Monday, October 3, 2011

အချစ်ဆိုတာ ဘာလဲ?

ကျွမ်းကျင်သူပညာရှင်တစ်စုက အသက်(၄)နှစ်က (၈)နှစ်အရွယ်ထိ ကလေးတွေကို
"အချစ်ဆိုတာ ဘာလဲ?" ဆိုတဲ့မေးခွန်း ကို မေးခဲ့ကြတယ်။
လူတွေထင်မှတ်မထားလောက်တဲ့ ကလေးတွေရဲ့ ကျယ်ပြန့်လေးနက်တဲ့အဖြေကို တွေ့ခဲ့
ရပါတယ်။ သင့်ရော.. အချစ်ကို ဘယ်လိုသတ်မှတ်ထားသလဲ?

(၁) သမီးရဲ့ဘွားဘွားက အဆစ်ရောင်ရောဂါရှိတယ်။ သူက
ခါးကုန်းပြီးခြေသည်းမညှပ်နိုင်ဘူး။ ဒါကို ဘိုးဘိုးကညှပ် ပေးတယ်။
ဘိုးဘိုးက သူ့လက်ဆစ်ရောင်တာကိုတောင်မမူဘဲ လုပ်ပေးတယ်။ ဒါဟာ အချစ်ဖြစ်တယ်။
--- Rebecca (၈)နှစ်

(၂) လူတစ်ယောက်က သင့်ကိုချစ်မိပြီဆိုရင် သင့်နာမည်ကိုခေါ်တဲ့
သူ့အခေါ်ကပြောင်းသွားတယ်။ သူ့ပါးစပ်ကနေထွက် လာတဲ့ သင့်နာမည်က
သင့်ကိုခံစားမှုကောင်းတွေပေးတယ်။ --- Billy (၄)နှစ်

(၃) အချစ်ဆိုတာ မိန်းကလေးက ရေမွှေးဆွတ်၊ ယောက်ျားလေးက
အော်ဒီကလုံးရေမွှေးဖြန်း.. အဲဒီနောက် သူတို့ချိန်း တွေကြပြီး အချင်းချင်း
အနံ့ခံကြတာဖြစ်တယ်။ ---- Carl (၅)နှစ်

(၄) အချစ်ဆိုတာ အပြင်ထွက်အစာစားချိန် သင်က
သင့်ရဲ့အာလူးချောင်းကြော်တွေကို တစ်စုံတစ်ယောက်ကို ပေးလိုက် တယ်။
အဲဒီတစ်စုံတစ်ယောက်က သူ့ရဲ့အစားအစာတွေ သင့်ကိုပြန်ပေးမပေးဆိုတာကို
သင်ဂရုမစိုက်ခဲ့ဘူး။ ----- Krist (6)နှစ်

(၅) အချစ်ဆိုတာ သင်ပင်ပန်းတဲ့အချိန် သင့်ကိုပြုံးစေ၊
ရယ်မောစေတဲ့အရာဖြစ်တယ်။ --- Terry (၄)နှစ်

(၆) အချစ်ဆိုတာ မေမေကဖေဖေကို ကော်ဖီဖျော်ပေးပြီး ဖေဖေ့ကိုမပေးခင်
အရသာကောင်းမကောင်း တစ်ငုံအရင် သောက်ကြည့်တာဖြစ်တယ်။ --- Danny (၇)နှစ်

(၇) အချစ်ဆိုတာ သင်တို့အချင်းချင်း နမ်းရှုံ့ကြတယ်။ အဲဒီနောက်
နမ်းရှုံ့ဖို့ကို သင်တို့ငြီးငွေ့သွားကြတယ်။ ဒါပေမဲ့ သင်တို့
အတူရှိနေကြတယ်။ သင်တို့စကားတွေ အများကြီးပြောကြတယ်။ ဖေဖေနဲ့မေမေက
အဲဒီလိုပဲ။ သူတို့နမ်းတဲ့အခါ မြင်ရသူ အဖို့ အရမ်းညစ်ပတ်တယ်။ --- Emily
(၈)နှစ်

(၈) အချစ်ဆိုတာ သင့်အခန်းထဲမှာ သင်ခရစ္စမတ်လက်ဆောင်ဖြည်နေတဲ့အချိန်
ဖြည်နေတာကိုရပ်ပြီး သင့်ကို နားစွင့်စေ တဲ့အရာဖြစ်တယ်။ --- Bobby (၇)နှစ်

(၉) တကယ်လို့ ပိုချစ်တတ်အောင် သင်, သင်ယူချင်ရင် သင်မုန်းတဲ့လူကနေ စပြီး
သင်ချစ်သင့်တယ်။ --- Monica (၆)နှစ်

(၁ဝ) အချစ်ဆိုတာ ကောင်လေးတစ်ယောက်ကို နင်ဒီအင်္ကျီနဲ့အရမ်းလိုက်တယ်လို့
သင်ပြောပြီးတဲ့နောက် သူဟာအဲဒီအင်္ကျီ ကို နေ့တိုင်းဝတ်နေတာပဲဖြစ်တယ်။ ---
Noel (၇)နှစ်

(၁၁) အချစ်ဆိုတာ အဘွားအိုလေး၊ အဘိုးအိုလေးနဲ့တူတယ်။ သူတို့ဟာ
အချင်းချင်းဘယ်လောက်ပဲ နားလည်နားလည် သူတို့ဟာသူငယ်ချင်းပဲဖြစ်တယ်။----
Tommy (၆)နှစ်

(၁၂) စန္ဒားယားဖြေဖျော်တဲ့စင်ပေါ်မှာ ကျွန်မတစ်ယောက်ထဲ၊
ကျွန်မအရမ်းစိတ်လှုပ်ရှားနေတယ်။ စင်အောက်ကိုကြည့် တော့
စင်အောက်ကလူတွေအားလုံး ကျွန်မကိုကြည့်နေတယ်။ ဖေဖေကို
ကျွန်မလှမ်းမြင်လိုက်တယ်။ ဖေဖေက လက်ဝှေ့ ယမ်းပြီး ပြုံးပြတယ်။
ဖေဖေတစ်ယောက်ပဲ ကျွန်မကို ဒီလိုလုပ်ပြတယ်။ ကျွန်မ မကြောက်ရွံ့တော့ဘူး။
----- Cindy (၈)နှစ်

(၁၃) မေမေက တခြားလူတွေထက် ကျွန်မကို ပိုချစ်တယ်။ ကျွန်မကို နမ်းပြီး
အိမ်မောကျစေတာ မေမေတစ်ယောက် တည်းပဲရှိတယ်။ ---- Claire (၆)နှစ်

(၁၄) အချစ်ဆိုတာ အကောင်းဆုံးကြက်သားတစ်တုံးကို မေမေက ဖေဖေ့ပန်းကန်ထဲ
ထည့်ပေးတဲ့အချိန်ဖြစ်တယ်။ ---- Elaine (၅)နှစ်

(၁၅) အချစ်ဆိုတာ ချွေးတွေနဲ့ တစ်ကိုယ်လုံးနံစော်နေတဲ့ဖေဖေကို မေမေက
Charles Robert Redford ထက်ပိုချောတယ် လို့ ပြောတာဖြစ်တယ်။ --- Christine
(၇)နှစ်

(၁၆) အချစ်ဆိုတာ သင့်ခွေးကလေးကို သင်တစ်နေကုန်ပစ်ထားပြီး
ဂရုမစိုက်ခဲ့လည်း သင့်ခွေးကလေးက သင့်ပါးကို လာ လျက်နေတုန်းဖြစ်တယ်။---
Mary Ann (၄)နှစ်

(၁၇) ကျွန်မရဲ့မမ ကျွန်မကိုချစ်မှန်း ကျွန်မသိတယ်။ မမက
သူ့အဝတ်အစားဟောင်းတွေ ကျွန်မကိုပေးပြီး သူက အဝတ် အစားအသစ်
မဖြစ်မနေထွက်ဝယ်ရတယ်။ ---- Lorine (၄)နှစ်

(၁၈) လူတစ်ယောက်ကို သင်ချစ်မိတဲ့အခါ သင်မျက်လုံးက မှိတ်တုတ်မှိတ်တုတ်နဲ့
မျက်လုံးထဲကနေ ကြယ်တွေထွက်လာ တာဖြစ်တယ်။ ---- Kiven (၇)နှစ်

(၁၉) အချစ်ဆိုတာ မေမေက ဖေဖေ့ကိုအိမ်သာထဲမှာတွေ့သည့်တိုင် မေမေက
ဒါကိုရွံ့စရာကောင်းတယ်လို့ မထင်တာ ဖြစ်တယ်။--- Mark (၆)နှစ်

(၂ဝ) "နင့်ကိုငါချစ်တယ်" လို့ မပြောပါနဲ့။ တကယ်လို့ သင်ပြောခဲ့ပြီဆိုရင်
ဒါကိုသင်တကယ်လုပ်တော့မှာပါ။ တကယ်လုပ်ပြီ ဆိုတာနဲ့ "နင့်ကိုငါချစ်တယ်"လို့
မကြာခဏ သင်ပြောသင့်ပါတယ်။ လူတွေက ဒါကိုအမြဲမေ့နေခဲ့လို့ပါ။ ---- Jessica
(၈)နှစ်

(၂၁) စာရေးဆရာတစ်ဦးက ပြိုင်ပွဲတစ်ခုမှာ သူဒိုင်လူကြီးလုပ်ခဲ့တဲ့
အတွေ့အကြုံကို ပြောပြတယ်။ အဲဒီပြိုင်ပွဲက ချစ်စိတ် အရှိဆုံးကလေးကို
ရွေးထုတ်တာဖြစ်တယ်။ နောက်ဆုံးမှာ (၄)နှစ်အရွယ်ကလေးတစ်ယောက်
အရွေးခံလိုက်ရတယ်။ အဲဒီ ကလေးငယ်ရဲ့အိမ်နီးချင်းက အသစ်ပြောင်းလာတဲ့
အဘိုးအိုတစ်ဦးဖြစ်တယ်။ တစ်နေ့မှာ အဘိုးအိုငိုနေတာကို ကလေး ငယ်ကမြင်တော့
အဘိုးအိုရဲ့ခြံထဲဝင်ပြီး အဘိုးအိုရဲ့ပေါင်ပေါ်ထက်ထိုင်နေလိုက်တယ်။
နောက်တော့ ကလေးငယ်မေမေက ကလေးငယ်ကိုမေးတယ်။ အဘိုးအိုကို
ဘာတွေသွားပြောသလဲဆိုတော့ ကလေးငယ်က "ဘာမှမပြောပါဘူး... သူ့ကို
ကူငိုပေးလိုက်တယ်"လို့ ပြောခဲ့တယ်။

မူရင်း-- http://www.douban.com/group/topic/19554426/

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

No comments: