Monday, February 11, 2013

E4Y (အသက်မွေးမှုအကြို သင်တန်းကျောင်း)


အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာရပ်ကိုဆက်လက်မသင်ကြားနိုင်တော့တဲ့ အသက် ၁၂နှစ်၊ ၁၄နှစ်အရွယ် ဆင်းရဲနွမ်းပါးတဲ့ကလေးတွေအတွက် ကျောင်းပညာနဲ့ အသက်မွေးမှုပညာတွေသင်ကြားပေးနေတဲ့နေရာလေးတစ်ခုပါ။ စာသင်ဖို့အခက်အခဲရှိသူတွေအတွက် အခမဲ့ပညာသင်ကြားပေးတဲ့အပြင် ကျောင်းပြီးဆုံးချိန်မှာ လုပ်ငန်းခွင်ကိုပါ ၀င်ရောက်နိုင်အောင် ပံ့ပိုးပေးတဲ့ ရည်ရွယ်ချက်ကောင်းတဲ့ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ ကျောင်းအုပ်ဆရာမကြီးက ဒေါ်လှလှနှင်းဖြစ်ပါတယ်။

-       ကျောင်းကို ၂၀၀၈ခုနှစ်မှာစပြီးဖွင့်ခဲ့၊ အဲဒီတုန်းကတော့ CVT(အသက်မွေးမှု အတတ်ပညာသင်တန်းကျောင်း) ရှိတဲ့ မြန်မာနိုင်ငံကြက်ခြေနီရုံး တတိယထပ်မှာဖွင့်ခဲ့

-       ဆွစ်ဇာလန်နိုင်ငံသား Mr. Max-O.Wey ရဲ့ စိတ်ကူးနဲ့စတင်ဖွင့်ဖြစ်ခဲ့၊ မြန်မာနိုင်ငံမှာ လာရောက်အလုပ်လုပ်ရင်း မြန်မာလူငယ်နဲ့ ကလေးတွေရဲ့ ဘ၀လိုအပ်ချက်တွေကို တွေ့တာကြောင့် စိတ်ကူးရခဲ့

-       အသက် ၁၂နှစ်ကနေ ၁၄နှစ်ကြားရှိတဲ့ ကျောင်းနေဖို့အခက်အခဲရှိတဲ့ ကျောင်းမနေနိုင်တော့တဲ့ ကလေးတွေအတွက်ပါ၊ ဒီကလေးတွေဟာ အခြေခံပညာ လေးတန်းလောက်တော့ ရေးတတ်၊ဖတ်တတ်၊တွက် တတ်တဲ့သူတွေဖြစ်ရပါမယ်၊ ပညာကိုတကယ်လိုလားပြီး ကြိုးကြိုးစားစားနဲ့ သင်တန်းကာလပြီးဆုံးတဲ့အထိ တက်ရောက်နိုင်တဲ့သူဖြစ်ရပါမယ်။
-       သင်တန်းကာလကို လေးနှစ်သတ်မှတ်ထားပါတယ်။

-       စာပေပညာနဲ့ လက်မှုပညာဆိုပြီး နှစ်မျိုးစလုံးသင်ပါတယ်။ စာပေပညာမှာ မြန်မာစာ၊သင်္ချာ၊လူမှုသဘာဝသိပ္ပံ၊ အထွေထွေသိပ္ပံနှင့် လူမှုရေးဘာသာရပ်တွေ၊ အင်္ဂလိပ်စာကိုတော့ ဆွစ်ဇာလန်က သင်ရိုးညွှန်းတမ်းအတိုင်း သင်ပါတယ်။ ငါးတန်းကနေ ရှစ်တန်းအထိ စာပေတွေကို သင်ကြားပေးရပါတယ်။ လက်မှုပညာမှာတော့ ချည်မျှင် နဲ့အထည်၊ ဖန်တီးမှုအတတ်ပညာ၊ ပန်းချီပညာ၊ သစ်သားနဲ့သံထည် ပညာရပ်တွေသင်ကြားပေးပါတယ်။ လက်မှုပညာရပ်တွေကို ယောက်ျားလေးရော မိန်းကလေးပါ ပထမနှစ်ကနေ တတိယနှစ်အထိ အကုန်သင်ယူရပါ တယ်။ စတုတ္ထနှစ်ရောက်မှသာ အားသန်ရာ ဘာသာရပ်ကိုရွေးချယ်နိုင်ပါတယ်။ ဖန်တီးမှုအတတ်ပညာနဲ့ ပန်းချီပညာကိုတော့ မခွဲဘဲ ဆက်သင်ကြားပေးပါတယ်။

-       အားကစားကို ဆွစ်ဇာလန်က အားကစားနည်းပြဆရာမက သင်ရိုးညွှန်းတမ်းရေးဆွဲပေးပါတယ်။ Indoor ၊Outdoor အားကစားဆိုပြီးရှိ

-       ပညာသင်စရိတ်အခမဲ့အပြင် နေ့စဉ် ခရီးအကွာအဝေးပေါ်မူတည်ပြီး လမ်းစရိတ်ပေးပါတယ်။ နေ့စဉ်ဟင်းပေးပါတယ်။ ထမင်းပဲ ထည့်လာဖို့လိုပါတယ်။ ပြီးတော့ ထမင်းချိုင့်ပေးတယ်။ ထီး၊လွယ်အိတ်၊ကျောင်းဝတ်စုံ၊ အားကစားဝတ်စုံတွေပေး၊ စာရေးကိရိယာတွေလည်းပြည့်ပြည့်စုံစုံပေးပါတယ်။ ဒီသင်တန်းကျောင်းတက်နေတဲ့ လေးနှစ်တာကာလလုံး ပညာသင်ကြားမှုအတွက် ကုန်ကျစရိတ်မှန်သမျှကို တာဝန်ယူပါတယ်။ ဒါ့အပြင် ကျောင်းစတက်တက်ချင်းမှာ ဆေးစစ်ပေးပါတယ်။ အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေးထိုးပေးပါတယ်။

-       တစ်နှစ်ကို အယောက် ၃၀လက်ခံပါတယ်။(ဒီနှစ်အတွက် ကျောင်းဝင်ခွင့်တွေကို မတ်လ ၁ရက်နေ့မှာ ဖြေဆိုရမှာ ဖြစ်ပါတယ်။)

-       CVT နဲ့ဆက်နွှယ်နေတဲ့ ကုမ္ပဏီပေါင်း ၃၀၀ကျော်လောက်ရှိတာဆိုတော့ သင်တန်းပြီးဆုံးရင် လုပ်ငန်းခွင်ဝင်ရောက်နိုင်အောင် ကူညီပေးပါတယ်။ လုပ်ငန်းခွင်မှာ လုပ်ကိုင်ရင်းနဲ့ CVT မှာဆက်တက်လို့လည်းရပါတယ်။

-       CVT ရဲ့ဝင်ခွင့်စာမေးပွဲကို ဖြေဆိုအောင်မြင်ရင် CVT မှာဆက်တက်လို့ရပါတယ်။

“အများအကျိုး ရွက်သယ်ပိုးက
ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
မတိမ်းမစောင်း ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနဲ့ယှဉ်၊ ရှေးရှုနှင်လော့” (ရွှေင်္ဟသာဆရာတော်ကြီး)

E4Y (အသက်မွေးမှုအကြိုသင်တန်းကျောင်း) - အမှတ် ၆၅၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - ၀၉-၇၃၁၀၄၆၈၃

No comments: