Thursday, February 14, 2013

ကြက်သားကတ်တလိတ်၊ ၀က်လက်မျှစ်ချဉ်၊ ကြံမဆိုင် ဟင်းရည်နဲ့ မှိုကန်စွန်းကြော်


ဆရာမ လမင်းမိုမိုက ဒီတစ်ခါ မိသားစုတွေဝန်းဝန်းဝိုင်းဝိုင်းစားလို့ရမယ့် ဟင်းအတွဲအစပ်ကိုချက်ပြုတ်ပေးလိုက်ပါတယ်။ ကြက်သား ကတ်တလိတ်ကြော်၊ ၀က်လက်မျှစ်ချဉ် ကြံမဆိုင်ဟင်းရည်လေးနဲ့အတူ မှိုကန်စွန်းကိုလည်းကြော်ပေးထား ပါတယ်။

အာလူးကတ်တလိတ်ကြော်သလို ကြော်ထားတဲ့ ကြက်သားကတ်တလိတ်၊ သိပ်မအီတဲ့ ၀က်လက်မျှစ်ချဉ်ကြံမဆိုင် ဟင်းရည်ရယ် အသီးအရွက်မပါမဖြစ်ဆိုတော့ မှိုကန်စွန်းကြော်လေးရယ် ကောင်းမှကောင်း….ထမင်းပူပူလေးနဲ့သာ အပီဆွဲလိုက်ကြတော့ သူငယ်ချင်းတို့ရေ။

ကြက်သားကတ်တလိတ်
လိုအပ်သောပစ္စည်းများ

ကြက်ရင်ပုံ အသားချည်း ၂၅ကျပ်သားခန့်၊ ဆီ ၂၀ကျပ်သား၊ ကြက်သွန်နီ သုံးဥ၊ ကြက်သွန်ဖြူ ငါးမြွှာ၊ ကြက်သွန်မြိတ် နှစ်ပင်၊ ချင်း နှစ်လက်မ တစ်တုံး၊ ကြက်ဥ တစ်လုံး၊ ပဲငံပြာရည် စားပွဲတင် နှစ်ဇွန်း၊ ခရုဆီ စားပွဲတင်ဇွန်း နှစ်ဇွန်း၊ ကြက်သားမှုန့် စားပွဲတင် တစ်ဇွန်း၊ ငရုတ်ကောင်းမှုန့် စားပွဲတင် တစ်ဇွန်း၊ ပြောင်းကော်မှုန့် အနည်းငယ်၊ ပေါင်မုန့်ခြောက်မှုန့် အနည်းငယ်၊ ဆား အသင့်အတင့်။

ချက်ရန်ကြာမြင့်ချိန် - ၂၅ မိနစ်

-       ကြက်ရင်ပုံသားကို စက်ကြိတ်ပြီးသားတွေ စီးတီးမတ်များမှာ ဘူးလေးတွေနဲ့ ရနိုင်ပါတယ်။ စက်ကြိတ်ပြီးသားလေးတွေ သုံးနိုင်ရင် ပိုအဆင်ပြေပြီး မရနိုင်ရင်တော့ ရင်ပုံသားနုနုကို ကြေမွနူးညံ့တဲ့အထိ ဓားနဲ့တောက်တောက်စဉ်းပါ။

-       ကြက်သွန်မြိတ်ကို ရိတ်ရိတ်လှီးပါ။ အားလုံးရောနှောပြီး ပဲငံပြာရည်၊ ခရုဆီ၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဆားတို့နဲ့ ရောနှောပါ။

-       ချင်းကို ညက်ညက်ထောင်း အရည်ညှစ်ထည့်ပြီး နှံ့အောင်နယ်ပေးပါ။ နယ်ပြီး ကြက်သားကို မိနစ် ၂၀ခန့် ရေခဲသေတ္တာမှ ထည့်နှပ်ထားပါ။

-       အဲဒီနောက် ကြက်သားကို ပြောင်းကော်မှုန့်လေးနဲ့ ဆုပ်ကာ အနေတော်အရွယ်လုံးပါ။ သိပ်လုံးလွန်း ဖောင်းလွန်းရင် အတွင်းသားမကျက်မှာစိုးရတဲ့အတွက် ခုံညင်းပြားများသဏ္ဌ္ဌာန်လုံးတာ အဆင်ပြေပါတယ်။

-       မလုံးမပြား ကြက်သားလေးတွေကို ကြက်ဥခေါက်ရည်မှာနှစ်ပြီး ပေါင်မုန့်ခြောက်မှုန့်ကပ်ပါ။ မီးအေးအေးမှာ အချိန်ယူပြီး ကြော်ပါ။ ကြက်သားကတ်တလိတ်ဟာ အေးသွားရင် စားလို့ကောင်းမှာ မဟုတ်တဲ့အတွက် အိုးက ဆယ်ပြီးပြီးချင်း ပူပူကလေး သုံးဆောင်ပါ။

ဝက်လက်မျှစ်ချဉ်ဟင်းရည်
လိုအပ်သောပစ္စည်းများ
ဝက်လက်အနေတော် တစ်ချောင်း၊ မျှစ်ချဉ် ၁၅ကျပ်သားခန့်၊ ကြံမဆိုင် ၁၀သား၊ ကြက်သွန်ဖြူ သုံးမွှာ၊ ချင်း ၂လက်မ တစ်တုံး၊ ငရုတ်သီးစိမ်း ၁၀တောင့်၊ သကြား စားပွဲဇွန်း တစ်ဇွန်းမောက်မောက်၊ ပဲငံပြာရည် အပျစ်/အကျဲ အနည်းငယ်စီ၊ ဆား၊ဟင်းချိုမှုန့် အနည်းငယ်စီ။

ချက်ရန်ကြာမြင့်ချိန် - မိနစ် ၅၀

-       ၀က်လက်တစ်ချောင်းကို ဆိုင်မှာပဲ အကွင်းကလေးတွေ တုံးခဲ့ဖို့လိုပါတယ်။ အမွှေးအမျှင် ကင်းစင်အောင် သန့်စင်ပြီးရင် ရေစစ်ပြီး သကြားနဲ့နယ်ရပါမယ်။

-       ဒယ်အိုးကို အငွေ့ထွက်အောင် ကြိုတင်အပူပေးထားပြီး ၀က်လက်များထည့်လှော်လိုက်ပါ။ လှော်နေရင်းက ၀က်လက်များ  နီညိုရောင်သန်းလာပါမယ်။ နီညိုရောင်သန်းကာ အနားကျွမ်းပြီး မွှေးပျံ့တဲ့ရနံ့ထွက်လာမှ ပေါင်းအိုးထဲပြောင်းထည့်လိုက်ပါ။
-       မျှစ်ချဉ်ကို ပါးပါးလှီးပါ။ ကြံမဆိုင်ကို အနေတော်လှီးဖြတ်ပါ။ ဂျင်းကို ပါးပါးလှီးပါ။ ကြက်သွန်ဖြူကိုထုပါ။ ငရုတ်သီးစိမ်း အပါအ၀င် ဆား၊ဟင်းချိုမှုန့်နဲ့ ပဲငံပြာရည် အပျစ်အကျဲအားလုံးရောကာ ပေါင်းအိုးထဲထည့်ပါ။။

-       ရေကို အသားတုံးအထက် လက်နှစ်လုံးခန့် ထည့်ပြီး နာရီဝက် မိနစ် ၄၀ခန့် ပေါင်းအိုးနှင့် ပေါင်းချက်ပါ။ ရေခန်း အသားနူးလျှင် အိုးကိုချကာ ရေကိုမိမိနှစ်သက်သလောက် ထပ်ထည့်ပါ။ အပေါ့အငံမြည်း၍ ဆူအောင်ပြန်တည်ပါ။ ရေဆူလျှင် ချလို့ရပါပြီ။ အရသာရှိလှတဲ့ ဟင်းရည်တစ်ခွက်ဖြစ်ပါတယ်။ 

မှိုကန်စွန်းကြော်
လိုအပ်သောပစ္စည်းများ
ကန်စွန်းရွက် တစ်စည်း၊ မှို ၁၅ကျပ်သားခန့်၊ ဆီ နှစ်ကျပ်ခွဲသား၊ ကြက်သွန်ဖြူ သုံးမွှာ၊ ဆား၊ဟင်းချိုမှုန့် အနည်းငယ်စီ။

ကြာမြင့်ချိန် - ၅ မိနစ်

ကန်စွန်းရွက်ကို ဆိတ်ပြီး အရိုးအရွက် ခွဲခြားပါ။ မှိုကိုသန့်စင်ပါ။ ဆီကို အပူပေးပြီး ကြက်သွန်ဖြူထုကာ ဆီသတ်ပါ။ ကန်စွန်းရိုးနှင့်မှိုကို ဦးစွာအတူထည့်ကြော်ပါ။

ဆား၊ဟင်းချိုမှုန့် သင့်တော်ရုံထည့်ပါ။ လိုအပ်လျှင် ရေလေးအနည်းငယ်တောက်၍ ကြော်ပါ။ မှိုနူးလျှင် ကန်စွန်းရွက်များထည့်ပါ။ ကန်စွန်းရွက်နွမ်းလျှင် စိမ်းရောင်မပျောက်မီချပါ။

No comments: