Wednesday, February 27, 2013

ခရေပန်းဟာ အနွမ်းပန်း မဟုတ်ပါ


ဒီမိုကရေစီရဲ့ ဧရိယာထဲကို ခြေတစ်လှမ်းစလိုက်တာနဲ့ NGO အဖွဲ့၊ ဘာအဖွဲ့၊ ညာအဖွဲ့တွေ ဖွဲ့ လိုက်ကြတာ။ အများအကျိုးအတွက်လုပ်တာ ဝမ်းသာစရာ၊ ချီးကျူးစရာပါ။ ဟော … ခုတစ်ခါ ကြားရပြန်ပြီ၊ ခရေကွန်ရက်တဲ့၊ Sex Worker တဲ့။ ဒီအဖွဲ့တွေကို တရားဝင် လိုင်စင်ပေးသင့် မပေးသင့် စဉ်းစားကြပြန်ပြီ။ အကယ်၍ တရားဝင် ဖွဲ့စည်းခွင့်ပေးလိုက်သော် ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား၊ ကြိုဆိုရမှာလား၊ ကန့်ကွက် ရမှာလား ဆိုတာ စဉ်းစားလို့ပင် မရ။ အချို့ကလည်း ပြည့်တန်ဆာဆိုတာ ဘုရားရှင် လက်ထက်မှာ ကတည်းက ရှိခဲ့သလို နိုင်ငံတိုင်းမှာလည်း တရားဝင် ခွင့်ပြုထားတဲ့ အတွက် မြန်မာနိုင်ငံမှာလည်း တရားဝင် ခွင့်ပြု စေချင်တယ်လို့ ပြောသူတွေ ပြောကြတော့ အပြန်ပြန် အလှန်လှန် စဉ်းစားစရာ ရှိပါတယ်။

ကျေးဇူးတော်ရှင် မြတ်စွာဘုရား လက်ထက်တော်မှာ ပြည့်တန်ဆာ ရှိခဲ့တာလည်း အမှန်ပါ။ အဲဒီတုန်းက ပြည့်တန်ဆာလို့ မခေါ်ဘဲ ‘ပြည်တန်ဆာ’ လို့ ခေါ်တယ်ဆိုတာကလည်း အထောက်အထားနဲ့ ရှိပါတယ်။ သို့သော် အဲဒီခေတ်က ပြည်တန်ဆာအိမ် သွားခွင့်ရသူများက သူဌေး၊ သူကြွယ်၊ မင်းညီ မင်းသားများသာ ဖြစ်တယ်။ ပြည်တန်ဆာအဖြစ် သတ်မှတ်ခံရသူများ ကလည်း ခြောက်ပြစ်ကင်း သဲလဲစင် အချောအလှဖြစ်သူ မျိုးရိုးကောင်းသူ များသာ လုပ်ခွင့်ရတယ်။ အခုခေတ်လို အကြွေပန်းများ မဟုတ်ကြပါ။ အနွမ်းပန်းလည်း မဖြစ်ပါ။ ဘဝတိုက်ပွဲ စိန်ခေါ်မှုများကြောင့် စားဝတ်နေရေးကြောင့်၊ အခြေအနေကြောင့် လုပ်ကိုင် စားရသူ များနှင့် နှိုင်းယှဉ်၍ မရပါ။ ယခုအခါ အခြေအနေအရ လုပ်ကိုင်နေသော မိန်းကလေးများကို မေးကြည့်ရင် ဒီလို စက်ဆုပ်ဖွယ်ကောင်းသောအလုပ်ကို ခုံမင်နှစ်သက်လို့ လုပ်ချင်သူရှိမှာမဟုတ်ပါ။ ဘဝအမောတွေ ကြားမှာ ငွေကြေးနောက်လိုက်ရင်း လင်ကောင်းသားကောင်းမရဘဲ HIV နှင့်ညားကြလေတော့ ရင်နာ စရာကောင်းလှတယ်။

ဒီလို အကြောင်းတရားနဲ့ တိုက်ဆိုင်မှုရဲ့ နောက်ကွယ်က အဖြစ် အပျက်တချို့ကို ပြောပြချင်ပါ တယ်။ ကျေးဇူးတော်ရှင် မြတ်စွာ ဘုရားလက်ထက်တော် သာဝတ္ထိ ပြည်၊ မြို့ငယ်လေးတစ်မြို့မှာ အလွန်ချော အလွန် လှတဲ့ ပြည်တန်ဆာမလေး တစ်ယောက် ရှိခဲ့ဖူးတယ်။ အဲဒီခေတ်က ပြည်တန်ဆာဆိုတာ လုပ်ချင်တိုင်း လုပ်ခွင့်ရတာ မဟုတ်ဘူး။ ဘုရင်မင်းမြတ်က ရွေးချယ်တဲ့ လူမှ လုပ်ကိုင်ခွင့်ရတာ။ ပြည်တန်ဆာ မလေးအိမ်ကို မင်းညီ မင်းသားများနဲ့ သူဌေးသူကြွယ်တို့ လာကြတယ်။ ပြည်တန်ဆာ မလေးရဲ့ အလှမှာ ယစ်မူးစွဲလန်းပြီး အိမ်ကို လူအဝင်များလာတော့ ပြည်တန်ဆာမလေးက စိတ်ကူးတယ်။ လူဝင် လူထွက်များတဲ့ အတွက် အိမ်နီးချင်းနဲ့ မိဘများပါ အနှောင့်အယှက် ဖြစ်တော့မယ်။ ဒါကြောင့် လူသူ မနီးတဲ့ မြို့စွန် တစ်နေရာမှာ အိမ်တစ်ဆောင်ဆောက်ပြီး အစေအပါး တစ်ယောက်နဲ့ သွားနေတယ်။ ပြည်တန်ဆာမလေးနဲ့ မနီးမဝေးမှာ ရသေ့ကြီး တစ်ပါးရဲ့ကျောင်းသင်္ခမ်း ရှိတယ်။ 

နည်းနည်း အလှမ်းဝေးပေမယ့် ရသေ့ကြီးက ပြည်တန်ဆာမလေး ကျောင်းသင်္ခမ်းရဲ့ အနီးအနား ရောက်လာ ကတည်းက အကုသိုလ် စိတ်တွေကို မနှစ်မြို့တော့ဘူး။ လူတွေကို ကြောက်လို့ တစ်ပါးထဲ တရား အားထုတ်ဖို့လာခါမှ အခုလို ပြည်တန်ဆာမလေး ရောက်လာတာကို ဘယ်လိုမှ မခံစားနိုင်ဘူး။ တစ်နေ့တစ်နေ့ သစ်ပင်တွေကြားက ပြည်တန်ဆာမလေးရဲ့ အိမ်ကိုပဲ လှမ်းကြည့်ပြီး လူတစ်ယောက် ဝင်လာလိုက် တုတ်ချောင်း တစ်ချောင်းနဲ့ တာလီမှတ်သလို မှတ်နေခဲ့ရာ တရားအားထုတ်ဖို့ အချိန်တောင် လျော့သွားတော့တယ်။ ရသေ့ကြီးရဲ့ စိတ်ထဲမှာလည်း ဧည့်သည်တွေနဲ့ အလုပ်ရှုပ်နေတဲ့ ပြည်တန်ဆာမလေးကို မုန်းတီးပြီး အကုသိုလ် စေတသိက်တွေ ပွားပြီးရင်း ပွားနေတော့တယ်။

ရသေ့ကြီး ဒီလို စိတ်ခံစားနေရတာကို ပြည်တန်ဆာမလေးက လုံးဝမသိဘဲ ဧည့်သည် တစ်ယောက်နဲ့ ပျော်ပါးပြီး ရရှိတဲ့ အသပြာငွေကြေးကို သုံးပုံခွဲတယ်။ တစ်ပုံက ဘုရားအမှူးရှိသော ရဟန်းသံဃာများကို လှူဒါန်းဖို့ အတွက် ဦးစွာ ဖယ်ထားတယ်။ ဒုတိယ တစ်ပုံကိုတော့ မိဘနှစ်ပါးအတွက် ဖယ်ထားတယ်။ တတိယ တစ်ပုံကို ပြည်တန်ဆာမလေးက မနက်ဘက် ထမင်းဟင်းချက်ပြီး ရသေ့ကြီးကို ဆွမ်းအုပ်နဲ့ လှူဒါန်းပြီး ကျန်တာကို လိုရာသုံးရန် ခွဲထားတယ်။ ဒါတင် မကသေးဘူး။ တစ်နေ့တာ ဖျော်ဖြေပေးရတဲ့ လူဦးရေကို တွက်ပြီး ကျောက်စရစ်ခဲလေးတွေ ပုံပြီး လှူဒါန်းမှု အစုစုအတွက် မေတ္တာပို့ပြီး မေတ္တာရေစင် လောင်းပေးတယ်။ မင်းညီမင်းသား လူကုံထံ သူဌေးများ ဤကဲ့သို့ ဘုရား၊ တရား၊ သံဃာ၊ မိဘများကို လှူဒါန်းနိုင်အောင် အသပြာများပေးတဲ့ အတွက် မောင်မင်းကြီးသားများ ကျန်းမာစေကြောင်း ဘုရားဝတ်ပြုပြီးတိုင်းလည်း မေတ္တာပို့တယ်။

တစ်နေ့မှာ ကျေးဇူးတော်ရှင် မြတ်စွာဘုရား အမှူးရှိတဲ့ သံဃာတော်အပါး ၅ဝဝ ကို ဆွမ်းလောင်းလှူတယ်။ အနီးမှာရှိတဲ့ ရသေ့ကြီးကိုလည်း ဆွမ်းပို့တယ်။ ရသေ့ကြီးက ပြည်တန်ဆာမလေး လှူဒါန်းတဲ့ ဆွမ်းဒါနများကို ဘယ်သော အခါမှ ဘုန်းပေးတော် မမူဘဲ အမြဲ သွန်ပစ်လေ့ ရှိတယ်။ ပြည်တန်ဆာမလေးကတော့ ယနေ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးနဲ့ သံဃာတော်များကို လှူဒါန်းရတဲ့ ကုသိုလ်ဒါန အစုစုကို အမျှပေးဝေပြီး တစ်ရပ်စာမြင့်မားနေတဲ့ ခဲပုံပေါ်ကို ပေးကမ်းသွားတဲ့ မင်းညီမင်းသား လူကုံထံများကို ရည်စူးပြီး မေတ္တာရေနဲ့ လောင်းချလိုက်တာနဲ့ ခဲပုံကြီးဟာ ရွှေတုံးရွှေခဲများ ဖြစ်သွားတော့တယ်။ ပြည်တန်ဆာမလေးဟာ အရမ်း အံ့သြပြီး အဲဒီရွှေတုံးများကို ရောင်းချပြီး မြတ်စွာဘုရားနှင့် သံဃာတော်များကို ကျောင်းဆောက် လှူဒါန်းလိုက်တယ်။ အဲဒီ အကျိုးကြောင့် ကွယ်လွန်သွားတဲ့ အခါ အထက်ဘုံရောက်ပြီး အကုသိုလ် စိတ်မွေးမြူမိတဲ့ ရသေ့ကြီးက အပါယ်ငရဲ ကျသွားတယ်လို့ မှတ်သားဖူးတယ်။ (ပြည်တန်ဆာမလေးသေတော့ ဘာရောဂါနဲ့ သေတယ်ဆိုတာ အထောက်အထားမ တွေ့ရပါ။)

အခုခေတ် ပြည့်တန်ဆာမလေးတွေ သေဆုံးသော် ဘယ်ဘုံသို့ရောက်မည် မသိသော်လည်း မသေခင် ရောဂါဆိုးကြီးနဲ့ သူနိုင်ကိုယ်နိုင် အသေအလဲ လွန်ဆွဲရမှာ မလွဲဘူးလို့ ထင်ပါတယ်။ ခုတစ်ခါ ပြည့်တန်ဆာ အခန်းများ နိုင်ငံတကာမှာ ဖွင့်ခွင့်ပြုလို့ မြန်မာပြည်မှာလည်း လိုင်စင်ချပေးဖို့ တောင်းဆို နေကြပြီ။ သူများနိုင်ငံမှာ လုပ်ကိုင်ခွင့်ပြုတိုင်း မြန်မာပြည်မှာရော လုပ်ကိုင်ခွင့်ပြုရတော့မှာလား။ အကယ်၍ ခွင့်ပြုခဲ့သော် ကောင်းကျိုးထက် ဆိုးကျိုးသာ များတော့မယ်ဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင် နားလည်နိုင်ကြမှာပါ။

သမင်လည်ပြန်ကြည့်ရင် ကျေးဇူးတော်ရှင် မြတ်စွာဘုရား လက်ထက်တော်က ဝေသာလီမြို့အနီးတွင် အမ္ဗပါလီ အမည်ရှိတဲ့ ပြည်တန်ဆာရဲ့ အမ္ဗဝနရှိတယ်။ အမ္ဗဝနဆိုတာ သရက်တောဖြစ်၍ အမ္ဗပါလီလည်း သရက်တောပိုင်ရှင် ဖြစ်တယ်။ ဝေသာလီမြို့ဟာ အမ္ဗပါလီရဲ့ စွဲမက်ဖွယ်ရာ အာရုံငါးဖြာကြောင့် ပိုပြီး ထင်ရှား လာခဲ့တယ်။ အမ္ဗပါလီဟာ အလှကြွယ်သူဖြစ်လို့ တိုင်းပြည်ရဲ့ ဂုဏ်အင်္ဂါ၊ တိုင်းပြည်ရဲ့ ရတနာ တန်ဆာ ဖြစ်ခြင်းကြောင့် ‘ပြည်တန်ဆာ’ လို့ ဂုဏ်ပြုခံရသူ ဖြစ်တယ်။ အမ္ဗပါလီဟာ သူမရဲ့ အလှအပကို လာရောက် ကြည့်ရှုအားပေးသူထံမှ တစ်ဦးလျှင် အသပြာ ကျပ်ငါးဆယ် ကောက်ခံ ရရှိသူဖြစ်တယ်။ ဒါ့အပြင် ငွေသုံးဖြုန်းနိုင်တဲ့ မင်းညီ မင်းသား လူကုံထံ များက ခဏတာမျှ ပေါင်းသင်းအပ်သော ဖျော်ဖြေသမှု မယားအလှကို အလိုရှိရင် အမ္ဗပါလီအိမ်သို့ သွားကြတယ်။ ဝေသာလီမြို့ရဲ့ အိမ်နီးချင်းနိုင်ငံက မဂဓတိုင်း ဘုရင် ဗိမ္ဗိသာရမင်းဟာ အမ္ဗပါလီအား ရာဇဂြိုဟ်မြို့သို့ လာရောက်ဖျော်ဖြေရင် အခကြေးငွေ နှစ်ဆတိုးပေးပြီး ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်ပေးရန် အလိုရှိခဲ့တယ်။ သို့ရာတွင် ရာဇ ဂြိုဟ်မြို့မှ ကုန်သည်သူဌေးတို့ ဘုရင့် အစီအမံကို လက်မခံဘဲ ရာဇ ဂြိုဟ်မြို့သူ သာလာဝတီ အမည်ရှိတဲ့ အလှကြွယ်သူ အမျိုးသမီးကို ”ပြည်တန်ဆာ” ဘွဲ့ပေးကာ လုပ်ကိုင်စေတယ်။ အဗြဟ္မစရိယ သီလအကျင့် ကျင့်ကုန်သော ပုဏ္ဏားတို့က ဘုရင့် အမိန့်အရ ဖွင့်လှစ်တဲ့ ထိုပြည်တန်ဆာ လုပ်ငန်းကို ဘုရင်အား ပိတ်ပင်ခိုင်းခဲ့တယ်။

အမ္ဗပါလီဟာ သိခီမြတ်စွာဘုရား လက်ထက်တွင် ရဟန်းမ တစ်ယောက်ကို ပြည်တန်ဆာ အကျင့်ရှိသူဟု စွပ်စွဲပြောဆိုခဲ့တဲ့ အတွက် ဂေါတမမြတ်စွာဘုရား လက်ထက်မှာ ပြည်တန်ဆာဖြစ်လာ ရတယ်လို့ ဆိုတယ်။ တစ်နေ့မှာ အမ္ဗပါလီဟာ မှန်ထဲမှာ မိမိမျက်နှာ အသားအရေ တွန့်လာတာကိုမြင်ပြီး ဘိက္ခုနီ သံဃာဘောင် ဝင်ရောက် ရဟန်းပြုရာ မိမိရဲ့သား ဝိမလကောဏ္ဍညထေရ်ထံမှ တရားနာယူပြီးနောက် အရဟတ္တဖိုလ်သို့ ရောက်ကာ ”ရဟန္တာမ” ဖြစ်သွားတယ်လို့ သာဝတ္ထိ မြန်မာကျောင်း ဆရာတော် ဦးသြဘာသ၏ မဇ္ဈိမမြို့ကျေးရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ စာအုပ်တွင်ဖော်ပြထားတယ်။

သမိုင်းပုံရိပ်မှာ ပြည့်တန်ဆာများကို တရားဝင်ခွင့်ပြုသလို ကန့်ကွက်သူများလည်း ရှိခဲ့တယ်။ သို့ သော် ကျွန်မတို့ မြန်မာနိုင်ငံဟာ ထေရဝါဒကြောင့် တရားဝင်ခွင့်ပြုရင် ဘယ်လို အဖြေရှာမလဲ။ ခုချိန်မှာတောင် တရားဝင် ခွင့်ပြုချက် မရှိဘဲ ရောဂါသည်တွေ တော်တော်များနေပြီ။ မြန်မာ လူမျိုး အများစုကလည်း ပြည့်တန်ဆာ အလုပ်ကို မနှစ်မြို့ကြပါ။ ပြည့်တန်ဆာ ဘဝ HIV နှင့် AIDS ခွဲမရဘူးလို့ မြင်သူကလည်း ရှိသေးတယ်။ အကြွေ ပန်းလို့ပဲ ခေါ်ခေါ်၊ အနွမ်းပန်းလို့ပဲ တင်စားပါစေ အကောင်းမြင်သူ နည်းပါသေးတယ်။ တစ်ခါက မရမ်းကုန်းမြို့နယ် အတွင်းမှာ ဖွင့်လှစ်ထားတဲ့ အင်္ဂလိပ်စာ အထူးတန်းကို တက်ရောက်သင်ကြားနေတဲ့ အိမ်က ကလေးတွေကို သွားကြိုတော့ သင်တန်းကျောင်းနဲ့ မနီးမဝေးမှာ ပညာပေး ဟောပြောပွဲ တစ်ခု ပြုလုပ်နေတာ တွေ့ရတယ်။ ကျွန်မ စိတ်ဝင်စားသွားပြီး အကြောင်းရင်း မေးကြည့်တော့ NGO အဖွဲ့က HIV ဝေဒနာ ရှိသူတွေကို နှစ်သိမ့် ဆွေးနွေးပညာပေးရင်း ဆေးနဲ့ဆန် အခမဲ့ ဝေငှတယ်လို့ပြောပါတယ်။ ကျွန်မ စိတ်ဝင်စားသွားပါပြီ။ မသိ မသာ ထိုလူများကို ကြည့်လိုက်တော့ အသက်လေးဆယ်အောက် အမျိုးသား၊ အမျိုးသမီး များသာ တစ်ဦးချင်းလည်း ပါသလို လင်မယားစုံတွဲတွေလည်း ပါတယ်။ မကြာပါဘူး ဆန်ထုပ် ကိုယ်စီထမ်းပြီး ထွက်သွား ကြတော့တယ်။
ကျွန်မ တစ်ဦးတစ်ယောက်ကို မေးချင်ပေမယ့် အခွင့်မသာခဲ့ပါဘူး။ မကြာပါဘူး နှစ်ပတ်ကျော်လောက်မှာ အခွင့်အရေးတစ်ခု ရခဲ့ပါတယ်။ အဲဒီနေ့က ကျူရှင်ကြို ပြီး ဘုရင့်နောင်ပွဲရုံမှာ ဆန်ဝယ်ဖို့ အတွက် ဆန်နီ ပစ်ကပ်လေး ယူလာတယ်။ တစ်ပတ် တစ်ကြိမ်လား။ နှစ်ပတ် တစ်ကြိမ်လား။ နှစ်သိမ့်ဆွေးနွေးပွဲ၊ ဆန်၊ ဆေးထောက်ပံ့တဲ့ အခမ်းအနားလည်းပြီးလို့ ဆန်ထုပ် ကိုယ်စီ ထမ်းပြီး ပြန်ကြပြီ။ ဒီနေ့မှ ကလေးတွေ ကြိုဖို့ နောက်ကျနေတာ။ ကျွန်မတို့ လမ်းသွယ်ထဲက ပြန်ထွက်တော့ လမ်းကြားထဲက အရိပ်လေး တစ်နေရာမှာ အသက်နှစ်ဆယ်ကျော် အရွယ်အမျိုးသမီး တစ်ယောက်၊ ဆန်ထုပ်လေးချပြီး ချွေး သုတ်နေ တယ်။ တော်တော်လည်း ပိန်ချုံးပြီး နဂိုရုပ်ရည်က မစိုပြည်တော့ပါဘူး။ ကျွန်မက နောက်ခန်းက စီးလာတာမို့ ကားမောင်းတဲ့ တူလေးကို ကားရပ်ခိုင်းလိုက် ပါတယ်။ ကျွန်မနဲ့ သူနဲ့စကား ပြောခဲ့ပုံ အမေးအဖြေကို မခြွင်းမချန် ရေးပြပါရစေ။

”ဟဲ့ … သမီး ဘယ်သွား မလို့လဲ။ လိုက်ပို့ပေးမယ်လေ”
အမျိုးသမီးလေးက အံ့သြသွားဟန်နဲ့ ဝမ်းသာသွားပုံရတယ်။


”ကားဂိတ်ကို ပို့ပေးရင် ရပါတယ် အန်တီ။ ကျေးဇူးပါပဲရှင်”
ပြောပြောဆိုဆို မနိုင့်တနိုင် ဆန်အိတ်ကို ကားပေါ်တင်ရင်း လိုက်လာခဲ့တယ်။ ပြည်လမ်းမပေါ်ရောက်တော့ ကျွန်မက သူ့ကို စပ်စုမိပြန်တယ်။


”သမီး .. ဘယ်ကိုပြန်ရမှာ လဲ”


”လှိုင်သာယာကိုပါ အန်တီ။ ဒီနေ့ အမျိုးသားက ဖျားနေတော့ သမီးတစ်ယောက်တည်း လာရတာ။ 


သမီးလည်း ကောင်းကောင်းနေမကောင်းဘူး”

”ဒါဆို အတော်ပဲ အန်တီတို့လည်း ဘုရင်နောင်သွားမလို့ အိမ်အထိ လိုက်ပို့ပေးမယ်”


”အားနာစရာ အန်တီရယ်”


”အားမနာပါနဲ့၊ ဟဲ့ … အောင်အောင်ရေ၊ လှိုင်သာယာကို မောင်းဟေ့”


ကျွန်မက သူမကို အင်တာဗျူး လုပ်ချင်တာနဲ့ ရေငတ်တုန်းရေတွင်းထဲ ကျသွားပါတော့တယ်။


”အားနာနာနဲ့ပဲ မေးရဦးမယ်။ သမီးက ဝေဒနာရှင်လား။ ယောက်ျားရှိတယ်ဆို ကလေးရော ရှိလား”


”ကလေး မယူပါဘူး အန်တီ၊ လက်ထပ်ကတည်းက ပညာပေးဆွေးနွေးပွဲ လာကြရင်း ဘဝတူချင်း ချစ်ကြိုက်ပြီး လက်ထပ်တာပါ။ သမီးကလည်း မိဘမရှိတော့ အဖော်လိုတယ်လေ”


ကျွန်မ ရင်ထဲမှာ နင့်ခနဲဖြစ်သွားတော့တယ်။ ဒီလင်မယားဟာ မကြာခင် လူ့လောကထဲက ထွက်ခွာသွားကြတော့မှာလား လို့တွေးရင်း သိချင်တာ တချို့ကို ဆက်မေးမိပြန်တယ်။


”သမီး အရင်က ဘာအလုပ် …”

”အော် … အန်တီရယ် သမီးအရင်တုန်းက ပြည့်တန်ဆာပေါ့။ ဒီဘဝကို သမီးမြတ်နိုးခုံမင်လို့ လုပ်ခဲ့တာ မဟုတ်ဘူး။ သမီးတို့ ဆင်းရဲသူတွေရဲ့ အဓိက ရန်သူဟာ ရုပ်လှခြင်းပဲ အန်တီ၊ သမီး ငယ်ငယ်ကတည်းက မိဘတွေ ဆုံးသွားတော့ အဒေါ်နဲ့နေခဲ့ရတယ်။ သမီး ၁၄ နှစ် အရွယ်လောက်မှာ အဒေါ်ယောက်ျား အမူးသမားရဲ့ ဖျက်ဆီးခြင်း ခံရတယ်။ အဒေါ်ကလည်း ယောက်ျားကြောက်ရသူ ဆိုတော့ မပြောရဲဘူး။ တစ်နေ့ အဒေါ် ညအိပ် ခရီးသွားတုန်း အပေါင်းအသင်းတွေနဲ့ အရက်ဝိုင်းဖွဲ့ သောက်စားပြီး လူသုံးယောက်နဲ့ လွှတ်ပေးတယ်။ နောက် တစ်နေ့မှာတော့ ကိုညိုကြီး ဆိုတဲ့ လူနဲ့ ထည့်ပေးလိုက်တယ်။ ကိုညိုကြီးက ”ခေါင်း”ပေါ့ အန်တီရယ်။ သမီးလည်းပြေးစရာ မြေမရှိတော့ အဲဒီ ဘဝထဲမှာပဲ ကျင်လည် ခဲ့ရတော့တယ်” ကြားရတဲ့ စကားကြောင့် ကျွန်မရင်ထဲမှာ နင့်နင့်စူးစူး ခံစား လိုက်ရတော့တယ်။


”သမီး အဖမ်း ခံရဖူးလား”

”ခံရဖူးတာပေါ့ အန်တီရယ်။ လွတ်လာတော့လည်း သွားစရာ မရှိတော့ ဒီနွံထဲပဲ ပြန်ရောက်တာပေါ့”


”သမီးရောဂါ မရအောင် အကာအကွယ် ပစ္စည်း ကွန်ဒုံးလို ဟာမျိုး မဆောင်ဘူးလား”


ကျွန်မ အလောတကြီးမေးမိတယ်။


”သမီး ဒီလောကထဲရောက်တော့ သမီးကို အစစအရာရာ သင်ပေးတဲ့ အစ်မ မရီဝေက ပညာ ပေးနှိုးဆော်ချက်တွေကို သိထားပြီး သမီးကို ကွန်ဒုံးဆောင်ခိုင်းတယ်။ အမျိုးသား အချို့က ကွန်ဒုံးမပါရင် သမီးကပေးတယ်။ ဒါပေမဲ့ အန်တီရယ် အချို့ အမျိုးသားတွေက သမီး ကွန်ဒုံးပေးရင် မကြိုက်ဘူး။ ခံစားမှု မဲ့တယ်ပေါ့။ အဲဒီလို လူမျိုးလည်း ရှိတယ်။ အပြန်အလှန်ရောဂါ ပေးနေသလိုပေါ့။ အစ်မ မရီဝေက သမီးတို့ကို ခြောက်လ တစ်ခါ ဆေးစစ်ခိုင်းတယ်။ သမီး လုပ်သက် ငါးနှစ်ကျော် အထိ ဒီရောဂါ မရသေးဘူး။ နောက်သမီး အသက်နှစ်ဆယ်ကျော်မှ ကျန်းမာရေးမကောင်း ချင်တော့ဘူး။ ဆေးစစ်လိုက်တော့ သမီးမှာ HIV ပိုးတွေ့နေပြီ။ အစ်မ ရီဝေက မထူးဇာတ် ခင်းဖို့ပြောပြီး ဒီအလုပ် ဆက်လုပ်ခိုင်းတယ်။ သမီးက ကိုယ့်ကြောင့် သူတစ်ပါး ပိုးကူးမှာစိုးလို့ လုံးဝ မလုပ်တော့ဘူး။ စားဝတ်နေေ၇း ခက်ခဲသွားတာပေါ့။


အဲဒီမှာ အခုလာတဲ့ ပညာပေး နှစ်သိမ့်ဆွေးနွေးတဲ့ အဖွဲ့နဲ့ ချိတ်ဆက်မိ သွားတာပေါ့။ ဆေးလည်းပေးတယ်။ ဆန်လည်းပေးတယ်။ သမီး လက်ထပ်ပြီးတော့ လှိုင်သာယာမှာ အဆောင်ငှားနေတယ်။ ပလတ်စတစ် ပစ္စည်းလေးတွေ ရောင်းတယ်။ တစ်နေ့ သုံးလေးထောင် မြတ်တယ်။ သေနေ့ကိုစောင့်ရင်း စားဝတ်နေရေးကို ရုန်းကန်နေရ တာပေါ့ … အဲ … အန်တီ ဟိုရှေ့က ဆိုက်ကားဂိတ်မှာ ရပ်ပေးပါ။ သမီး ဒီကပဲ ဆိုက်ကား ငှားစီးသွားမယ်။ လိုက်ပို့ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော်” 

ကားရပ်ပေးတော့ သူလေးက ဆန်ထုပ်ကို မနိုင်မနင်း ဆွဲချပြီး ဆိုက်ကားနဲ့ ထွက်သွားတော့တယ်။ ကျွန်မ စိတ်မကောင်းစွာနဲ့ လိုရာ ခရီးနှင်ရပြန်တယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ သူလို ကလေးမျိုး ဘယ်လောက်များနေပြီလဲ။ လက်မှု ပညာသင်ပြီး စက်ချုပ် အလှပြင်လုပ်ငန်း နောက်ဆုံး လမ်းဘေးမှာ ဈေးရောင်းရင်တောင် ရနိုင်ပါလျက်နဲ့ ”အခြေအနေအရ” ဆိုတဲ့ စကား နဲ့ ဘဝကိုရေစုန်မမြောစေချင်ပါ။

ခရေပန်းဟာ တော်ဝင်ပန်း မဟုတ်ဘူးလို့ ပြောကြတယ်။ တကယ်တော့ ခရေပန်းဟာ အဖူးက စပြီး ခြောက်သွေ့တဲ့ အထိ မွှေးနေတုန်းပါ။ ဘုရား၊ ကျောင်းကန်တိုင်းမှာ ခရေပင် မရှိမဖြစ် စိုက်ပျိုးထားပါတယ်။ ခရေ ရိပ်ဟာ အမြဲအေးမြ ပါတယ်။ အမြဲစိမ်းလန်းတဲ့ အပင်မျိုးပါ။ တစ်နှစ်ပတ်လုံး စိမ်းလန်းနေတာပါ။ ကြွေလည်း တစ်ရွက်စနှစ်ရွက် စကြွေပါတယ်။ ဆရာတော် တစ်ပါးက မိန့်ကြားဖူးပါတယ်။ ပင်လုံး ကျွတ်မကြွေတဲ့ အပင်ဆိုလို့ ခရေပင်နဲ့ အုန်းနှဲပင်သာ ရှိတယ်။ ဒီလို အပင်မျိုးကို စိုက်သင့်တယ်လို့ ပြောပါတယ်။ အကြွေပန်းပေမယ့် ခရေပန်းကို လူတိုင်းနှစ်သက်ကြ ပါတယ်။ သီကုံးပြီး ပန်ရင်တောင် ဆံကေသာမှာ အနံ့စွဲပြီး မွှေးပျံ့ သင်းကြိုင်ပါတယ်။ ဒါကြောင့် ခရေပန်းကိုတော့ Sex Worker များ အနေနဲ့ မကောင်းတဲ့ ပန်းလို့ မယူဆစေချင်ပါ။ အပွင့်သေးပြီး သဘာဝ အလျောက်ကြွေကျပေမယ့် ရနံ့သင်းတဲ့ ခရေပွင့်များကို မက်မောကြပါတယ်။ အကယ်၍များ လိုင်စင်တစ်ခု ချပေးပြီး တရားဝင် ခွင့်ပြုခဲ့ရင်ဖြင့် ဗုဒ္ဓဘာသာမြန်မာနိုင်ငံအနေဖြင့် ရင်လေး ရပါလိမ့်မယ်။ အဖွဲ့အစည်းတစ်ခု ဖွဲ့လိုက်ရင် အဖွဲ့ဝင်သောင်းဂဏန်းမှ သိန်းဂဏန်းဖြစ်လာမှာ မလွဲပါဘူး။ ဒီလိုဖြစ်ရင် လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောသလို ကျွန်မတို့နိုင်ငံ ”....” နိုင်ငံ ဖြစ်သွားပါလိမ့်မယ်။

နီနီနိုင်(သထုံ)

No comments: