Sunday, February 17, 2013

မည်သို့ပင်ဆိုစေ……



မြန်မာ့လူမှုနယ်ပယ်တွင် သူ့သက်ဆိုင်ရာအလိုက် သုံးစွဲနေပြီးသားစကားလုံးများရှိသည်။ သမီးရည်းစား၊ ချစ်သူ၊မောင်နှမ၊ လင်မယား၊ မိဘ၊ သားသမီး၊ ထိမ်းမြားလက်ထပ်ခြင်း၊ စေ့စပ်ကြောင်းလမ်းခြင်း စသဖြင့်အသုံးအနှုန်းများရှိခဲ့သည်။ သူ့အဓိပ္ပာယ်နှင့်သူရှိသည်။ သို့သော် ၁၉၈၃ ခုနှစ်နောက်ပိုင်းတွင်စာရေးဆရာမဂျူး၏ ပထမဦးဆုံးလုံးချင်းဖြစ်သည့်အမှတ်တရ၀တ္ထုနှင့်အတူ မြန်မာ့လူမှုနယ်ပယ် တွင်စကားလုံးအသစ်တစ်ခု ကျယ်ကျယ်ပြန့်ပြန့် ကြားလာရခဲ့သည်။

ယင်းမှာ လက်မထပ်ဘဲ အတူနေခြင်း။ Living Together ။

မြန်မာ့ထုံးတမ်းအစဉ်အလာအရ အငြင်းပွားဖွယ်ရာကောင်းသည့် လူမှုပုံစံတစ်ခုဖြစ်သည့် Living Together သည် မိသားစုနှုန်းစံ မြင့်မား ဆဲဖြစ်သည့်၊ 
အစဉ်အလာယဉ်ကျေးမှုနှုန်းစံများမြင့်မားဆဲဖြစ်သည့် မြန်မာ့လူမှုနယ်ပယ်တွင် ပေါ်ပေါ်ထင်ထင် မတွေ့မြင်ရပေ။ ထို့ကြောင့် မည်ရွေ့မည်မျှရှိသည်ကို သိရှိရန်မဖြစ်နိုင်ပေ။ သို့သော် မိသားစုနှင့်အဝေး၊ ယဉ်ကျေးမှုနှုန်းစံများနှင့် အဝေးဖြစ်သည့် ပြည်ပနိုင်ငံများသို့ ရောက်သွားသည့်အခါ Living Together ဟူသည့်အသံသည် ပိုကျယ်လာသည်။ ထင်သာမြင်သာရှိလာသည်။

ကိုထွန်းဦးသည် လုပ်သားပေါင်း ၁၀၀၀ကျော်ရှိသည့် စင်ကာပူဆိပ်ကမ်းတွင် အလုပ်လုပ်ခဲ့သူဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် မြန်မာပြည်၌ ပြန် အခြေချနေသူဖြစ်သည်။ သူ့အဆိုအရ Living Together နေထိုင်သူများသည် ပထမအဆင့်အွန်လိုင်းတွင်တွေ့၊ နောက်မှ အပြင်မှာချိန်း တွေ့ကြပြီးမှ နေထိုင်ကြသည်ကများသည်။
“ဒီနိုင်ငံမှာက တစ်ယောက်နဲ့တစ်ယောက်နွေးထွေးမှုမရှိဘူး။ အဲဒါက Living Together နေဖြစ်ဖို့ကို တွန်းအားပေးတယ်”ဟု ကိုထွန်းဦး ကသူ့အမြင်ကိုဆိုသည်။

ထို့အတူ စင်ကာပူတွင် ကျောင်းတက်နေသည့် အသက် ၁၈ မှ ၂၀ အရွယ် မြန်မာကျောင်းသားများသည်လည်း Living Together နေထိုင်သူအများအပြားရှိပြီး အလုပ်လုပ်နေသူများထက်ပင်များနိုင်ကြောင်း ကိုလှိုင်စိုးကဆိုသည်။
မိဘနှင့်ဝေးနေခြင်း၊ အချိန်အားများခြင်း၊အချိန်ပိုင်းအလုပ်လုပ်ခွင့်ရခြင်း၊ ပိုက်ဆံကိုအလွယ်တကူရနိုင်ခြင်းနှင့် အင်တာနက်တို့ကြောင့် Living Together နေသူ ကျောင်းသားကျောင်းသူပိုများကြောင်း စင်ကာပူနိုင်ငံတွင် ၂ နှစ်ကြာ ပညာသင်ကြားခဲ့သည့် အသက် ၂၅ နှစ်အရွယ် ကိုလှိုင်စိုးကဆိုသည်။

ကိုထွန်းဦး အဆိုအရ Living Together နေထိုင်ဖြစ်ရန် ငွေကြေးအရ ၄၀ ရာခိုင်နှုန်း၊ လူမှုရေးအရ ၃၀ ရာခိုင်နှုန်း၊ သွေးသားဆန္ဒအရ ၃၀ရာခိုင်နှုန်း တွန်းပို့သည်။

ငွေကြေးအရ အကူအညီတောင်းရင်း Living Together နေဖြစ်သွားသည်များရှိသလို ရောမရောက်ရောမလိုကျင့်ဟူသည် ပတ်ဝန်းကျင် ကြောင့်နေဖြစ်သွားသည်များလည်းရှိကြောင်း ကိုထွန်းဦးကဆိုသည်။

ကိုလှိုင်စိုး၏အဆိုအရ ငှားနေသည့်အိမ်သည်မြန်မာအိမ်ဆိုလျှင် Living Together နေဖြစ်ရန်နည်းသည်။ အိမ်ရှင်က စင်ကာပူဖြစ် နေလျှင် Living Together နေဖြစ်သွားသည်ကများသည်။

စင်ကာပူကဲ့သို့ပင် မလေးရှားတွင်လည်း Living Together နေသည့် မြန်မာအများအပြားရှိသည်ဟု ကိုခန့်မင်းကဆိုသည်။
“တော်တော်များများက မလေးရောက်ပြီးမကြာခင်မှာ ရည်းစားတွေရကြပြီး Living Together နေသွားကြတာများတယ်” ဟု သူမြင် တွေ့နေရသည့်အခြေအနေကို ပြောပြသည်။

သူအမြင်အရ လက်ထပ်မည်ဟု လေးလေးနက်နက်စဉ်းစားပြီး Living Together နေလျှင်ကောင်းသည်။ သို့သော် မလေးရောက် မြန်မာများသည်တခြားငွေကြေးနှင့် သွေးသားဆန္ဒအပေါ်တွင် အခြေတည်ပြီး နေသည်ကများသည်။ ယင်းသို့နေထိုင်မှု နှင့်ပတ်သက်၍ ကိုခန့်မင်းက “ကိုယ်ကောင်းတယ်ထင်ရင်လုပ်၊ ကိုယ်ဖြစ်ကိုယ်ခံ” ဟုဆိုသည်။

စိတ်ပညာရှင် Dr. Scott Stanley က ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘာကြောင့် Living Together နေတယ်ဆိုတာအပေါ် အုပ်စု အမျိုးမျိုးကွဲပြားသွားကြသည်မှာ စိတ်ဝင်စားဖွယ်အတော်ကောင်းသည်ဟု မှတ်ချက်ပြုသည်ကို USA TODAY တွင်ဖော်ပြသည်။
Living Together ကိုလက်ခံသူများသည် “လက်ထပ်ပြီးကာမှ မှားမှန်းသိရက် နောက်ဆုတ်ရခက်သည်ထက်စာလျှင် လက်မထပ်ဘဲ အတူတူနေပြီး တစ်ယောက်ကိုတစ်ယောက် လေ့လာပြီးကာမှ လက်ထပ်သည်က ပိုကောင်းသည်” ဟူသည့်အယူအဆရှိကြသည်။

ယင်းအယူအဆကို လက်ခံသူများထဲတွင်ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်တွင် စီးပွားရေးပညာသင်ယူနေသည့် အသက် ၂၇ နှစ်အရွယ် မ၀င်းမော်အေးလည်း အပါအ၀င်ဖြစ်သည်။ သူမကလက်ထပ်ထိမ်းမြားခြင်းမှာ အလွန်တရာရှုပ်ထွေးပြီး တရားဝင် လိင်ဆက်ဆံခွင့်ပြု လိုက်ခြင်းသက်သက်မဟုတ်။ 
လူနှစ်ဦးအတူနေတာလည်းမဟုတ်။မိသားစုဆွေမျိုးအသိုင်းအ၀ိုင်းနှစ်ခု ပေါင်းစည်းခြင်း ဖြစ်ကြောင်း ဆိုသည်။သူမအနေဖြင့် ဓလေ့ထုံးတမ်းစဉ်လာဘာသာတရားကျင့်ဝတ်များဖြင့် သတ်မှတ်ပြဋ္ဌာန်းထားတာမျိုးမဟုတ်လျှင်နေမည်။ ထိုင်းတွင်လည်း Living Together နေသူများစွာရှိသည်ဟုဆိုသည်။ရာခိုင်နှုန်းတစ်ခုခုကိုမူ သူမ မခန့်မှန်းပေးနိုင်ပေ။

မိမိချစ်သူနှင့်အတူ Living Together ခြောက်လနေခဲ့သည့် သတင်းထောက်တစ်ဦးဖြစ်သူကိုဆန်းမောင်အမြင်မှာ Living Together သည်အိမ်ထောင်ရေးမူကြိုဖြစ်သည့်အတွက် နေသင့်သည်။ မြန်မာ့လူ့အဖွဲ့အစည်းအတွက်ဆိုလျှင် Living Together နေထိုင်ခြင်းသည် ဖောင်ဖျက်လိုက်သည်နှင့်တူသည်ဟု သူကဆိုသည်။

ကိုဆန်းမောင်၏အမြင်နှင့်ကွဲပြားသည်မှာစက်မှုအင်ဂျင်နီယာတစ်ဦးဖြစ်သူ ကိုစိုးအောင်ဖြစ်သည်။ သူ့အမြင်အရ တကယ်လို့သာ နှစ်ဖက် စလုံး၏မိဘနှင့် သားသမီးကြားတွင် ပွင့်လင်းမှုရှိလျှင် Living Together နေစရာမလိုဘဲ လေ့လာနိုင်သည်ဟုဆိုသည်။ သို့သော် စင်ကာပူ ကဲ့သို့သောပြည်ပနိုင်ငံသို့ရောက်လျှင် Living Together နေဖြစ်သွားလိမ့်မည်ဟုဆိုသည်။ သူ့အကြောင်းပြချက်မှာ “ဂုဏ်သိက္ခာ ဆိုတာ လူ့အဖွဲ့အစည်းကတိုင်းတဲ့ပေတံပါ။ ကိုယ်ကျင့်တရားကတော့ ကိုယ့်ရင်ထဲကပေတံ၊ ကိုယ့်ဟာကိုယ် တိုင်းတဲ့ပေတံ” 

University of Denver ရှိ The Center for Marital and Family Studies ၏တွဲဖက်ဒါရိုက်တာဖြစ်သူ စိတ်ပညာရှင် Dr. Scott Stanley က Living Together နေထိုင်ခြင်းသည် ရေရှည်ဆက်ဆံရေးအတွက် မည်သည့်ကောင်းကျိုးမျှမရှိဟု ဆိုသည်။ သူ့အဆိုအရ Living Together နေထိုင်ခြင်းသည် အိမ်ထောင်ရေးတွင် ကောင်းမွန်သည့် ဆက်ဆံရေးကို မဖြစ်စေခြင်း၊ အိမ်ထောင်မှုဘ၀အပေါ် စိတ်ကျေနပ်မှုနိမ့်ပါးခြင်း၊ အိမ်ထောင်ရေးမငြိမ်မသက်မှုများခြင်း၊ အမျိုးသားများ ခင်ပွန်းဖြစ်မှုနည်းခြင်း၊ အိမ်ထောင်ပြိုကွဲမှုအတွက် အလားအလာများခြင်းတို့ကို ဖြစ်စေသည်။

ကိုလံဘီယာတက္ကသိုလ်၏ လူပေါင်း၁၃ç၀၀၀ ကိုမေးမြန်းခဲ့သည့် လေ့လာမှုအရ Living Together နေသူ အမျိုးသား ၁၉ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၆ ရာခိုင်နှုန်းသာလျှင် သူတို့ Living Together နေသူနှင့် လက်ထပ်ဖြစ်ကြကြောင်း www.leaderu.com တွင်ဖော်ပြသည်။

၁၉၉၄ ခုနှစ်ထုတ် သင့်ဘ၀မဂ္ဂဇင်းပါမောင်ရဲသူ(မဟာဥပဒေ)၏လက်မထပ်ဘဲ အတူနေခြင်းနှင့်ပတ်သက်၍ ဆောင်းပါးတွင် Living Together နေသူများသည် တစ်ဦးကိုတစ်ဦး ပိုသိသည့်အတွက် ကွာရှင်းပြတ်စဲရန် အခွင့်အလမ်းနည်းသည်ဟု ထင်ကြသော်လည်း Living Together နေပြီးမှ လက်ထပ်သူများသည်၊ ရိုးရိုးလက်ထပ်သူများထက် ကွာရှင်းပြတ်စဲရန် ၃၃ရာခိုင်နှုန်း ပိုများသည်ဟုဆိုသည်။

သို့သော် စိတ်ရှုပ်ထွေးစရာကောင်းသည်မှာသုသေတနပြုသူများကြားတွင်လည်း ၀ိဝါဒကွဲပြားစရာ ရလဒ်များ၊ အမြင်များ အမျိုးမျိုး ရှိကြသည်။

USA TODAY တွင်ဖော်ပြထားသည့် ၂၀၁၀ ပြည့်နှစ်အတွင်းထွက်လာသည့် စာတမ်းတစ်စောင်က Living Together သည် အိမ်ထောင် ရေးအတွက်အနည်းငယ်အထောက်အပံ့ဖြစ်သည်ဟူ၏။ ယင်းအပေါ်တွင်လည်း ပညာရှင်များက အငြင်းပွားချက်များစွာ ထုတ်ပြန်ထား ကြသည်။

လက်ရှိတွင် ဖခင်လောင်းတစ်ဦးဖြစ်နေသည့် ကိုထွန်းဦးက Living Together နေမည်မဟုတ်ဟု ဆိုသည်။ “နှမချင်းစာနာလို့၊ ကိုယ်ချင်းစာလို့” ဟု ၎င်းကဆိုသည်။

Living Together နေထိုင်ခြင်းသည် မည်သည့်တုပ်နှောင်မှုမှမရှိသည့်အတွက် Living Together နေသည့် သက်တမ်းကြာလေ လက်မထပ်ဖြစ်ဖို့ ရာခိုင်နှုန်းများလေဟု ကိုထွန်းဦးကသူ့အတွေ့အကြုံနှင့်ယှဉ်၍ ဆိုသည်။ယင်းသို့ Living Together နေရာတွင်
အကြီးမားဆုံး ရင်ဆိုင်ရနိုင်သည်မှာ ကလေးပြဿနာဖြစ်သည်ဟု ကိုထွန်းဦးကဆိုသည်။ Living Together နေရင်း ကလေးရလာသည့် အခါ ငွေကြေးနှင့် မိမိရောက်နေသည့်နိုင်ငံ၏ ကလေးဖျက်ချခွင့်ရှိ၊ မရှိအပေါ် မူတည်၍ အဆင်ပြေသည့် နည်းလမ်းဖြင့် ၀ိုင်းဖျက်ကြပြီး တချို့မှာ ကလေးရချိန်တွင် ပစ်သွားသည်များလည်းရှိကြောင်း ကိုထွန်းဦးက စင်ကာပူရောက် မြန်မာများ၏အခြေအနေကိုပြောပြသည်။

ဆရာမြသန်းတင့်ဘာသာပြန်သည့် မိန်းမတို့အကြောင်း (မူရင်း- The Second Sex, Written by Simone de Beauvior) စာအုပ်တွင် “အမျိုးသမီးများနှင့် ရင်းနှီးစွာနေထိုင်ခြင်းသည် အမျိုးသားများ၏ ဂုဏ်သိက္ခာကို ပျက်စီးစေသည်။ နေ့စဉ်ပေါင်းသင်း ဆက်ဆံရာတွင်ဖြစ် စေ၊ ပထမဆုံးနမ်းပြီးသည့်နောက်တွင်ဖြစ်စေ၊ မင်္ဂလာဦးည လွန်မြောက်သွားပြီးသည့်အခါဖြစ်စေ ယောက်ျား၏ဂုဏ်သိက္ခာပြိုကျသွား လေ့ရှိသည်” ဟု သုံးသပ်ဖော်ပြသည်။ယင်းမှာ အမျိုးသမီးများ၏ ရှုထောင့်မှ ဖော်ပြထားခြင်းဖြစ်ပြီး အမျိုးသားများ၏ ရှုထောင့်မှာလည်း ယင်းနှင့်မခြားရှိသည်ကို မေးမြန်းမှုများအရသိရသည်။

ယင်းကဲ့သို့ Living Together နေခြင်းတွင်များပြားလှစွာသော အားနည်းချက်များကို တွေ့ရသည့်အခါ အားသာချက်များကော မရှိ ဘူးလားဟု တွေးစရာပေါ်လာသည်။ အားလုံးတညီတညွတ်တည်း ပြောကြသည်မှာ လက်ထပ်ပြီးမှ ကွဲသွားတာထက်စာရင် ကောင်း တယ်။ တခြားကော ...ပြည်ပရောက် မြန်မာများတွင် လူပျိုလူလွတ်များက Living Together များရှိသလို မိမိခင်ပွန်းဖြစ်စေ၊ ဇနီးဖြစ်စေ မြန်မာပြည်တွင် ကျန်ခဲ့သည့် အိမ်ထောင်သည်များလည်း Living Together နေထိုင်ကြကြောင်း သိရသည်။
ယင်းကဲ့သို့ အိမ်ထောင်ရှိသူများ Living Together နေထိုင်ခြင်းသည် ဗုဒ္ဓဘာသာ၏ သိက္ခာပုဒ်အရ ကာမဂုဏ်များဖောက်လွဲ ဖောက်ပြန် ပြုခြင်းမှ ရှောင်ကြဉ်ခြင်းဖြစ်သည့် ကာမေသုမိစ္ဆာသိက္ခာပုဒ်ကို ကျူးလွန်ရာရောက်ကြောင်း အရှင်ဝိစိတ္တ(မနာပဒါယီ)၏ Living Together နှင့်ကာမေသုမိစ္ဆာစာရ ဆောင်းပါးတွင် ရေးသားထားသည်။ ယင်းကို ပါရာဇိကဏ်အဌာကထာတွင် ဖွင့်ထားသည်။

ယင်းသိက္ခာပုဒ်သည် တစ်လင်တစ်မယားစနစ်ကို အကောင်အထည်ဖော်ပေးထားခြင်းဖြစ်ပြီး မိမိ၏လင်ယောက်ျား၊ မိမိဇနီးမယားမှလွဲ၍ မည်သူ့ကိုမျှ၊ မည်သည့်အကြောင်းကြောင့်မျှဖောက်လွဲဖောက်ပြန်မပြုရဟု တားမြစ်ထားခြင်းဖြစ်ပါသည်။အိမ်ထောင်သည် ယောက်ျားများ အတွက်ဖောက်လွဲဖောက်ပြန်မပြုအပ်သည့် မိန်းမ၊ မသွားလာအပ်သည့် မိန်းမ(အဂမနီယ) (၂၀) ရှိပြီးပထမရှစ်ဦးမှာ ကာမပိုင်မရှိသည့် အပျိုစင်များ ဖြစ်ကာ ဒုတိယ ၁၂ မျိုးမှာ ကာမပိုင်ယောက်ျားရှိသည့် မိန်းမများဖြစ်သည်။ ပထမရှစ်မျိုးနှင့်ဖောက်လွဲဖောက်ပြန်ပြုလျှင် ဖောက်ပြန်သူယောက်ျားက ကာမေသုမိစ္ဆာစာရကံထိုက်ပြီး၊ အမျိုးသမီးများမိမိကာမ မိမိသာပိုင်သည့်အတွက် ကံမထိုက်ပေ။

ဒုတိယ ၁၂ မျိုးသည် ကာမပိုင်ရှိသည့်အတွက်ယောက်ျားတွင်လည်း ကာမေသုမိစ္ဆာစာရကံထိုက်သလို မိန်းမသည်လည်း မိမိကာမပိုင် မဟုတ်သည့် အခြားယောက်ျားနှင့် ဖောက်ပြန်သည့်အတွက်ကာမေသုမိစ္ဆာစာရကံ မြောက်ပေသည်။သို့သော် ကာမေသုမိစ္ဆာစာရ ကံမြောက်စေသည့်အချက်များနှင့် ကိုက်ညီမှသာ ယင်းကံထိုက်သည်ကို မမေ့အပ်ပေ။ ယင်းကံကိုထိုက်စေသည့် အင်္ဂါရပ်တစ်ခုခု ချွတ်ယွင်းနေလျှင် ကာမေသုမိစ္ဆာစာရကံ မထိုက်ပေ။ အထူးသတိထားရမည်မှာ ယောက်ျားလေးကလည်း တရားဝင်ကာမပိုင် ရှိနေ နိုင်သလို၊ မိန်းကလေးမှာလည်းတရားဝင်ကာမပိုင်ရှိနေနိုင်သည့်အတွက် မိမိုငလငညွှါသါနအ့နမ သည် ကာမေသုမိစ္ဆာစာရကံထိုက် မထိုက်ကို အထူးဆင်ခြင် သတိပြုသင့်ပေသည်ဟု အရှင်ဝိစိတ္တ၏ Living Together နှင့်ကာမသုမိစ္ဆာစာရဆောင်းပါးတွင် ဖော်ပြ ထားသည်။

အားလုံးကိုခြုံကြည့်လျှင် ပညာရှင်များကြားတွင်လည်း အငြင်းပွားစရာဖြစ်နေသည့် နေထိုင်မှုပုံစံတစ်ခုဖြစ်သော Living Together နေထိုင်သူများသည် မိမိ၏လက်တွဲဖော်ဖြစ်ရန် သင့် မသင့်စဉ်းစားချက်များဖြင့် နေသည်များရှိသလို၊ ငွေကြေးအခြေပြု၊ သွေးသား ဆန္ဒအခြေပြု နေထိုင်သူများလည်းရှိသည်။ အားလုံးတစ်သံတည်းထွက်သည်မှာ လက်ထပ်ပြီးမှမှားမှန်းသိတာထက်စာရင် တော့ ကောင်း သည်။ သို့သော် ကိုယ်တွေ့ကြုံရသူများ၊သုသေတနပညာရှင်များ၏ အဆိုအရ ပြဿနာများစွာရှိနေသည်။ ဘာသာရေးအရလည်း စည်းကျိုးမှုများဖြစ်နိုင်သည်။ ရုပ်ရှင်ရိုက်သည့်အခါအစမ်း သရုပ်ဆောင်ကြည့်ခြင်းရှိသည်။ သူ့တွင်ဖလင်သာကုန်၍ ကျန်သည့်ပြဿနာ မရှိပေ။

သို့သော် လူ့ဖြစ်တည်မှု အရေးကြီးဆုံးများထဲတွင်တစ်ခုဖြစ်သည့် အိမ်ရာထူထောင်ခြင်းတွင် အစမ်းပြုလုပ်သင့်ပါသလား။ ပြဿနာ များစွာရှိသည်မှာအသေအချာပင်ဖြစ်သည်။ ဤသို့ဆိုလျှင် ကျွန်တော်တို့ အစမ်းအိမ်ထောင့်ပြုသင့်ပါသလား။

စာကြွင်း  - ဆောင်းပါးပါအမည်များကို ကာယကံရှင်များ၏ဆန္ဒအရ ပြောင်းလဲထားပါသည်။

ဟန်ထက်

Credit: The Voice Weekly Journal – Vol.9, No.7 (18 Feb 2013) Page 18

No comments: