Sunday, December 2, 2018

`မူးယစ်​​ဆေးဝါး သုံးစွဲခြင်းနဲ့ စွဲလမ်းခြင်းကို ခွဲခြားသိရှိခြင်း ´


(Understanding Drug Use and Addiction)

လူအတော်များများက အခြားသော လူတွေအနေနဲ့ မူးယစ်​​ဆေးဝါးကို ဘာကြောင့် သို့မဟုတ် ဘယ်လိုစွဲလမ်းလာခဲ့ကြတယ်ဆိုတာ မသိကြသလို နားမလည်ကြပါဘူး။ စောင့်ထိမ်းအပ်သော အခြေခံ ကိုယ်ကျင့်သိက္ခာ လျော့ရိ​လျော့ရဲဖြစ် သို့မဟုတ် စိတ်တန်ခိုးလို့ပြောရမယ့် စိတ်​ဓာတ်​ကြံ့ခိုင်မှုအားနည်းသူများသည်သာ မူးယစ်​​ဆေးဝါးတွေကို သုံးစွဲကြပါတယ်ဟု တလွဲတ​ချော်​ တွေးကောင်းတွေးနိုင်ပါတယ်။

မူးယစ်​​ဆေးဝါး မဟုတ်တဲ့ အခြားတစ်ခုခုကို ရွေးချယ်လိုက်ခြင်းဖြင့် မူးယစ်ဆေးသုံးစွဲမှုကို ရပ်တန့်နိုင်တယ်လို့လည်း အဆိုပါလူတွေက ထင်မြင်ယူဆပါလိမ့်မယ်။ တကယ့်အမှန်က မူးယစ်ဆေးဝါး စွဲလမ်းခြင်းဟာ ရှုပ်ထွေးပွေလီတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ထုံးစံအတိုင်းပြောရရင် ခိုင်မာသန်စွမ်းတဲ့ စိတ်ဆန္ဒတစ်ခု သို့မဟုတ် ကောင်းမွန်တဲ့ ရည်​ရွယ်​ချက်တစ်ခုထားပြီး မူးယစ်ဆေးသံသရာက ထွက်နိုင်တယ်ဆိုတာထက် ပိုမိုသာလွန်နေပါသေးတယ်။

ကံအားလျော်စွာပဲ သုတေသနပညာရှင်တွေအနေနဲ့  မူးယစ်​​ဆေးဝါးတွေက လူ့ဦးဏှောက်ကို ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဆိုတာရယ် ၊ မူးယစ်ဆေးစွဲခြင်းမှ ပြန်လည်နလံထူ ကျန်းမာဖို့နဲ့ ကောင်းမွန်စွာ ရှင်သန်သွားဖို့အတွက် ကူညီနိုင်မယ့် ကုထုံးများတွေ့ရှိထားပါတယ်။

မူးယစ်​​ဆေးဝါး စွဲလမ်းမှုဆိုတာဘာလဲ (What Is drug addiction?)

မူးယစ်​​ဆေးဝါး စွဲလမ်းခြင်းသည် အန္တရာယ်မကင်းတဲ့ အကျိုးဆက်များဖြစ်စေသော်လည်း မူးယစ်ဆေးကို ရှာဖွေပြီး အာသာဆန္ဒပြင်းပြစွာသုံးစွဲခြင်း သို့မဟုတ် ထိန်းချုပ်ဖို့ ခက်ခဲခြင်းကဲ့သို့ ထူးခြားချက်များရှိ နာတာရှည်ရောဂါ တစ်ခုဖြစ်ပါတယ်။ လူအများစုဟာ ကနဦး ဆုံးဖြတ်​ချက်​ အရတော့ တစ်​ကြိမ်​တစ်​ခါ မူးယစ်​​ဆေးကိုအပျော်သုံးကြည့်မယ် စမ်းသုံးကြည့်မယ်ပေါ့။ သို့သော် အကြိမ်ကြိမ် မူးယစ်​​ဆေးဝါးကို သုံးစွဲခြင်းဖြင့် ဦးဏှောက်ဟာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှုနဲ့  မူးယစ်ဆေးသုံးဖို့ တိုက်တွန်းချက်ကို ငြင်းဆန်နိုင်စွမ်း ကိစ္စတွေမှာ အပြောင်းအလဲဖြစ်သွားပါတယ်။

ဦး​ဏှောက်​က ဘယ်လိုပြောင်းလဲသွားလည်းဆိုတော့ ဆေးစွဲသူ တစ်ယောက်ရဲ့ ထပ်ကာထပ်ကာ ဆေးသုံးလိုမှုဝေဒနာကဲ့သို တစ်ခုခုကို ထပ်​တလဲလဲ တောင့်တတဲ့ စိတ်အခြေအနေ မကြာခဏ​ ဖြစ်တော့တာပါ။ သည်အပြောင်းအလဲက ဆေးစွဲရာမှ ပြန်လည်နလံထူကျန်းမာလာသူ တနည်းပြောရရင် ဆေးမသုံးဘဲနှစ်ကာလကြာအောင် ဖြတ်ထားသော်လည်းပဲ ဆေးပြန်သုံးနိုင်ခြေပမာဏ မြင့်နေစေပါတယ်။

သည်အကြောင်းအရာက လူတစ်ယောက် ဆေးပြန်သုံးဖို့ တနည်းအားဖြင့် ရောဂါဟောင်းပြန်ထဖို့ ဘုံအချက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဆေးပြန်သုံးခြင်းဟာ ကုသလမ်းညွှန်ပေးတဲ့ ကုထုံးက အလုပ်မဖြစ်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ အခြားသော နာတာရှည် ကျန်းမာရေး အခြေအနေတွေလိုပါပဲ ကုသမှု ဆက်လက်ပြုလုပ်နေသင့်သလို ကုသမှုခံယူသူရဲ့ တုန့်ပြန်ချက် အဖြေပေါ်မူတည်ပြီး ချိန်ညှိဖို့ သင့်ပါတယ်။ ကုသမှု အစီအစဉ်​တွေကို မကြာခဏ ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပြီး ကုသမှုခံယူသူ လူနာရဲ့ ပြောင်းလဲနေတဲ့ လိုအပ်ချက်များနဲ့ ကိုက်ညီအောင် ပြု ပြင်မွမ်းမံရမှာပါ။


မူးယစ်ဆေးသုံးစွဲနေချိန် ဦး​ဏှောက်​ထဲမှာ ဘာတွေဖြစ်နေလဲ (What happens to the brain when a person takes drugs?)

မူးယစ်​​ဆေးဝါး အများစုက ဦး​ဏှောက်​ရဲ့ "reward circuit" လေးကို ဒိုပါမိုင်း (dopamine) ဆိုတဲ့ ဓာတု သတင်းပို့သမားလေး အဆက်မပြတ်ပို့ပြီး သာယာမှု ကျေနပ်မှုတွေ လွှမ်းမိုးမျောလွင့်ခြင်းဖြစ်နေစေတဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။ `Reward System ´ ဆိုသော ဦးနှောက်ထဲမှာရှိတဲ့ အာရုံခံအဖွဲ့အစည်းအနေနဲ့အစားအသောက်ကို ကြိုက်နှစ်သက်ပြီး အစားအသောက်အတွက်ပဲ အချိန်ကုန် လုံ့လစိုက်နေသူလူတစ်ဦးလို စွဲငြိနေတဲ့ အမူအကျင့်တစ်ခုအား ထပ်ကာထပ်ကာ ပြုလုပ်စေဖို့ အားပေးအားမြှောက် တစ်​မျိုးတစ်​ဖုံ လုပ်ဆောင်တာပါ။ "reward circuit" ထဲက ဒိုပါမိုင်း လှိုင်းတွေဟာ စိတ်ကြည်နူးတာ ၊ နှစ်လိုဖွယ်လို့ခံစားမိတာတွေကို ပိုမို လှုပ်ခတ်စေတယ်ဆိုရာမှာလည်း လူရဲ့ ပြုမူကျင့်ကြံပုံတစ်ခုအား ထပ်ကာ ထပ်ကာ ပြုလုပ်စေဖို့ ဦးဆောင်နေပြန်တာကြောင့် မူးယစ်​​ဆေးဝါး သုံးစွဲခြင်းလို ကျန်းမာ​ရေးနဲ့မညီတဲ့ အမူအကျင့်တွေမှာ အလားတူပဲ ဖြစ်စေတယ်လို့ ပြောချင်ပါတယ်။

အချိန်ကြာလာရင် ဦး​ဏှောက်​မှ အဆိုပါ လုပ်ဆောင်ချက်ကို တုန့်ပြန်ချက်ပေးတဲ့ `reward circuit´ ထဲရှိ ဆဲလ်(cells) တွေရဲ့ စွမ်းဆောင်ရည်များ လျော့ပါးလာတာကြောင့် လူတစ်ယောက်အနေဖြင့် မူးယစ်​​ဆေးဝါးတွေကို ဆက်လက်သုံးစွဲနေခြင်းလည်းဖြစ်ပါတယ်။ မူးယစ်ဆေး စတင်သုံးချိန်မှာ ခံစားရတဲ့ အထွဋ်အထိပ် (high)နဲ့ နှိုင်းယှဉ်ပါက အထွဋ်အထိပ် (high) ရောက်မှု ​လျော့ကျလာတော့ သည်းခံနိုင်မှုနည်း သို့မဟုတ် ဆေးသုံးလိုမှု ပိုလာတော့တာပါ။ ဆေးသုံးသူအနေဖြင့် အလားတူ အထွဋ်အထိပ် (high) ရောက်ဖို့အတွက် ဆေးပမာဏကို ပိုသုံးဖို့ ကြိုးစားတော့မှာပါ။အစားအသောက်၊ လိင်မှုကိစ္စ သို့မဟုတ် လူမှုရေး လှုပ်ရှားမှုများအတွက် သူတို့ တစ်​ကြိမ်​တစ်​ခါ သာယာတာ၊ ၀မ်းမြောက်တာ၊ အလိုဆန္ဒ ရရှိခံစားလိုက်ရတာအပေါ် ဦး​ဏှောက်​က ဆင်ခြင်ထိန်းချုပ်နိုင်စွမ်း မကြာခဏဆိုသလို လျော့သထက် လျော့လာပါတယ်။

ရေရှည် သုံးစွဲခြင်းဖြင့် အခြားသော ဦး​ဏှောက်​မှ ဓာတုပစ္စည်း စနစ်များ(chemical systems) နဲ့ ပတ်လမ်းများ (circuits) အပြောင်းအလဲ ဖြစ်သွားနိုင်သလို အောက်ဖော်ပြပါ လုပ်ငန်းစဉ်များမှာလည်း အကျိုးသက်ရောက်မှု ရှိမှာဖြစ်ပါတယ်။

- သင်ကြား/သင်ယူမှု (learning)
- စီရင်ချက်ချ (judgment)
- လျင်လျင်မြန်မြန် ဆုံးဖြတ်ချက်ချခြင်း (decision-making)
- ကြောင့်ကြစိတ်  / သောက (stress)
- မှတ်ဉာဏ် (memory)
- ပြုမူကျင့်ကြံပုံ (behavior)

ပြောပြခဲ့တဲ့ အန္တရာယ်မကင်းသော ရလဒ်တွေအပေါ် သိနေ သဘောပေါက်နေစေကာမူ ဆေးသုံးသူအများစုက ဆက်သုံးကြတယ်ဆိုတာ မူးယစ်​​ဆေးဝါး စွဲလမ်းမှုရဲ့ သဘာဝပါ။

အခြားလူတွေက မူးယစ်ဆေး မငြိတွယ်ပေမယ့် အချို့လူတွေက ဘာကြောင့် မူးယစ်ဆေးစွဲလမ်း သုံးစွဲလာရတာလဲ (Why do some people become addicted to drugs while others don't?)

ဘယ်အခြေခံအကြောင်းရင်းကမှ လူတစ်ယောက်ကတော့ဖြင့် မူးယစ်​​ဆေးဝါး စွဲလမ်းသုံးစွဲသူဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်လို့မရပါဘူး။ အကြောင်းရင်းများရဲ့ စုပေါင်းစပ်ပေါင်းတစ်ရပ်က မူးယစ်ဆေးစွဲလမ်းဖို့အတွက် အန္တရာယ်အဖြစ် သြဇာသက်ရောက်နေပါတယ်။ ပိုမို အန္တရာယ်ရှိသော အကြောင်းရင်းကတော့ မူးယစ်​​ဆေးဝါး သုံးစွဲဖို့ အခွင့်​အလမ်းများရနေခြင်းကပဲ မူးယစ်ဆေးစွဲလမ်းမှုစီ ဦးဆောင်သွားနိုင်တာပါ။

ဥပမာ -

ဇီဝဗေဒ(Biology) - အဆိုပါမျိုးရိုးဗီဇနဲ့ မွေးဖွားလာတဲ့လူတစ်ဝက်မှာ  မူးယစ်​​ဆေးဝါးစွဲလမ်းနိုင်ခြေအန္တရာယ် ၅၀ ရာခိုင်နှုန်း ရှိနေပါတယ်။ ကျား/မ ရေးရာကွဲပြားမှု(Gender)၊ လူမျိုး(ethnicity)နှင့် အခြားသော စိတ်ပိုင်းဆိုင်ရာပုံမှန်မဟုတ်မှုတွေရဲ့ မျက်မှောက် အခြေအနေတွေကလည်း မူးယစ်​​ဆေးဝါး အသုံးပြုခြင်းသာမက စွဲလမ်းနေခြင်းအပေါ် သြဇာလွှမ်းမိုး အကျိုးသက်ရောက်နိုင်ပါတယ်။

ပတ်​၀န်းကျင်​ (Environment) - လူတစ်ယောက်ရဲ့ နေထိုင်ကြီးပြင်းရာ ပတ်​၀န်းကျင်​မှာ ကွဲပြားတဲ့ သြဇာလွှမ်းမိုးမှု အရှိန်အ၀ါများစွာရှိနေပါတယ်။ မိသားစုနှင့် သူငယ်​ချင်းများမှ စီးပွား​ရေးဆိုင်ရာ အဆင့်အတန်း၊ အထွေထွေ ဘ၀အရည်အသွေးတွေ အပေါ်မှာပေါ့။ ကြောင့်ကြစိတ် ၊ အဦးအစ မူးယစ်ဆေးပတ်သက်မှုကို ဖော်ထုတ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ခံရခြင်း၊ သက်တူရွယ်တူရဲ့ ဖိအားပေးခြင်းတို့ကဲ့သို့သော အကြောင်းရင်းများနဲ့အတူ မိဘများ၏ လမ်းညွှန်ထိမ်းကျောင်းမှုက လူတစ်ယောက် မူးယစ်ဆေးဝါး သုံးစွဲမှု စွဲလမ်းမှုဖြစ်နိုင်ခြေအပေါ် ကြီးမားစွာ အကျိုးသက်ရောက်မှု ရှိပါတယ်။

ကြီးထွားရင့်သန်မှု (Development) - လူတစ်ယောက်ရဲ့ ဘ၀မှာ မျိုးရိုးဗီဇ၊ ပတ်​၀န်းကျင်​နှင့်ဆိုင်သော အကြောင်းအရာများ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအဆင့်များက အပြန်အလှန် အကျိုးသက်ရောက်မှုရှိနေခြင်းသည် မူးယစ်​​ဆေးဝါးကို စွဲလမ်းတဲ့ကိစ္စအပေါ် အကျိုးသက်ရောက်တဲ့ အန္တရာယ်ရှိပါတယ်။ ယခင်​က မူးယစ်​​ဆေးဝါး စတင်သုံးစွဲခြင်းမှ မူးယစ်​​ဆေးဝါး စွဲလမ်းမှုအဆင့်သို့ အချိန်အနည်းငယ်လောက် ကြာကောင်းကြာနိုင်တယ်လို့ ယူဆခဲ့ပါတယ်။ သို့ရာတွင် ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် မူးယစ်​​ဆေးဝါး သုံးစွဲခြင်းဖြင့် စွဲလမ်းမှုစီ ဦးတည်သွားမှာသေချာနေပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက်များအတွက်ဆိုပါလျှင် တစ်ဦးခြင်းအလိုက်အတွက်မူ သံသယဖြစ်ဖွယ်ကောင်းနေပါရဲ့။ အထူးသဖြင့်​ ဆယ်ကျော်သက်များဟာ မူးယစ်ဆေးဝါး သုံးစွဲခြင်းအပါအ၀င် ကျန်းမာရေးကို ထိခိုက်စေသော အန္တရာယ်ရှိ အမူအကျင့်များ ပြုလုပ်နေသော်လည်း ဆုံးဖြတ်​ချက်​ချရာ၊ စီရင်ချက်ချ ၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု စတာတွေကို ကြီးကြပ်ကွပ်ကဲတဲ့ ဦး​ဏှောက်​ရဲ့ ဧရိယာ အစိတ်​အပိုင်း က ဆက်လက်ဖွံ့ဖြိုးတိုးတက်နေလို့ဖြစ်ပါတယ်။


မူးယစ်​​ဆေးဝါးစွဲတာကို ကုသနိုင်လား သို့မဟုတ် တားဆီးနိုင်သလား (Can drug addiction be cured or prevented?)

အခြားသော ဆီးချို​ရောဂါ (diabetes)၊ ပန်းနာရင်ကြပ် (asthma) သို့မဟုတ် နှလုံး​ရောဂါ (heart disease) ကဲ့သို့ သော နာတာရှည်ရောဂါအများစုလိုပဲ မူးယစ်​​ဆေးဝါး စွဲလမ်းမှုကို ကုသဖို့ဆိုတာ များသောအားဖြင့် ဆေးကုသမှု တစ်ခုတည်း မဟုတ်ပါဘူး။ မည်သို့မည်ပုံပြောပြော စွဲလမ်းမှုအား ကုသနိုင်တယ် ၊ အောင်အောင်မြင်မြင် စီမံခန့်ခွဲ ကိုင်တွယ်နိုင်ပါတယ်။ မူးယစ်ဆေးသံသရာက ပြန်လည် နလံထူလာသူများအတွက် တစ်နှစ်လောက်တော့ ရောဂါဟောင်းပြန်ထ ပြန်လည်သုံးစွဲမိနိုင်ခြေ ရှိနေသေးတာပါ။ သူတို့ဘ၀တစ်သက်တာလုံးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

လေ့လာသုတေသနပြုချက်များအရ မူးယစ်​​ဆေးဝါး စွဲနေသူလူနာအများစုအား ဆေးပညာနဲ့အတူ အပြုအမူ အမူအကျင့်ဆိုင်ရာ ကုထုံးများဖြင့် ပေါင်းစပ်ကုသပေးလျှင် အောင်မြင်မှု အခွင့်​အလမ်း အများဆုံးဖြစ်ပါတယ်။ မူးယစ်ဆေးစွဲလူနာတစ်ဦးခြင်းစီရဲ့ ဆေးစွဲမှု ပုံစံအလိုက်  ခေတ်ပေါ် ဆေးဝါးကုသမှုနည်းလမ်း အချို့၊ စိတ်ပိုင်းဆိုင်ရာ ၊ ပြီးတော့ လူမှုရေးပြဿနာ များကအစ သေချာချဉ်းကပ် ကုသနိုင်ပါက ဆက်လက်ပြီး နလံထူကျန်းမာသွားပါလိမ့်မယ်။

သတင်းကောင်းတွေအရတော့ မူးယစ်​​ဆေးဝါး သုံးခြင်းနဲ့ စွဲလမ်းခြင်းဟာ တားဆီးနိုင်ပါတယ်တဲ့။ NIDA အဖွဲ့ရဲ့ သုတေသနပြုချက်အရ မိသားစုဝင်များ၊ အသိအကျွမ်းများ၊ စာသင်ကျောင်းများ၊ လူမှုအဖွဲ့အစည်းများနှင့် မီဒီယာများ ပူးပေါင်းပါဝင်သော ကာကွယ်​တားဆီးခြင်း အစီအစဉ်​များဟာ မူးယစ်​​ဆေးဝါး စွဲလမ်းသုံးစွဲခြင်းကို တားဆီးခြင်း သို့မဟုတ် လျော့ချဖို့ ထိရောက်တယ်လို့ ပြနေပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပါတီပွဲနဲ့ ရိုးရာဓလေ့ ယဉ်ကျေးမှု အကြောင်းကိစ္စလိုလို မူးယစ်​​ဆေးဝါး တစ်မျိုးမျိုးကို သုံးဖို့ အကြောင်းဖန်လာသော်လည်း လူငယ်တွေက မူးယစ်​​ဆေးဝါးသုံးစွဲခြင်းသည် အန္တရာယ်ရှိတယ်လို့ ယူဆချိန် သူတို့ မူးယစ်ဆေး သုံးစွဲမှုပမာဏ လျော့ချဖို့ ဂရုစိုက်ပါလိမ့်မယ်။

မမေ့သင့်တဲ့ အချက်အလက်များ (Points to Remember)

- မူးယစ်​​ဆေးဝါး စွဲလမ်းခြင်းသည် အန္တရာယ်ရှိအကျိုးဆက်များဖြစ်စေသော်လည်း မူးယစ်ဆေးကို ရှာဖွေပြီး အာသာဆန္ဒပြင်းပြစွာသုံးစွဲခြင်း သို့မဟုတ် ထိန်းချုပ်ဖို့ ခက်ခဲခြင်းကဲ့သို့သော ထူးခြားချက်များတဲ့ နာတာရှည်ရောဂါ တစ်ခုဖြစ်ပါတယ်။

- မူးယစ်ဆေးဝါးနဲ့ အချိန်လွန်တဲ့ ဆေးစွဲသူတစ်ယောက်ရဲ့ ဦးဏှောက်ဟာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှုနဲ့  မူးယစ်ဆေးသုံးဖို့ တိုက်တွန်းချက်ကို ငြင်းဆန်နိုင်စွမ်း ကိစ္စတွေမှာ အပြောင်းအလဲဖြစ်နေပါတယ်။ ဒါကပဲ ဘာကြောင့် မူးယစ်​​ဆေးဝါးစွဲလမ်းမှုဟာ မူလအခြေအနေပြန်ဆိုက်သော ရောဂါတစ်ခု ဖြစ်နေရသလဲ ဆိုတာပါပဲ။

- မူလအခြေအနေပြန်ဆိုက်တယ်ပဲပြောပြော ဆေးပြန်သုံးတယ်ပဲပြောပြော ဆေးမသုံးတော့ဖို့ ကြိုးစားအားထုတ် ရပ်ထားပြီးမှ မူးယစ်ဆေးပြန်သုံးခြင်း ဖြစ်ပါတယ်။ ဆေးပြန်သုံးခြင်းဟာ လိုအပ်မှုကို ညွှန်းဆိုသလို ကွဲပြားတဲ့ ကုသဂရုစိုက်မှု လိုအပ်ကြောင်း ပြနေတာပါ။

- မူးယစ်ဆေးဝါး အများစုက ဒိုပါမိုင်းဆိုသော ဓာတု သတင်းပို့သမားလေး ဦး​ဏှောက်​ရဲ့ `Reward Circuit ´မှာ လွှမ်းမိုးတဲ့ အကျိုးသက်ရောက်မှု ရှိစေပါတယ်။ `Reward Circuit ´ ထဲရှိ ဒိုပါမိုင်း လှိုင်းထမှုက နှစ်လိုစိတ် ၊ပျော်ရွှင်စိတ်ကို စစ်ကူပေးတာကြောင့် ကျန်းမာရေးနဲ့ မညီသော လှုပ်ရှားမှုများ၊ လူတစ်ဦးကို ပုံစံတူ အပြုအမူ အမူအကျင့်များ နောက်ထပ် နောက်ထပ် ပြုလုပ်စေဖို့ ဦးဆောင်လမ်းပြပါတယ်။

- ဦး​ဏှောက်​က ဒိုပါမိုင်း အပိုအလိုကို အလိုက်သင့်ညှိနေတာကြောင့် မူးယစ်​​ဆေးဝါး စသုံးချိန်က ခံစားရသော စိတ်ခံစားမှု အထွဋ်အထိပ်နဲ့ ဆေးရှိန်လျော့စ ခံစားရသော စိတ်ခံစားမှု အထွဋ်အထိပ် အမြဲနှိုင်းယှဉ် တော့ကာ သည်းခံနိုင်မှုနည်းခြင်း တနည်း ဆေးပိုသုံးလိုခြင်းဆိုသော သက်ရောက်ချက်တစ်ရပ်ရှိလာပါတယ်။ ဒိုပါမိုင်း ရေချိန်ကိုက်ဖို့ မူးယစ်ဆေးပမာဏ ပိုမြှင့်သုံးရန် သူတို့ ကြိုးစားမှာပါ။

- လူတစ်ယောက် မူးယစ်​​ဆေးဝါး စွဲလမ်းလာမည့် အခြေအနေကို ဟောကိန်းထုတ်နိုင်တဲ့ အကြောင်းရင်းကတော့ တစ်ခုမှ မရှိပါ။ လူတစ်ဦးမှာရှိတဲ့ မျိုးရိုးဗီဇနှင့်ဆိုင်သော ပေါင်းစည်းမှုတစ်ရပ်၊ ပတ်​၀န်းကျင်​နဲ့ ဆိုင်သော ၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ဆိုင်သော အကြောင်းရင်းများက မူးယစ်​​ဆေးဝါး စွဲလမ်းတဲ့ စွန့်စားမှုအပေါ် သြဇာသက်ရောက်ပါတယ်။ မူးယစ်​​ဆေးဝါး အသုံးပြုဖို့ အခွင့်​အ​ရေး ပိုကောင်းနေခြင်းဟာလည်း မူးယစ်​​ဆေးဝါး စွဲလမ်းမှုစီ ဦးဆောင်သွားနိုင်ပါတယ်။

- မူးယစ်​​ဆေးဝါး စွဲလမ်းခြင်းကို ကုသနိုင်တယ် ၊ ပြီးတော့ အောင်အောင်မြင်မြင် တာဝန်ယူကိုင်တွယ်လို့ရပါတယ်။

- အဆိုပါ မူးယစ်​​ဆေးဝါး အသုံးပြု / စွဲလမ်းခြင်းကို တားဆီးနိုင်တယ်ဆိုသော သတင်းကောင်း ရှိပါတယ်။ ဆရာများ၊ မိဘများနဲ့ ကျန်းမာ​ရေး အထောက်အပံ့ပြု သူများ အနေဖြင့်  လူငယ်များကို မူးယစ်​​ဆေးဝါး အသုံးပြု /စွဲလမ်းခြင်းအား တားဆီးခြင်း၊ပညာပေးခြင်းပြုလုပ်ရာမှာ အရေးပါသော ဇာတ်ဆရာများဖြစ်ပါတယ်။

Alex Aung (1 December 2018)
Ref: www.drugabuse.gov

Note :(၁) Reward System ဆိုတာက ဦးနှောက်ထဲမှာရှိသော ဆွတ်ပျံကြည်နူးဖွယ်ကောင်းသော စွဲလန်းစေသော ဆန္ဒကို ဖော်ဆောင်ပေးတဲ့  အာရုံခံအဖွဲ့အစည်း/စနစ်ဖြစ်ပါတယ်။

(၂) Reward Circuit ဆိုတာ အာရုံကြောစနစ်တွေက circuit တွေလို ချိတ်ဆက်ထားရာမှာ Dopamine တွေဝင်လာရင် တစ်ခုကို တစ်ခုလျှပ်စစ်လှိုင်းတွေလို ချိတ်ဆက်ပြီး လုပ်ပေးတဲ့ စနစ်ဖြစ်ပါတယ်။

No comments: