Saturday, February 17, 2018

အာခီမိဒိစ်​ ၏နိယာမသ​ဘောတရား (Archimedes' principle)


============================
ပစ္စည်းတစ်ခုကို ရေထဲ ပစ်ချကြည့်လိုက်တဲ့အခါ အချို့ပစ္စည်းတွေက ရေထဲ မြုပ်သွားကြတယ်။ အချို့က ရေမှာ ပေါ်နေကြတယ်။ ဘာလို့ အဲ့လို ကွဲပြားကြတာလဲ။ ကျနော်တို့ ရေထဲရောက်တဲ့အခါ ပေါ့သွားသလို ခံစားကြရ တယ်။ အဲ့ဒီလိုပဲ ပစ္စည်းတွေကို ရေထဲမှာ ချိန်ကြည့်တဲ့အခါ အလေးချိန် လျော့သွားကြတယ်။ ဘာကြောင့်ပါလဲ။

ဒီဖြစ်ရပ်ရဲ့ အဖြေကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက Archimedes ဆိုတဲ့ ပညာရှင်ကြီးက ဖော်ထုတ်ပြီးခဲ့ပေါ့။ သူက ဘာပြောသလဲ။ ပစ္စည်းတစ်ခုရေထဲ ရောက်သွားရင် ရေရဲ့ ပင့်အားကြောင့် အလေးချိန်လျော့သွားမယ်။ အဲ့ဒီ ပင့်အားဟာ ပစ္စည်းက ဖယ်ထုတ်လိုက်တဲ့ ရေရဲ့ အလေးချိန်နဲ့ အတူတူပဲတဲ့။ ပစ္စည်းက အလေးချိန် 10 N ရှိတယ် ဆိုပါစို့။ ရေထဲမှာ ချိန်ကြည့်တဲ့အခါ 8 N ပဲ ရှိတော့တယ်ဆိုရင် သူဟာ အလေးချိန် 2 N လျော့သွားတဲ့ သဘောပေါ့။ အဲ့ဒီလျော့သွားတဲ့ 2 N ဟာ ရေရဲ့ ပင့်အားကြောင့် ဖြစ်တာမို့ ရေရဲ့ ပင့်အားကို  2 N လို့ ပြောလို့ ရပါသတဲ့။ စမ်းသပ်မှုတွေအရ ထူးခြားတာ တစ်ခုသွားတွေ့တာက အဲ့ဒီ 2 N ဟာ ပစ္စည်းကြောင့် လျှံကျသွားတဲ့ ရေရဲ့ အလေးချိန် နဲ့ အတူတူပါပဲ။ ဒါကြောင့် Archimedes က သူ့ရဲ့ နိယာမတစ်ခုကို ထုတ်လိုက်တယ်။ ပစ္စည်းတစ်ခုကို အရည်တစ်ခုထဲ နှစ်မြုပ်လိုက်တဲ့အခါ ပစ္စည်းပေါ် သက်ရောက်တဲ့ အရည်ရဲ့ ပင့်အားဟာ ပစ္စည်းကြောင့် လျှံကျသွားတဲ့ အရည်ရဲ့ အလေးချိန်နဲ့ အတူတူပါပဲတဲ့ဗျာ။

ဒါက ပစ္စည်းတွေ အရည်ထဲ ရောက်တဲ့အခါ အလေးချိန်လျော့ကျသွားတာကို Archimedes က သိပ္ပံနည်းကျကျ ရှင်းပြတဲ့အချက်ပါ။ ဒါပေမယ့် ဒီလောက်အချက်ကလေးနဲ့တော့ ပစ္စည်းတစ်ခု ရေထဲ ပေါ်မလား၊ မြုပ်မလားဆို တာ ဆုံးဖြတ်လို့ မရပါဘူး။ ပစ္စည်းတစ်ခု ရေထဲ ဘယ်အချိန်ပေါ်မလဲ။ ရှင်းပါတယ်။ သူ့အလေးချိန်ကို ရေက ပင့် နိုင်ရင်ပေါ်မယ်။ ဘယ်အချိန် မြုပ်မလဲ။ ရှင်းပါတယ်။ သူ့အလေးချိန်ကို ရေက မပင့်နိုင်တော့ရင် မြုပ်မယ်။ ဒီ တော့ ခုနက အပေါ်မှာ တင်ပြခဲ့တဲ့ ပစ္စည်း ပေါ်မလား၊ မြုပ်မလား။ မြုပ်မှာပေါ့။ ဘာဖြစ်လို့လဲ။ သူ့အလေးချိန်က 10 N ရှိတယ်။ ရေက ပင့်တင်ပေးတဲ့အားက 2 N ပဲ ရှိတယ်။ ဒါကြောင့် မြုပ်သွားတာပေါ့။ ဒီလိုလေ။ 10 N လေး တဲ့ ပစ္စည်းကို မဖို့က 10 N ပင့်အား လိုတယ်။ အခုက 2 N ပင့်အားပဲ ရှိတယ်။ ဒါကြောင့် မြုပ်တာ။ ဒါကြောင့် ကောက်ချက်တစ်ခု ချလို့ရသွားတယ်။ ပစ္စည်းရဲ့ အလေးချိန်ဟာ ရေရဲ့ ပင့်အားထက် ပိုများရင် ပစ္စည်း မြုပ်မယ်။ ရေရဲ့ ပင့်အားဟာ ပစ္စည်းရဲ့ အလေးချိန်နဲ့ ညီနိုင်ခဲ့ရင် ပစ္စည်းက ပေါ်မယ်။ ရေရဲ့ ပင့်အားက ပစ္စည်း ရဲ့ အလေးချိန်ထက်ရော ပိုမများနိုင်ဘူးလား။ ဟုတ်ကဲ့။ များနိုင်ပါတယ်။ သာမန်အခြေအနေမှာတော့ မဟုတ် ဘူး။ အဲ့ဒါကို အောက်ဘက်မှာ ဆက်ရှင်းပြပေးပါမယ်။

အဲ့ဒီလို ပစ္စည်းတစ်ခု နစ်မလား၊ ပေါ်မလားဆိုတာ အရည်ရဲ့ ပင့်အားနဲ့ နှိုင်းယှဉ်ပြလိုက်တော့ အရည်ရဲ့ ပင့် အားက အဓိက ဇာတ်ဆောင်လို့ ထင်သွားကြပါလေရော။ တကယ်တော့ ပစ္စည်းတစ်ခု ရေထဲမှာ ပေါ်မပေါ်ဆို တာကို ဆုံးဖြတ်ပေးတာက ပင့်အား မဟုတ်ပါဘူး။ ဖယ်ထုတ်လိုက်တဲ့ ရေရဲ့ အလေးချိန်ပါပဲ။ အင် ... အဲ့နှစ်ခု က အတူတူပဲ မဟုတ်လားလို့ စောဒက တက်ဖို့ ရှိပါတယ်။ ဟုတ်ပါတယ်။ နိယာမအရ အတူတူလို့ ထင်စရာ ရှိ ပေမယ့် ရေရဲ့ ပင့်အားဟာ ပစ္စည်းအမျိုးမျိုးပေါ်မှာ တန်ဖိုးအမျိုးမျိုးနဲ့ သက်ရောက်နေတာကြောင့် ပင့်အားဆို တာ ရေကြောင့် မဟုတ်ဘူးဆိုတာ ထင်ရှားနေပါပြီ။ ကျနော်တို့ အဓိက ပြသနာ တက်နေကြတာလည်း ဒီအချက်ကြောင့်ပါပဲ။ တကယ်က ဖယ်ထုတ်လိုက်တဲ့ ရေရဲ့ အလေးချိန်ကြောင့် ပင့်အား ဖြစ်လာတာပါ။ ပင့် အားကြောင့် ဖယ်ထုတ်လိုက်တဲ့ ရေရဲ့ အလေးချိန် ဖြစ်လာတာ မဟုတ်ပါဘူး။

သေချာ ရှင်းပြပေးပါမယ်။ ပစ္စည်းတစ်ခုဟာ 10 N လေးတယ်ဆိုပါတော့။ သူ့ကို ရေထဲမှာ ပေါ်စေချင်ရင် ပင့် အားဘယ်လောက်လိုမလဲ။ 10 N ပေါ့။ ဒီလိုဆို ရေဘယ်လောက်ကို ဖယ်ထုတ်လိုက်ရင် အဲ့ဒီပင့်အား ဖြစ်ပေါ် မလဲ။ 10 N လေးတဲ့ ရေပမာဏပေါ့။ 10 N လေးတဲ့ ရေဟာ ဒြပ်ထု ( mass ) 1 kg ( 1000 g ) ရှိပါတယ်။ 10 N လေးတဲ့ ရေဟာ ထုထည်ဘယ်လောက်ကို နေရာယူထားသလဲ။ ရေ 1 cubic centimetre ဟာ 1 g လေးပါတယ်။ ရေ 1000 g ဟာ ထုထည် 1000 cubic centimetre ရှိပါတယ်။ ဒါကြောင့် ပင့်အား 10 N ကို ဖြစ်ပေါ်စေချင်ရင် ရေ 1000 cm3 ကို ဖယ်ထုတ်ရပါမယ်။ အဲ့ဒီရေကို ဖယ်ထုတ်နိုင်ဖို့အတွက် ရေထဲ ပစ်ချလိုက် တဲ့ ပစ္စည်းဟာ အနည်းဆုံး ထုထည် 1000 cm3 ရှိရပါမယ်။ ဒီမှာ အဖြေပေါ်ပါပြီ။ ပစ္စည်းတစ်ခု ရေထဲဘာကြောင့် မြုပ်ရသလဲ။ ဖယ်ထုတ်ရမယ့် ရေရဲ့ထုထည်ပြည့်မီအောင် သူ့ထုထည် မကြီးမားလို့ ဖြစ်ပါ တယ်။ ဘာကြောင့် ရေမှာ ပေါ်တာလဲ။ သူပေါ်စေဖို့  ဖယ်ထုတ်ရမယ့် ရေရဲ့ ထုထည်ထက် သူ့ရဲ့ထုထည်က ကြီးလို့ ဖြစ်ပါတယ်။

သံတုံးတစ်တုံး ဘာလို့ ရေထဲချလိုက်ရင် မြုပ်သလဲဆိုတာ စဉ်းစားကြည့်ပါမယ်။ သံဟာ သိပ်သည်းခြင်း အလွန် များပါတယ်။ ဒါကြောင့် သံတုံးသေးသေးက အလေးချိန် အတော်စီးပါတယ်။ 10 N လေးတဲ့ သံတုံးတစ်တုံးကို ရေထဲ ချကြည့်လိုက်ရအောင်။ မြုပ်မလား။ မြုပ်တာပေါ့။ ဘာဖြစ်လို့လဲ။ သံတုံးရဲ့ အလေးချိန်ကို ပင့်နိုင်ဖို့ လို အပ်တဲ့ ရေရဲ့ ပင့်အားက 10 N ဖြစ်ပါတယ်။ ဒါကြောင့် ရေ 10 N ကို ဖယ်ထုတ်နိုင်ရပါမယ်။ ရေ 10 N ဟာ 1000 cm3 ထုထည်ရှိပါတယ်။ ဒါကြောင့် သံတုံးရေမှာပေါ်ဖို့အတွက် လိုအပ်တဲ့ အနည်းဆုံး ထုထည်ဟာ 1000 cm3 ဖြစ်ပါတယ်။ ဒါပေမယ့် 10 N လေးတဲ့ သံတုံးတစ်တုံးရဲ့ ထုထည်ဟာ 1000 cm3 မရှိနိုင်ပါဘူး။ သိပ်သည်း ခြင်း အတော်များတဲ့အတွက် ထုထည်ဟာလည်း အတော်နည်းပါတယ်။ ဒါကြောင့် သံတုံးက ဖယ်ထုတ်နိုင်တဲ့ ရေဟာ သံတုံး ရေမှာ ပေါ်ဖို့ လုံလောက်တဲ့ ပင့်အားကို မဖြစ်ပေါ်စေနိုင်ပါဘူး။ အကျိုးဆက်ကတော့ သံတုံးက လေး ရေမှာ မြုပ်တော့တာပေါ့။

ဒါဆို နောက်တစ်နည်း စဉ်းစားကြည့်ရအောင်။ သံတုံး ရေမှာ ဘာကြောင့် မြုပ်သလဲ။ သူ့ထုထည်ဟာ သူ့ကို ပင့် နိုင်လောက်တဲ့ ရေရဲ့ အလေးချိန်ကို မဖယ်ထုတ်နိုင်လို့။ ဒါဆို ဖယ်နိုင်ရင်ရော။ ရှင်းပါတယ်။ ပေါ်မှာပေါ့။ ဒါဆို ဘယ်လို ပေါ်အောင် လုပ်မလဲ။ တစ်နည်းပဲ ရှိပါတယ်။ သံတုံးကို ထုထည်ပိုကြီးအောင် လုပ်ရုံပေါ့။ ဘယ်လို လုပ်မလဲ။ ရှင်းပါတယ်။ ခွက်ပုံစံ လုပ်ပေါ့။ အဲ့လိုဆို သံတုံးကလေးဟာ သံခွက်ကလေးအဖြစ် အသွင်ပြောင်း သွားပြီး ထုထည်လည်း ပိုကြီးသွားပြီပေါ့။ ဘယ်လောက်တောင် ကြီးသွားမလဲ။ လုံလောက်ရုံမက ပိုလျှံအောင် ကို ကြီးပါတယ်။ ဒါကြောင့် သံခွက်ကလေးတွေ ရေမှာ ချရင် အပြည့်မမြုပ်တာပေါ့။ ဒါဆို ဒီလို အခြေအနေမှာ ဘယ်လောက် ပမာဏမြုပ်မယ်ဆိုတာ ဆက်လေ့လာကြည့်ရအောင်။

သံတုံးကလေးက 10 N လေးပါတယ်။ သံခွက်ကလေးကရော 10 N ပဲပေါ့။ ဒါကြောင့် သူ့ကို ပေါ်စေဖို့ ဖယ်ထုတ်ရမယ့် ထုထည်ဟာ 1000 cm3 ပါပဲ။ ဒါပေမယ့် သံခွက်ကလေးရဲ့ ထုထည်ကတော့ 3000 cm3 ရှိပါ သတဲ့။ ဒါဆို သံခွက်ကလေး ရေထဲမှာ ဘယ်လောက်မြုပ်မလဲ။ သုံးပုံတစ်ပုံ မြုပ်မှာပေါ့။ ဖယ်ထုတ်ဖို့အတွက် 1000 cm3 ပဲ လိုအပ်တာကိုး။ အကယ်၍ သံခွက်ကလေးက 2000 cm3 ရှိရင်တော့ တစ်ဝက်မြုပ်မှာပေါ့။ ဒီ လို နည်းနဲ့ ပစ္စည်းတစ်ခု ရေထဲချလိုက်တဲ့အခါ သူပေါ်ဖို့ ဘယ်လောက်ပမာဏ ရေဖယ်ရမလဲဆိုတာ သိနိုင်ပြီး ဘယ်လောက်ပမာဏက ရေထဲ မြုပ်ပြီး ဘယ်လောက် ပမာဏက ရေမျက်နှာပြင်အထက်မှာ ပေါ်နေမလဲဆို တာ သိနိုင်ပါတယ်။

ကဲ ရေထက် ပိုပြီး သိပ်သည်းတဲ့ ပြဒါးအရည်ဘက် လှည့်ကြရအောင်။ ရေဟာ 1 cm3 မှာ 1 g ပဲ လေးပါတယ်။ ဒါကြောင့် ရေ 1 cm3 ဖယ်ထုတ်နိုင်ရင် ရေက ပင့်အား 0.01 N ကိုပဲ ဖြစ်စေပါတယ်။ ပြဒါး 1 cm3 ဟာ 13.6 g လေးပါတယ်။ ဒါကြောင့် ပြဒါး 1 cm3 ဖယ်ထုတ်နိုင်ခဲ့ရင်တော့ ပြဒါးဟာ ပင့်အား 0.136  N ကို ဖြစ်စေပါတယ်။ ဆိုလိုတာကတော့ ပစ္စည်းတစ်ခုကို ပြဒါးထဲထည့်လိုက်ရင် ပေါ်ဖို့ လိုအပ်တဲ့ ထုထည်ဟာ ရေထဲမှာ ပေါ်ဖို့ လို အပ်တဲ့ ထုထည်ထက် 13.6 ဆ ပိုနည်းတယ်လို့ပါပဲ။ သံတုံးကလေးဟာ 1 cm3 မှာ 7.87 g လေးပါတယ်။ သူက ဖယ်ထုတ်လိုက်တဲ့ ရေကတော့ 1 g ပဲ ရှိပါတယ်။ ဒါကြောင့် မြုပ်တာပေါ့။ သူက ပြဒါးထဲထည့်မယ်ဆိုရင် တော့ ဖယ်ထုတ်လိုက်နိုင်တဲ့ ပြဒါးဟာ 13.6 g လေးပါတယ်။ အဲ့ဒီ အလေးချိန်လေးက သူ့ကို အေးဆေး ပင့် နိုင်တာပေါ့။ သုံးပုံတစ်ပုံလောက်တောင် ပြဒါးမျက်နှာပြင်အထက်မှာ ပေါ်နေပါဦးမယ်။

ဒီတော့ ထုထည်တွေ ၊ ဖယ်ထုတ်လိုက်တဲ့ ထုထည်ကြောင့် ဖြစ်လာတဲ့ ပင့်အားတွေကို သေချာလေ့လာကြည့် လိုက်တော့ အရေးကြီးတဲ့ အချင်းအရာကို သွားတွေ့လိုက်ပါတယ်။ အဲ့ဒါကတော့ ပစ္စည်းတစ်ခုရဲ့ တစ်ယူနစ်ထု ထည်မှာ ရှိတဲ့ ဒြပ်ထုဟာ အရည်တစ်ခုရဲ့ တစ်ယူနစ်ထုထည်မှာ ရှိတဲ့ဒြပ်ထုထက် ပိုများခဲ့ရင် အဲ့ဒီ ပစ္စည်း အရည်ထဲ နစ်မယ်။ ပစ္စည်းတစ်ခုရဲ့ တစ်ယူနစ်ထုထည်မှာ ရှိတဲ့ဒြပ်ထုဟာ အရည်တစ်ခုရဲ့ တစ်ယူနစ်ထုထည်မှာ ရှိတဲ့ဒြပ်ထုထက် ပိုနည်းခဲ့ရင် အဲ့ဒီ ပစ္စည်း အရည်မှာပေါ်မယ်။ ဘယ်လောက်မြုပ်မလဲ သိချင်ရင် အဲ့ဒီ ဒြပ်ထုနှစ်ခုကို အချိုးချကြည့်။ ရတဲ့ ရာခိုင်နှုန်းဟာ မြုပ်တဲ့ ရာခိုင်နှုန်းပဲ။ တစ်ယူနစ်ထုထည်မှာရှိတဲ့ ဒြပ်ထုဆိုတာ သိပ်သည်းခြင်း ( density ) ပဲ။ ဒါကြောင့် ပစ္စည်းတစ်ခု အရည်ထဲ မြုပ် မမြုပ်သိချင်ရင် density ကို နှိုင်းယှဉ်ရုံပဲ။ ပစ္စည်းတစ်ခုဟာ သူ့ထက် density ပိုများတဲ့ အရည်ထဲမှာ ပေါ်မယ်။ ( ဒါကြောင့် သံတုံး ပြဒါးထဲ ပေါ်တာ။ ) သူ့ထက် density ပိုနည်းတဲ့ အရည်ထဲမှာ မြုပ်မယ်။ ( ဒါကြောင့် သံတုံး ရေထဲ မြုပ်တာ။ ) ပစ္စည်းတစ်ခု အရည်ထဲ ပေါ်ချင်ရင် သူ့ရဲ့ density ကို အရည်ရဲ့ density ထက် ပိုနည်းအောင် လုပ်ရုံပဲ။ အင်... density ဆိုတာ ကိန်းသေတစ်ခုပဲလေ။ သူ့ကို ပြောင်းလဲအောင် လုပ်လို့ ရလို့လားဆိုတော့ ရပါတယ်။ ဘယ်လို လုပ်ရမလဲ ဆိုတော့...။

ပစ္စည်းတစ်ခုရဲ့ density စစ်စစ်ကို ပြောင်းလို့တော့ မရနိုင်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ density ကို လျော့သွားတယ် လို့ ထင်ရအောင်တော့ လုပ်လို့ရတယ်။ density ဆိုတာ ဒြပ်ထု ( mass ) ကို ထုထည် ( volume ) နဲ့ စားလို့ ရတဲ့ မတ္တာတစ်ခုပဲ။ တစ်ယူနစ်ထုထည်မှာ ရှိတဲ့ ဒြပ်ထုကို density လို့ ခေါ်တယ် ဆိုထားတာကိုး။ mass က တော့ ဘယ်လို နည်းနဲ့မှ ပြောင်းလို့ မရတော့ သူ့ကို ထားလိုက်။ ဒါဆို volume ကိုရော။ သိပ်ရတာပေါ့။ လျော့ အောင်တော့ လုပ်လို့ မရဘူး။ တိုးအောင်တော့ လုပ်လို့ ရတယ်။ ဘယ်လို လုပ်မလဲ။ ခွက်ပုံစံ၊ ခေါင်းပွ ပုံစံ လုပ် ပေါ့။ အဲ့ဒါဆို ထုထည်ပိုများသွားရော။ ထုထည်နဲ့ သိပ်သည်းခြင်းက ပြောင်းပြန်အချိုးကျလေတော့ ထုထည် လည်း ကြီးလာရော density က နည်းသွားရော။ ဘယ်လောက် နည်းအောင် လုပ်ရမလဲ။ ကြိုက်သလောက် နည်းအောင် လုပ်လို့ရတယ်။ ပစ္စည်းရဲ့ density က အရည်ရဲ့ density ထက် မများသရွေ့ ကြိုက်သလို အတိုး အလျော့ ကစားလို့ရတယ်။ သံတုံးကလေး ရေထဲပေါ်စေချင်ပြီဆိုပါတော့။ သူ့ရဲ့ density ကို 7.87 g/cm3 က 1g / cm3 နဲ့ သူ့အောက်ကို လျှော့ချပစ်နိုင်ရင် ပေါ်ပြီ။ ဒါဆို ထုထည် ဘယ်လောက် တိုးအောင် လုပ်ရမလဲ။ အနိမ့်ဆုံး 1 g / cm3 ဖြစ်စေဖို့အတွက် သံတုံးရဲ့ ထုထည်ဟာ အနည်းဆုံး 7.87 cm3 ဖြစ်ရမယ်။ အဲ့ဒါဆိုရင် အဲ့ဒီခွက်ကလေး ရေထဲ ပေါ်ပြီ။ ထုထည်အကုန်တော့ မြုပ်မှာပေါ့။ နစ်တော့ မသွားဘူး။ တစ်ခုတော့ ရှိတယ်။ ရေနည်းနည်းဝင်တာနဲ့ နစ်ပြီ။ ဒါကြောင့် သံခွက်ကလေးလုပ်မယ်ဆိုရင်  ထုထည်ကို 7.87 cm3 ထက်ပို များအောင် လုပ်တာ အကောင်းဆုံးပဲ။ စိတ်ချရတာပေါ့။ နစ်မယ့်ပမာဏ နည်းလေလေ။ မြုပ်သွားနိုင်ချေ နည်းလေလေပေါ့။  အဲ့ဒီလို ထုထည်တန်ဖိုးကို ကစားပြီး လိုက်ပြောင်းလို့ ရတဲ့ density ကိုတော့ ပျမ်းမျှ သိပ်သည်းခြင်း ( average density ) လို့ ခေါ်တယ်။ ဒါကြောင့် ပစ္စည်းတစ်ခု ရေထဲ ဘယ်လောက် မြုပ်မလဲ ဆိုတာ သူ့ရဲ့ ပျမ်းမျှ သိပ်သည်းခြင်းနဲ့ ကြည့်လို့ရပါတယ်။

ပစ္စည်းတစ်ခုကို ရေထဲထည့်လိုက်တော့လည်း ပေါ်တယ်။ ဆားငန်ရေထဲ ထည့်လည်း ပေါ်တယ်။ ပြဒါးထဲ ထည့်လည်း ပေါ်တယ်ဆိုပါတော့။ ဘယ်အရည်ထဲမှာ ပင့်အား အများဆုံး ဖြစ်မလဲ။ အများစုက ပြဒါးက သိပ်သည်းခြင်း အတော်များတဲ့ အရည်ဆိုတော့ သူ့ဆီမှာ ပင့်အားက အများဆုံးလို့ ထင်ကြတယ်။ အမှန်က သူတို့ အားလုံးက သက်ရောက်တဲ့ ပင့်အားက အတူတူပါပဲတဲ့။ ဟုတ်တယ်လေ။ ပစ္စည်းက 10 N လေးတယ် ဆိုပါတော့ ။ သူ့အတွက် လိုအပ်တဲ့ ပင့်အားက 10 N ပါပဲ။ အရည်တွေဟာ လိုအပ်တဲ့ ပင့်အားကိုသာ ထုတ်ပေး နိုင်စွမ်းရှိရင် ( ထုတ်ပေးနိုင်စွမ်း ရှိမရှိကတော့ ပင့်အားအတွက် လိုအပ်တဲ့ ထုထည် ပစ္စည်းမှာ ရှိ မရှိက အဆုံး အဖြတ်ပေးပါတယ် ) ပစ္စည်းရဲ့ အလေးချိန်နဲ့ တူညီတဲ့ ပင့်အားကိုသာ ထုတ်ပေးပါတယ်။ နည်းနည်းမှ မပိုပါဘူး။ အတိအကျပါပဲ။ 10 N အတွက် ပင့်အားက 10 N ပါပဲ။ ဒါကြောင့် အရည်သုံးမျိုးစလုံးမှာ ပစ္စည်းပေါ် သက် ရောက်တဲ့ ပင့်အားက အတူတူပါပဲ။ သို့ပေမယ့် မြုပ်တဲ့ပမာဏတော့ မတူပါဘူး။ ပြဒါးထဲမှာ မြုပ်တာ အနည်းဆုံး ပါ။ ဘာကြောင့်ပါလဲ။ အဖြေကတော့ ပြဒါးက 10 N ပင့်အားဖြစ်ပေါ်စေဖို့အတွက် ဖယ်ထုတ်ရမယ့် ထုထည်က နည်းနည်းလေးမို့ပါတဲ့။ ဒါကြောင့် ကောက်ချက်တစ်ခု ထပ်ချလို့ ရပြန်ပါပြီ။ density ပိုများတဲ့အရည်တွေဟာ density ပိုနည်းတဲ့ အရည်တွေထက် ဖယ်ထုတ်ပေးရမယ့် ရေ သို့မဟုတ် ပစ္စည်းတစ်ခု နစ်မြုပ်ရမယ့် ထုထည် ပို နည်းတာကြောင့် သူတို့ထဲမှာ ပစ္စည်းဟာ ပိုပြီး မြင့်မြင့်ပေါ်နိုင်တယ်လို့ပါပဲ။ ဥပမာ ပင်လယ်ကူးသဘောင်္တစ် စင်းဟာ ရေချိုထဲမှာ မြုပ်တဲ့ထုထည် များပေမယ့် သူ့ထက် သိပ်သည်းခြင်းပိုများတဲ့ ပင်လယ်ရေထဲရောက်ရင် တော့ မြုပ်တဲ့ ထုထည်ပိုနည်းသွားပါတယ်။ ဒီဖြစ်ရပ်အတွက် အဖြေဟာ ပင်လယ်ရေရဲ့ ပင့်အားက ရေချိုရဲ့ ပင့် အားထက် ပိုများသွားလို့ မဟုတ်ပါဘူး။ ပင်လယ်ရေရဲ့ သိပ်သည်းခြင်းပိုများမှုကြောင့် ပင့်အားဖြစ်ပေါ်ဖို့ ဖယ် ထုတ်ပေးရမယ့် ထုထည်နည်းသွားလို့သာ ဖြစ်ပါတယ်။

ပစ္စည်းက ရေထဲလည်း လုံးဝ မနစ်မြုပ်သွားပေမယ့် ပင့်အားက ပစ္စည်းရဲ့ အလေးချိန်ထက် ပိုများနေတာမျိုး ဖြစ် တတ်ပါသလား။ ပုံမှန်ဆိုရင်တော့ လုံးဝ မဖြစ်တတ်ပါဘူး။ ရေဟာ ပစ္စည်းကို သူ့အလေးချိန်အတိုင်းသာ ပင့် ပေးလို့ပါပဲ။ ဒါဆို ဘယ်အချိန်မှာ ဒီလို အခြေအနေ ဖြစ်ပေါ်မလဲ။ ပင့်အား ပိုလိုအပ်တဲ့အချိန်ပေါ့။ ဘယ်လို အချိန် ပိုလိုအပ်မလဲ။ သူ့အပေါ် နောက်ထပ် ၀န်တစ်ခု ထည့်ထားတဲ့အချိန်ပေါ့။ ဥပမာ ပစ္စည်းတစ်ခုဟာ 10 N လေးတယ်။ ဒါပေမယ့် သူ့ဟာ ရေထဲမှာထည့်လိုက်တော့ တစ်ဝက်ပဲ မြုပ်တယ်ဆိုပါစို့။ ဒါဆို သူ့ပေါ်ကို နောက် ထပ် ပစ္စည်း ထပ်တင်သေးလို့ ရတယ်ဆိုတဲ့ သဘောပါပဲ။ ဘယ်လောက်ထိ ထပ်တင်လို့ ရမလဲဆိုတာကတော့ ပစ္စည်းရဲ့ ထုထည်နဲ့ ဆိုင်ပါတယ်။ ပစ္စည်းရဲ့ ထုထည်က 2000 cm3 ဆိုပါတော့ ။ တစ်ဝက်မြုပ်နေတဲ့ အတွက် နောက်ထပ် ရေ 1000 cm3 လောက်ကို ဖယ်ထုတ်နိုင်သေးတယ်။ ဒါကြောင့် ရေက နောက်ထပ် 10 N စာလောက် ပင့်ပေးနိုင်သေးတယ်။ နောက်ထပ် အဲ့ဒီ ပစ္စည်းထဲ ၀န်ထပ်ထည့်ချင်ရင် အများဆုံး 10 N ထိ ထည့်လို့ရသေးတယ်ဆိုတဲ့ သဘောပေါ့။

ကဲ... 2 N လေးတဲ့ ပစ္စည်းကို ခုနက ပစ္စည်းပေါ် ထပ်တင်လိုက်ပြီ။ ဒါဆို ရေက 12 N အားနဲ့ ပင့်ရပြီပေါ့။ အဲ့ဒါဆို ရေရဲ့ ပင့်အားက ပစ္စည်းရဲ့ အလေးချိန်ထက် ကျော်လွန်သွားပြီ။ အဖြေက ရေက ဖောက်လွှဲဖောက်ပြန် လုပ်တာ မဟုတ်ဘူး။ ပစ္စည်းပေါ် နောက်ထပ် ၀န်တစ်ခု ထပ်တင်လိုက် လို့ ရေရဲ့ ပင့်အားကို ပိုတိုးလိုက်ရတာ။ ဒါဆို အဲ့ဒီ ပစ္စည်းကို ပြန်ချလိုက်ရင်ရော။ ရှင်းပါတယ်။ ရေရဲ့ ပင့်အား ဟာ ပစ္စည်းရဲ့ အလေးချိန်ထက် ပိုများနေတဲ့အတွက် ညီမျှသွားအောင် ပစ္စည်းလေးဟာ မြုပ်တဲ့ ထုထည်ကို  ပြန်လျှော့ရပါတယ်။ ဒီလိုနဲ့ ပစ္စည်းရဲ့ အလေးချိန်ကလေးနဲ့ ရေရဲ့ ပင့်အားတူညီတဲ့ အချိန်အထိ ပစ္စည်းကလေး ဟာ ရေပေါ်ကို မြင့်တက်လာတော့တာပါပဲ။ ရေခဲတုံးကလေးကို  ရေထဲ ဖိချလိုက်ပါ။ လက်လွှတ်လိုက်ပါ။ ရေခဲတုံးကလေး ပြန်တက်လာပါလိမ့်မယ်။ ဒီ သဘောတရားကို လက်တွေ့ စမ်းသပ်ကြည့်လို့ ရပါတယ်။
ဒါကြောင့် လှေတစ်စီးမှာပဲ ဖြစ်ဖြစ်၊ သဘောင်္တစ်စီးမှာပဲ ဖြစ်ဖြစ် သူ့ပေါ် တင်နိုင်တဲ့ အများဆုံး ၀န်ရဲ့ အလေးချိန် ကို ဒီသဘောတရားနဲ့ စဉ်းစားလို့ရပါတယ်။ လှေမြုပ်တာ၊ သဘောင်္မြုပ်တာဟာ အများဆုံး ခံနိုင်တဲ့ ၀န်ပမာဏ နီးပါးထိ တင်တဲ့အတွက် ရေ၀င်တဲ့အခါ အလွယ်တကူ မှောက်ခြင်း ဖြစ်ပါတယ်။ တိုက်တန်းနစ်သဘောင်္မှောက် တော့ ကိတ်ဝင်းစလတ်နဲ့ လီယိုနာဒိုတို့ နှစ်ယောက်စလုံး မျောလာတဲ့ တံခါးရွက်ပေါ် နေလို့ မရဘဲ ကိတ်ဝင်း စလတ်တစ်ယောက်ထဲ နေလို့ ရတာ ဒီသဘောတရားပါပဲ။

ဒေါက်တာရူပ ( ရူပဗေဒ သင်တဲ့ ဆရာဝန်)

(မူရင်းတင်တဲ့ Page ကိုကြည့်ချင်ရင် စာရေးသူအမည်ကို Click လိုက်ပါ ခင်ဗျ Links ချိတ်ထားပါတယ်)

No comments: