Tuesday, December 4, 2018

`ကော်လာဂျင် ထုတ်လုပ်မှု တိုးဖို့ နည်းလမ်းများ ´



(Ways to Increase Collagen Production)

ကော်လာဂျင်(Collagen)ဆိုတာက  လူ့အရေပြားကို တင်းရင်းကြံ့ခိုင်စေသော ပရိုတင်းဓာတ် အမျိုးအစားတစ်ခုဖြစ်ပါတယ်။ လက်ရှိဈေးကွက်ထဲရှိ များလှစွာသော နုပျိုစေတယ်ဆိုတဲ့ ကရင်မ် (anti-aging creams)တွေ အဆီ(serums)တွေမှာ ပထမတန်းစားပါဝင်ပစ္စည်းဖြစ်ပြီး အလှကုန်လောကကို ဘဲလ်သံပေးနေသူပါ။ ကော်လာဂျင်ကို ထည့်သွင်းထုတ်လုပ်တဲ့ အလှကုန်ပစ္စည်းဆိုပါက အတန်ငယ် ဈေးမြင့်တာကြောင့် ဘတ်​ဂျတ်​ ကြည့်နေသော အမျိုးသမီးအချို့အတွက်တော့ အိပ်မက်ထဲက ထုတ်ကုန်ပစ္စည်းဖြစ်နေပါတယ်။ ဘတ်​ဂျတ်​တွေ ဈေးနှုန်းသက်သာတဲ့ ကိစ္စတွေ ကြည့်ဖို့ မလိုဘူးဆိုပါက စိုးရိမ်ဖို့မလို မိမိမှန်တင်ခုံပေါ် တင်သင့်တဲ့ ​ရေပန်းစားနေသော အလှကုန်ပစ္စည်း တစ်မျိုးပါလို့။ ကျွန်တော်တို့ ခန္ဓာကိုယ်​ကနေ ကော်လာဂျင် ပိုမို ထုတ်လုပ်ခြင်းကို အားပေးအာမြှောက်ပြုဖို့ ဖြစ်နိုင်ခြေရှိပါတယ်။

ဆိုရှယ်မီဒီယာတွေပေါ်က အလှကုန်ကအစ ကိုယ့်ဘတ်​ဂျတ်​တွေ ၀င်ငွေအပေါ် အတွက်​အချက်​ လုပ်နေမိသော ကျွန်တော့် သူငယ်ချင်းများ ၊ မိသားစုများအတွက် သဘာဝအတိုင်း ကော်လာဂျင် ထုတ်လုပ်မှု တိုးပွားအောင် ဘယ်​လိုလုပ်​ရမလဲ လေ့လာလို့ရအောင် ဆောင်းပါး တစ်ဆောင်အဖြစ် ဖန်​တီးလိုက်ပါတယ် ခင်ဗျ။

တစ်ညကို အနည်းဆုံး ၇နာရီတိတိ အိပ်စက်ပါ (Get at Least 7 Hours of Sleep a Night)

ယုံချင်ယုံ မယုံချင်နေလို့ပြောရမလား တစ်ညလောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လိုက်တာနဲ့ ကျွန်တော်တို့ ကိုယ်ခန္ဓာမှ ကော်လာဂျင်ဓာတ်ကို ပိုမိုဖြစ်ပေါ် ထုတ်လုပ်စေဖို့ ကောင်းကောင်း အထောက်အပံ့ပြု ပါတယ်။ ဒါဟာ ဘာလဲဆိုတော့ အားအင်သစ်ပြန်ဖြည့်ဖို့ နာရီအတော်ကြာ အချိန်ကို အိပ်စက်အသုံးပြုနေစဉ် ကျွန်တော်တို့ ခန္ဓာကိုယ်​က သူ့ကိုယ်သူ နက်နက်ရှိုင်းရှိုင်း ပြန်လည် ပြင်ဆင်နိုင်တာကြောင့်ပါ။ မူလ ငယ်ရွယ်နုပျိုလှပတဲ့ အရေပြားအသွင်အပြင် ပြန်လည်အခြေစိုက်စေရန် ကော်လာဂျင် ပိုမိုဖြစ်ပေါ်ချိန်ရတာကြောင့်ဖြစ်ပါတယ်။

ကံဆိုးချင်တော့ အလုပ်တွေ အလွန်များပြီး အချိန်ပြည့် အလုပ်​ကို စိတ်ရောက်နေသူ လူအများစုကတော့ သူတို့​တွေရဲ့ ကြောင့်ကြစိတ် နဲ့ စိုးရိမ်သောကတွေကြောင့် တစ်ညကို ခုနှစ်နာရီကနေ ကိုးနာရီလောက်အထိ အိပ်စက်ဖို့ မကြိုးစားနိုင်ကြပါဘူး။

အကယ်၍ ကျွန်တော်သာ သူတို့ထဲကတစ်ယောက် ဖြစ်ခဲ့ရင် အိပ်မပျော်တဲ့ရောဂါကို သဘာဝအလျောက် စစ်ထိုးဖို့ နည်းလမ်းတွေကို စူးစမ်းရတော့မယ်။ တရားထိုင် (meditation) ခြင်းနဲ့ ယောဂ (Yoga) ကျင့်စဉ်နှစ်မျိုးစလုံးဟာ စိုးရိမ်ကြောင့်ကြစိတ်မြင့်နေတာကို လျော့ချဖို့ အကူအညီပေးကြောင်း သိပ္ပံနည်းကျတွေ့ရှိထားပါတယ်။ ကျွန်တော် အိပ်ရာပေါ်ကို ခုန်မတက်ခင် ကမ်မိုမိုင်း (chamomile) သို့မဟုတ် စံပယ်(jasmine) တို့လို ဆေးလဖက်ရည်ကြမ်း(herbal tea) တစ်ခွက်လောက်တော့ သောက်ဖို့ ကြိုးစားရမယ်​။ ဆေးလဖက်ရည်ကြမ်းမှာ သက်သောင့်သက်သာဖြစ်စေသော ရနံ့ အဆီ(essential oils) အများအပြားရှိနေတာကြောင့် တစ်ခါမက စမ်းကြည့်သင့်တာပါ။

မှီဝဲနေကြ ဗီတာမင်​ စီ ပမာဏ တိုးမြှင့်ပါ (Increase Your Vitamin C Intake)

အရေပြားကိစ္စမှာ အထူးကျွမ်းကျင်သူများ (skin specialists) အဆိုအရ ကိုယ်ခန္ဓာမှ ကော်လာဂျင် ထုတ်လုပ်စေဖို့အတွက် ဗီတာမင် စီ လိုအပ်ပါသတဲ့။ အရေပြား လျော့တိလျော့ရဲဖြစ်ခြင်းနဲ့ အတွန့်အရေးအကြောင်းတွေကို ဟန့်တားဖို့ စိတ်ကူးကောင်း တစ်ခုလို့ပြောရမယ်။ အထူးသဖြင့် တန်ဖိုးမြင့် ကော်လာဂျင်ပါဝင်သော နုပျိုစေတယ်ဆိုတဲ့ အလှကုန်ပစ္စည်းတွေကို ၀ယ်သုံးဖို့ မတတ်နိုင်သော ကျွန်တော့်လိုလူများအတွက် နေ့စဉ်စားသောက်နေတဲ့ အစားအ​သောက်​များမှာ ဗီတာမင် စီကြွယ်ဝတဲ့ အစားအစာတွေကို ထည့်သွင်းစားသောက်ဖို့ အကြောင်းပြချက် တစ်ခုရပါတယ်။

အချို့သော အချဉ်ဓာတ်ကဲ အပူပိုင်းဒေသထွက် သစ်​သီးဝလံတွေမှာ ဗီတာမင် စီ တော်တော်များများပါရှိပါတယ်။ ခရမ်းချဉ်သီး ၊ ကန်စွန်းဥ၊ ​ဂေါ်ဖီထုပ်​ (cabbage)၊ ပန်းမုန်လာ (broccoli)၊ ပန်းဂေါ်ဖီ (cauliflower)၊ ကွမ်းသီးဂေါ်ဖီထုပ် (Brussels sprouts)၊ ဟင်းနုနွယ် ၊ သခွားမွှေး(winter squash)နဲ့ ပန်းငရုပ်ပွ (bell peppers)တွေလည်း အပါအ၀င်ပေါ့။

ကျွန်တော်တို့ စားသောက်နေကြ အစားအစာများမှာ ဗီတာမင် စီ လုံလောက်အောင် ပါဝင်မှုမရှိဘူးလို့ ခံစားရလျှင်တော့ ဗီတာမင် စီ သို့မဟုတ် C Vit. (ascorbic acid or sodium ascorbate) ဆေးပြားကို ဖြည့်စွက်အစားအစာ သဘောဖြင့် နေ့စဉ် မှီဝဲပါ။ အကယ်၍ ကျွန်တော်တို့မှာ ဆေးကုသမှု အခြေအနေတစ်ခုခု ခံယူနေပါက ဗီတာမင် စီဖြည့်စွက်စာကို ဘယ်လိုမှီဝဲမယ့်အကြောင်း ဆရာဝန်ကို သေချာ သတင်းပေး တိုင်ပင်ပါ။


အခြေခံ လေ့ကျင့်ခန်းတစ်ခုခုကို ပုံမှန်ပြုလုပ်ပါ (Exercise on a Regular Basis)

ကျွမ်းကျင်သူများ အဆိုအရ ကျွန်တော်တို့ ပြုလုပ်နေကြ ကိရိယာလွတ် လေ့ကျင့်ခန်းလေးတွေ ၊ သွေးပူလေ့ကျင့်ခန်းလေးတွေကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ကိုယ်ခန္ဓာမှ ကော်လာဂျင် ထုတ်လုပ်မှုအား တိုးမြှင့်စေဖို့ အကူအညီရပါတယ်။ လေ့ကျင့်ခန်းလေးတွေ ပုံမှန် ပြုလုပ်ပေးခြင်းဖြင့် အရေပြား တင်းရင်းကျစ်လစ်လာတယ်၊ နုပျိုလန်းဆန်း သယောင်ဖြစ်လာတယ်ဆိုတာအပြင် ကျန်းမာရေး ပြဿနာအမျိုးမျိုးနဲ့ ဆီးချို​ရောဂါမှတစ်ဆင့် နှလုံး​ရောဂါ ဖြစ်ခြင်းတွေကို ဟန့်တားဖို့ အကူအညီ ဖြစ်ပါတယ်။

 အေရိုးဗစ်လေ့ကျင့်ခန်းလို ခွန်အားမြင့်လေ့ကျင့်စဉ် တစ်ခုလို အားအင်ပြည့် ကစားတာ စိတ်ကူးကောင်းပါ။ အေရိုးဗစ်ကော ခွန်အားမြှင့်လေ့ကျင့်စဉ်ကော ပေါင်းစပ်လုပ်ဆောင်ခြင်းက ကော်လာဂျင် ဖွဲ့စည်းတည်ဆောက်ခြင်း (collagen synthesis)နဲ့ ကျန်းမာရေး ပိုမိုကောင်းမွန်စေပါတယ်။

လေ့ကျင့်​ခန်း လုပ်ခြင်းက ခန္ဓာကိုယ်​မှ ကော်လာဂျင် ထုတ်လုပ်အားကို အားပေးအားမြှောက်ပြုသည်ဆိုငြား လေ့ကျင့်​ခန်းကို အလွန်​အကျွံ ပြုလုပ်ပါက အရေပြား အရေးအကြောင်း ကင်းစင်စေမယ်လို့ မဆိုလိုဘူးဗျ။ အကယ်စင်စစ် ​လေ့ကျင့်​ခန်းပြုလုပ်ခြင်းဟာ ကျန်းမာတဲ့ အရေပြားဆဲလ်တွေရဲ့ ဖွဲ့စည်းပုံ ပျက်ယွင်းစေမယ့် ဓာတ် (free radicals) တိုးပွားလာတဲ့ ဖြစ်စဉ်ကို တုန့်နှေးစေသော လုပ်ရပ်ထက်တော့ပိုပါတယ်နော်။


ရှိလက်စ ကော်လာဂျင်တွေ မပျက်စီးဖို့ (Save Existing Collagen From Damage)

ကျွန်တော်တို့ သဘာဝအရ ပိုင်ဆိုင်ထားရသော ကော်လာဂျင်ဓာတ် သာမက ယခုခေတ် အလှအပဆိုင်ရာ ဆေးခန်းတွေမှာ ပြု ပြင်ဖြည့်ဆည်းထားသော ကော်လာဂျင်ပါ ထိခိုက်ဒဏ်ရာနည်းလမ်း တစ်ခုခုကြောင့် ယုတ်လျော့လွယ်မှုရှိတာမို့ နေထိုင်သွားလာရာမှာလည်း အာရုံစိုက်ဖို့ လိုပါမယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှု နဲ့ နေရောင်ခြည်ထဲက UV rays တွေကြောင့် အရေပြားကို ထိခိုက်နစ်နာစေနိုင်တာမို့ အကာအကွယ် ၀တ်ဆင်ဖို့၊ နေရောင်ကာလိမ်းဆေးတွေလိမ်းဖို့၊ နေရောင်ပြင်းအားမြင့်ချိန် အပြင်မထွက်ဖို့ ရှောင်နိုင်သမျှ ရှောင်သင့်တယ်လို့ ကျွမ်းကျင်သူများက ပြောထားပါတယ်။

စည်သွပ်ဗူးလို ကာလရှည်ထားလို့ရအောင် ပြင်ဆင်ထားတဲ့ အစားအစာတွေကို သေချာပေါက် လျော့စားနိုင်အောင်လုပ်ပါ။ အရက်သေစာ (alcohol) သောက်သုံးခြင်းကို လျော့၊ စီးကရက်ကို ဖြတ်ပစ်ခြင်းဟာလည်း အရေပြားကျန်းမာရေးအတွက် အကူအပံ့ဖြစ်ပါလိမ့်မယ်။ စိတ်တင်းကြပ်တာ (stress) ဖြစ်စေမယ့် ကိစ္စဟူသမျှ လျော့ချပစ်ဖို့ကိုလည်း အ​ရေးတကြီး အကြံပြုထောက်ခံပါရစေ။

Alex Aung (2 December 2018)

Refwww.wellnessbin.com

No comments: