Wednesday, January 25, 2017

"အဆုံးသတ်တွေလှပဖို့"


(ဖတ်ရန်ကြာချိန် (၅)မိနစ်)

ဆရာတင်နိုင်တိုးရဲ့ "အထင်ကရပုဂ္ဂိုလ်များ၏ အညတရဘ၀နိဂုံး" ဆိုတဲ့စာအုပ်ရယ်၊ မချိုပိန်းနောင်ရဲ့ "ဆူဆိုက်ကော်ဖီဆိုင်"ရယ်ကို ရှေ့ဆင့်နောက်ဆင့် ဆိုသလို ဖတ်ဖြစ်ခဲ့တယ်။ အောင်မြင်သူတွေ သူတို့ဘ၀ကို ဘယ်လိုလျှောက်လှမ်းခဲ့တယ်၊ အခက်အခဲတွေ ဘယ်လိုကျော်လွှားခဲ့တယ်၊ သူတို့ရဲ့ စိတ်ဓါတ်က ဘယ်လို၊ စသဖြင့် ရေးထားတဲ့ တက်ကျမ်းစာအုပ်တွေကြားထဲမှာ မွန်းကြပ်နေတဲ့ စာဖတ်သူတွေအတွက် ဒီစာအုပ်နှစ်အုပ်က အတော်ထူးခြားတယ်ပဲ ဆိုရမယ်။

တစ်အုပ်က မြန်မာဘုရင်တွေလက်ထက်ကနေ လွတ်လပ်ရေးရပြီးခေတ်အထိ သမိုင်းမှာ နာမည်ကျော်ကြားခဲ့သူများရဲ့ ဘ၀အဆုံးသတ်ကို ရေးထားတယ်။ ဆင်းဆင်းရဲရဲနဲ့ ဘ၀ကိုနိဂုံးချုပ်ခဲ့ရသူ၊ မထင်မရှား ဇာတ်သိမ်းခဲ့ရသူတွေရဲ့ အကြောင်းပေါ့။

နောက်တစ်အုပ်ကတော့ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့၊ နိုင်ငံတကာက ထင်ရှားလှတဲ့ အနုပညာရှင်များရဲ့ ဘ၀ဖြတ်သန်းမှုအကြောင်းကို စုစည်းပြီး ရေးထားတာ။ ဒါကို ဖတ်ပြီးတဲ့အခါ သူတို့ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေရသလဲဆိုတာကို အနည်းအပါး ခန့်မှန်းမိလိမ့်မယ်။

ဒီစာအုပ်နှစ်အုပ်ကို ဖတ်ပြီးသွားတော့ ခေါင်းထဲ အတွေးနှစ်ခု ပေါ်လာတယ်။
တစ်ခုက အောင်မြင်မှုရဲ့ သဘောသဘာဝ။

တကယ်တော့ အောင်မြင်တယ်ဆိုတာ မိုးပေါ်ကို ပစ်တင်လိုက်တဲ့ ခဲတစ်လုံးလိုပဲ။ အရှိန်ရှိသလောက်တော့ တက်သွားလိမ့်မယ်။ အရှိန်ကုန်သွားတာနဲ့ ပြန်ကျလာမှာပဲ။ တစ်သက်လုံး မိုးပေါ်ရောက်နေမှာ မဟုတ်ဘူး။

ဒီတော့ ကိုယ့်ဘ၀မှာ အောင်မြင်မှုရတိုင်း ဒါဟာ အမြဲတည်တံ့နေတော့မယ့်အရာလို မတွေးနဲ့၊ ဂုဏ်မမောက်နဲ့၊ ဘ၀င်မမြင့်နဲ့၊ အောက်ခြေမလွတ်နဲ့၊ သူတစ်ပါးကို မနှိမ်နဲ့။ အဲဒီလိုအမြင့်ရောက်နေတုန်း ဒါကို အသုံးချပြီး အများအတွက် ဘာလုပ်ပေးသွားရမလဲ၊ ကိုယ့်ဘ၀ကို အဓိပ္ပါယ်ရှိအောင် ဘယ်လိုဖြတ်သန်းသွားရမလဲ ဆိုတာသာ စဉ်းစား။ အဲဒါကသာ ဒီနေရာကို ရောက်ဖို့ အားသွန်ခွန်စိုက် ကြိုးစားခဲ့ခြင်းရဲ့ အနှစ်သာရအစစ် ဖြစ်လိမ့်မယ်။

နောက်ထပ်တစ်ခုကတော့ ကိုယ့်ဘ၀ကို ပုံဖော်တဲ့နေရာမှာ Big picture မြင်တတ်ဖို့ လိုတယ် ဆိုတာပါပဲ။
သဘောက ကိုယ့်ဘ၀တိုးတက်ရေးအတွက် ရည်မှန်းချက်ချမယ်ဆိုပါတော့၊ ကျွန်တော်တို့ ဘယ်လိုလုပ်တတ်ကြလဲဆိုရင် ငါ အသက်(၄၀)မှာ နှလုံးအထူးကုဆရာဝန်ကြီး ဖြစ်ရမယ်၊ ဒါမှမဟုတ်လည်း ငါ အသက်(၄၀)မှာ ငွေသိန်းတစ်သောင်း ပိုင်တဲ့သူ ဖြစ်ရမယ်၊ ဒီလိုရည်မှန်းတတ်ကြတယ်။ အဲဒီအခါ ဘ၀က ဘာဖြစ်လာလဲဆိုတော့ ဟန်ချက်မညီဘူး၊ Balance မဖြစ်ဘူး။ တကယ်တော့ ဘ၀ဆိုတာ အလုပ်နဲ့ ငွေပဲ ရှိတာမှမဟုတ်တာ။ ချစ်ခြင်းမေတ္တာ၊ အများအကျိုးပြုနိုင်မှု၊ ဘ၀တန်ဖိုး၊ ခံစားမှုရသ၊ ဒါတွေလည်း ရှိသေးတယ်။

ဒါကြောင့် ပညာတစ်ခုတည်း၊ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုတစ်ခုတည်း မျှော်မှန်းတာထက် ပိုပြီးပြည့်စုံရင်၊ Comprehensive ဖြစ်ရင် ပိုကောင်းမယ်။
ဘယ်လိုမိသားစုလေး ပိုင်ဆိုင်ရမယ်၊ ကိုယ်ဝါသနာပါတာ ဘာရှိလဲ၊ ခရီးထွက်ရတာလား၊ စာဖတ်ရတာလား၊ ပန်းချီကားစုရတာလား၊ စသဖြင့် ၀ါသနာပါတာလေးတွေ လုပ်သွားမယ်၊ အများအကျိုးပြု ပရဟိတအလုပ်တွေ ဘယ်လိုလုပ်မယ်၊ ဒါမျိုး ဘ၀တစ်ခုလုံးစာ မြင်ယောင်ကြည့်ပြီး ရည်မှန်းချက်တွေ၊ အစီအစဉ်တွေ ချတတ်ဖို့ လိုမယ်။ လက်တွေ့လည်း အကောင်အထည်ဖော်တတ်ဖို့လိုမယ်။

မဟုတ်ရင် အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်တော့ ဖြစ်ပါရဲ့၊ လူတွေက အားပေးကြပေမယ့်၊ ကိုယ့်ဘ၀မျိုး လိုချင်လိုက်တာ၊ အားကျလိုက်တာဆိုပြီး ပြောနေကြပေမယ့် ကိုယ့်မှာတော့ စိတ်ဖိစီးမှုတွေနဲ့ မပျော်မရွှင် ဖြစ်နေရလိမ့်မယ်။ ငယ်တုန်းရွယ်တုန်းတော့ အောင်မြင်ခဲ့ပေမယ့် ကြီးလာတဲ့အခါ ဆင်းဆင်းရဲရဲ နိဂုံးချုပ်ရလိမ့်မယ်။ ဒါကြောင့် လက်ရှိကိုယ့်ပရော်ဖက်ရှင်မှာ အောင်မြင်နေတိုင်း၊ ငွေကြေးပြည့်စုံနေတိုင်း ပြီးပြည့်စုံပြီလို့ ပြောလို့မရဘူး။

ဒါဆို ဘ၀တစ်ခုလုံးစာ အောင်မြင်ဖို့၊ ပျော်ရွှင်ရဖို့ ဘာလုပ်ကြရမလဲ။

ခုစာအုပ်တွေထဲမှာပါတဲ့ ကျော်ကြားသူတွေ၊ အနုပညာရှင်တွေအကြောင်း ဖတ်ပြီး အဓိက(၃)ချက်ကို ဆွဲထုတ်မိတယ်။

၁။ ငွေရေးကြေးရေး (Financial Management)

ဘ၀တစ်သက်တာ ပျော်ရွှင်ချင်တဲ့သူဟာ ငွေကြေးကို ကောင်းကောင်းစီမံခန့်ခွဲနိုင်ဖို့ လိုတယ်။ အောင်မြင်တုန်းမှာ ချမ်းသာတဲ့ဒဏ်၊ နာမည်ကျော်ကြားတဲ့ဒဏ်ကို မခံနိုင်ဘူး။ လောင်းကစားတွေလုပ်တယ်၊ သုံးတယ်၊ ဖြုန်းတယ်၊ မူးယစ်ဆေးတွေလုပ်တယ်။ မိန်းမရှုပ်တယ်။ တစ်သက်လုံး ဒီဝင်ငွေတွေကို ရနေတော့မယ့်ပုံစံနဲ့ပေါ့။ အဲဒီလိုတွေလုပ်တော့ တစ်ဖက်မှာ အလုပ်ကိုလည်း ထိခိုက်လာတယ်။ အများစုက သူနဲ့ အလုပ်မလုပ်ချင်တော့ဘူး။ အနုပညာရှင်ဆိုရင်တော့ စန်းပါ ကျလာတယ်။ ဒီအခါမှာ ၀င်ငွေက အရင်လိုမကောင်းတော့ဘူး။ သုံးထားဖြုန်းထားတော့ စုမိဆောင်းမိကလည်း မရှိဘူး။ နောက်ဆုံးမှာ ဆင်းဆင်းရဲရဲနဲ့ ဘ၀ကို ဖြတ်သန်းရတယ်။ မခံနိုင်တဲ့အဆုံး ကိုယ့်ကိုယ်ကိုယ်သတ်သေတာမျိုးအထိ ဖြစ်လာနိုင်တယ်။

ဒါကြောင့် ကိုယ်ရလာတဲ့ ငွေတွေကို ကိုယ့်အတွက် အလုပ်လုပ်ပေးမယ့် ကျွန်တွေလို သဘောထားနိုင်ဖို့ လိုတယ်။ ဆိုလိုတာက ကိုယ်ကျွမ်းကျင်ရာတစ်ခုခုမှာ ရင်းနှီးမြှပ်နှံတာ၊ ဥပမာ မင်းသားတွေ ရုပ်ရှင်ကုမ္ပဏီထောင်ထားတာ၊ ဆရာဝန်တွေ ဆေးရုံထောင်တာ၊ ဆေးဆိုင်ဖွင့်တာလို တစ်ဖက်မှာ ကိုယ့်အလုပ်ကိုယ်ကြိုးစားရင်း ရလာတဲ့ ငွေတွေကို တစ်ဖက်မှာ ထပ်ထပ်ပွါးနေအောင် လုပ်ထားကြတာပေါ့။

စုရုံစုထားတာကတော့ ဒီကျွန်တွေကို မခိုင်းဘဲ ဒီအတိုင်း ထိုင်နေခိုင်းတာနဲ့ တူပါသတဲ့။ ဒါက တော်ပါသေးတယ်။ ကိုယ်လိုရင် လုပ်ခိုင်းလို့ ရသေးတာကို။

အဆိုးဆုံးကတော့ သုံးပစ်လိုက်တာပါပဲ။ ဒါဟာ ဒီကျွန်တွေကို အပြီးအပိုင် သတ်ပစ်လိုက်တာနဲ့ တူတယ်။ ဒါကြောင့် လက်ရှိမှာ ကိုယ်ဟာ ဘယ်လောက်အောင်မြင်နေပါစေ၊ သုံးလို့မကုန်လောက်အောင်ကို ငွေတွေဝင်နေပါစေ၊ ဒီလိုမျိုးသာ ငွေကြေးကို မစီမံနိုင်ဘူးဆိုရင် ကိုယ့်ဘ၀အဆုံးသတ်က လှဖို့မလွယ်ပါဘူး။

၂။ ပညာရေး (Education)

တချို့အလုပ်တွေက အချိန်၊ အသက်အရွယ်၊ ကျန်းမာသန်စွမ်းမှု စသဖြင့် အကန့်အသတ်တွေရှိတယ်၊ ဘောလုံးသမား တစ်သက်လုံး ကန်နေလို့ မရဘူး၊ အဆိုတော်၊ မင်းသားမင်းသမီး တစ်သက်လုံး ဒီအသံ၊ ဒီမျက်နှာအတိုင်း ရှိနေမှာ မဟုတ်ဘူး။

ကိုယ်နဲ့အမြဲအတူရှိနေမှာ၊ ဘယ်တော့မှ အိုမင်းမသွားမှာကတော့ ပညာပဲ။ စိတ်ဝင်စားစရာ ကောင်းတာလေးတစ်ခု ဖတ်ဖူးတယ်။ အင်္ဂလန်က ဘောလုံးသမားတွေနဲ့ ဂျာမနီက ဘောလုံးသမားတွေကို ယှဉ်ပြောထားတာ။ ဘာလဲဆိုတော့ အင်္ဂလန်က ဘောလုံးသမားတွေဟာ ကစားသမားဘ၀က အနားယူပြီးရင် ထွန်းထွန်းပေါက်ပေါက် ဖြစ်လာသူနည်းတယ်တဲ့။ အများစုက ဘောလုံးဝေဖန်သူ၊ အစီအစဉ်တင်ဆက်သူလောက်ပဲ ဖြစ်လာကြတယ်။ ဂျာမနီဘောလုံးသမားတွေကတော့ ဒီလိုမဟုတ်ဘူး၊ စီမံခန့်ခွဲမှုရာထူးမျိုးတွေပါ ယူနိုင်ကြတယ် တဲ့။ ဘာလို့ အဲ့လိုကွာသွားတာလဲဆိုတော့ ဂျာမနီဘောလုံးသမားတွေက ဘောလုံးကန်နေစဉ်မှာကိုပဲ ပညာရေးကို လျစ်လျူရှုမထားဘဲနဲ့ ဒီဂရီတခုခုရအောင် ယူထားတတ်ကြလို့ ဖြစ်ပါတယ်။ ဒီတော့ ဘောလုံးသမားဘ၀က အနားယူတဲ့အခါမှာလည်း ပညာအားနဲ့ အောင်မြင်တဲ့ဘ၀တစ်ခုကို ရနေကြတာပါ။

ဒါကြောင့် ကိုယ်က နဂိုကတည်းက ပညာကိုအခြေခံပြီး အသက်မွေးဝမ်းကျောင်း ပြုနေသူဆို ကိစ္စမရှိပေမယ့် အဲဒီလိုသာ မဟုတ်ခဲ့ဘူးဆိုရင်တော့ ပညာရေးကိုလည်း အာရုံစိုက်ထားဖို့ လိုပါလိမ့်မယ်။ ဘွဲ့လက်မှတ်ရဖို့ထက် ဒီခေတ်မှာ အောင်အောင်မြင်မြင် အလုပ်လုပ်နိုင်ဖို့က ပညာတတ်မှကို ရတော့မယ့်သဘော ဖြစ်နေလို့ပါ။

၃။ အစွဲအလမ်းတွေ လျှော့ဖို့ (Let go of attachments)

ကားပါကင်ပြဿနာကြုံတွေ့နေရတဲ့ ရန်ကုန်မှာ တစ်ခါတစ်လေဆို လိုရာခရီးကို ရောက်နေပေမဲ့ အဲဒီပါလာတဲ့ကားကို ရပ်စရာနေရာမရှိလို့ တ၀ဲလည်လည်ရှာနေရတဲ့အဖြစ်မျိုး ကြုံရတတ်တယ်။ ကိုယ်ပိုင်ကားနဲ့မလာဘဲ တက္ကစီစီးလာတာက ရပ်စရာနေရာရှားပါးနေတဲ့ ခုလိုအချိန်မှာ ပိုအဆင်ပြေတတ်ပါတယ်။

ဘ၀ဆိုတာလည်း ဒီလိုပါပဲ။ ကိုယ်ပိုင်ကားလို့ခေါ်တဲ့ အနှောင်အဖွဲ့တစ်ခု ပါလာခဲ့ရင် လိုရာခရီးကိုရောက်ဖို့ အဆုံးသတ်မှာ နှောင့်နှေးနေတတ်သလို သံယောဇဉ်တွေ အစွဲအလမ်းတွေ များနေခဲ့ရင်လည်း လူ့ဘ၀ရဲ့အဆုံးသတ်မှာ ဒုက္ခရောက်တတ်ပါတယ်။ ဒါကြောင့် အဲဒီအစွဲအလမ်းတွေကို လျှော့နိုင်သလောက် လျှော့ပြီး ကိုယ့်ဘ၀ကိုကိုယ် လှလှပပ အဆုံးသတ်နိုင်ဖို့ အားထုတ်ကြစေချင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၉.၁.၂၀၁၇ (005/17)

Credit:  Dr. ဖြိုးသီဟ´s Page

No comments: