ် ဖါသာ-အာသာဖြေလို့ဖြစ်ဖြစ် အဆုံးသတ်မှာ ယောက်ျားလိင်တံကနေ သုက်ရည် ထွက်ပါမယ်။ ဒီလို ပုံမှန် ဖြစ်နိုင်စွမ်းရှိတာကို Ejaculation လို့ ခေါ်တယ်။ အဲလို သုက်ထွက်မလာနိုင်တာကို Anejaculation လို့ခေါ်တယ်။ ဒီလိုဖြစ်နေသူမယ် အထဲမှာ သုက်ရည်ကတော့ ဖြစ်နေပေမဲ့ မထုတ်-မထွက်နိုင်ဘူး။ သုက်ကသာ မထွက်တယ် ဆန္ဒပြည့်ဝမှု Orgasmic sensation ကတော့ ရပါလိမ့်အုံးမယ်။ သုက်လဲမထွက်၊ Orgasm ကျေနပ်မှုလဲမရသူ ရှိသေးတယ်။

အမျိုးအစား (၂) မျိုး ခွဲပါမယ်။
1. Situational anejaculation အခြေအနေအရ သုက်မလွှတ်ခြင်း၊ တခါတလေ သုက်လွှတ်နိုင်ပေမဲ့ အမြဲတန်း အဲလို မဖြစ်နိုင်တာမျိုး။ ဆေးစစ်ဘို့ ဆေးခန်းမှာ သုက်ထုတ်ခိုင်းတဲ့အခါမျိုးမှာ ဘေးပါတ်ဝန်းကျင်ကြောင့် စိတ်က ဖိစီးမှုခံနေရလို့ သုက်ထုတ်မရတတ်ဘူး။ အိမ်ရောက်တော့ ပုံမှန်ဖြစ်နေမယ်။ တချို့က လိင်ဆက်ဆံရင် သုက်လွှတ်ပေမဲ့ (မာစတာဘေးရှင်း) လုပ်ရင် မထွက်ဘူး။ တချို့က ပြောင်းပြန်။ မေးတဲ့သူလိုပေါ့။

2. Total anejaculation လုံးဝ သုက်မလွှတ်နိုင်ခြင်း၊ ဘယ်အခါမျိုးမှာမ သုက်ကထွက်မလာသူမျိုး။ ဒီလို ဖြစ်တာကို ထပ်ခွဲနိုင်တယ်။
• Anorgasmic anejaculation အိပ်မပျော်တဲ့ အချိန်မျိုးမှာ ဘယ်လိုလုပ်လုပ် သုက်မထုတ်နိုင်ပေမဲ့ အိပ်ပျော်နေတုံး ဖြစ်နိုင်တယ်။ ဒီလိုဖြစ်တာ စိတ်ကြောင့်ပါ။ ရုပ်အခြေအနေ ကောင်းပါတယ်။
• Orgasmic anejaculation ဒီအမျိုးအစားဟာ Orgasm စိတ်ဆန္ဒပြည့်ဝမှု ရနိုင်ပေမဲ့ သုက်က မထွက်ဘူး။ ထွက်မှန်းမသိ၊ ဒါမှမဟုတ် အနည်းအပါးလောက်သာ ထွက်မယ်။ Block in the tubes သုက်ထွက်ပြွန်မှာ ပိတ်နေတာ၊ Damage to the nerves အာရုံကြော မကောင်းတာ နဲ့ Retrograde ejaculation သုက်ပြောင်းပြန်ထွက်တာတွေကြောင့် ဖြစ်နိုင်တယ်။

Anejaculation ကို Primary တခါမှ မတခါတာမျိုးနဲ့ Secondary ကောင်းနေရာကနေ အခုမှ ဖြစ်လာတာမျိုးလို့လဲ ခွဲနိုင်တယ်။ ဘာလို့ ဖြစ်ရသလဲဆိုတာ အဖြစ်များတာကနေ စပြောရရင် -
1. Sexual inhibition လိင်ပိုင်းအားနည်းမှု၊
2. Pharmacological inhibition ဆေးဝါးတွေကြောင့်၊
3. Autonomic nervous system malfunction (အော်တိုနောမစ်) အာရုံကြောစနစ် ချို့ယွင်းလို့၊
4. Prostatectomy ဆီးကျိတ် ခွဲစိတ်ထားလို့၊
5. Ejaculatory duct obstruction သုက်ထွက်လမ်း ပိတ်နေလို့။

လိင်စိတ်ကြွ သရုပ်ပြတာတွေထဲမှာ ခွက်နဲ့အပြည့်လောက် သုက်ရည်တွေ တလံမကဝေးတဲ့ဆီအထိ ပန်းထွက်တာတွေဟာ ဖို-မ ဆက်ဆံရေး ကျန်းမာရေး-ပညာပေးမှာ (ဗိုင်းရပ်စ်) ပိုး ဝင်သလိုဘဲ။ လွဲမှားတာကို ထင်စေနိုင်တယ်။ မမှန်ကြပါ။

စိတ်ဆန္ဒပြည့်ဝမှု ရနိုင်ပြီး၊ သုက်မထွက်နိုင်တာနဲ့ သုက်ပြောင်းပြန်ထွက်တာ အခွဲရခက်တယ်။ ဆီးစစ်လို့ ဆီးထဲ သုက်ပိုး ပါနေ-မနေနဲ့ ကြည့်ခွဲရတယ်။ တကယ်လို့ စိတ်ဆန္ဒပြည့်ဝသလို အလိုအလျှောက် တုံခါမှုမျိုး ဖြစ်ပြီး၊ သုက်ရည် နည်းနည်းလေးလောက်သာ ထွက်တာ ဆိုရင် သုက်ထွက်လမ်း ဆို့နေတာ ဖြစ်ပါမယ်။

Delayed or retarded ejaculation သုက်လွှတ်နောက်ကျတာက လိင်စိတ်လဲဖြစ်၊ လိင်အင်္ဂါ သန်မာမှု ပုံမှန်ဖြစ်၊ နှိုးဆွမှုလဲ ကောင်းပါလျှက်ကနဲ့ သုက်ထွက်အောင် အချိန်ကြာလွန်းတာ ဖြစ်တယ်။ ဒီလို ဖြစ်တာ ကောင်းသလိုလိုတော့ ရှိပေမဲ့၊ တခါတလေ မကောင်းဖြစ်ရတယ်။ ကြာလာလေလေ ဘယ်တော့ အပြီးသတ်မလဲ စိတ်ထဲ ပေါ်နေမယ်။ အဖေါ်က ပြည့်ဝတဲ့နောက် ဆန္ဒ ထပ်မပေါ်ရင် စိုစွပ်မှုနည်းလာမယ်။ ကြာရင် ဆက်ဆံရေးပါ အခက်အခဲ ရှိလာနိုင်တယ်။

တချို့ ယောက်ျားတွေက ကိုယ့်လက်နဲ့ ကစားတာကို ပိုသာယာတတ်ကြတယ်။ ပြင်ရင် ရပါတယ်။ Pressure ဖိအားကို ပိုနှစ်သက်ပြီး Touch အထိအတွေ့ကို လျော့တွက်မိလို့ပါ။ ဆန့်ကျင်ဖက် လိင်တွေရဲ့ Attraction ဆွဲဆောင်နိုင်စွမ်းဟာ အကြီးဆုံး အားတခုလို့ နားလည်လိုက်ပါ။ ဖို-မ ဆက်ဆံရေး ဆိုတာမှာ သုက်လွှတ်တာက အစိတ်အပိုင်းလေး တခုမျှသာ ဖြစ်ပါတယ်။ ဒိထက် လေးနက်တဲ့ ဆက်ဆံရေး၊ နက်ရှိုင်းတဲ့ တွယ်တာမှု၊ ရှည်လျားတဲ့ စည်းနှောင်မှုတွေ တလှေကြီး ရှိပါသေးတယ်။

• သုက်ထွက် နှေးသူတွေဟာ လိင်စိတ်ကြွစေတာ မှန်သမျှ စိတ်ထဲ၊ အာရုံတွေထဲ မြင်-ထင်-တွေး-သိ နေသင့်တယ်။
• ကိုယ့်အဖေါ်ကိုလဲ ကိုယ်နှစ်သက်တာမျိုးကို ပြောပြ၊ သင်ပြပေးသင့်တယ်။
• အမျိုးသမီးတချို့က ယောက်ျားတိုင်းဟာ အတူတူဘဲလို့ ထင်တာ မှားတယ်။
• ယောက်ျားကလဲ စိတ်ထကြွနေရင် ငါ့ပုံပန်း ဘယ်လိုပြောင်းလာမယ်၊ တဖက်သား အထင်သေးမလား၊ စတာမျိုး မတွေးပါနဲ့။
• လိင်အင်္ဂါချင်း ထိတွေ့-ဝင်ထွက်မှုကို မစောသင့်ပါ။
• လိင်ဆက်ဆံရေးဆိုတာ အပေးသက်သက်၊ အယူသက်သက် မဟုတ်တာကို သတိပြုကြရမယ်။
• ဒါပေမဲ့ အချိန်ကြာလွန်းသူ ယောက်ျားမျိုးဟာ အရာရာ ငါ့အတွက်သာလို့ သဘောထားတာဟာ ကိုယ်ကျိုးကြည့်တာ ဖြစ်ပေမဲ့ အချိန်ကို တိုစေနိုင်တယ်။
• ဆက်ဆံနေတုံးမှာ ဒေါသစိတ်၊ စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်၊ စိတ်ကျနေမှုတွေ မရှိစေပါနဲ့။ Emotions (အီမိုးရှင်း) တွေဟာ Sympathetic nervous system (ဆင်ပသက်တစ်) အာရုံကြောစနစ်ကို နိုးဆွစေတာမို့ Orgasm ဖြစ်မှာကို တားတယ်။
• Obsessive-compulsive disorders စိတ်အခြေအနေ၊ Marital conflict အိမ်ထောင်ရေး ပြဿနာ၊ Chronic substance abuse အရက်-မူးယစ်ဆေး စွဲတာတွေကနေလဲ သုက်ထွက်မှာ ကြာရှည်စေ၊ ခက်ခဲတယ်။
• မိန်းမတွေအပေါ် ထားတဲ့ Anger ဒေါသစိတ်နဲ့ Resentment မနှစ်လိုစိတ်တွေ ရှိသူများလဲ အဲလိုဖြစ်တတ်တယ်။
• Oppressive upbringing ငယ်စဉ်က ဖိနှိပ်ချုပ်ချယ်မှု အောက်ကနေ ကြီးလာသူမျိုးမှာလဲ အဲလို ဖြစ်တယ်။
• အဖေါ်မိန်မသားကို Lack of emotional involvement စိတ်ကနေ ချစ်လိုနှစ်သက်မှု နည်းရင်-မရှိလဲ ဖြစ်မယ်။
• Fear of commitment တာဝန်ယူရမှာကို စိုးရိမ်နေရင်လဲ ဖြစ်မယ်။
• ဆီးချို၊ ကင်ဆာ၊ ဆီးကျိတ်၊ သွေးတိုးရောဂါတွေ ရှိနေရင်လဲ ဖြစ်နိုင်တယ်။
• Spinal cord injuries ခါးရိုး ဒဏ်ရာရထားသူ၊ Parkinson's disease, Multiple sclerosis, Spina bifida အာရုံကြောရောဂါ တခုခုရှိသူ၊ ပေါင်ခြံနေရာ အနာ၊ ဒဏ်ရာ၊ ခွဲစိတ်ခံထားရသူတွေမှာလဲ ဖြစ်တတ်တယ်။
• ရုပ်ပိုင်းအကြောင်းခံနဲ့ စိတ်ပိုင်းအကြောင်းခံတွေ တွဲရှိနေတာလဲ ဖြစ်နိုင်တယ်။
• စိတ်ကြောင့်ဆိုရင် Anorgasmic ဆန္ဒမပြည့်ဝတာနဲ့ တွဲဖြစ်တာ များတယ်။ Orgasm ပါ မရတာကို ဆိုလိုတယ်။
• Situational အခြေအနေအရဖြစ်တာနဲ့ Total လုံးဝဖြစ်တာ ၂ မျိုးရှိတယ်။ အဖေါ်တယောက်နဲ့ စခန်းသွားတာ အားလုံး အဆင်ပြေပေမဲ့ နောက်ယောက်နဲ့ကြ သုက်က ထွက်မလာနိုင်တာမျိုး ရှိတယ်။ (မာစတာဘေးရှင်း) လုပ်ရင် ထွက်ပြီး အဖေါ်နဲ့ကြ မရတာလဲ ရှိတယ်။

ဖြစ်နေသူတွေ စိတ်မပျက်ရပါ။ ကိုယ်လိုလူ မနည်းလှပါ။ Treatment ကုသရာမှာ -
1. Psychosexual counselling စိတ်ကုသနည်း၊
2. Ephedrine နဲ့ Imipramine ဆေးပေးနည်း၊
3. Vibrator therapy ကရိယာသုံးနည်းနဲ့
4. Electroejaculation လျှပ်စစ်သုံးနည်းတွေ ရှိတယ်။
5. Ejaculatory pathway သုက်ထွက်လမ်း ပိတ်နေရင် ခွဲစိတ်ကုသရမယ်။

Anorgasmic Anejaculation ဆန္ဒလဲ မပြည့်ဝ၊ သုက်ကလဲ မထွက်တာမျိုးက အကုရပိုခက်တယ်။ Sexologist နဲ့ဖြစ်ဖြစ် Psychologist နဲ့ဖြစ်ဖြစ် အထူးကုသရမယ်။ လူတိုင်းကတော့ အဲလောက်အထိ မလိုပါ။ တုံခါမှုနဲ့ နှိုးဆွပေးတဲ့ ကရိယာ Vibrator ဆိုတာ သုံးနိုင်ပါတယ်။ ၆ဝ% အောင်မြင်တယ်။ Electro-ejaculation လျှပ်စစ်နည်း ဆိုတာ Seminal vesicles နဲ့ Terminal vas သုက်ထွက်ရာ နေရာတွေကို လျှပ်စစ်နဲ့ ကလိပေးနည်း ဖြစ်တယ်။ ဒါပေမဲ့ ကလေးလဲ မရနိုင်၊ သုက်လဲ မထွက်နိုင်တာကိုသာ လုပ်ပေးတယ်။ မေ့ဆေးနဲ့ လုပ်ရတာမို့ သာယာမှုအတွက် မဟုတ်ပါ။ လုံးဝ သုက်မထွက်နိုင်ပေမဲ့ ကလေး ရအောင်လုပ်နည်းတွေကို အားကိုးနိုင်ပါတယ်။

Dr. တင့်ဆွေ
၁-၄-၂ဝ၁၁

(ကူးယူတင်ပြပါသည်)

No comments: