Sunday, February 3, 2013

(ကလာမိုင်ဒီးယား) နဲ့ (ဂနိုးရီးယား) ခြားနာချက်


"စစ်မြေပြင်ထွက်သူများ အောက်မှာ ဝါးချွန်ထောင်ချောက်ရှိတာ သတိပြုကြပါ။"

Mon, Jan 28, 2013 at 5:44 AM
အသက် ၃ဝ၊ အမျိုးသား၊ အိမ်ထောင်မရှိပါ။ (့) မှာ နေပါတယ်။ ကျွန်တော့်မှာ ဆီးပူတာ၊ ဆီးသွားရင် နည်းနည်းနာတာနဲ့ အင်္ဂါထိပ်က အရည်ထွက်တာ ၃ ရက်လောက် ကြာပါပြီ။ အဲဒါ Chlamydia နဲ့ Gonorrhea ဘယ်ဟာ ဖြစ်နိုင်လဲ သိချင်ပါတယ်။ အခုရက်ပိုင်း အဲလိုဖြစ်လာတော့ အင်တာနက်မှာ ဆရာ့ဆောင်းပါးတွေကို ဖတ်ရပါတယ်။ ကျွန်တော် ဖြစ်နေတာကို Chlamydia နဲ့ Gonorrhea ဘယ်ဟာမှန်း မခန့်မှန်း တတ်ဘူး ဖြစ်နေလို့ပါ။ ရောဂါလက္ခဏာတွေ ဘာကွဲပြားလဲ။ ဘယ်လိုစစ်ဆေးရင် သိနိုင်လဲ။ အဲဒီရောဂါ ၂ ခု အတူရှိနိုင်လား။ တစ်ခုဖြစ်တယ်လို့ သံသယရှိရင် နောက်တစ်ခုကိုပါ ကုဖို့လိုအပ်မလား။ စစ်ဆေးပြီးမှ ကုရမလား။ စစ်ဆေးမယ်ဆိုရင် ဘယ်မှာ စစ်ဆေးရမလဲ။ တစ်ကယ်လို့ ကုမယ်ဆိုရင် ၂ ခုစလုံးအတွက် ကာမိအောင် ဆေးသောက်ဖို့လိုမလား။ ဘာဆေးတွေ သောက်ဖို့လိုမလဲ သိချင်ပါတယ်။

Chlamydia (ကလာမိုင်ဒီးယား)
အဖြစ်များ လိင်ကတဆင့်ကူးစက်ရောဂါတခုဖြစ်တယ်။ Chlamydia trachomatis (ဗက်တီးရီးယား) ကနေကူးတယ်။ အမျိုးသမီးတွေရဲ့ မျိုးပွါးလမ်းအင်္ဂါတွေကို ပြောင်းလဲသွားေးတယ်။ မိန်းကလေးမှာ မသိ မသာလေးဖြစ်ဖြစ် ဘာမှ မခံစားရဘဲကနေ ဆိုးဝါးတာတွေဖြစ်စေနိုင်တယ်။ ဥပမာ နောင်မှာ ကလေးမရတာအထိဖြစ်နိုင်တယ်။ ယောက်ျားတွေမှာ (ဂနိုးရီးယား) လိုဘဲ အရည်ဆင်းနိုင်တယ်။

၂ဝဝ၄ ခုနှစ် လေ့လာချက်အရ (ကလာမိုင်ဒီးယား) လူနာပေါင်း ၉၂၉၄၆၂ ယောက် နဲ့ (ဂနိုးရီးယား) လူနာပေါင်း ၃၃ဝ၁၃၂ ယောက် ရှိခဲ့တယ်။ စာရင်းမဝင်တာကလဲ အတော်ကြီးများမယ်လို့ ခန့်မှန်းပါတယ်။ ဘာမှမခံစားရလို့ရော၊ ဆေးမမစ်လို့ပါ ဖြစ်တယ်။ အများအားဖြင့် ဆေးမစစ်ဘဲဆေးကုကြတာက များတယ်။ အကောင်းဆုံးခန့်မှန်းချက်က တနှစ်မှာ အမေရိကန် ၂.၈ သန်း (ကလာမိုင်ဒီးယား) ရောဂါ  ကူးစက်နေကြတယ်။ အမျိုးသမီးတွေမှာပိုများတယ်။ သူတို့အဖေါ်တွေက ဆေးမကုကြလို့ ကူးလာတာဖြစ်တယ်။

(ကလာမိုင်ဒီးယား) ဟာ ဗဂျိုင်းနား၊ စအို၊ ပါးစပ်လမ်းတွေကို လိင်ဆက်ရာမှာသုံးရင် ကူးစက်လာနိုင်တယ်။ ပိုးရှိနေတဲ့ မိခင်ကနေ မွေးလာမဲ့ ကလေးကိုလဲ ကူးနိုင်တယ်။ ဘယ်သူမဆို လိင်ဆက်ဆံမှုပြုရင် ကူးစက် လာနိုင်တယ်။ ဆက်ဆံဘက် များလေလေ ကူးစက်ခံရနိုင်ချေများလေလေ။ မိန်းကလေးအသက်ငယ်သေးရင် သူတို့ရဲ့ သားအိမ်အဝက အပြည့်အဝ မဖွံထွားသေးတာမို့ ပိုပြီးကူးစက်ခံရနိုင်တယ်။ အမျိုးသမီး ၄ ပုံ ၃ ပုံ နဲ့ ယောက်ျား ၂ ပုံ ၁ ပုံဟာ ပိုးဝင်နေပေမဲ့ ဘာမှ မခံစားကြရဘူး။ ပိုးရှိနေသူနဲ့ လိင်ဆက်ဆံမိရင် ၁ ပါတ်ကနေ ၃ ပါတ်အကြာမှာ ရောဂါလက္ခဏာတွေစမယ်။

မိန်းမတွေမှာ ဖြစ်လာမှာက သားအိမ်ဝနဲ့ ဆီးထွက်ပြွန်မှာဖြစ်တယ်။ ဒါကြောင့် ဗဂျိုင်းနာကနေ တခုခုဆင်းမယ်။ ဆီးပူ-ဆီးအောင့်မယ်။ ပိုးက အထက်ဆက်ကူးရင် သားအိမ်၊ သားအိမ်ပြွန်တွေရောင်မယ်။ ဗိုက်အောက်ပိုင်း (ဆီးစပ်)၊ ခါး နေရာနာမယ်။ ဆိုးလာရင် ဆက်ဆံတဲ့အခါ နာစရာမဟုတ်ဘဲနာမယ်။ ကြားရက်သွေးဆင်းမယ်။ ယောက်ျားဆိုရင် လိင်တံအဝကနေ တခုခုဆင်းမယ်။ ဆီးသွားရင်ပူစပ်မယ်။ မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် စအိုကိုလိင်ဆက်ရာမှာ အသုံးချခံရရင် အစာဟောင်းအိမ်ဆီဆက်ပြီး ကူးစက်နိုင်တယ်။ စအိုကနေ အရည်ဆင်းမယ်။ သွေးဆင်းမယ်။ နာမယ်။ ပါးစပ်ကို လိင်ဆက်ဆံရာမျာသုံးရင် တဖက်အဖေါ်ရဲ့လိင်အင်္ဂါမှာပိုးရှိနေရင် ကူးစက်ပြီး လည်ချောင်းကို ကူးစက်လာနိုင်တယ်။

ဆေးမကုဘဲနေရင် ဘာတွေဆက်ဖြစ်လာနိုင်သလဲ။ ရေတို-ရေရှည်ဖြစ်နိုင်တယ်။ မိန်းမတွေမှာ Pelvic inflammatory disease (PID) တင်ပါးဆုံတွင်း အင်္ဂါတွေ ရောင်တာ ဖြစ်နိုင်တယ်။ သားအိမ်၊ သားအိမ်ပြွန် နဲ့ ဘေးက (တစ်ရှူး) တွေကို ရာသက်ပန်ပျက်စီးစေနိုင်တယ်။ နာတာရှည် နာနေမယ်။ ဖျားမယ်။ ကလေးမရနိုင်ဘူး၊ သားအိမ်ပြင်ပသန္ဓေတည်တာ ပိုအဖြစ်များတယ်။ တခြား မိန်းမတွေထက် HIV ဖြစ်ဘို့ ၅ ဆပိုတယ်။ ယောက်ျားတွေမျာတော့ ဆက်တွဲဖြစ်တာနည်းတယ်။ တချို့မှာ Epididymis ကျားအကြော ရောင်မယ်။ နာမယ်၊ ရောင်မယ်၊ ရှားရှားပါးပါး ကလေးမရဖြစ်စေမယ်။ အဆစ်၊ အရေပြား၊ မျက်စိကို ကူးတာလဲ ရှားတယ်။ ကိုယ်ဝန်ဆောင်ချိန်ဒီပိုးဝင်ရင် ကလေးစောမွေးနိုင်တယ်။ မွေးလာတဲ့ကလေး Conjunctivitis မျက်စိနဲ့ Pneumonia အသက်ရှူလမ်းရောဂါရနိုင်တယ်။

ဆီး၊ ဆင်းတဲ့အရည်တွေကို ဓါတ်ခွဲခန်းမှာ စမ်းလို့ရတယ်။

Chlamydia ကို ကုသရတာ မခက်ပါ။
• Azithromycin 1 gm တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Azithromycin 500mg ပဌမနေ့၊ 250mg တနေ့တကြိမ်နဲ့ နောက်ထပ် ၃ ရက်၊ ဒါမှမဟုတ်
• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇-၁၄ ရက်သောက်ပါ။
• Tetracycline 250-500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်၊ Rosaramicin ဆေးတွေကို 95% ပျောက်မယ်။
• Erythromycin 250-500-800 mg တနေ့ ၄ ကြိမ်၊ ၇ ရက်။ ဆေးပေးတာ ၇၇-၁ဝဝ% ပျောက်တယ်။
• Ciprofloxacin ပေးတာ ၆၃-၉၂% ပျောက်တယ်လို့ သုတေသနတခုက တွေ့ပြီး နောက်တခုက မတွေ့ရဘူး။
• ကိုယ်ဝန်ဆောင်ကို Azithromycin တခါထဲ ပေးတာက Erythromycin x 7 days ပေးတာထက် ပိုကောင်းတယ်။
• HIV-positive ရှိနေလဲ ဆေးကတော့ အတူတူပါဘဲ။

ဘယ်လိုကာကွယ်မလဲ
လိင်မဆက်ဆံဘဲနေတာကတော့ အကင်းဆုံးဖြစ်တယ်။ ဆက်ဆံရင်လဲ (ကွန်ဒွမ်) သုံးပါ။ လူအများစုကို တနှစ်တခါ စုပြီးဆေးစစ်တာကောင်းတယ်။ ကိုယ်ဝန်ဆောင်တိုင်း စစ်သင့်တယ်။ ကိုယ့်မှာ ပြောခဲ့တဲ့ လက္ခဏာ တခုခုရှိနေရင် ကိုယ့်အဖေါ်ကို ပြောပြပါ။ ရှောင်ပါ။ ဆေးသောက်နေတုံးမှာ လိင်ဆက်ဆံတာကို တပါတ် ရှောင်နေသင့်ကြတယ်။ တယောက်ကိုဆေးကုရင် သူ့အဖေါ်ကိုပါ ဆေးစစ်ပြီး ကုသ သင့်တယ်။ ဆေးကုနေတုံး ဆက်ဆံမှု ရှောင်နေရမယ်။

Gonorrhea (ဂနိုးရီးယား)
(STD) လိင်ကတဆင့် ကူးစက်ရောဂါ တခုဖြစ်တယ်။ Neisseria gonorrhoeae ခေါ်တဲ့ (ဗက်တီးရီးယား) ကနေ ဖြစ်စေတယ်။ ပူနွေး၊ စွပ်စိုရာမှာ ပေါက်ပွါးကြတယ်။ ကျား-မ လိင်လမ်းနေရာတွေ၊ ပါးစပ်၊ စအို။ လည်ချောင်းတွေမျာ နေနိုင်-ကူးနိုင်တယ်။ မအေကနေ ကလေးကိုလဲ ဗဂျိုင်းနာလမ်းကနေ မွေးရင် ကူးစက်လာနိုင်တယ်။ ယောက်ျားတွေမှာ ပိုးရှိနေပေမံ့ ဘာမှ မဖြစ်တာလဲရှိတယ်။ လက္ခဏာတွေက ပိုးရှိသူနဲ့ လိင်ဆက်ဆံအပြီး ၂-၅ ရက် နေရင်ပေါ်တယ်။ တချို့မှာ တလနေမှသာပေါ်တယ်။ ဆီးပူမယ်၊ အဖြရည်၊ အဝါရည်၊ ခပ်စိမ်းစိမ်ရည် ဆီးလမ်းကဆင်းမယ်။ ဒါကြောင့် ဆီးပူ-ညောင်းကျလို့ အရပ်ခေါ်ခေါ်တယ်။ တချို့မှာ ကျားအစေ့ရောင်နာမယ်။

မိန်းမတွေမှာ လာဖြစ်ရင် သိပ်မသိသာလှဘူး။ မခံစားရတာလဲရှိတယ်။ ခံစားရနိုင်တာတွေက ဆီးပူ၊ အဖြူဆင်း၊ ကြားရက် သွေးဆင်းတာတွေဖြစ်တယ်။ ယောက်ျားဖြစ်ဖြစ် မိန်မဖြစ်ဖြစ် စအိုကိုကူးစက်ရင် စအိုက တခုခုဆင်းမယ်။ ယားမယ်။ နာမယ်။ သွေးဆင်းမယ်။ ဝမ်းသွားရင် နာမယ်။ လည်ချောင်းမျာဖြစ်ရင် လည်ချောင်းနာမယ်။ ဆေးမကုဘဲနေရင် ယောက်ျားဖြစ်ဖြစ် မိန်မဖြစ်ဖြစ် ဆိုးဝါးတာတွေ ဆက်ဖြစ်နိုင်တယ်။ မိန်းမတွေမှာ (PID) တင်ပါးဆုံတွင်း အင်္ဂါတွေရောင်တာ ဖြစ်နိုင်တယ်။ အဲလိုအမျိုးသမီးပေါင်း အမေရိကားမှာ တနှစ်တနှစ် တသန်းလောက် ရှိတယ်။ ယောက်ျားတွေမှာ Epididymitis အကြောရောင်တာဖြစ်မယ်။ Gonorrhea ဟာ သွေးထဲနဲ့ အဆစ်တွေဆီ ရောက်နိုင်တယ်။ ဆိုးဝါးတယ်။ HIV ပိုကူးစက်စေနိုင်တယ်။ ပိုးရှိမိခင်ကနေ မွေးလမ်းကြောင်းကနေမွေးလို့ ကလေးကို ကူးစက်ရင် မျက်စိကွယ်စေနိုင်တဲ့အထိ ဆိုးတာဖြစ်နိုင်တယ်။ အဆစ်နာဖြစ်နိုင်တယ်။

ဓါတ်ခွဲခန်းမှာ ဆေးစစ်နိုင်တယ်။ သားအိမ်ဝ၊ ဆီးလမ်း၊ စအိုလမ်း၊ လည်ချောင်းက အရည်ကိုယူစစ်ရတယ်။ ဆေးကုရတာ မခက်လှပါ။ ခက်တာက ဆေးယဉ်တာတွေရှိနေတယ်။ ဂနိုးရီးယားနဲ့အတူ (ကလာမိုင်ဒီးယား) ပါ ရောဖြစ်တာ များတယ်။ တပြိုင်နက်တည်း (ဆစ်ဖလစ်) ကိုပါ တွဲစစ်သင့်တယ်။

Treatment ဘယ်လိုကုသမလဲ။ တမျိုးမျိုးကိုရွေးနိုင်ပါတယ်။
• Ceftriaxone 125 mg IM တကြိမ်ထိုးပါ။
• Cefixime 400 mg တကြိမ်သောက်ပါ။
• Ciprofloxacin 500 mg တကြိမ်သောက်ပါ။
• Ofloxacin 400 mg တကြိမ်သောက်ပါ။
• Cefuroxime Axotal 1 gram တကြိမ်သောက်ပါ။
• Cefpodoxime proxetil 200 mg တကြိမ်သောက်ပါ။
• Enoxacin 400 mg တကြိမ်သောက်ပါ။

• ရှုတ်ထွေးတဲ့ ဂနိုရောဂါ၊ Penicillin G 10 million units IV အကြောဆေး ၅ ရက်ထိုးပါ။ ဒါမှမဟုတ် Ceftriaxone 1 Gm IV အကြောဆေး ၅ ရက်ထိုးပါ။ ဒါမှမဟုတ် Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ် Levofloxacin 500 mg တနေ့ ၁ ကြိမ်၊ ၅ ရက်သောက်ပါ။

• Endocarditisနှလုံးသားရောင်ရင် Ceftriaxone 1 Gm တနေ့ ၂ ကြိမ် ၃ ပါတ်ကြာ အကြောဆေးထိုးပါ။
သတိထားဘို့က ပိုးက Ciprofloxacin, Ofloxacin (Levofloxacin) နဲ့ Enoxacin ဆေးတွေကိုယဉ်တာ များလာနေတယ်။ ကာကွယ်တာမှာ လိင်မဆက်ဘဲနေပါ။ ဆက်ဆံရင် (ကွန်းဒွမ်) ကို စနစ်တကျသုံးပါ။ ရောဂါလက္ခဏာ ရှိနေသူနဲ့ ဆေးကုသမှုမပြီးခင် မဆက်ဆံပါနဲ့။

1. Chlamydia (ကလာမိုင်ဒီးယား) အဖြစ်များဆုံး STD http://dts-medicaleducation-adult.blogspot.in/2012/03/chlamydia-std.html
2. Gonorrhea ဂနိုရောဂါ http://dts-medicaleducation-adult.blogspot.in/2012/03/gonorrhea.html

ဒေါက်တာတင့်ဆွေ (၂၈-၁-၂ဝ၁၃ )

1 comment:

NEED Sex said...

ဆရာကျွန်တော်မရှက်တမ်းပြောပါရစေကျွန်တော်ကလိင်တူချစ်သူတယောက်ပါကျွန်တော်ချစ်သူနဲံကျွန်နော်ဂေးsexဖြစ်ကြပါတယ်အဲနောက်ပိုင်းကျွန်နော်စအိုနာတာဖြစ်တော.ဆရာဝန်ပြောပြီးဆေးသောက်လိုက်ပါတယ် နာကျင်တာတွေအကုန်ပျောက်သွားပါပြီ ဒါပေမယ်.ကျွန်တော်.ချစ်သူက သူဆီမှာဂနိုးရီးယားဖြစ်နေတယ်တဲ့ အဲတာ.ကျွန်တော်ဆီကူးစက်နိုင်လား