၁။
အလုပ်သဘော အရ ကျွန်တော်က လူအများနှင့် ဆက်ဆံ နေရပါသည်။
လူအများ မှာမှ လူတကာ စုံသည့် ဘူတာရုံ ဆိုတော့ ဘူတာ ရုံဝန်ထမ်း ကျွန်တော်နှင့် ဆက်ဆံရသူ လူအများက အရောင် အသွေး စုံလှပါသည်။ တောက်ပသူ၊ မြောက်ကြွသူ၊ မွဲရော်သူ၊ လွဲချော်သူ တွေအပြင် ရစ်သူ၊ ယစ်သူ တွေကိုပါ တွေ့နေရ တာမို့ ကျွန်တော့် လူမှု ဆက်ဆံရေးက တိမ်လိုက်၊ နက်လိုက် ဖြစ်နေတတ် ပါသည်။ တစ်ခါတစ်ရံ မှာတော့ ဘူတာကြီး ဂိတ်ထိုး တက္ကစီ ကားသမားများက ကားခေါင်းထဲ ကနေ လက်ကိုင်ဖုန်းဖြင့် ကျွန်တော့် ရုံးကို လှမ်းခေါ်ပြီး ရထား ဆိုက်ရောက်မည့် အချိန်တွေကို မေးတတ်သည်။ တချို့က ယဉ်ယဉ်ကျေးကျေး၊ တချို့က မောက်မောက် မာမာ၊ ငါဘယ်သူ ဘယ်ဝါဆိုပြီး ခပ်တည်တည် ဖိန့်တတ် သည်။ ဟုတ်ကဲ့ အဘချင်း ထပ်အောင် ပျာနေသော ၀န်ထမ်း အချို့ အပေါ် ၀မ်းထဲ က ကျိတ်ရယ် နေသော သူတွေက ၀န်ထမ်း အားလုံးကို တစ်တန်းစားတည်း ထား သတ်မှတ် လေသလား မသိ၊ ဒါကို ပဲ သာယာပြီး ဖုန်းနှင့် ကလိတိတိ ရိ တိတိ လုပ်တတ်သည်။ ကျွန်တော်က တော့ အတွေ့ အကြုံအရ အထာနပ်နေ တာကြောင့် ခပ်ဆတ်ဆတ်၊ ခပ်မာမာပဲ တုံ့ပြန် ဖြစ်ခဲ့သည်။ ဖုန်းယဉ် ကျေးမှုနှင့် ယဉ်ပါးဖို့ ကျွန်တော်တို့ နိုင်ငံသားတွေ ကို သင်တန်းပေး ရမလို တောင်ဖြစ်နေပြီ။
အခုတလော ကြုံတွေ့ နေရတာ ကတော့ ရထား လက်မှတ်ခ မရှိသည့် အတွက် ရထား အခမဲ့ စီးနင်း ခွင့်ပြုပေး ပါရန် လာရောက် အကူအညီ တောင်းသူ များ ပို၍ပို၍ များပြား လာခြင်းပင်။ မိသားစုလိုက် ရောက်လာသူ၊ တချို့ နှစ် ယောက်တွဲ၊ တချို့ တစ်ယောက်တည်း။ အားလုံးသော သူတွေ၏ မျက်ဝန်း အရောင်များက တစ်ပုံစံတည်း ဖြစ်နေ သည်ကိုတော့ သတိထား မိနေသည်။
ဖြစ်စဉ် တော်တော် များများက ဇာတိ အရပ်မှာ နွမ်းပါးချို့တဲ့၊ မ၀ရေစာ ဖြစ်နေ သဖြင့် ရွှေမြို့တော် ကြီးသို့ အရဲစွန့် ရောက်လာ ကြပြီး ဆွေမရှိ၊ မျိုး မရှိ၊ ကူညီမည့်သူမဲ့။ နောက်ဆုံးတော့ ဇာတိ မွေးရပ်သို့သာ တပ်ဆုတ် ပြန်ကြ ရလေပြီ။ သည်မှာ တင်ပဲ ကျွန်တော့် ရုံးခန်းလေး က အရှုံးတွေ တစ်ပွေ့ တစ်ပိုက်နှင့် ငတ် မွတ်ဆာ လောင်မှု အရောင် အရိပ်တို့ ထင်ဟပ်စွန်းထင်း နေသူတို့၏ ရိပ်မြုံကလေး ဖြစ်မှန်း မသိ ဖြစ်နေပါ တော့သည်။
“ဆရာကြီး ကူညီ ပါဦးဗျ။ ကျောက်မဲ အထိ ပြန်ရမှာ။ မနေ့ညနေ စာကတည်းက အခုချိန်ထိ ထမင်း မစား ရသေး ဘူးဗျ။ မစားရလည်း ရတယ် ဗျ။ ရထား စီးဖို့ ထောက်ခံ ပေးပါဗျ”
ရှမ်းသံ ၀ဲဝဲဖြင့် ပြောလာသူ အသက် ၆၀ ခန့် ဦးကြီးမှာ ဟန်ဆောင်မှု မိတ်ကပ် မရှိ။
“ဘယ်လို ဖြစ်လာတာ လဲဗျာ”
“အရင်က စာတိုက်မှာ ပြာတာ လုပ်တယ်ဗျ။ ပိုလျှံ ၀န်ထမ်း တွေဖြုတ် တော့ အလုပ် ပြုတ်တယ်။ လားရှိုးတက် ကုန်လိုက် ထမ်းတယ်။ နောက်ပိုင်း အလုပ် မကောင်းတော့ ကျောက်မဲပြန် ခြံ ခုတ်လိုက် တယ်ဗျ။ လားရှိုးကုန်ထမ်း တုန်းကခင်တဲ့ ကိုကျော်အေး ရန်ကုန် လှိုင်သာယာမှာ အလုပ်ခေါင်း ဖြစ်ပြီး အဆင်ပြေ တယ်လို့ ကားဆရာ ကိုစော ပြောတယ်ဗျ။ ဒါနဲ့ လာခဲ့တာ ပိုက်ဆံ ၅၀၀၀ ပါတယ်။ ကားခနဲ့ ကုန်တာပဲ ဗျ။ ကိုကျော် အေးလည်း မတွေ့ဘူး။ ပိုက်ဆံလည်း ကုန်ပြီ။ ကျောက်မဲ ပြန် ချင်တယ် ခင်ဗျ”
ကျွန်တော့် ရင်ဘတ်မှာ စူးနင့်နင့် ဖြစ် ထိခိုက် ခံစား နေရပေမဲ့ ဦးကြီးပုံက တော့ လောကဓံရဲ့ အထု အထောင်းကို အသား ကျနေ ပုံရသည်။ ကျွန်တော် ကူညီ ရပါမည်။ ဘယ်လို ကူညီ မည်လဲ။ မန္တလေး အထိ ရိုးရိုးတန်း လက်မှတ်ခ ၄၆၅၀ ကျပ်ကိုတော့ ကျွန်တော့်ဘက်က အိတ်စိုက် မစွန့်စား ရဲပြန်။ ကိုယ်ပိုင်ရာ၊ ဆိုင်ရာ တွဲထိန်း၊ လက်မှတ်သိမ်း တို့ကို ခေါ်အပ်ပြီး ရထားပေါ် တင်ပေးလိုက် ကာ ငွေတစ်ထောင် ကျပ်သာ လမ်းသုံးဖို့ ပေးလိုက် နိုင်သည်။
“ကျေးဇူးတင် ပါတယ်ဗျ။ ကျောက်မဲ ရောက်ရင် ဈေးမှာ မေးပါဗျ။ စိုင်းလိတ်ဆို လူတိုင်း သိတယ်ဗျ။ ဆရာ့ ကို အမြဲ ကျေးဇူးတင် နေမယ်နော”
ကျွန်တော့် ကူညီ စွမ်းဆောင်မှု လေးက ပါးပါး လျှပ်လျှပ် လောက်လေး ပေမဲ့ ဦးစိုင်းလိတ်၏ ကျေးဇူး စကားတွေက ထုနှင့် ထည်နှင့်ကို ရှိလောက် သည်ဟု ထင်ပါသည်။
ရထား ဥပဒေ အရ လက်မှတ်မဲ့ မပါ ရှိရေးအတွက် လက်အောက် ၀န်ထမ်း တွေကို ညွှန်ကြား နေသူ ကျွန်တော်က ရထား လက်မှတ်မဲ့ တင်ပေး လိုက်ခြင်း အပေါ် လိပ်ပြာသန့် ခဲ့သော်လည်း မီးရထား ၀င်ငွေ ၄၆၅၀ကျပ် လျော့နည်းခြင်း အတွက် အပြစ် တစ်ခုလို ရှိနေပါ လိမ့်မည်။
နေ့စဉ် သိန်းပေါင်း များစွာ၊ သန်းပေါင်း များစွာ ယိုဖိတ် လေလွင့် စေခဲ့သော၊ ကိုယ်ကျိုး ရှာခဲ့သော၊ အတ္တ ဗဟိုပြု ခဲ့သော သူတို့၏ ကိန်းဂဏန်း မှတ်တမ်း မှတ်ရာ များကို ဥပေက္ခာ ပြုနိုင် သူတို့သည် ၀င်ငွေ ၄၆၅၀ ကျပ် ဆုံးရှုံး မှုအပေါ် စာအုပ်ကြီး အတိုင်း မူဘောင် ဖြင့် ဆောင်ရွက်ကြ လေသောအခါ လက် မှတ်မဲ့ တင်ပေး လိုက်သူ ကျွန်တော်နှင့် ငြိစွန်း ရပြန်သည်။
၂။
ရုံးခန်းဝမှာ ပြူတစ် ပြူတစ် လုပ် နေသော လူငယ်လေးကို မြင်လိုက်ရ တော့ ကျွန်တော့်မှာ ဆရာ ကြူးနှစ်၏ ၀တ္ထုတို အရေး အဖွဲ့များတွင် တွေ့ရ တတ်သော အဖွဲ့ အနွဲ့မျိုးကို သတိရ သွား သည်။ ပိုးဟပ်ဖြူ ဆိုသော အကောင် ငယ်လေးသည် သည်လူငယ်နှင့် တွေ့ လျှင်တော့ ဖြူနိုင်လိမ့် မည်မထင်။ ဟောက်ပက် နေသော မျက်တွင်းက ရေ တစ်ဖန် ခွက်လောက် လောင်းထည့်လျှင် တောင် ရလိမ့်မည် ထင်သည်။ ချည့်နဲ့နေ သည့် ခါးက လက်ညှိုးနှင့် တောက်လိုက် ရုံဖြင့် မတ်တတ် ကနေ လဲပြိုသွား လောက် ပေမည်။ အဲသည်လို အဖွဲ့ မျိုးပါပဲ။
“၀င်ခဲ့ပါကွာ ကဲ ပြော”
ကျွန်တော့် စကားသံကို သူ ဖတ် တတ်ဟန် တူသည်။ ရွံ့ကြောက်သော အမူအရာက အနည်းငယ် ပြေလျော့သွား ပုံရသည်။
“ဦးရယ် ကျွန်တော်တို့ မိသားစု အလုပ် ရမယ်ဆိုလို့ အမေ အိုကြီးပါ ခေါ်ပြီး ရွာက အိမ်ဝိုင်းလေး ၂ သိန်းနဲ့ ရောင်း လိုက်လာ ခဲ့တာ။ ခေါ်လာတဲ့ သူက သန်လျင်ဘက်က တဲလေးတစ် လုံးမှာ ထားခဲ့ပြီး ပျောက်သွား တော့ တာပဲ။ အိမ်ရောင်းလို့ ပါလာတဲ့ ပိုက်ဆံ နဲ့ မှတ်ပုံတင် တွေပါ သူ့နောက် ပါသွား တယ်။ အလိမ်ခံ ရတာ ပါခင်ဗျာ။ ဟိုလူကျွေး သည်လူကျွေးနဲ့ အသက် ဆက်ခဲ့ ရတာပါ။ အခု ရွာပြန် တော့မယ်”
ကျွန်တော်ကား နဂိုဓာတ်ခံ နှလုံး သား မာကျောသူ မဟုတ် လေတော့ ရုံးခန်း အပြင် ထွက်ကြည့် မိသည်။ ၂ကို ဇောက်ထိုး လုပ်ထားသည့် ပုံသဏ္ဌာန် ဖြစ်နေသည့် ခါးကိုင်းကိုင်း အသက် ၈၀ ခန့် အမေ အိုကြီး၊ ရင်ခွင်ထဲ ရှိ ကလေးကို နို့ပိန်လေး တိုက်ကျွေးနေ သည့် သားသည် မိခင်ငယ်။ အားလုံး၏ မျက်ဝန်း များမှာတော့ အားကိုး တကြီး ဆိုသည့် ဝေါဟာရတို့ ခိုဝင်လျက်။
သူတို့ သွားရမည့် ခရီးစဉ်ကို မေး ကြည့်တော့ ပြည်ဟို ဘက်ကမ်း ပန်း တောင်းနယ် ထဲက ရွာကလေးဖြစ် နေသည်။ နေ့ ၁ နာရီ ရထားနှင့် လိုက်သွားလျှင် ပြည်ကို တိုက်ရိုက် ရောက်မှာ ပေမဲ့ သူတို့ ရောက်လာချိန်က ညနေ ၃ နာရီခန့်မို့ ရွှေတံခါး ဘူတာ ဆင်းပြီး ခရီးဆက်ရ မည့် ပုဂံ ရထားသာ ရှိတော့သည်။ ၁ နာရီလောက် အချိန်ရ သေးသည့် အတွက်-
“ကဲ လောလောဆယ် ထမင်း သွားစားကွာ။ ဘူတာ အပြင်ထွက်ရင် ဂုံးတံတားကြီး အောက်မှာ လက်ဖက် ရည်၊ ထမင်းကြော်တို့ ရောင်းတဲ့ ဆိုင် ရှိတယ်။ တစ်ခုခု သွားစားကြ။ ရထား ပေါ်စားဖို့ ထမင်းကြော် ၃ ထုပ်နဲ့ ရေသန့် တစ်ဘူး ပါယူသွား။ စားပြီးရင် ရုံးခန်း ပြန်လာ ခဲ့နော်။ ကဲ သွား သွား ငါ အဲဒီဆိုင်ကို ဖုန်းဆက် လိုက်မယ်”
အိတ်ကပ် ထဲက ပမာဏသည် လက်ဖက်ရည် တစ်ခွက် ဖိုးစာမျှသာ ရှိသည်မို့ စာရင်းမှတ်၍ ရသောဆိုင် ကို ညွှန်းဆို လိုက်ခြင်း ဖြစ်သည်။
နာရီဝက်ပင် မကြာ သူတို့ မိသားစု ကျွန်တော့် ရုံးခန်း ပြန်ရောက် လာကြ သည်။ ဆိုင်ကို ဖုန်းဆက် မေးထားပြီး သားမို့ စုစုပေါင်း ကျသင့်ငွေ ၄၀၀၀ ကျပ်၊ လက်မှတ် ၃ စောင်က ၆၀၀၀ ဆိုတော့ ငွေတစ်သောင်း တောင် ဆို သည့် အတွေး ၀င်လာသည်။ စီးဆင်း နေသော စေတနာ စမ်းချောင်းလေး ရုတ်တရက် ရပ်တန့်သွား လေပြီလား။
ရုံးလုလင်လေးကို စာတိုလေးတွေ ရေးပေးပြီး ကျပ်တိ ကျပ်တည်း ကြားမှာ ကိုပဲ ဟိုက သည်က တိုးဝင် လာတတ် သော ပါဆယ်ရုံ၊ လပ်ဂိတ်၊ လက်မှတ်ရုံ တို့ဆီ အကူအညီ တောင်းမိ သွားသည်။
ရုံးလုလင်လေး ပြန်ရောက်လာ တော့ ဒုက္ခသည် မိသားစု လေးအပေါ် ၀ိုင်းဝန်း ထောက်ပံ့လိုက်သော ခြင်္သေ့ရုပ် လေးများ ဖြန့်ခင်း လိုက်သည့် အခါ တစ် သောင်းနှစ်ထောင်ရှိသည်။ လက်မှတ် ၃ စောင်ဖိုး နုတ်လိုက် လျှင် ၆၀၀၀ ပို မည်။ ဂုံးတံတားအောက် ကဆိုင်ကို ရှင်း ပေး ရမည်က ၄၀၀၀ ကျပ်။ လေး ထောင် ကျပ်ကြီး တောင်။
ကျွန်တော်သည် ၄၀၀၀ ကို နုတ် ယူလိုက် ရမလား။ နုတ်ယူလိုက်ရင် ၂၀၀၀ တော့ ကျန်ဦးမှာပဲလေ။ ဒါ လောက် ကူညီတာ ကိုပဲ အားရ၀မ်းသာ ကျေနပ် သွားကြမှာ မဟုတ်လား။ ဟာ မဟုတ်သေး ပါဘူး၊ ပိုက်ဆံ လိုက်မစုခင် အထိ တစ်ခုခု စားဖို့၊ လမ်းစား ဖို့တောင် ယူသွားဖို့ စိတ်စေတနာ ပြတ်ပြတ် ဆုံး ဖြတ်ခဲ့တာ မဟုတ်လား၊ ပိုက်ဆံမြင် တော့ စိတ်ပြောင်း သွားတာလား။ လေး ထောင်တည်း ပါလို့ ခံယူခဲ့ ပြီးသား မဟုတ်လား။
လေးထောင် ကြီးတောင်၊ လေး ထောင် တည်းပါ။ ကြီးတောင်နှင့် တည်း ပါ ကြား ကျွန်တော် အခိုက် အတန့် ဗျာ များသွား သည်ကို ၀န်ခံ ရမှာပဲ ဖြစ်ပါ သည်။
“ရော့ ၆၀၀၀ ယူသွား၊ ရွှေတံခါး ဘူတာထိ လက်မှတ် ၀ယ်ပေးလိုက်။ မှတ်ပုံတင် ပါမရှိတော့ ဘူးဆိုတော့ နာမည်နဲ့ အသက်ကိုပဲ မှတ်ပြီး ရောင်းဖို့ စာရေးတွေကို ပြော”
ရုံးလုလင်လေးကို ၅၀၀ ကျပ်တန် ၁၂ ရွက် ထုတ်ပေးပြီး ပိုငွေ စက္ကူများကို တူရာတူရာ သေသေ သပ်သပ် စီနေ လိုက်သည်။
အိုး ကျွန်တော့်ရှေ့ မှောက်ရှိ မိသားစုလေး၏ မျက်ဝန်း ၃ စုံအကြည့် တွေက ကျွန်တော့် လက်ထဲရှိ ၂၀၀ ကျပ် တန်၊ ၅၀၀ ကျပ်တန် ရောရာ ဆီမှာ။ ကျွန်တော် မျက်တွင်း ဟောက်ပက် လူငယ်လေးဆီ အကြည့်ရွှေ့တော့ အကြည့်ချင်း ဆုံမိတော့သည်။ ကျွန်တော် သူ့အကြည့်ကို ဖတ်လိုက် နိုင်ပါသည်။
“ပိုငွေတွေကို ပေးလိုက်မှာလား ဟင်”ဆိုသည့် အဓိပ္ပာယ်ပဲ ဖြစ်ပါလိမ့်မည်။
၃။
ရထားလက်မှတ် ၃ စောင်နှင့် ငွေ စက္ကူများကို လူငယ်လေး လက်ထဲထည့် တော့ လက်ကလေးများ တုန်ခါနေ သည်ကို သတိထား မိသည်။ လက်အုပ် ချီဖို့ ကြိုးစားတာကို သတိပြု မိသော ကြောင့် လူရွယ်လေး ပခုံး ကို အသာညှစ် အားပေး လိုက်သည်။ အသားမရှိ၊ ရိုးကြီး ဂေါင်ဂင် ပါပဲ။
ထိုအခိုက် မှာတော့ ၄၀၀၀ ကြီး တောင် ဟူသော အတွေးဝင် ခဲ့သည့် ကိုယ့်ကိုယ်ကို အရှက်ကြီး ရှက်မိ နေပါ တော့သည်။
ရဲသျှမ်း
(ရွှေအမြုတေ မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)
No comments:
Post a Comment