Thursday, December 6, 2018

"သည်းမခံသင့်သောအရာများ"



ကျွန်တော်သည် ၁၉၉၅ မှစကာ ဧည့်လမ်းညွှန် ( Tour Guide ) အဖြစ်ဆောင်ရွက်ခဲ့ရာ အနှစ် ၂၀ ကျော်ကာလအတွင်း နိုင်ငံခြားသား (အထူးသဖြင့် အနောက်တိုင်းသားများ) များစွာနှင့် လက်ပွန်းတနှီး အနီးကပ်နေထိုင်သွားလာခဲ့ရပါသည် ။ တိုးဂိုဒ် အလုပ်မလုပ်ခင်ကလည်း ရန်ကုန်မြို့ Summit Park view ဟိုတယ်တွင် အလုပ်လုပ်ကိုင်ခဲ့သေးရာ စင်္ကာပူနှင့်မလေးရှားနိုင်ငံသား အထက်လူကြီးများနှင့် လည်းလုပ်ငန်းခွင်တွင်ကြုံတွေ့ ခဲ့ ဖူးလေသည် ။ ဆိုလိုရင်းမှာ နိုင်ငံခြားသားများနှင့်ပတ်သက်၍ အရှေ့တိုင်းသား ၊အနောက်တိုင်းသားစသည်ဖြင့် လူမျိုးအတော်စုံစုံ ပြောဆိုဆက်ဆံတွေ့ ကြုံဖူးခြင်းဖြစ်ပါသည် ။ ထိုအခါတွင်သတိထားမိလာသော အချက်မှာ နိုင်ငံခြားသားတော်တော်များများသည် မြန်မာလူမျိုးတော်တော်များများလို အားနာတတ်သော စိတ်ထားမရှိခြင်းဖြစ်သည် ။ သူတို့စိတ်ထဲဝယ် မဖြစ်သင့် မဖြစ်ထိုက်ဖူးဟု ထင်မြင်ယူဆသောကိစ္စများကို အားမနာတမ်းဝေဖန်ပြောဆိုလေ့ရှိပါသည် ။ သည်းမခံနိုင်စရာကိစ္စဆိုလျှင်သည်းခံလေ့မရှိပဲ ချက်ခြင်း စောဒက ( complaint ) တက်လေ့ရှိပါသည် ။သူတို့မှန်သည်ထင်လျှင် မည်သူ့ကိုမဆို ရဲရဲတင်းတင်း ထောက်ပြဝေဖန်လေ့ရှိပါသည် ။ သည်းခံခြင်းအားနာခြင်း သိပ်မရှိပါ ။ ကျွန်တော်အင်္ဂလန်နိုင်ငံသို့ရောက်စဉ် ကျွန်တော့်ကိုဖိတ်ခေါ်သော အင်္ဂလိပ်လူမျိုး မစ္စတာ ကင်ဟတ်ဒီ နေအိမ်၌ နေစဉ် ရေချိုးခန်းအတွင်း နေရောင်ကာယင်းလိပ်ကလေးမှာ ကျွန်တော့်ကြောင့် ပျက်သွားပါသည် ။ အတင်အချလုပ်၍မရတော့ပါ ။

ထိုအခါကျွန်တော်က ထိုယင်းလိပ်မှာ ကျွန်တော့်ကြောင့် ပျက်သွားပါကြောင်း ၊ထိုအတွက်ကျွန်တော်လျော်ပါမည်ဟုပြောလိုက်ပါသည် ။ ကျွန်တော့်စိတ်ထဲတွင် ထိုမျှလောက်သော ပစ္စည်းတခုအတွက် ကျွန်တော့်ထံမှ လျော်ကြေးယူလိမ့်မည်မဟုတ်ဟူယူဆသဖြင့် လျော်ပေးပါမည်ဟုလောက၀တ်သဘောပြောလိုက်ခြင်းဖြစ်ပါသည် ။ တနည်းအားဖြင့် မြန်မာပြီပြီ အိမ်ရှင်အားနာတတ်မည်ထင်ကာ လောကွတ်ချော်မိခြင်းဖြစ်ပါသည် ။ သို့သော် မစ္စတာဟာဒီက ထို ရေချိုးခန်း ယင်းလိပ်ကလေး မည်မျှ တန်ဖိုးရှိကြောင်း အင်တာနက်တွင်ဈေးနှန်းရှာကြည့်ပြီး ကျွန်တော့်ကို ပေါင် ၂၀ လားမသိ လျော်ခိုင်းပါသည် ။ ထိုအခါကျွန်တော်သည်တော်တော်အံ့သြသွားပါသည် ။ ဧည့်သည်ထံမှ အိမ်ရှင်ကအလျော်တောင်းခြင်းသည် အတော်ရိုင်းပျသောအပြုအမူဖြစ်ပါသည် ။ မစ္စတာ ဟာဒီကတော့ ခပ်တည်တည်ပင် ၊ ကျွန်တော့်ပိုက်ဆံကိုယူပါသည် ။ ထိုသို့လျော်ကြေးယူသော်လည်း မူလက ကတိခံထားသော အိမ်ရှင်ဝတ္တရားအတိုင်းနေ့လည်စာ ၊ညစာများကိုတော့ ကျွန်တော့်ကိုကျွေးပါသည် ။ ကျန်သောကိစ္စများမှာလည်းပုံမှန်သာဖြစ်ပါသည် ။ စိတ်ဆိုး၍ အလျော်ယူခြင်းမဟုတ် ၊ ယူသင့်ယူထိုက်သောနစ်နာကြေးအတွက် အလျော်ယူသောသဘောသာဖြစ်ပါသည် ။ ထိုကိစ္စတွင် မြန်မာတို့၏စိတ်နှင့်အတော်ကွာခြားတာကိုသတိထားမိပါသည် ။

         တိုးရစ်ဂိုဒ်ဘ၀တွင်လည်း ဤနည်းနှင်နှင်ကြုံရပါသည် ။မိမိလိုက်လံ ပို့ဆောင်ပြသရသော ကမ္ဘာလှည့်ခရီးသည်များနှင့်မြန်မာပြည်အနှံ့သွားလာရင်း  တိုးရစ်များနှင့် ဧည့်လမ်းညွှန်သည် ငယ်ပေါင်းကြီးဖော် ဆွေမျိုးများသဖွယ် အတော်ခင်သွားပါသည် ။ရင်းနှီးလာပါသည် ။ သူ့ လိပ်စာကိုယ့်ပေး ကိုယ့်လိပ်စာသူ့ပေး တွေဖြစ်လာပါသည် ။ လက်ဆောင်တွေအပြန်အလှန်လဲလှယ်ကြပါသည် ။ ထိုသို့ရင်းနှီးသွားသဖြင့် တိုးရစ်တို့သည် ဂိုဒ်ဘာပဲလုပ်လုပ် ခွင့်လွှတ်လိမ့်မည်ဟု မြန်မာအတွေးမတွေးလေနှင့် ။ တနေ့တာ လည်ပတ်ကြည့်ရှုရမည့် ခရီးလှည့်လည်ရေးအစီအစဉ်စာရွက် ( Tour Itinerary )ထဲတွင် ဥပမာ ဘုရားဆယ်ဆူ သွားရောက်လည်ပတ်ကြဖို့ ရေးထားသည်ဆိုပါစို့ ။ ထိုခ၇ီးစဉ်ထဲတွင် ဂိုဒ်က အချိန်မရ၍ဖြစ်စေ အခြားကြောင်းကြောင့်ဖြစ်စေ သူတို့ကိုကြိုတင်ခွင့်မတောင်းပဲ ကိုယ့်သဘောနှင့်ကိုယ် ဘုရား ၉ ဆူပဲ ပြသပြီး တဆူကိုတော့ သိပ်အရေးမကြီးသဖြင့် ချန်ထားလိုက်သည်ဆိုပါစို့ ။ နိုင်ငံခြားသားတို့သည် သူတို့နိုင်ငံပြန်ရောက်သည်နှင့် ခရီးစဉ်ထဲမှာ စာရင်းပြထားသော လည်ပတ်ရမည့်နေရာ များအနက် ဤနေရာကိုတော့ ဂိုဒ်ကလိုက်မပို့သဖြင့် မရောက်ခဲ့ပါဟု နိုင်ငံခြားမှ ခရီးသွားအေးဂျင့်များကို တရာစွဲခြင်း၊လျော်ကြေးတောင်းခြင်းတို့ နှင့်ကြုံရတော့သည် ။ ထမင်းစားရာတွင်လည်း စာရွက်ထဲတွင် အသားသုံးမျိုးဟုရေးထားပြီး တကယ်စားသောအခါ အသားနှစ်မျိုးပဲဖြစ်နေလျှင် သည်းမခံ ၊ဂိုဒ်ကိုချက်ခြင်းပြောသည် ။

 မိခင်နိုင်ငံပြန်ရာက်လျှင်  ကုမ္မဏီကိုပြန်တိုင်သည် ။ အခြားကိစ္စများမှာလည်းထိုနည်းနှင်နှင် ။ ကျွန်တော်ဧည့်လမ်းညွှန်ဖြစ်ကာစက ကျွန်တော်အလုပ်လုပ်သော ခရီးသွားကုမ္မဏီတွင် အင်္ဂလန်နိုင်ငံမှ နိုင်ငံခြားသား ဧည့်သည်များ ရောက်လာကြသည် ။ ကားဖြင့် ခရီးသွားကြရာတွင် ယခုခေတ်လို ပုဂ္ဂလိက ဓာတ်ဆီဆိုင်များ မရှိ ။ မှောင်ခိုဆီဆိုင်များမှာ ဆီထည့်ကြရသည် ။ ပန့်တွေဘာတွေ နှင့် ထည့်ကြသည်မဟုတ် ။ ကားထဲရှိဓာတ်ဆီတိုင်ကီအဖုံးကိုဖွင့်ပြီး ပုံးလိုက်လောင်းထည့်ကြရသည် ။ ထိုသို့ဓာတ်ဆီထည့်နေသောနေရာအနီးတွင် ကားဒရိုက်ဘာသည် ဆေးလိပ်ထိုင်သောက်နေသည် ။ ထိုသို့ဆေးလိပ်သောက်နေသော ပုံကိုတိုးရစ်များကဓာတ်ပုံရိုက်ကြသည် ။ သူတို့နိုင်ငံအင်္ဂလန်ပြန်ရောက်တော့ ထိုဓာတ်ပုံကိုပြကာ သူတို့ကိုအန္တရာယ်ဖြစ်စေသောပေါ့ဆမှု့ဖြ့င် မြန်မာပြည်သို့ လူပို့သောအင်္ဂလန်မှခရီးသွားကုမ္မဏီကိုတရားစွဲသည် ။ လျော်ကြေးအတော်ပေးလိုက်ရသည် ။ သူတို့ဆီတွင် ဆရာဝန်ကမှားလျင်လည်းတရားစွဲသည် ။ ရဲတပ်ဖွဲ့က မှားယွင်းဖမ်းဆီးလျှင်လဲတရားစွဲသည် ။ စားသောက်ဆိုင်ကအစားအသောက် ညံ့လျှင် အသစ်ပြန်လဲခိုင်းသည် ( ငန်လွန်းခြင်း ၊ စပ်လွန်းခြင်း ၊ မူလကြေညာထားသလိုမဟုတ်ခြင်း၊အသားများ မလတ်ခြင်း စသည် ) ။ လဲမပေးပါက ငွေပြန်အမ်းခိုင်းသည် ။ ငွေမရှင်းနိုင်ဟုပြောကြသည် ။ပုဂံ ၊ မန္တလေး၊ရန်ကုန် စသည့်တိုးရစ်အလာများသည့် မြို့များမှ စားသောက်ဆိုင်များ ထိုသို့မကြာခနကြုံဖူးသည် ။  စားသုံးသူအခွင့်အရေးသူတို့ဆီမှအခိုင်အမာရှိသည်။ ဥပဒေက စားသူသူကိုအခိုင်အမာကာကာကွယ်ပေးထားသည် ။ အိမ်နီးနားချင်းမှ ဆူညံသံပြုလုပ်လျှင်တရားစွဲသည် ။ နိုင်ငံခြားသားများသည် နိုင်ငံသားရပိုင်ခွင့်နှင့်ဖြစ်စေ ၊ လူတဦးချင်း ပုဂ္ဂလိကနစ်နာမှုအတွက်ဖြစ်စေ မည်သူ့ကိုမှ အားနာခြင်း၊သည်းခံခြင်း မရှိပဲ မိမိရပိုင်ခွင့်ကိုတိတိကျကျတောင်းဆိုလေ့ရှိကြောင်းသိရပါသည် ။

           နိုင်ငံခြားသားများသည် အရာရာခေါင်းငုံ့ ကာသည်းခံတတ်သောအလေ့အထမရှိ ။ ပေးရတာနှင့်ထိုက်တန်သောဝန်ဆောင်မှုကိုအမြဲတောင်းခံသည် ။ မရလျှင်တိုက်ပွဲဝင်သည် ။ ထိုအကျင့်များကြောင့် မြန်မာနိုင်ငံရှိ စားသောက်ဆိုင်များ၊ဟိုတယ်များသည် နိုင်ငံခြားသားကိုဝန်ဆောင်မှုပေးလျှင် သေသေချာချာဂရုစိုက်ကြသည် ။ ငိုလွန်းသောကလေး နို့ စို့ ရသည်ဆိုသလိုပင် ကွန်ပလိန်းတက်လွန်းသော ဧည့်သည်မှာ ပိုမိုကောင်းမွန်သောဝန်ဆောင်မှုကိုရသည် ။ သူတို့ကိုကရော်ကမယ်မလုပ်ရဲကြပေ ။  မြန်မာတွေသည် သဘောကောင်းတာနှင့် အားနာတာနှင့် ကိုယ့်အခွင့်အရေးကိုယ်တောင်းတာကို ရောရောထွေးထွေးမှတ်ထင်နေကြသည် ။ ကိုယ့်အခွင့်အရေးကိုကိုယ်တောင်းရမှန်းမသိ ။ အလွန်အားနာကြသည် ။ လိုတာရော မလိုတာရော သည်းခံလေ့ရှိသည် ။ ထိုအခါ ၀န်ဆောင်မှုပေးသူ ၊ ကုန်စည်ရောင်းချသူ  ဘက်က တာဝန်ယူမှုတာဝန်ခံမှု မရှိတော့ပဲ ထင်တိုင်းကြဲလာနိုင်လာသည် ။ လုပ်၍ရသဖြင့် လုပ်ချင်တိုင်းလုပ်လာကြသည် ။နင်း၍ရဖြင့် ဖိပြီးနင်းလာကြလေသည် ။မြန်မာ့စိတ်ရင်းသည်းခံခြင်းသည်ကောင်း၏ ။ သို့သော် အရာခပ်သိမ်း ကောင်းသည်မဟုတ် ။ သည်းခံသင့်သော ကိစ္စကိုသာသည်းခံ၍ သည်းမခံသင့်သော ကိစ္စများကို နိုင်ငံခြားသားများလို တရားဝင် ရဲရဲဝံ့ဝံ့ ရင်ဆိုင်တုန့်ပြန်ရမည်ဖြစ်သည် ။ သည်းမခံသင့်သောအရာများ ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်တုန့်ပြန်ရမည် ။

                      ထားဝယ်တွင် ၂၀၁၈ နိုဝင်ဘာ ၁၅ ရက်နေ့က ကိုးတန်းကျောင်းသားတဦးကိုရဲက မသင်္ကာမှုဖြင့် ဖမ်းဆီးကာထိုးကြိတ်စစ်ဆေးမှုဖြစ်ခဲ့သည် ။  ထားဝယ်ဆေးရုံဝင်းအတွင်း(၀န်ထမ်းအိမ်ရာ)တွင်နေထိုင်သည့် ကျောင်းသားသည်မိခင်နှင့်စိတ်ဆိုးပြီးအိမ်ပေါ်မှလာချိန်တီဘီရောဂါဓာတ်ခွဲခန်းအနီး အရောက်တွင် ရဲတပ်ဖွဲ့ ဝင်လေးဦးပါ သည့်အဖွဲ့ကမသင်္ကာမှုဖြင့်ဖမ်းဆီးခဲ့ကြောင်း ကျောင်းသား၏ဖခင် ဦးကျော်စိုးမိုးက ဆိုသည် ။ ဖမ်းဆီးခံရသူကိုဆိုင်ကယ်ပေါ်တက်ခိုင်းစဉ်ခေါင်းကိုရိုက်နှက်ပြီး ဆေးရုံအချုပ်ခန်းထဲရောက်ချိန်တွင် လက်ထိပ်ခတ်ကာမျက်နှာကို လေးချက်ခန့်ထိုးခဲ့ကြောင်း သားဖြစ်သူ ကပြန်ပြောခဲ့သည်ဟုဖခင်ကဆိုသည် ။ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်လေးဦးတွင် အရာရှိတဦးတည်းကသာ ထိုးကြိတ်ခြင်းဖြစ်ပြီး အဆိုပါအရာရှိမှာ အရက်မူးနေကြောင်းကျောင်းသား၏ဖခင်ဦးကျော်စိုးမိုးကဆိုသည် ။  ရဲစခန်းကအကြောင်းကြားသဖြင့်သားဖြစ်သူ ကိုရဲစခန်းတွင်ခံဝန်ဖြင့် သွားထုတ်ခဲ့ရပြီး သားဖြစ်သူတွင် မျက်စေ့ဖူးရောင်ဒဏ်ရာ နှင့်နားထင်တွင် ဒဏ်ရာများရှိနေကြောင်း ဖခင်ဖြစ်သူကပြောသည် ။ထားဝယ်မြို့မရဲစခန်းမှူးကမူ အဆိုပါကျောင်းသား၏ မျက်လုံးတွင်ရရှိသောဒဏ်ရာမှာ သီးခြားထိုးကြိတ်ခြင်းမဟုတ်ပဲ ဆွဲရင်းရုန်းရင်း ထိခိုက်မိခြင်းဟုဆိုကာ

“ထိန်းသိမ်းတဲ့အချိန်မှာ မေးတာလည်းမပြောဘူး ၊မချေမငံဆက်ဆံတဲ့သဘောလည်းရှိတယ် ။ခေါင်းစွပ်အမည်းကိုဆွဲချွတ်ချိန်မှာ မျက်လုံးကိုထိခိုက်မိတဲ့သဘောရှိတယ် “ ဟုဆင်ဝှေ့ ရန်ရှောင် ၊ ထမင်းရည်ပူလျှာလွှဲဆိုသည် ။တည့်တည့်ပြောရလျှင်စခန်းမှူးသည် မိမိဘက်တော်သား ရဲများ အပြစ်ပေါ့စေရန် မခိုင်လုံသောဆင်ခြေကိုပေးခဲ့ခြင်းဖြစ်သည် ။ထိုသို့ ယုတ္တိမရှိကာကွယ်ပြောနေသူများကိုလည်း အပြစ်ပေးသင့်သည်။  လူတယောက်၏အင်္ကျီခေါင်းစွပ်ကို ဆွဲဖယ်ရာတွင် မျက်စေ့ဖူးရောင်ဒဏ်ရာရနိုင်စရာမရှိ ၊။  နားထင်တွင်ဒဏ်ရာများ ရစရာမရှိပေ ။တဖန်မေးခွန်းကို မဖြေချင်လျှင်မဖြေပဲနေနိုင်ခွင့်လည်း ထိမ်းသိမ်းခံရသူတွင်ရှိသည် ။ ထိုသို့မဖြေသည့်အတွက် ရိုက်နှက်ညှဉ်းပန်းမှုပြုခွင့်ရဲတွင်မရှိပေ ။ ရဲလက်စွဲဥပဒေ အခန်း(၃) ချုပ်နှောင်ထားခြင်း  (CM 403) တွင် ရှေ့နေသည် ချုပ်ရမန်မပေးရန်ကန့်ကွက်နိုင်သည် ။ အာမခံပေးရန် နှင့်အခြား လျောက်ထားချက်များကိုပြုလုပ်ခွင့်ရှိသည် ။  ရဲကနှိပ်စက်လျှင်အရေးယူပေးရန် တရားသူကြီးအားတင်ပြနိင်သည် ဟူ၍ပါသည် ။ထို့အပြင် ဖမ်းဆီးခံနေရချိန်တွင် ပြင်ပဧည့်သည် ၊
မိတ်ဆွေ ၊ ရှေ့နေတို့နှင့်တွေ့ ဆုံခွင့်ရှိသည် ၊ဥပဒေအကြံဥာဏ်ရယူခွင့်ရှိသည် ဟုလည်းပြဌာန်းထားပါသည် ။

ထို့အပြင် ဖမ်းဆီးခံရသူသည် န၀မတန်းကျောင်းသားအရွယ်သာရှိသေးသောကြောင့် ကလေးသူငယ် ဥပဒေအရပေးအပ်သောအခွင့်အရေးများကိုရထိုက်ပေသည် ။ ရဲကလူတယောက်ကိုမသင်္ကာတိုင်း ဖမ်းဆီး ထိုးကြိတ် နှိပ်စက်ခွင့်မရှိ ။ ရဲတပ်ဖွဲ့ဝင်များသည် တာဝန်ချိန်တွင်အရက်သေစာသောက်စားခွင့်မရှိ ။ ထို့ကြောင့် ကလေးမိဘများက ဥပဒေချိုးဖောက်ကာ ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်စက်သော ရဲ ကို အမှုဖွင့်အရေးယူရမည်ဖြစ်သည် ။သည်းခံခြင်းသည် ဤနေရာတွင်ဆောင်ရွက်ရမည့်ကိစ္စမဟုတ် ။ မြန်မာလူမျိုးတို့၏သည်းခံခြင်း ၊ ပြီးလွယ်စီးလွယ် ရှိစေခြင်း ၊ သံသရာမရှည်ချင်ခြင်း၊ရုံးပြင်ကနားမရောက်လိုခြင်းတို့သည် ဥပဒေစိုးမိုးရေးတာဝန်ရှိသူများ တစတစထင်ရာစိုင်းရန်  အားပေးအားမြှောက်ပြုပေးသလိုရှိနေပါသည် ။ ဥပဒေချိုးဖောက်သောရဲများကို ပြည်သူလူထုက လက်သင့်မခံဖို့လိုသည် ။ တော်လှန်ကြဖို့လိုသည် ။ နှိပ်စက်ပြီးမှတောင်းပန်တာကိုလက်သင့်မခံကြဖို့လိုသည် ။ ယခင်ကလည်း ရဲစခန်းများတွင်တရားခံကို စစ်ဆေးစဉ်လူသေဆုံးမှု မကြာခနရှိခဲ့ဖူး၏။ ယခုအမှုတွင် နိုဝင်ဘာ ၁၆ နေ့လည်ပိုင်းက ထားဝယ်ရဲစခန်းမှ ဒုရဲအုပ်တဦး နှင့်ရဲတပ်ကြပ်တဦးတို့က ကျောင်းသား၏အဒေါ်ဖြစ်သူ ထမင်းဆိုင်သို့  လာရောက်ပြီးတောင်းပန်ခဲ့သည်ဟု ဦးကျော်စိုးမိုးကဆိုသည် ။

“အမှုတော့မလုပ်ချင်ပါဘူး ၊ သံသယရှိတိုင်း ခေါ်ပြီးရိုက် စစ်လို့  ရလားလို့  ရိုက်တဲ့သူကိုမေးချင်တယ် “ ဟုဖခင်ဖြစ်သူကပြောခဲ့သည် ။ ဤသို့သည်းခံသူများလေလေ ၊ နောင်အနာဂါတ်တွင်ပြည်သူလူထုကို စိတ်ကြိုက် ထင်သလို နှိပ်စက်ခွင့်ပေးသလိုဖြစ်လေလေဖြစ်ပေမည် ။ ဤနှိပ်စက်ခံရသောကလေးသည် စင်္ကာပူနိုင်ငံ ၊ အမေရိကန်နိုင်ငံ ၊ ဥရောပနိုင်ငံများ၌ ဖြစ်ခဲ့လျင် မည်သည့်မိဘမှ သည်းခံလိမ့်မည်မဟုတ် ။ ထိုသို့ တဦးချင်းက သည်းမခံသည့်အတွက် ထိုနိုင်ငံများတွင် မည်သည့်ရဲမှ ဥပဒေမဲ့ထင်တိုင်းကြဲမှုမပြုဝံ့ကြပေ ။ မြန်မာပြည်မှာတော့ ပြည်သူလူထု၏သည်းခံမှုတွေသည် နောင်အမှုတွေဆက်ကာဆက်ကာဖြစ်အောင် အားပေးကူညီသလိုရှိနေပါတော့သည် ။ အလုံတွင်လည်း လက်ကိုင်ဖုန်းခိုးသူ အဖြစ်မသင်္ကာဟုဆိုကာ လုပ်ငန်းရှင်တဦးကို ရဲကဖမ်းဆီးနှိပ်စက်မှုဖြစ်ခဲ့လေသည် ။ ထိုကိစ္စတွင်လည်း ပြီးပြီးရောသဘောထားမလား ။ နောင်ထိုသို့ မှားယွင်းဖမ်းဆီးမှု နှိပ်စက်မှတို့မဖြစ်စေရန် သည်းမခံသင့်သည့်နေရာ မှာသည်းမခံပဲ တန်ပြန်တရားစွဲမည်လားဆိုတာစဉ်းစားကြဖို့ကောင်းသည် ။ထိုသို့သော အမှုမျိုးတနိုင်ငံလုံးမှာ ရှိသည်။ မတရားအမှုဆင်ကာမူးယစ်ဆေးဝါးအမှုဖြင့် စွပ်စွဲခံရသောသားဖွားဆရာမလေး၏အမှုတွင်လည်း အာမခံရပြီဆိုသော်လည်း အမှုဆင်ချောက်ချတိုင်ကြားသူကို သက်ဆိုင်ရာကယနေ့တိုင် မဖော်ထုတ်ပေးသေးပေ ။

     အင်ဒိုနီးရှားတွင် လေယာဉ်ပျက်ကျမှုအတွက် အသက်ဆုံးရှုံးခဲ့ရသည့်ခရီးသည် တဦး၏မိသားစုက ဘိုးရင်းလေယာဉ်ကုမ္မဏီအား တရားစွဲဆိုလိုက်ပါသည် ။ မြန်မာနိုင်ငံတွင် Air Bagan လေယာဉ်ပျက်ကျရာတွင်အသက်ဆုံးရှုံးခဲ့ရှာသော ဧည့်လမ်းညွှန် မနွယ်လင်းရှိန် ၊လေယာဉ်တိုက်မိသဖြင့်သေဆုံးခဲ့သော ဆိုင်ကယ်စီးသူဦးပြားတို့အတွက် မည်သူကိုတရားစွဲမည်နည်း ။ Air Bagan လေကြောင်းကိုတရားစွဲလျှင်ရော တရားရုံးက ထိုအမှုကိုလက်ခံစစ်ဆေးပါမည်လော ။ဖားကန့်တွင်မြေစာပုံပိ၍သေကြသူတွေအတွက်မည်သူ့ ကိုတရားစွဲရမည်နည်း။ EPC ပေါ့ဆသဖြင့် သေဆုံးရရှာသောနစ်နာ သူများအတွက် ပြည်သူလူထုကမည်သူ့ကိုတရားစွဲမည်နည်း ။  မြန်မာ့ထုံးစံ သည်းခံခြင်းနှင့်ပဲ ပြီးပြီးပျောက်ပျောက်အသက်တွေစတေးရမည်လား။ မြန်မာနိုင်ငံရှိ ဆေးရုံဆေးခန်းတို့တွင် ဆရာဝန်၏ပေါ့ဆမှု ၊ သူနာပြုတို့၏ပေါ့ဆမှုကြောင့် အသက်မသေသင့်ပဲသေခဲ့ကြရသော လူနာများစွာရှိသည် ။ ထိုအခါ အမှားအယွင်းလုပ်ခဲ့သောဆရာဝန်ကို မြန်မာ့ထုံးစံ အတိုင်း လူနာ့ကံကဒီလောက်ပဲပါလာတာ သေကံပါလို့ပဲမှတ်ပါတယ်ဟုကြိတ်မှတ်ခံကြသူများသည် ။

နိုင်ငံတကာမှာတော့ဆိုးရွားသောမှားယွင်းကုသမှုကြောင့်လူသေခဲ့လျှင် မည်သူကမှ ခွင့်လွှတ်သည်းခံလေ့မရှိကြ ။ ပြစ်မှုကြောင်း။တရားမကြောင်းများဖြင့်တရားစွဲကြသည် ။ ကြီးစွာသော ထောင်ဒဏ် ၊ငွေဒဏ်တွေ ၊ ဒေါ်လာသန်းနှင်ချီသောလျော်ကြေးတွေပေးကြရသည် ။ထိုအခါမည်သည့် ဆရာဝန်မှ နမော်နမဲ့မလုပ်ရဲတော့ ။အဆင့်တိုင်းမှာ မှတ်တမ်းမှတ်ရာအတိအကျနှင့် သေသေချာချာ အလုပ်လုပ်ကြသည် ။ မြန်မာနိုင်ငံမှာ ခွဲစိတ်ခန်းထဲတွင် လူနာဗိုက်ထဲကတ်ကြေးကျန်ခဲ့တာ ၂၆ နှစ်ကြာမှ သိရသည် ။ ဘာမှတာဝန်ယူမှုတာဝန်ခံမှုမရှိ ။ ခွဲစိတ်ရင်းဗိုက်ထဲတွင် ပစ္စည်းတခုကျန်ခဲ့သဖြင့် ပြန်ခွဲရတာမြန်မာနိုင်ငံ ဆေးရုံဆေးခန်းတွေမှာ ဖန်တရာတေနေသောဖြစ်ရပ်များဖြစ်သည် ။ ဒါတွေကို ကျွန်တော်တို့သည် သည်းခံသင့်ပါရဲ့လား။ ဗုဒ္စဘာသာတရားတော်အရသည်းခံခြင်းဆိုသည်မှာ ဘာတွေပဲဖြစ်ဖြစ် လူနုံလူအတွေလိုခံနေကြဆိုသည့်အဓိပါယ်မျိုး မဟုတ်ချေ ။ ဗုဒ္စဘာသာအယူအဆအရ ကံကံ၏အကျိုးကိုတကယ်ယုံခဲ့သည်ဆိုလျှင် အရာရာကိုအတိတ်ကံကိုလွှဲချနေမည့်အစား ၊မတရားမှုကိုလက်မခံသောကံ၊ တရားစွဲခြင်းဆိုသောကံ ၊ လျော်ကြေးတောင်းခြင်းဆိုသောကံများကို မိမိဘက်က ပြုလုပ်လိုက်ပါက မတော်မတရားမလုပ်ရဲတော့ခြင်းဆိုသည့်ကံ၏အကျိုး ၊ လူလူခြင်း အနိုင်အထက်ပြုမှုနည်းပါးသွားခြင်းဆိုသည့်ကံ၏အကျိုးများကို ခံစားကြရပေလိမ့်မည် ။

သာယာဝပြောသောလူ့ဘောင်ဟူသည့် အကျိုး၊တရားဥပဒေစိုးမိုးခြင်းဟူသည့်အကျိုးဆက်တို့ကို ရရှိပေလိမ့်မည်။ သောင်းကျန်းနေသောကျားဆိုးကို မကိုက်ပါရန်အသနားခံနေခြင်းသည် ကံကံ၏အကျိုးမဟုတ် ၊ ထိုကျားထွက်ပြေးသွားအောင် သေနတ်ဖြင့်ပစ်ခြင်း ၊ ဒူးလေးဖြင့် ပစ်ခြင်း ၊ မီးဖြင့် ခြောက်ခြင်း တို့သည်သာ ကျားပြေးစေသော ကံများဖြစ်သည် ။ ဘာမှမလုပ်ပဲ ငုတ်တုတ်ခံနေခြင်းသည် ရှေးဘ၀ကကံကိုသာ အားကိုးနေခြင်းဖြစ်၍ ဤဘ၀၌ ထိုက်သင့်သော တန်ပြန်တိုက်စစ်ဆင်ခြင်းသည် ကံအသစ်များကို ပြုလုပ်နေခြင်းဖြစ်သည် ။ ထိုသို့ပြုလုပ်ပါက ကံ၏အကျိုးတရား အသစ်များပေါ်ထွန်းလာပါလိမ့်မည် ။ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ကံနှင့်တမလွန်ဘ၀ စာအုပ်တွင် ကံအမျိုးမျိုးအကြောင်းကို ရှင်းလင်းပြတ်သားစွာ ရေးသားထားပါသည် ။နိုင်ငံကျော်ဆရာတော်ကြီး တပါးဆွမ်းခံကြွရာလမ်းတွင် ကျွဲဆိုးတကောင်သောင်းကျန်းနေရာ ဆရာတော်ကြီးကမေတ္တာပို့ပါသော်လည်း ကျွဲကြီးသည် ဝှေ့ရန်ပြေးလာနေလေသည် ။ မေတ္တာပို့သော်လည်း ကျွဲဆိုးသည် ဝှေ့ ရန်နီးသထက်နီးအောင်ပြေးလာနေပေသည်။ ထိုအခါဆရာတော်၏ ကပ္ဖိယကြီးက ဆွမ်းခံရာတွင်အသုံးပြုသောဆိုင်းထမ်း မှထမ်းပိုးဖြင့် ကျွဲ၏နှာနုကိုဖြတ်ရိုက်လိုက်မှ ကျွဲလည်းလန့်ပြီးထွက်ပြေးသည်ဟူ၏ ။ ထိုအခါ ဆရာတော်ကြီးက

“ အေး တခါတလေတော့ ထမ်းပိုးကလည်း အသုံးဝင်လှပါပေတယ်ကွာ “ ဟုပြောသောဟူ၏ ။ဆိုလိုရင်းမှာ ထမ်းပိုးနှင့်နှာနုဖြတ်ရိုက်ခြင်းသည်အကြောင်း ၊ ကျွဲဆိုးထွက်ပြေးခြင်းသည် အကျိုးတရားဖြစ်ပေ၏ ။ ထိုအရာသည်လည်း cause and effect ခေါ် ကံကံ၏အကျိုးပင်ဖြစ်သည် ။

                ကျွန်တော်တို့လူမျိုးသည်အလွန်သည်းခံကြ၏ ။ စစ်အစိုးရခေတ်က ပြည်-ရန်ကုန် မီးရထားတွဲများတွင် တွဲစောင့်များက ကုန်သယ်များနှင်ပေါင်းပြီး လူစီးအမြန်ရထား၏နေရာလွတ်များတွင်အိမ်သာပါမချန် မီးသွေးအိတ်များကိုတရားမ၀င်တင်ဆောင်လာကြပေ၏။ အိမ်သာတက်ချင်သူများမှာ အိမ်သာတံခါးဖွင့်လိုက်သောအခါ မီးသွေးအိပ်များကိုသာတွေ့ ကြရတော့၏ ။ မည်သူ့ကိုပြောရမှန်းမသိ၊မည်သူ့ကိုတိုင်ရမှန်းမသိ ။ ကြားဘူတာများတွင်ရထားရပ်သောအခါ တောသူတောင်သားခရီးသည်များသည် မီးရထားတံခါးတွင် မီးသွေးအိပ်များအဆမတန်တင်ခံထားသဖြင့်တံခါးဖွင့်၍မရ ။ ရထားပေါ်တက်၍မရ ။ တံခါးဖွင့်ကြပါဟုသာ တစာတစာနှင့်အော်ရင်း အချို့မှာ ရထားထွက်သွားသဖြင့် မလိုက်ရပဲကျန်ရစ်ခဲ့ကြရှာ၏ ။ မြန်မာပီပီ သည်းခံ၍သာ ကံကိုလွှဲချကာနေကြရပေ၏ ။ အကယ်၍သာယခုခေတ်လို ဖေ့စ်ဘွတ်များ ပေါ်ပေါက်နေပါက ထိုမသမာမှုများမှာ အများပြည်သူ မျက်စေ့ထဲသို့ ဓာတ်ပုံနှင့်တကွ ချက်ခြင်းရောက်လာမည်ဖြစ်သည်။ ယခုသော်မီးရထားတွင် ထိုသို့ မလုပ်ရဲကြတော့ ။ အဘယ့်ကြောင့်ဆိုသော် ပြည်သူလူထုက လက်သင့်မခံကြတော့သောကြောင့်ဖြစ်သည် ။

ထို့ကြောင့်မတရားမှုများနိုင်ငံတွင်ဖြစ်ပေါ်လာသောအခါ မည်မျှသေးငယ်သော မတရားမှု ၊မည်မျှသေးငယ်သော လွဲချော်မှု၊မည်မျှသေးငယ်သောနစ်နာမှုပင်ဖြစ်စေ ငါနဲ့ထိုက်လို့ငါခံရတာပဲဟူသော သူများလုပ်သမျှခံသည့် Passive mind စိတ်ဓာတ်မျိုးမမွေးသင့် ။ ဒီ ချွတ်ယွင်းမှုကို ငါလက်သင့်မခံ ၊ထိုက်သင့်သော နစ်နာကြေးကိုတောင်းယူရမည် ၊ ငါ့အခွင့်အရေးကိုငါတိုက်ယူမည်ဆိုသော Active mind စိတ်ဓာတ်ကိုမွေးမြုရမည် ။မတရားမှုကိုဆန့်ကျင်သူများကို အကူအညီပေးသော လူမှုရေးအဖွဲ့အစည်းတွေများများပေါ်ပေါက်ရမည်။  ကျွန်တော်တို့နိုင်ငံတွင် မတရားမှု သေးသေးလေးများကိုအများပြည်သူက လက်သင့်ခံရင်းလက်သင့်ခံရင်းနှင့် မတရားမှုများသည်တဖြည်းဖြည်းခိုင်မာလာကာ မတရားမှုကြီးများကိုမျက်စပစ်၍ခေါ်နေသလိုရှိလာတော့သည် ။

နိုင်ငံခြားသားများထစ်ကနဲရှိ လျော်ကြေးတောင်း၊ထစ်ကနဲရှိတရားစွဲ ၊ထစ်ကနဲရှိ ကွန်ပလိန်း တက်နေကြခြင်းကိုယခင်က ကျွန်တော်သည် မနှစ်မြို့ခဲ့ပေ ။ သို့သော်သေသေချာချာပြန်စဉ်းစားကြည့်သောအခါ သူတို့လူ့အဖွဲ့အစည်းတွင် မတရားမှု ၊ချွတ်ချော်မှု ၊အနိုင်အထက်ကျင့်မှု အကြီးကြီးများဖြစ်မလာအောင် ၊ ဖြစ်မလာရဲအောင် သေးသေးမွှားမွှားချွတ်ချော်မှုမျိုးကစ၍ တားဆီးရပ်တန့်ရန် သတ္တိရှိရှိ အားမနာစတမ်းလုပ်ဆောင်နေခြင်းဖြစ်ပါလား ၊ သူတို့သည် လူ့အဖွဲ့အစည်း ပိုမိုကောင်းမွန်အောင် မဟုတ်မခံစိတ်ဓာတ်ဖြင့်တနိုင်ငံလုံးက၀ိုင်းဝန်းပဲ့ပြင်ပေးနေကြပါလားဆိုတာ သဘောပေါက်လာပါတော့သည် ။ ကောင်မွန်သော လူ့ဘောင်လောကတခုသည် သူ့အလိုလို နတ်သကြားများ ဖန်ဆင်းသလို ကိုယ့်ရေ့သို့ ရောက်လာမည်မဟုတ် ။ ကိုယ်တိုင်ကြိုးစားကြမှ ဖြစ်လာမည့်အရာများဖြစ်သည် ။ မြန်မာတို့၏အားနည်းချက်ဖြစ်သော အားနာသလိုလို ၊ မပြောရဲသလိုလို ၊မနိုင်၍သည်းခံခြင်းလိုလို အညံ့စားစိတ်ဓာတ်တွေကို အားလုံးဝိုင်းဝန်း ပြောင်းလဲကြပါစို့  ။

သရ၀ဏ်(ပြည်)    

စောင့်ကြည့်ဂျာနယ်
၂၄.၁၁.၂၀၁၈

No comments: