Sunday, December 9, 2018

“ဆေးလိပ်၏ ကျန်းမာရေးဆိုးကျိုးများ”


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

1. MWD : ဆရာရှင့်... ဒီတစ်ပတ်မှာတော့ ဆေးလိပ်ရဲ့ ကျန်းမာရေးဆိုးကျိုးတွေအကြောင်းကို
ရွေးချယ်တင်ဆက်ချင်ပါတယ် .. ပထမဆုံးအနေနဲ့ ဆေးလိပ်သောက်သုံးတဲ့ အလေ့အထဟာ
လူ့သမိုင်းကြောင်းမှာ ဘယ်တုန်းကတည်းကစတင်ခဲ့တယ်ဆိုတာ အရင်ဆုံးပြောပြပေးပါဆရာ..

Dr.KML : ဆေးလိပ်နဲ့ဆေးရွက်ကြီး သောက်သုံးတဲ့အလေ့အထဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀၀ ကျော် BC ၅၀၀၀ လောက်ကတည်းက စတင်ခဲ့တယ်လို့သိရပါတယ်.. ရှေးခေတ်တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တောင်အမေရိကတိုက်မှာရှိတဲ့ နိုင်ငံတွေရဲ့ ဂူနံရံဆေးရေးပန်းချီကားတွေမှာ လူတွေ ဆေးလိပ်ငွေ့ ရှူနေတဲ့ပုံတွေ ကြည့်ခြင်းဖြင့်သိနိုင်ပါတယ်..
ဥရောပနိုင်ငံတွေကိုတော့ ၁၆ ရာစုနှစ်ကျော်မှ ရောက်တယ်လို့သိရပါတယ်.. ၂၀ ရာစအစပိုင်းကနေစပြီး ဆေးလိပ်ထုတ်လုပ်တဲ့ကုမ္ပဏီကြီးတွေ ပေါ်ပေါက်လာတဲ့အတွက် ဆေးလိပ်သောက်သုံးမှုတွေ တစ်ကမ္ဘာလုံးမှာများပြားလာခဲ့ပါတယ်..ပထမကမ္ဘာစစ်ကာလအတွင်းမှာ စစ်သားတွေကို ဆေးလိပ်တွေဖြန့်ဝေပေးပြီး သောက်ခိုင်းပါတယ်.. စစ်ပွဲမှာစိတ်ဓာတ်မကျစေဖို့ဆိုပြီး ရည်ရွယ်ပါတယ်..သူ့ရဲ့ဆိုးကျိုးတွေကို စတင်သိတာကတော့ ၁၉၂၀ နောက်ပိုင်းရောက်မှ ဖြစ်ပါတယ်.. ပထမဆုံးအထောက်အထားအနေနဲ့ ဂျာမဏီနိုင်ငံမှာ ၁၉၂၉ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ ဆေးဘက်ဆိုင်ရာ သုတေသနစာတမ်းအရ ဆေးလိပ်သောက်သုံးမှုနဲ့ အဆုတ်ကင်ဆာဆက်စပ်မှုကို စတင်ဖော်ပြခဲ့ပါတယ်.. ဒါကြောင့် ဂျာမဏီမှာ ဆေးလိပ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို နာဇီဂျာမဏီခေတ်မှာ စတင်ပြုလုပ်ခဲ့ပါတယ်.. ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့အထိ ကမ္ဘာပေါ်မှာ ဆေးလိပ်ဆန့်ကျင်တာဆိုလို့ ဂျာမဏီနိုင်ငံတစ်ခုတည်းသာ ရှိခဲ့ပါတယ်.. ဆေးလိပ်ကြောင့် ကျန်းမာရေးဆိုးကျိုးတွေကို ၁၉၅၄ ခုနှစ်မှာ အင်္ဂလန်နိုင်ငံမှာ စတင်ဖော်ပြခဲ့ပြီး အမေရိကန်နိုင်ငံမှာတော့ ၁၉၆၄ ခုနှစ်မှ စတင်ဖော်ပြခဲ့ပါတယ်.. အခုဆိုရင်တော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့နှိုးဆော်စည်းရုံးမှုနဲ့ နိုင်ငံအားလုံးမှာ ဆေးလိပ်သောက်သုံးမှု ဆန့်ကျင်ရေးတွေ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်နေကြပါပြီ ..  

2. MWD : ဆေးလိပ်မီးခိုးထဲမှာ ဘယ်လိုမျိုးဓာတ်ပစ္စည်းတွေပါဝင်လို့ ကျန်းမာရေးကိုထိခိုက်စေတာပါလဲ ဆရာ ..

Dr.KML  : ဆေးလိပ်ငွေ့ဆိုတာ အဆိပ်ဓာတ်ငွေ့တစ်မျိုးဖြစ်ပြီး ဓာတုပစ္စည်းပေါင်း ၄၀၀၀ ကျော် ပါဝင်နေပါတယ် ..တစ်ခုချင်းစီရဲ့ ကျန်းမာရေးဆိုးကျိုးတွေကတော့မတူပါဘူး ..အဲ့ဒီထဲကမှ အမျိုးပေါင်းခြောက်ဆယ်ကျော်ဟာ ကင်ဆာရောဂါဖြစ်နိုင်တယ်လို့ နိုင်ငံတကာသုတေသနစာတမ်းတွေအရ သိရပါတယ်.. အချို့က အဆုတ်ကင်ဆာ၊ အချို့က ခံတွင်းကင်ဆာ၊ အချို့ကတော့ ဆီးအိမ်ကင်ဆာ အစရှိသဖြင့်ဖြစ်နိုင်ပါတယ်.. အဲ့ဒီထဲက အရေးပါတဲ့ဓာတ်ပစ္စည်းအချို့ကိုပြောရရင်

၁။ နစ်ကိုတင်း (Nicotine) - အရောင်အဆင်းမရှိတဲ့ အယ်ကာလွိုက်တစ်မျိုးဖြစ်ပြီး သောက်သုံးသူကို စိတ်ကျေနပ်မှုနဲ့ စွဲလမ်းမှု (addition) ကိုဖြစ်စေပါတယ်..ဆေးလိပ်ကိုစွဲလမ်းစေတဲ့ အရေးပါဆုံး ပစ္စည်းဖြစ်ပါတယ် ..

၂။ ကတ္တရာ (Tar) - လမ်းခင်းတဲ့ကတ္တရာနဲ့အတူတူဖြစ်ပြီး အဆုတ်ရဲ့နံရံတွေမှာ တွယ်ကပ်တဲ့အတွက် လေပြွန်တွေကျဉ်းကုန်တာ၊ အောက်ဆီဂျင်ကောင်းကောင်းမ၀င်အောင်ပိတ်ဆို့ထားလို့
မောတာကနေစပြီး အဆုတ်ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းဖြစ်ပါတယ် ..

၃။ ကာဗွန်မိုနောက်ဆိုဒ် (Carbon monoxide) - အရောင်မဲ့၊ အနံ့မဲ့ဓာတ်ငွေ့ဖြစ်ပြီး ဆေးလိပ်ကိုမီးရှို့တာနဲ့ စထွက်ပါတယ်.. မော်တော်ကား exhaust ကနေ ထုတ်တဲ့ဓာတ်ငွေ့နဲ့ အတူတူပဲဖြစ်ပါတယ် .. သွေးနီဥထဲမှာရှိတဲ့ ဟေမိုဂလိုဗင်နဲ့ ပေါင်းစပ်သွားလို့ သွေးနီဥထဲမှာ အောက်ဆီဂျင်ကို လျော့နည်းစေပါတယ်.. ၁၅% လောက်အထိ ဖဲ့ယူလိုက်လို့ ခန္ဓာကိုယ်တစ်ခုလုံးမှာ အောက်ဆီဂျင်လျော့နည်းပြီး ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်လက္ခဏာတွေ ဖြစ်စေပါတယ် ..

၎။ အာဆင်းနစ် (Arsenic) - ပြင်းထန်တဲ့အဆိပ်သတ္တုဓာတ်ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အဆိပ်သင့်စေတဲ့အပြင် ကင်ဆာရောဂါအမျိုးမျိုးဖြစ်စေနိုင်ပါတယ်.. ကြွက်သတ်ဆေးမှာ ထည့်သွင်းအသုံးပြုတဲ့ ပစ္စည်းဖြစ်လို့ ဆေးလိပ်သောက်နေသူတွေဟာ ကြွက်သတ်ဆေးတွေ နေ့စဉ်စားနေတယ်လို့ ယူဆနိုင်ပါတယ် ..

၅။ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက် (Hydrogen cyanide) - အလွန်ပြင်းထန်တဲ့အဆိပ်ဖြစ်ပြီး ပမာဏများများဝင်လာရင် မူးစေခြင်း၊ သတိမေ့စေခြင်းဖြစ်နိုင်ပါတယ် ..

၆။ ခဲဓာတ် (Lead) - ဘတ်ထရီအိုးတွေထဲမှာ အသုံးပြုတဲ့ခဲနဲ့ အတူတူဖြစ်ပါတယ် ..
ရေရှည်သောက်ရင် ခဲဆိပ်သင့်စေပြီး ဦးနှောက်နဲ့အာရုံကြောတွေကို ထိုင်းမှိုင်းစေပါတယ် .. ဉာဏ်ရည်ဉာဏ်သွေး ကျဆင်းစေပါတယ် ..

၇။ ကက်မီယမ် (Cadmium) - အဆိပ်အာနိသင်ရှိတဲ့ သတ္တုဓာတ်ဖြစ်ပြီး ခန္ဓာကိုယ်ထဲ အနည်းငယ် ရှိရုံနဲ့ ဒုက္ခပေးနိုင်ပါတယ်

၈။ ပိုလိုနီယမ် -၂၁၀ (Polonium-210) - ရေဒီယိုသတ္တိကြွ ဓာတ်ပစ္စည်းတစ်ခုဖြစ်ပြီး အပူစွမ်းအင်တွေထုတ်ပေးပါတယ် .. ဒါ့ကြောင့် ဆေးလိပ်မီးဟာ တစ်ခြားပစ္စည်းတွေ မီးရှို့တာထက် ပိုပူပါတယ် .. ဆေးလိပ်မီးနဲ့တို့ရင် အသားတွေပိုပြီး လောင်ကျွမ်းပါတယ် .. ရှူရင်ကင်ဆာဖြစ်စေပါတယ် ..

၉။ တိုလူရင်း (Toluene) - အလွန်ပြင်းထန်တဲ့ အဆိပ်တစ်မျိုးဖြစ်ပြီး စက်မှုလုပ်ငန်းတွေကနေ ထွက်ရှိလေ့ရှိပါတယ် .. ဥပမာ ချေးချွတ်ဆေး၊ မှင်ထုတ်လုပ်ခြင်း၊ ဆိုးဆေးများထုတ်လုပ်ခြင်း၊ ကော်ထုတ်လုပ်ငန်း၊ ရာဘာလုပ်ငန်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ထုတ်လုပ်ရာမှာ ထွက်ရှိလေ့ ရှိပါတယ် .. ခန္ဓာကိုယ်တစ်ခုလုံးကိုအဆိပ်သင့်ပျက်စီးစေပါတယ်..

၁၀။ ဘင်ဇင်း (Benzene) - ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းဖြစ်ပါတယ် .. အထူးသဖြင့် သွေးကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းဖြစ်ပါတယ် ..

ဒါ့အပြင် ကျန်တဲ့ပစ္စည်းတွေကလည်း အကုန်ဒုက္ခပေးနိုင်ပါတယ်..

3. MWD : ဆရာခုနကပြောသွားတဲ့အထဲမှာ နစ်ကိုတင်းဆိုတာ စွဲလန်းစေတယ်လို့ဆိုပါတယ် .. အဲ့ဒါ ဘယ်လိုကြောင့်စွဲလန်းစေတယ်ဆိုတာ ရှင်းပြပေးပါ ဆရာ ..

Dr.KML : နစ်ကိုတင်းဆိုတာ ဆေးရွက်ကြီးမှာပါဝင်တဲ့ အယ်ကာလွိုက်တစ်မျိုးဖြစ်ပြီးဆေးလိပ်မီးခိုးနဲ့အတူ ရှူသွင်းလိုက်ရင် အဆုတ်ကနေတစ်ဆင့် သွေးထဲကိုစက္ကန့်ပိုင်းအတွင်းမှာရောက်သွားပါတယ်.. သွေးကနေတစ်ဆင့် ဦးနှောက်ကိုရောက်ပါတယ် .. ဦးနှောက်ထဲမှာရှိတဲ့ Acetylcholine receptor မှာသွားပြီး ပေါင်းကပ်လိုက်တဲ့အတွက် ဦးနှောက်ထဲမှာ လှုံ့ဆော်မှုတွေဖြစ်ပေါ်စေပြီး ဟိုမုန်းနှစ်မျိုးထုတ်စေပါတယ် .. တစ်ခုက Dopamine  ဖြစ်ပြီးနောက်တစ်ခုက Noradrenaline ဖြစ်ပါတယ် .. Dopamine ကြောင့် လူဟာနေရထိုင်ရတာ ပိုကောင်းပြီး စိတ်ကိုရွှင်လန်းစေပါတယ် .. ဒါ့ကြောင့် အဲ့ဒီအရသာကို စွဲလန်းသွားတာဖြစ်ပါတယ် .. ဆေးလိပ်သောက်လေလေ Dopamine ပိုထွက်လေ ပိုပြီးစွဲလေဖြစ်ပါတယ် .. Dopamine receptor တွေ ပိုများလာလေ နစ်ကိုတင်းက  ပိုလိုလေဖြစ်လာပါတယ် ..
ဥပမာ ဆေးလိပ်တစ်လိပ်သောက်လို့ Receptor တစ်ခုဆိုရင် Receptor နှစ်ခုရှိလာရင် ဆေးလိပ်နှစ်လိပ်သောက်ဖို့ တောင်းဆိုပါတယ် .. Receptor ၁၀ ခုရှိလာရင် ဆေးလိပ် ၁၀ လိပ်မှာ ပါတဲ့ နစ်ကိုတင်းကိုရမှ လူကနေသာထိုင်သာရှိလာပါမယ် .. အဲ့ဒီလိုနဲ့ ဆေးလိပ်သောက်တဲ့သူတွေရဲ့ အရေအတွက်ဟာ တဖြည်းဖြည်းတိုးလာခြင်းဖြစ်ပါတယ် .. အဲ့ဒီလိုတိုးလာလေလေ Noradrenaline တွေ ပိုထွက်လေလေ၊ သူ့ကြောင့်ဖြစ်တဲ့ဘေးထွက်ဆိုးကျိုးတွေ ပိုများလေလေ၊ အခြားဓာတ်ပစ္စည်းတွေကြောင့် ဖြစ်တဲ့ဘေးထွက်ဆိုးကျိုးတွေ ပိုများလေလေဖြစ်ပါတယ် ..

4. MWD :  နော်အဒရီနယ်လင်ရဲ့ ဘေးထွက်ဆိုးကျိုးက ဘာလဲဆိုတာ သိပါရစေ ..

4. KML  : အဓိကအနေနဲ့ သွေးကြောတွေကျဉ်းစေတဲ့ အာနိသင်ဖြစ်ပါတယ် .. တစ်ကိုယ်လုံးမှာရှိတဲ့
သွေးကြောတွေကျဉ်းကုန်လို့ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါတွေ ဖြစ်စေပါတယ် ..
အဲ့ဒီအခါမှာ နှလုံးကို အောက်ဆီဂျင်ကောင်းကောင်းမရတော့ နှလုံးခုန်မြန်တာ၊ နှလုံးခုန်မမှန်တာ၊
နှလုံးသွေးကြောပိတ်လို့  Heart attack ရတာတွေ ဖြစ်နိုင်ပါတယ် ..
ဦးနှောက်သွေးကြောပိတ်ရင် လေဖြတ်တာ (Stroke) ဖြစ်ပါမယ် ..
လက်ဖျားလေးတွေကိုသွားတဲ့ သွေးကြောတွေ ကျဉ်းကုန်လို့ ဖြူဖွေးသွားတာ၊ မဲသွားတာ၊
ပုပ်သွားတာတွေဖြစ်တတ်ပါတယ် ..
ခြေထောက်ကိုသွားတဲ့ သွေးကြောတွေကျဉ်းတော့ ကြွက်သားတွေမှာ
အောက်ဆီဂျင် လျော့နည်းသွားလို့ လမ်းလျှောက်ရင် ခြေသလုံးကြွက်သားတွေ နာတာဖြစ်တတ်ပါတယ် ..
ခြေထောက်မှာရှိတဲ့ သွေးကြောတွေ ပိတ်သွားရင်တော့ ခြေထောက်ပုပ်သွားလို့ဖြတ်ရတဲ့အခြေအနေထိ ဖြစ်တတ်ပါတယ် .. ဒါတွေရဲ့ အဓိကတရားခံကတော့
ဆေးလိပ်မှာပါဝင်တဲ့ နစ်ကိုတင်းကြောင့်ဖြစ်ပါတယ် ..

5. MWD : ဒါဆိုရင် နစ်ကိုတင်းဟာအတော်ဆိုးတာပေါ့ဆရာ ..
နစ်ကိုတင်းအနေနဲ့ တခြားဆိုးကျိုးတွေ ရှိသေးရင်လဲသိပါရစေဆရာ ..

5.KML   : နစ်ကိုတင်းဟာ နှလုံးနဲ့သွေးကြောတွေကိုအဓိကထိရုံမကဘဲ ကျန်တဲ့အစိတ်အပိုင်းတွေကိုလည်း
ထိခိုက်စေပါတယ် .. အဲ့ဒီထဲကအချို့ကိုဖော်ပြရင် -

(၁) အဆုတ်ရောဂါအမျိုးမျိုးဖြစ်စေပါတယ်..နစ်ကိုတင်းဟာ
အဆုတ်ကိုထိခိုက်စေတဲ့နည်းလမ်း နှစ်ခုရှိပါတယ်..
ပထမနည်းလမ်းကတော့ အဆုတ်မှာရှိတဲ့ လေအိတ်လေးတွေကို
ဖောင်းခြင်း ကျုံ့ခြင်းဖြစ်စေတဲ့ (elastin) လို့ခေါ်တဲ့ ဆဲလ်လေးတွေကို ပျက်စီးစေပါတယ်..ဒါကြောင့် လေကိုရှူသွင်းလိုက်တဲ့အခါ ပူပေါင်းလိုဖောင်းမလာတော့ဘဲ တင်းပြီးပေါက်သွားပါတယ်.. ဒါ့ကြောင့် လေအိတ်ကလေးတွေပျက်စီးကုန်တဲ့ရောဂါ (Emphysema) လို့ခေါ်ပါတယ်..
ဒုတိယ နည်းလမ်းကတော့ နီကိုတင်းဟာ ဗေးဂပ်စ်နာမ် (Vagus nerve) ကို လှုံ့ဆော်လိုက်တဲ့အတွက် Vagal reflex  ဖြစ်ပြီး လေပြွန်တွေကိုကျဉ်းစေပါတယ်.. ဒါ့ကြောင့် လေ၀င်တာလည်းနည်းမယ်၊ ၀င်လာတဲ့လေထဲမှာပါတဲ့ အောက်ဆီဂျင်ကို စုပ်ယူနိုင်တဲ့ alveoli လို့ခေါ်တဲ့ ဆဲလ်လေးတွေလဲ ပျက်စီးကုန်မယ်ဆိုရင် အသက်ရှူကြပ်တာ၊ မောတာတွေ ဖြစ်စေပါတယ်.. နဂိုထဲက ပန်းနာရင်ကြပ် လို ရောဂါရှိရင် ပိုပြီးဆိုးပါတယ်..

(၂) အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေ ရစေပါတယ်..
နစ်ကိုတင်းဟာ အစာအိမ်အက်ဆစ်တွေ အပေါ်ကိုပြန်ထွက်ပြီး အစာရေမျိုပြွန်ကိုရောင်ရမ်းစေတဲ့ရောဂါ (GERD - Gastro Esophageal Reflux Disorder) ကို ဖြစ်စေပါတယ်.. အစာအိမ်ရောဂါဖြစ်စေနိုင်တဲ့အပြင် အရင်ထဲက အစာအိမ်ရောဂါအခံရှိခဲ့ရင်ပိုပြီးဆိုးစေပါတယ် .. ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းကတော့ နစ်ကိုတင်းဟာ အစာအိမ်အက်ဆစ် (HCL)၊ ပက်ဆီနိုဂျင် (Pepsinogen) နဲ့ ဗေဆိုပရက်ဆင်  (Vasopressin) ဟိုမုန်းတွေကို ပိုထွက်အောင် လှုံ့ဆော်လိုက်လို့ ဖြစ်ပါတယ်.. ဒါ့ကြောင့် အစာအိမ်ထဲက အက်ဆစ်တွေကို အစာရေမြိုပြွန်ထဲကို ပြန်အန်မထွက်အောင် ထိန်းထားပေးတဲ့ကြွက်သား (Lower esophageal sphincter pressure) တွေကို ပျော့စေတဲ့အတွက်ကြောင့်လည်း အပေါ်ကိုပြန်ဆန်ပြီး GERD ရစေတာဖြစ်ပါတယ်..

(၃) ကင်ဆာမျိုးစုံဖြစ်စေခြင်း - နစ်ကိုတင်းဟာ အဆုတ်ကင်ဆာကိုသာမက ကျန်တဲ့ကင်ဆာအမျိုးမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ် .. အဓိကအဖြစ်များနိုင်တာကတော့ ရင်သားကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာတို့ပဲ ဖြစ်ပါတယ် ..

(၄) ခန္ဓာကိုယ်ခုခံအားစနစ်ကို ကျဆင်းစေပါတယ် .. ခုခံအားစနစ်မှာ အရေးပါတဲ့ သွးဖြူဥတစ်မျိုးဖြစ်တဲ့ 'T' cell အရေအတွက်ကို လျော့နည်းစေပါတယ် ..ရောဂါပိုးတွေ အလွယ်တကူ ၀င်ရောက်စေပါတယ် ..တီဘီရောဂါလိုပိုးမျိုးတွေ အလွယ်တကူဝင်ရောက်စေပါတယ်..
မကြာခဏ ဖျားနာတတ်ပါတယ်..အနာဖြစ်ရင် အကျက်နှေးစေပါတယ် ..

(၅) ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေပါတယ်..
ကျောက်ကပ်ထိခိုက်ပျက်စီးဖို့ အားပေးပါတယ် .. နဂိုထဲက ဆီးချိုသွေးချိုတို့၊ သွေးတိုးရောဂါတို့ ရှိတဲ့သူဆိုရင် ဆေးလိပ်သောက်ရင် ကျောက်ကပ်ပျက်ဖို့ သေချာသလောက်ရှိပါတယ် ..
ဖြစ်ပြီးရင်လည်း ကုသဖို့မလွယ်ကူပါဘူး ..

(၆) မျက်စေ့ထိခိုက်ပျက်စီးခြင်း - နစ်ကိုတင်းဟာ မျက်စေ့ရဲ့အတွင်းပိုင်းမှာရှိတဲ့ သွေးကြောလေးတွေကို ပျက်စီးစေတဲ့အတွက် အမြင်အာရုံကိုထိခိုက်စေပါတယ်.. အသက်ကြီးတဲ့အခါ ဖြစ်လေ့ရှိတဲ့ AMD (Age-related macular Degeneration) ကို စောစောစီးစီးဖြစ်စေပါတယ် ..
အတွင်းတိမ် (glaucoma)၊ ရေတိမ် (Cataract) တွေ ပိုဖြစ်စေပါတယ် .. အထူးသဖြင့် ဆီးချိုသွေးချိုရောဂါ အခံရှိရင် အဖြစ်ပိုမြန်ပါတယ် ..

(၇) မျိုးပွားအင်္ဂါအဖွဲ့ကို ထိခိုက်စေခြင်း - အမျိုးသားတွေမှာဆိုရင် ပန်းသေပန်းညှိုး ဖြစ်စေနိုင် တဲ့အပြင် သုတ်ပိုးတွေ အရေအတွက်ကျဆင်းတာ၊ သုတ်ပိုးတွေ မသန်စွမ်းဖြစ်တာတွေကြောင့် ကလေးမရဘဲ ဖြစ်တတ်ပါတယ်.. အမျိုးသမီးတွေ ဆေးလိပ်သောက်ရင်လည်း နီကိုတင်းကြောင့် မျိုးဥအိမ်တွေထိခိုက်လို့ ကလေးရဖို့ အလားလာနည်းစေပါတယ်..ရာသီသွေးပေါ်တာ မမှန်တာတွေ၊ ကိုယ်ဝန်ဆောင်ရင် ကိုယ်ဝန်ပျက်ကျတာတွေ ဖြစ်တတ်ပါတယ်.. အကယ်၍ ကိုယ်ဝန်ဆောင်စဉ်မှာ  သောက်သုံးရင်တော့ အထဲကသန္ဓေသားကို ဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ်.. ဉာဏ်ရည်မပြည့်ဘဲမွေးတာ၊ ကလေးက သေးသေးလေးဖြစ်နေတာတွေ ဖြစ်တတ်ပါတယ် .. အခုပြောခဲ့တာတွေကတော့ ဆေးလိပ်မှာပါဝင်တဲ့ နစ်ကိုတင်းတစ်ခုတည်းရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်ပြီး ကျန်တဲ့ဓာတ်ပစ္စည်းတွေပါ ပေါင်းလိုက်ရင်တော့ ဆိုးကျိုးတွေ အလွန့်အလွန်ကို များလာပါတယ်..


6. MWD : အခုနောက်ပိုင်းမှာ ဆေးလိပ်ဖြတ်ချင်တဲ့သူတွေရော ဆေးလိပ်တစ်ခါမှမသောက်တဲ့သူတွေကြားမှာ e-cigarettes တွေ အသုံးပြုလာကြတာတွေ့ရပါတယ် ဆရာ..
ဒါနဲ့ပတ်သက်လို့ ဆရာရဲ့အမြင်လေးလည်း သိပါရစေ...

Dr.KML :  e-cigarette ဆိုတာ နစ်ကိုတင်းအရည်ကို ဘက်ထရီအသုံးပြုရတဲ့ကိရိယာထဲမှာထည့်ပြီး အပူပေးလိုက်လို့ အငွေ့ပျံလာတာကိုရှူသွင်းရတဲ့ကိရိယာတစ်ခုဖြစ်ပါတယ်.. ဆေးလိပ်သောက်ရင် အဓိကစွဲလန်းစေတဲ့၊ ကျေနပ်မှုဖြစ်စေတဲ့ နစ်ကိုတင်းကို အဓိကထည့်သွင်းထားပေမဲ့ အဲ့ဒီနစ်ကိုတင်းကို အရည်ဘ၀နဲ့ ကြာရှည်တည်ရှိနေနိုင်အောင် base လို့ခေါ်တဲ့ ဖျော်တဲ့ပစ္စည်းတွေ၊ အနံ့အရသာကောင်းအောင် ထည့်သွင်းထားတဲ့ essence  တွေပါ ရောထားပါသေးတယ် .. e-cigs  လို့လည်း အတိုကောက်ခေါ်သလို 'Vaping' လို့လည်း ခေါ်ပါတယ်.. အချို့ e-cigs တွေက တစ်ခါသုံးဖြစ်ပြီး အထဲကအရည်ကုန်တာနဲ့ လွှင့်ပစ်ရပါတယ်.. များသောအားဖြင့်တော့ အရည်ပြန်ဖြည့်ပြီးသုံးရတဲ့ Refillable cartridges နဲ့ သုံးတာကပိုများပါတယ် .... ဘက်ထရီကိုလည်း ကွန်ပြူတာ ဒါမှမဟုတ် power bank နဲ့ အားသွင်းပြီး အသုံးပြုနိုင်ပါတယ်..
e-cigarette ရဲ့မူလ idea ကို ၁၉၆၃ ခုနှစ်မှာ Herbert  A. Giebert ဆိုသူကစတင်တီထွင်ပြီးမူပိုင်ခွင့် (Patent) ပြုလုပ်ခဲ့ပါတယ် .. ဒါပေမယ့်  ဈေးကွက်တင်ရောင်ချနိုင်ခြင်း မရှိခဲ့ပါဘူး ..
ဒီကနေ့သုံးနေတဲ့ e-cigs ပုံစံကို တရုတ်လူမျိုး Pharmacist ဖြစ်တဲ့ Hon Lik ကတီထွင်ခဲ့တာဖြစ်ပြီး ''Golden Dragon Holding'' ကုမ္ပဏီအတွက် လုပ်ခဲ့တာဖြစ်ပါတယ်..
နောင်ပိုင်းမှာတော့ အဲ့ဒီကုမ္ပဏီကို 'Ruyan' လို့ အမည်ပြောင်းခဲ့ပါတယ်..
၂၀၀၃ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီး တရုတ်ပြည်မှာ၂၀၀၄ ခုနှစ်အတွင်း စတင်ဖြန့်ဖြူးရောင်းချခဲ့ပါတယ်.. ၂၀၀၅-၂၀၀၆ လောက်မှာတော့ ကျန်ကမ္ဘာ့နိုင်ငံအသီးသီးကို ဖြန့်ဖြူးရောင်းချနိုင်ခဲ့ပါတယ်.. ဒါပေမယ့် တကယ်တွင်ကျယ်လာတာက ၂၀၁၀ နောက်ပိုင်းကျမှဖြစ်ပါတယ်..
၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ် ၅နှစ်တာကာလအတွင်း အမေရိကန်လူငယ်တွေကြားမှာ
ရာခိုင်နှုန်း ၉၀၀ (၉ဆ) လောက် တိုးတက်သုံးစွဲလာတာတွေ့ရပါတယ်.. ၂၀၁၆ ရောက်တဲ့အခါမှာ အမေရိကန်နိုင်ငံမှာရှိတဲ့ ၁၈ နှစ်အထက် လူတွေအားလုံးရဲ့ ၃.၂% ဟာ e-cigs ကို စွဲနေကြ ပါပြီ ..ဒါ့ကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ တစ်နေ့ထက်တစ်နေ့ များလာနေတဲ့ အတွက် အမေရိကန် FDA က ဥပဒေတွေပြဌာန်းပြီး ကန့်သတ်ဖို့ကြိုးစားလာနေရပါပြီ..

7. MWD : e-cigarette သုံးရင် ဘယ်လိုမျိုးဆိုးကျိုးတွေ ရှိတယ်ဆိုတာလဲ သိပါရစေ..

7. KML   : အဓိကအနေနဲ့ (၅) ချက်ရှိပါတယ် ..

(၁) နစ်ကိုတင်းကြောင့်ဖြစ်လာသည့် ကျန်းမာရေးဆိုးကျိုးများ - e-cigs ဆိုတာ အဓိကအားဖြင့် နစ်ကိုတင်းအရည်ကို အငွေ့ပျံစေပြီး ရှူရှိုက်တာဖြစ်ပါတယ်.. သာမန်ဆေးလိပ်မှာပါဝင်တဲ့ နစ်ကိုတင်းထက်ပိုမိုသန့်စင်အောင် ပြုလုပ်ထားပြီး ထုတ်ထားတာဖြစ်လို့ သူ့ချည်းပါဝင်မှု concentration ပိုများပါတယ်.. ဒါ့ကြောင့် ရှူလိုက်ရင်ဝင်သွားတဲ့ နစ်ကိုတင်းပမာဏဟာ သာမန်ဆေးလိပ်တစ်လိပ်ကိုရှူလိုက်ရင်ဝင်လာတဲ့ပမာဏထက် ပိုများပါတယ် .. ဒါ့ကြောင့် နစ်ကိုတင်းကြောင့် ဖြစ်ရတဲ့ကျန်းမာရေးဆိုးကျိုးတွေဖြစ်တဲ့ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်တာ၊ ခြေလက်တွေသွေးကြောပိတ်ပြီးပုပ်တာ၊ ဦးနှောက်နဲ့အာရုံကြောတွေ ထိခိုက်တာ၊ ဆီးချိုသွေးချိုဖြစ်တာ၊ ဟိုမုန်းတွေပုံမှန်မဖြစ်တော့တာ၊ အရိုးတွေပွတာ၊ ကြွက်သားတွေနာကျင်တာ၊ အသက်တိုစေတာ အစရှိသဖြင့် အကုန်လုံးဖြစ်မှာပါ..

(၂) e-cigarette အရည်ထဲမှာပါဝင်တဲ့ ဖျော်ရည်အခြေခံပစ္စည်း (base) ဖြစ်တဲ့ Propylene glycol တို့၊ glycerol တို့အပြင် ကြာရှည်ခံစေတဲ့ပစ္စည်းတွေ၊ အနံ့အရသာကောင်းဖို့ထည့်ထားတဲ့ ဓာတုပစ္စည်းမျိုးစုံဟာလည်း ဒုက္ခပေးနိုင်ပါတယ်.. အဲ့ဒီပစ္စည်းတွေကို မီးနဲ့အပူပေးလိုက်ရင် ဓာတ်ပြုရာက Formaldehyde တွေ ထွက်လာလေ့ရှိပါတယ် .. အဲ့ဒီပစ္စည်းထဲကတစ်ချို့ဟာ အဆိပ်အတောက်ဖြစ်စေပြီး ကင်ဆာရောဂါအထိ ဖြစ်စေနိုင်ပါတယ်..

(၃) e-cigarette ကို အပူပေးလို့ထွက်လာတဲ့ အငွေ့တွေမှာပါဝင်တဲ့ဓာတ်ပစ္စည်းတွေဟာ
ဓာတုပစ္စည်းတွေကို မီးရှို့ရာကထွက်လာတဲ့ ပစ္စည်းတွေဖြစ်လို့ အဆုတ်ကိုထိခိုက်စေပါတယ်..
အဲ့ဒီအထဲမှာ အဆိုးဆုံးပစ္စည်းကတော့ ''Dicetyl'' လို့ခေါ်ပြီး အဆုတ်ကို တိုက်ရိုက်ဖျက်ဆီးတဲ့အတွက် ဓာတ်မှန်ရိုက်ကြည့်ရင် အဆုတ်နေရာတစ်ဝိုက်မှာ အဖြူရောင်အလုံးတွေ တွေ့ရလေ့ရှိပါတယ်. ပြောင်းဖူးပေါက်ပေါက်နဲ့တူလို့ ဆေးပညာအရ ''popcorn lung'' လို့ခေါ်ပြီး
ပြန်ကုလို့မရတဲ့အခြေအနေ (irreversible lung disease) ဖြစ်ပါတယ်..

(၄) e-cigarette ရဲ့ အငွေ့ထဲမှာပါဝင်နေတဲ့ Nitrosamine တွေဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေရဲ့ DNA ကို ထိခိုက်ပျက်စီးစေတဲ့အတွက် ကင်ဆာရောဂါအမျိုးမျိုး ဖြစ်စေနိုင်ပါတယ်.. လောလောဆယ် ကြွက်တွေမှာစမ်းသပ်ပြီး ထွက်ရှိလာတဲ့ သုတေသနစာတမ်းတွေအရ ကြွက်တွေကို e-cigs အငွေ့တွေ ရှူခိုင်းကြည့်ရာမှာ အဆုတ်ကင်ဆာနဲ့ ဆီးအိမ်ကင်ဆာတွေ ဖြစ်လာတာတွေ့ရပါတယ်..  အခုလောလောဆယ် အသုံးပြုနေတဲ့လူတွေကိုတော့ နောင် ၁၀ နှစ်လောက်ကြာလို့ လေ့လာခဲ့ရင် လူတွေမှာလည်း ကင်ဆာဖြစ်စဉ်တွေ ပိုတွေ့ရတော့မှာပါပဲလို့
ပညာရှင်တွေက ယုံကြည်လျက်ရှိပါတယ်..

(၅) e-cigarette သုံးစွဲသူလူငယ်များ တိုးပွားလာခြင်းဟာလည်း အဓိကပြဿနာတစ်ခုဖြစ်ပါတယ်.. e-cigs ကို စတင်ထုတ်လုပ်ခဲ့တဲ့ မူလရည်ရွယ်ချက်က ဆေးလိပ်သောက်သုံးသူတွေကို
ဆေးလိပ်ဖြတ်တဲ့အခါ အစားထိုးအသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီးထုတ်ခဲ့တာဖြစ်ပါတယ်..
ဒါပေမယ့် တကယ့်လက်တွေ့မှာ ဆေးလိပ်လုံးဝမသောက်ဖူးသူ လူငယ်တွေအနေနဲ့
e-cigs ကို အန္တရာယ်ကင်းတယ်ထင်ပြီး အသုံးပြုမှုဟာ တဟုန်ထိုးတိုးတက်လာတာ တွေ့ရပါတယ်.. အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ၂၀၁၁ ကနေ ၂၀၁၃ ခုနှစ်အတွင်း
အရင်ကဆေးလိပ်လုံးဝ မသောက်သုံးခဲ့တဲ့သူ e-cigs ကို သုံးစွဲနေသူပေါင်း ၂၆၃,၀၀၀ ရှိတာ တွေ့ရပါတယ်.. အခုဆိုရင် သန်းဂဏန်းကျော်သွားလောက်ပြီလို့ ထင်ပါတယ်.. ဒါကလည်း သူ့မှာပါဝင်တဲ့ နစ်ကိုတင်းဟာ စွဲလန်းစေလို့ လူငယ်တွေကြားမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုလာတာ ဖြစ်ပါတယ်.. ဒါဟာ အနာဂတ်မျိုးဆက်တွေအတွက် အင်မတန်မှ ရင်လေးစရာဖြစ်ပါတယ်..

8. MWD : ဆေးလိပ်သောက်နေတဲ့ သူတစ်ယောက်ဟာ ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင်
ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိရင်သိပါရစေ..

Dr.KML : ဆေးလိပ်ဖြတ်ပြီးတဲ့အချိန်ကစပြီး ၇၂ နာရီကျော်တာနဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ.. အဲ့ဒီထဲက ကျန်းမာရေးနဲ့ ပတ်သက်လို့ပြောရရင်

(၁) နှလုံးနဲ့သွေးကြောတွေ ကျန်းမာရေးကတော့ သိသိသာသာ တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်.. နှလုံးခုန်တာတွေ မြန်နေရာကနေ၊ ပုံမှန်မဖြစ်တာကနေ ပုံမှန်ပြန်ဖြစ်လာပါမယ်..
သွေးကြောလေးတွေကျဉ်းနေတာတွေ တဖြည်းဖြည်းပြန်ကျယ်လာလို့ သွေးလှည့်ပတ်မှုတွေ ပိုကောင်းလာပါမယ်.. ခြေဖျားလက်ဖျားတွေ သွေးပိုလျှောက်လာလို့ အရင်ကလိုမဲညစ်မနေဘဲ နီလာပါမယ်.. သွေးတိုးရှိတဲ့သူတွေ သွေးပေါင်ချိန်ကျလာပါမယ်..

(၂) အဆုတ်ရဲ့အလုပ်လုပ်တာတွေ ပိုကောင်းလာပါမယ်.. အသက်ရှူရတာပိုချောင်လာမယ်၊
ချောင်းဆိုးတာတွေလည်း သက်သာသွားပါမယ်.. အဆုတ်ထဲကိုမကြာခဏပိုးဝင်ပြီး လေပြွန်
ရောင်တာတွေ၊ နမိုးနီးယားဖြစ်တာတွေ လျော့လာပါမယ်.. ပိုပြီးအမောခံနိုင်လာပါမယ်..

(၃) ဦးနှောက်ထဲမှာ အောက်ဆီဂျင်ပိုရလာလို့ မူးဝေတာတွေ၊ ခေါင်းမကြည်မလင်ဖြစ်နေတာတွေ ကောင်းလာပါမယ်.. မှတ်ဉာဏ်တွေပိုပြီးတိုးတက်ကောင်းမွန်လာပါမယ်..သတိမေ့တာတွေ လျော့လာပါမယ်..

(၄) အမောခံပြီး သက်လုံပိုကောင်းပါမယ်.. အားကစားလုပ်ရင်၊ လမ်းလျှောက်ရင် ခါတိုင်းထက် ပိုကောင်းလာပါမယ်.. သွေးထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ လျော့နည်းလာလို့ ဟေမိုဂလိုဗင်ဟာ အောက်ဆီဂျင်ကို ပိုသယ်လာနိုင်လို့ နေလို့ပိုကောင်းလာပါမယ်..

(၅) အနံ့အသက်တွေ ပိုကောင်းပါမယ်.. ခန္ဓာကိုယ်ကနေ ရှူထုတ်လိုက်တဲ့လေထဲမှာ
မကောင်းတဲ့ ဆေးလိပ်နံ့တွေကင်းစင်သလို၊ ချွေးထဲမှာလဲ ဆေးလိပ်ရဲ့မကောင်းတဲ့အနံ့တွေ
ကင်းစင်လာလို့ ခန္ဓာကိုယ်မှာ ဆေးလိပ်နံ့တွေတဖြည်းဖြည်း လျော့နည်းလာပါမယ်..
မိမိနဲ့ထိတွေ့ဆက်ဆံတဲ့ မိတ်ဆွေတွေရဲ့ ပိုမိုနှစ်သက်လက်ခံမှုကို ရရှိစေမှာဖြစ်ပါတယ်..

(၆) ဆေးလိပ်သောက်ရင်ဖြစ်တဲ့ သွားတွေဝါနေတာ၊ အရေပြားတွေ မွဲခြောက်ခြောက်ဖြစ်တာ၊
ပါးရေတွန့်တာမြန်တာတွေ၊ ဆံပင်တွေကြွပ်ဆတ်တာ၊ လက်သည်းခြေသည်းတွေ
မလှတာတွေကနေ တဖြည်းဖြည်း ပြန်ကောင်းလာပြီး ပိုမိုချောမောလှပစေမှာ ဖြစ်ပါတယ်..
အသားအရေတွေလည်းပိုမိုစိုပြေလာပြီး ကြည့်လို့ပိုကောင်းစေပါတယ်..

(၇) ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပွားခြင်းကနေ ကာကွယ်ရာရောက်ပါတယ်..
ဆေးလိပ်ကြောင့်ဖြစ်တဲ့ ကျန်တဲ့ရောဂါဆိုးတွေဖြစ်တဲ့ လေဖြတ်တာ၊ ခြေလက်ထုံကျင်ပြီးသွေးမလျှောက်ဖြစ်တာ၊ ဟိုမုန်းတွေပုံမှန်မဖြစ်တာ၊ ပန်းသေပန်းညှိုးရောဂါတွေကို ကာကွယ်ရာရောက်ပါတယ်..

(၈) ခန္ဓာကိုယ်ခုခံအားစနစ်ကို ဆေးလိပ်သောက်စဉ်ကထက် ပိုမိုတိုးတက်ကောင်းမွန်လာလို့
မကြာခဏဖျားနာတာ၊ တရှောင်ရှောင်ဖြစ်တာတွေ ကောင်းလာပါမယ်.. အော်တိုအင်မြူးရောဂါတွေ ဖြစ်ဖို့ အလားအလာလည်းနည်းသွားပါတယ်..Free Radical တွေ လျော့နည်းလာလို့ ခုခံအားစနစ်ကို ဖျက်ဆီးခြင်းကနေ ကာကွယ်ရာရောက်ပါတယ်..

(၉) နောက်ဆုံးအနေနဲ့ ဆေးလိပ်သောက်စဉ်ကထက်ပိုပြီး အသက်ရှည်နုပျိုကျန်းမာလာလို့
သက်တမ်း ပိုပြီးနေရမှာဖြစ်ပါတယ်.. သက်တမ်းစေ့နေရဖို့ အထောက်အကူပြုပါတယ်..

9. MWD : မိမိကိုယ်တိုင် ဆေးလိပ်မသောက်ပေမယ့်လည်း ဆေးလိပ်သောက်သုံးတဲ့သူရဲ့
အနားမှာနေရင်လည်း ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ကြားဖူးပါတယ်ဆရာ..
အဲ့ဒါနဲ့ပတ်သက်လို့လည်း ရှင်းပြပေးပါ..

Dr.KML: ကိုယ်တိုင်ဆေးလိပ်မသောက်ပေမယ့် ဆေးလိပ်သောက်တဲ့သူအနားမှာနေပြီး
အဲ့ဒီလူက မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်မီးခိုးငွေ့တွေကို ရှူနေတဲ့သူတွေဟာလည်း
ဆေးလိပ်သောက်သကဲ့သို့ ဆိုးကျိုးတွေခံစားရမှာဖြစ်ပါတယ်..
အချို့သုတေသနစာတမ်းတွေအရရော၊ ဆရာ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံအရရော
အဲ့ဒီလိုအနားမှာနေတဲ့သူဟာ ပိုပြီးဆိုးကျိုးကို ခံစားရနိုင်ပါတယ်..  အဲ့ဒီလိုလူမျိုးကို Passive smoker ဒါမှမဟုတ် Secondhand smoker လို့ခေါ်ပါတယ်.. အထူးသဖြင့် ကလေးလူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆို ပိုခံရတတ်ပါတယ်.. ဥပမာ ဖခင်ဖြစ်သူက ဆေးလိပ်သောက်ပြီး ကလေးကိုချီထားတာမျိုးလုပ်ရင် အဲ့ဒီဆေးလိပ်မီးခိုးတွေဟာ ကလေးရဲ့အသက်ရှူလမ်းကြောင်းကနေတဆင့် ၀င်ရောက်ပြီး ကလေးကို ရင်ကြပ်ပန်းနာရောဂါကအစပြုလို့ ကင်ဆာရောဂါအထိ ဖြစ်စေနိုင်တာမျိုးပါ.. အလားတူပဲ လင်မယားနှစ်ယောက်မှာ အမျိုးသားကဆေးလိပ်သောက်လို့ အမျိုးသမီးမှာအဆုတ်ကင်ဆာဖြစ်သွားတာမျိုးကို ဆိုလိုပါတယ်..
ဒါ့ကြောင့်လဲ Passive smoker တွေကို ကာကွယ်ပေးဖို့ ဥပဒေတွေပြဌာန်းခဲ့ပါတယ်..

အများနဲ့ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်သောက်သုံးခွင့် ပိတ်ပင်ထားခဲ့ပြီးဖြစ်ပါတယ်..
ဥပမာ စာသင်ကျောင်း၊ ဆေးရုံ၊ ရုံးဌာန၊ လေဆိပ်၊ ဘတ်စ်ကားပေါ်၊ ရထားပေါ်၊ လေယာဉ်ပေါ်တွေမှာ ဆေးလိပ်မသောက်ရလို့ ပိတ်ပင်ထားတာဟာ ဆေးလိပ်သောက်သုံးသူကြောင့် အခြားသူတွေ ဒုက္ခမရောက်စေဖို့ ဖြစ်ပါတယ်.. အခုနောက်ပိုင်းမှာ Thirdhand smoker ဆိုပြီး ထပ်မံသုံးစွဲခေါ်ဝေါ်ပြီး ယခုထက်ပိုမိုဂရုစိုက်ဖို့လှုံ့ဆော်လာနေပြီဖြစ်ပါတယ်..

10. MWD : ဆရာပြောတဲ့ Thirdhand smoker ဆိုတာကတော့ အခုမှကြားဖူးတာပါ ဆရာ..
အဲ့ဒါကရော ဘာကိုဆိုလိုတာပါလဲ ဆရာ..

Dr.KML : Secondhand smoker ဆေးလိပ်သောက်တဲ့သူမှုတ်ထုတ်လိုက်တဲ့ မီးခိုးငွေ့တွေကို တိုက်ရိုက်ရှူတာကိုခေါ်ပြီး Thirdhand smoker  ကတော့ သွယ်ဝိုက်တဲ့နည်းနဲ့ရှူမိတာကို ပြောတာဖြစ်ပါတယ် .. ဥပမာ ဆေးလိပ်သောက်သုံးသူကမှုတ်ထုတ်လိုက်တဲ့မီးခိုးတွေထဲမှာ ပါဝင်တဲ့ အဆိပ်အတောက်ပစ္စည်းတွေဟာ လူတွေနဲ့ထိတွေ့သုံးစွဲနေတဲ့ အသုံးအဆောင်ပစ္စည်းတွေပေါ်ကို ရောက်သွားပါမယ် .. (ဥပမာ အင်္ကျီ၊ ခေါင်းအုံး၊ စောင်၊ ခြင်ထောင် အစရှိသဖြင့်) အဲ့ဒီပစ္စည်းတွေနဲ့  ထိတွေ့တဲ့သူတွေဆီကို အဲ့ဒီအဆိပ်တွေပျံ့နှံ့ဝင်ရောက်တာကို ဆိုလိုပါတယ် .. ဥပမာ အဖေလုပ်တဲ့သူက အိမ်မှာဘယ်သူမှမရှိတုန်း အိပ်ယာပေါ်မှာဆေးလိပ်သောက်မယ်ဆိုရင် အဲ့ဒီမီးခိုးတွေကို ဘယ်သူမှရှူမိမှာမဟုတ်ပါဘူး .. ဒါပေမယ့် အဲ့ဒီမီးခိုးမှာပါတဲ့အဆိပ်အမှုန်တွေဟာ ခေါင်းအုံးတွေ၊ စောင်တွေပေါ်ကို ကျလာပါမယ် .. ညကျမှ မိမိရဲ့သားသမီးငယ်လေးတွေကို အဲ့ဒီခေါင်းအုံး၊ စောင်တို့နဲ့အိပ်ခိုင်းရင် အဲ့ဒီကလေးတွေရဲ့ အသက်ရှူလမ်းကြောင်းထဲကို ခုနကခေါင်းအုံးစွပ်မှာကပ်နေတဲ့ အဆိပ်မှုန်လေးတွေဝင်ပြီး ရောဂါရစေတာကို ဆိုလိုပါတယ် ..

11. MWD : အခုဆိုရင် ဆေးလိပ်နဲ့ပတ်သက်လို့ အတော်လေးပြည့်ပြည့်စုံစုံသိရပါပြီဆရာ .. ဆရာ့အနေနဲ့  မြ၀တီ ရုပ်မြင်သံကြားပရိသတ်ကြီးကို ဘာများဖြည့်စွက် ပြောကြားလိုပါသေးသလဲဆရာ ..

Dr.KML : ဆေးလိပ်သောက်ခြင်းဟာ အဆိပ်ငွေ့တွေရှူသွင်းနေခြင်းဖြစ်ပါတယ် .. မိမိတစ်ယောက်တည်း သာမက မိမိရဲ့မိသားစုနဲ့ပတ်ဝန်းကျင်ကိုပါ ဆိုးကျိုးတွေ အများကြီးပေးနိုင်တာမို့ ဆေးလိပ်သောက်နေသူတွေအနေနဲ့ ဆေးလိပ်ကိုအမြန်ဆုံး ဖြတ်ကြပါလို့တိုက်တွန်းချင်ပါတယ်.. အကယ်၍သောက်မယ်ဆိုရင် မိမိကြောင့် တစ်ပါးသူဒုက္ခမရောက်ရလေအောင် အခြားလူတွေအနီးမှာ မသောက်ဖို့ မေတ္တာရပ်ခံချင်ပါတယ်.. ဆေးလိပ်မသောက်သုံးသူတွေ အနေနဲ့လည်း ဆေးလိပ်ကိုစပြီး မစမ်းကြပါနဲ့ .. e-cigs တွေလည်း လုံးဝမသုံးကြပါနဲ့လို့ တိုက်တွန်းပြောကြားချင်ပါတယ်..

ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals) 

No comments: