“ ဟင့်အင်း ကျွန်မ လက်မခံနိုင်ပါဘူး ”
“ ဘာကွ . . မင်းအတွက် တန်ရာတန်ကြေး ငါပေးထားပြီးပြီပဲ မင်းက ဘာသောက်ကြီးကျယ်တာလဲ ”
“ အဟက် ဟုတ်ကဲ့ လူကြီးမင်းရဲ့တောင်းဆိုမှုကို ကျွန်မ လက်မခံနိုင်ပါဘူးလို့ ပြောပြီးပြီလေ ဒီထက် ရှင်းအောင်ပြောရဦးမလား ကျွန်မ ရှင်နဲ့ အလုပ်ဆက်မလုပ်တော့ဘူး ရော့ ဒီမှာ ရှင့်ပိုက်ဆံ ”
သူ့ရှေ့မှ မျက်နှာအဆီ တ၀င်းဝင်းနှင့် လူကြီးကို သူပေးထားသော ပိုက်ဆံတွေနဲ့ ပစ်ပေါက်လိုက်ပြီး ရှင်နှောင်း ပြန်ထွက်လာခဲ့လိုက်သည်။ လူတွေလူတွေ သူတို့ အလိုလောဘ တစ်ခုတည်းပဲ ကြည့်နေကြတယ်။ သူ့မှာ သတ်မှတ်ထားတဲ့ Rule တွေရှိသည်။ Prostitute တစ်ယောက်က ငွေပေးတိုင်း ဖျော်ဖြေရမည်ဟု ဘယ်သူကများ သတ်မှတ် ထားပါသလဲ။ ဘယ်သူမှ မသတ်မှတ်ထားပါဘူး။ ငွေရတိုင်း ဒီအလုပ် လက်ခံမယ် လို့ရော ရှင်တို့ကို ဘယ်သူပြောလဲ။ ကျွန်တော် သတ်မှတ်ထားတဲ့ အကာအကွယ် သုံးရမယ်ဆိုတဲ့ ကိစ္စကို လက်မခံသရွေ့ ကျွန်မ အသားကိုတောင် ထိလို့ မရဘူးမှတ်။ ဟူး အင်းလေ ဒီတစ်ယောက် အဆင် မပြေလည်း နောက်တစ်ယောက်ပေါ့။ စိတ်ညစ်ညစ်နဲ့ ပလက်ဖောင်း တလျှောက် ရှင်နှောင်းရှောက်လာမိသည်။ အသက် ၃၀ အရွယ် ကိုယ်လုံး ကိုယ်ပေါက်တောင့်တောင့်နှင့် သူ့ပုံစံကို ဒီလောကထဲက လူတွေ ကတော့ သတိထားမိမှာ သေချာသည်။ သေချာတာကတော့ မာနကို အထိမခံ ဆတ်ဆတ်ထိမခံ ကြီးကျယ်လွန်းသော ရှင်နှောင်းကို ယောက်ျားတွေ တန်းတန်းစွဲဖြစ်ကြသည်မှာ သိပ်တော့ မဆန်းလှပေ။
“ရွတ် ရွတ် . .”
အနောက်မှ လှမ်းခေါ်လိုက်သော အသံကို သူ မကြားချင်ယောင် ဆောင်လိုက်သည်။ အင်း . . . အလုပ်တစ် ခုတော့ ရပြီထင်ပါရဲ့။ ငနဲသားက နောက်က လိုက်လာသည်။
“ညီမလေး . . ညီမလေး”
သူ အလှဆုံးပြုံးရင်း နောက်ပြန်လှည့်လို့ ဖြေလိုက်သည်။ “ဟုတ်ကဲ့ အကို ဘာများလဲဟင်”
“ရှင်နောင်းဆိုတာ ညီမလားဟင် ”
“အော် ဟုတ်ပါတယ် အကို”
“အကို့ကို ရဲနောင်တို့က ပြောလို့ပါ ညီမအကြောင်း ညီမနဲ့ အလုပ်ကိစ္စလေး ညှိချင်လို့ ခဏလောက် လိုက်ခဲ့ပါလား”
"အော် . . ရပါတယ် အကို ကိုရဲနောင်တို့ အသိဆို ဖြစ်ပါတယ် ”
ဒီလိုနဲ့ သူတို့ ခပ်ပေါပေါ အအေးဆိုင် တစ်ခုထဲ ဈေးစကားပြောကြသည်။ လွန်စွာ နာမည်ကြီးလှသော သူဌေးကြီး တစ်ဦးကို ပြုစုရမည်တဲ့။ အင်းလေ သူဌေးကြီး ဆိုတော့လည်း ပိုက်ဆံလေး ဘာလေး မြိုးမြိုးမျက် မျက်ရတာပေါ့လေ။ အပြန် တက်က်စီလေး ဘာလေး ငှားခွင့်တောင် ရချင်ရနိုင်သေးတယ်။ ဟတ်ဟတ် . . .ရှင်နှောင်းအတွက် ကံကြမ္မာက ဒီနေ့ မျက်နှာသာပေးပြန်ပြီထင်ရဲ့။
လူကုံထန်တွေချည်းနေတဲ့ ရပ်ကွက်က တစ္ဆေဆန်စွာ ခြောက်သွေ့ အေးစက်လွန်းလှသည်။ သူတို့တွေ ဘာလို့များ ဒီလောက် ချမ်းသာနေကြပါလိမ့်။ အင်းလေ ငါ ရှေးဘ၀က ကုသိုလ်ကံတရား နည်းခဲ့မိလို့ ထင်ပါရဲ့။ သူဌေးကြီးအိမ်သို့ သွားရာ လမ်းတလျှောက် ထုံးစံအတိုင်း ဓါတ်ပြားဟောင်းကြီးကိုပဲ ရှင်နှောင်းပြန်တွေးနေ မိလိုက်သည်။ ရှင်းနှောင်းတို့က မောင်နှမ ၃ ယောက်ဖြစ်သည်။ အဖေက အိပ်ရာထဲလေဖြတ်ထားတုန်း အမေက ပန်းနာရင်ကြပ်နဲ့ မလုပ်နိုင် မကိုင်နိုင် ကျန်တဲ့ မောင်လေးနဲ့ ညီမလေးက ကျောင်းနေ အရွယ်တွေ။ ရှင်နှောင်းသည်သာ ဒီအိမ်ကလေးရဲ့ အားကိုးရာဖြစ်နေတော့။ သူများတွေ ပြောသလိုပဲ ရှင်နှောင်းလည်း ဘ၀ကို ရိုးရိုးသားသားနဲ့ ကြိုးကြိုးစားစား ဖြတ်သန်းချင်ပါသည်။ စက်ရုံမှာ ၀င်လုပ်သည်။ အထည်ချုပ် စက်ရုံက ဟိုဖြတ် ဒီဖြတ်နဲ့ တစ်လကို ၆ သောင်းလောက်တောင် မတင်ချင်။ ဒီလိုနဲ့ ညနေဖက် အိမ်မှာ အထည်တွေ ယူချုပ်သည်။ ဆင်းရဲနုံချာလွန်းသော အိမ်ကလေးကို လူတွေက ၀ိုင်းအထင်သေးကြသည်။ ရှင်နှောင်း ဘ၀ကိုပြောင်းလဲစေသော ကိစ္စရပ်ကြီးက ရှင်နှောင်း အသက် ၁၈ နှစ်ပြည့်မှ ပေါ်လာသည်။
“ရှင်နှောင်း မင်းအဖေ ဦးထွန်းခင် ယူထားတဲ့ ပိုက်ဆံက အတိုးရော အရင်းရောဆို အခု သိန်း ၂၀ ကျော်နေပြီ အဲဒါ မင်းဘယ်လိုဆပ်မလဲ”
နားထဲမှ ကြားလိုက်ရသော စကားသံတွေကို သိပ်မယုံချင်။ အဖေ . . လုပ်ငန်းတွေ အဆင်မပြေ တဖြည်းဖြည်း ဆင်းရဲ လာလိုက်တာ အခု အကြွေးတောင် သိန်း ၂၀ တင်နေတယ်တဲ့။ သူ ဘယ်လိုရှာ ရမလဲ . .။ ရှင်နှောင်း မျက်ဝန်းမှာ မျက်ရည်တွေ တွဲခိုလို့ လာခဲ့တယ်။
“ကျွန်မ .. .မရရအောင် ပြန်ဆပ်ပါ့မယ် ဦးရယ် . . .”
“အေးလေပြီးတာပဲ မဟုတ်ရင်တော့ မင်းတို့ တစ်အိမ်လုံး ငါ့အကြောင်း သိစေရမယ့် ဒီလပိုင်းအတွင်းကို ကြေအောင် ဆပ်ပါ ”
နားထဲကို မိုးကြိုးတွေများ ပစ်နေသလား။ ရှင်နှောင်း ငိုယုံမှ လွဲ၍ ဘာများ တတ်နိုင်မှာလဲ။ ဘ၀ဆိုတာ အဲဒီလို ကမောက်ကမနဲ့ နေသားမကျတဲ့ အရာတွေနဲ့ ဖွဲ့စည်းထားတဲ့ အခွံကြီး သက်သက် မဟုတ်လား။ အခွံ ပဲလေ ရှင်နှောင်း အတွက်တော့ ဘာမှမရှိတဲ့ အခွံကြီးပါပဲ။ ဒီလိုနဲ့ စဉ်းစားရင်း စဉ်းစားရင်း ရှင်နှောင်း မတွေး တတ်အောင် ဖြစ်လာမိသည်။ ထိုရက်ပိုင်းအတွင်း ရှင်နှောင်း သူငယ်ချင်း သူဇာ ရောက်ချ လာသည်။ သူဇာက ပိုက်ဆံတော့ အတော်အသင့် ရှိသည်။
“ရှင်နှောင်း . .ငါ သတင်းတွေ ကြားပါတယ်ဟာ နင်စိတ်တော့ သိပ်ညစ်မနေပါနဲ့ ငါ အခု လမ်းကြောင်း တစ်ခု တွေ့ထာလို့ နင် ဦးဂျော်နီကို သိတယ်မဟုတ်လား ငါတို့ လမ်းထိပ်က လူကြီးလေ အဲဒီလူကြီးက ရပ်ကွက်ထဲက ယိုးဒယား အလုပ်သွားလုပ်ချင်တဲ့ သူတွေကို ပို့ပေးတယ်တဲ့ နေစရိတ် စားစရိတ် ဖယ်ပြီးရင် အိမ်ကို ၅ သိန်းလောက် ပို့နိုင်တယ်တဲ့ ငါတို့ သွားရအောင် နင်သွားမယ် ဆိုရင် ငါနင့်အတွက် အကုန် စီစဉ်ပေးမယ်လေ”
“ဟင် . . နင်. . နင်ပြောတာ တကယ်လားဟဲ့”
“အေးပေါ့ဟ ”
“ဒါနဲ့ ဘာလုပ်ရမှာတုန်းဟ”
“အထည်ချုပ် စက်ရုံမှာ ဟက်လ်ပါ ပေါ့ဟာ”
“အေးဟာ အဲဒါဆို ငါလုပ်ချင်တယ် ငါ့ကို ကူညီပါဦးဟာ မဟုတ်ရင် ငါဒီနွံ့ထဲက ထွက်လို့ရမှာ မဟုတ်တော့ဘူး ”
ဒီလိုနဲ့ . . ဒီလိုနဲ့ပေါ့ ရှင်နှောင်း တစ်ယောက် ယိုးဒယားကို သူဇာနဲ့ အတူ ရောက်သွားခဲ့ပါတယ်။ ဦးဂျော်နီရဲ့ အထည်ချုပ် စက်ရုံ အမည်ခံ စားသောက်ဆိုင် တစ်ခုမှာ သူဟာ တကယ့်ကို အပျော်မယ် တစ်ယောက် ဖြစ်သွား ခဲ့ရတယ်။ ထွက်ပြေးဖို့ အကြိမ်ကြိမ် ကြိုးစားပေမယ့် သူ့ဘ၀က အခွင့် မသာခဲ့ပါဘူး။ ငြင်းဆန်မှုတွေ တိုင်းမှာ ခွန်အားကမမျှ . . . မျက်ရည်တို့သာ အဖတ်တင်ခဲ့သည်။ သူများစကားကို နားယောင်ပြီး လိုက်လာခဲ့တဲ့ ယုံကြည်မှု တစ်ခုက ရှင်နှောင်းကို ဒီဘ၀ကို တွန်းပို့ပေးခဲ့သည်။ ဒီလိုနဲ့ မထူးဇာတ်ကို ခင်းရင်း ရှင်နှောင်း ငွေအတော်တန် စုမိတော့ မြန်မာပြည် ပြန်ရောက်လာခဲ့သည်။ အဖေ . . . ဆုံးသွားပြီ . . .။ ဘာလို့များ ဒါဏ်ရာတွေချည်း အထပ်ထပ်ပေးနေရသလဲ ရှင်နှောင်း နားမလည်နိုင်တော့။ သူ့ဘ၀က အတိတ်က ဖြည့်ဆည်းပေးခဲ့တဲ့ ကုသိုလ် အကုသိုလ်တွေနဲ့သာ ဆိုင်တယ်လို့ ဖြည်တွေးတွေး မိပေမယ့် တခါတလေတော့ လောကကြီးကို ရှင်နှောင်း မကျေနပ်ချင်ပါဘူး။ အမေ့ ဆေးဖိုးနဲ့ မောင်လေး ညီမလေးတွေရဲ့ ပညာသင် စရိတ်အတွက် ရပ်ကွက်ထဲ တူတူတန်တန်နေနိုင်ဖို့ ရှင်နှောင်းရဲ့ မထူးဇာတ်ကို ရှင်နှောင်းဆက် ကခဲ့ရတယ်။
ဘယ်သူပြောလဲဟင် . .ရိုးရိုးသားသားနဲ့ လုပ်ကိုင်စားရင် အဖေ ထောင်ကျ သွားမှာပေါ့ အဖြစ်မခံနိုင်ပါဘူး ရှင်နှောင်း ဘ၀ပျက်ရတာ ဘာအရေးလဲ မဟုတ်ဘူးလား။ ဒါဆို မြန်မာပြည်ရောက်နေပြီပဲ ရိုးရိုးသားသား လုပ်ကိုင်စားပေါ့။ ကိုယ်ကိုယ်ကိုယ် ပြန်ထုတ်ရတဲ့ မေးခွန်းတွေက တခါတခါ ခက်လှပါတယ်။ အင်း လုပ်မှာပေါ့ ရှင်နှောင်း ပိုက်ဆံ အတော်စုမိတာနဲ့ တစ်ခြားမြို့ကို ပြောင်းမယ်။ ကုန်စုံဆိုင်လေး ဖွင့်မယ်။ မောင်လေးနဲ့ ညီမလေးကို ပညာတတ်ကြီးတွေ ဖြစ်အောင် သင်ရမယ်။ ဟုတ်တယ် မိရှင်နှောင်း ညည်းမျက်ရည်တွေ သုတ်လိုက်စမ်း။ ကိုယ့်ဘ၀ပျက်ရတာ ဘာအရေးလဲ အေ . . ကိုယ့်မိသားစုမှာ ကိုယ်မှမကယ်ရင် ဘယ်သူ ကယ်မလဲ ညည်းအမေ ဆေးဖိုးလည်း ညည်းသိသားနဲ့။
“ရောက်ပြီခင်ဗျ ဒီအိမ်ပါ”
ခန်းနားလှတဲ့ ဘန်ဂလို ပုံစံ အိမ်လေးက တကယ့်ကို သပ်သပ်ရပ်ရပ် ကလေးပါ။ ရှင်နှောင်းကို အခန်းထဲ အထိ လိုက်ပို့ပေးသည်။
အထဲမှာတော့ ထုံးစံအတိုင်း ဆန္ဒအာသီသများ သယ်ပိုးထားသော လူ့ခန္ဓာကိုယ်ကြီးတစ်ခု သူ့ကိုစောင့်နေမည်။ ထုံးစံအတိုင်း သူ့ကို မိတ်ဆက်ပြီး ရီဝေေ၀ပြုံးပြမည်။ ထုံးစံအတိုင်း သူ့ရဲ စည်းကမ်းချက် အကာအကွယ် သုံးရမည်ဟု ရှင်နှောင်း ပြောမည်။ လက်ခံလျှင် ထုံးစံအတိုင်း အလုပ်ဖြစ်မည် လက်မခံလျှင် သူ ပြန်ထွက်လာမည်။ ထုံးစံအတိုင်း ညနေ သွေးသွားစစ်မည်။ ထုံးစံအတိုင်း အမေ့အတွက်ရင်ကြပ်ရှုဆေး ၀ယ်ပြီး ကလေးတွေ အတွက် စာအုပ် စာတမ်းနဲ့ လိုတာလေးတွေ ၀ယ်ရမည်။ ထုံးစံအတိုင်း မျက်ရည်တွေကို သုတ်ပစ်ရဦးမည်။
ဒါပါပဲလေ . . . .
ဘ၀ဆိုတာ တခါတလေတော့လည်း ထုံးစံအတိုင်းတွေနဲ့ချည်း ဖွဲ့စည်းထားတဲ့ ပစ္စုပ္ပန်သက်သက် မဟုတ်ပါလား။
သက်တန့်ချို
(22 Jan 2013 )
သက်တန့်ချို - ထုံးစံ အတိုင်းတွေနဲ့ ပစ္စုပ္ပန်
No comments:
Post a Comment