Friday, September 17, 2010

လူရည်သန့်

-->
ဓမ္မနယ်ပယ်မှာ အရိုအသေ အလေးအမြတ်ပြုထိုက်တယ်၊ တန်ဖိုးမဖြတ်နိုင်အောင် မြင့်မြတ်တယ်၊ အတုလည်းမရှိဘူး၊ တွေ့မြင်ရဖို့လည်း ခဲယဉ်းတယ်၊ အဆင့်မီမြင့်မြတ်တဲ့ ပုဂ္ဂိုလ်တို့သာ သုံးဆောင်ခွင့်ရှိတယ်ဆိုတဲ့ အရာမျိုးကို 'ရတနာ' လို့သတ်မှတ်ကြတယ်။
လောကနယ်ပယ်ကတော့ နှစ်သက်ရွှင်လန်းခြင်း၊ ကျေနပ်ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်ပြီး ရှားပါး အဖိုးတန်တဲ့ ရွှေ၊ငွေ၊ပုလဲ၊ပတ္တမြား၊ စိန်စတဲ့ အရာတွေကို 'ရတနာ' လို့သတ်မှတ်ပြီး တန်ဖိုးထားနှစ်သက်တတ်ကြတယ်။ ဒီရတနာတွေထဲမှာလည်း စစ်မှန်ပြီး အပြစ်အနာ ကင်းစင်ကြရင် ပတ္တမြားတို့၊ စိန်တို့ကို ပိုပြီး တန်ဖိုးရှိတယ်လို့ သတ်မှတ်ကြပြန်သေးတယ်။
ဒါပေမယ့် ရှေးခေတ်အဆက်ဆက်ကစပြီး ခုချိန်အထိ အခိုင်အမာ အလေးအနက်ထားတဲ့ အရာတို့ရဲ့ အမည်ကို အမြတ်တနိုး အမွှမ်းတင် လိုတဲ့ အခါမှာတော့ အမည်နာမတွေရဲ့ ရှေ့မှာ စိန်တို့၊ ပတ္တမြားတို့ကို အသုံးမပြုကြဘူး။ 'ရွှေ' ဆိုတဲ့ ဂုဏ်နဲ့သာ တပ်ဆင်အသုံးပြုလေ့ရှိ ပါတယ်။ ဥပမာ - ရွှေစိတ်တော်၊ ရွှေကိုယ်တော်၊ ရွှေဘုံရွှေနန်း၊ ရွှေမန္တလေး ဆိုတာမျိုးပေါ့။
ဘာဖြစ်လို့ စိန်တို့၊ ပတ္တမြားတို့ထက် ရွှေကိုသာ အလေးထားပြီး ဂုဏ်ပုဒ်အဖြစ်နဲ့ အသုံးပြုရတာပါလိမ့်လို့ စဉ်းစားကြည့်တဲ့အခါ ရွှေမှာ တခြားရတနာတွေထက် ထူးခြားတဲ့ အခိုင်အမာ အရည်အချင်းတွေရှိတယ်။ ဟုတ်တယ်။ စိန်တို့၊ ပတ္တမြားတို့ဆိုတာ ငရဲမီးနဲ့တို့တာကို တော့ ခံနိုင်ရည် ရှိချင်ရှိမယ်၊ ရွှေလိုတော့ မီးဖုတ်တာ၊ တူထုတာ၊ နန်းဆွဲတာတို့ကို ခံနိုင်ရည်မရှိဘူး။ ရွှေကဒီစမ်းသပ်ချက်တွေကို ခံနိုင် ရည်ရှိရုံသာမကဘူး၊ ဒီလိုစမ်းသပ်လိုက်တဲ့အခါ သူ့အရည်အသွေးက ပိုပြီးတော့တောင် မြင့်တက်လာသေးတယ်။ဒါကြောင့်လည်း မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေထဲမှာ ပြောဆို ဆုံးမဖို့ လွယ်ကူတဲ့သူများကို 'အထပ်ထပ်လှော်ပြီးတဲ့ ရွှေလို နူးညံ့တဲ့စိတ်ထား ရှိတယ်' လို့ အမွှမ်းတင် ချီးကျူးတော်မူတာတွေ့ရတယ်။ အမြတ်တနိုးရှိတဲ့ အမည်တွေကို အမွှမ်းတင် ဂုဏ်ပြုပြီး ခေါ်ဆိုတဲ့အခါမှာလည်း 'ရွှေ' ဆိုတဲ့ ဂုဏ်ပုဒ်ကို သုံးတာဟာ ဒါကြောင့်များလားလို့ တွေးမိပါတယ်။
ပန်းထိမ်ဆရာတွေ ပြောလေ့ရှိတဲ့ စကားတစ်ခုရှိတယ်။ 'ရွှေမှန်ရင် မီးဖုတ်လို့ မမည်းရဘူး၊ တူထုလို့မကွဲရဘူး၊ နန်းဆွဲလို့ မပြတ်ရဘူး၊ ငရဲမီးတွေနှင့်တွေ့လည်း မဖြုံရဘူး' တဲ့။ ဒီစမ်းသပ်ချက်တွေကို မခံနိုင်ဘူးဆိုရင်တော့ ရွှေရည်မပြည့်ဘူး၊ ရွှေရည်မသန့်ဘူးတဲ့။ ဒါမှမဟုတ် ရွှေမစစ်ဘူးလို့ဆိုကြတယ်။
လူအချင်းချင်း အကဲခတ် ပြောဆိုကြတဲ့အခါ ဥပဓိရုပ် ပြေပြစ်ပြီး ၀တ်ဆင်နေထိုင်ပုံ သပ်သပ်ရပ်ရပ်ရှိတဲ့လူကို 'လူရည်သန့်' တယ်လို့ ပြောလေ့ရှိကြတယ်။ တကယ်တော့ 'လူ'ဆိုတာ သတ္တလောကထဲမှာ အဆင့်အမြင့်ဆုံးဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုအကဲခတ်နေ တဲ့နေရာမှာလည်း သတ္တုတို့ရဲ့ အဆင့်အမြင့်ဆုံးဖြစ်တဲ့ 'ရွှေ'ကို အကဲခတ်သလို စမ်းသပ် အကဲခတ်ကြရင် ပိုပြီး မှန်ကန်မယ်ထင်တယ်။
ဟုတ်တယ်။ လူတစ်ယောက် လောကထဲကို ရောက်လာတာနဲ့ တစ်ပြိုင်နက် သူရင်ဆိုင်ရမယ့် လောကဓံဆိုတာကလည်း ဖွားဖက်တော် ပမာ ပူးတွဲပါလာ စမြဲပဲ။ ဒီလောကဓံတွေ ဆိုတာကလည်း တစ်ခါတလေ မီးလိုလည်း ပူတတ်တယ်၊ တူထုသလိုလည်းပြင်းထန်တတ် တယ်၊ နန်းဆွဲပေါက်ထက်လည်း အကျဉ်းအကျပ် ကြုံချင်ကြုံတယ်၊ ငရဲမီးလို လောင်တတ်၊ စားတတ်တာမျိုးလည်း ရှိနိုင်တယ်။ ဒီလို ရင်ဆိုင်ရတဲ့အခါ မည်းသွားမယ်၊ ကွဲသွားမယ်၊ ပြတ်သွားမယ်၊ စားသွား၊ ဖြုံသွားမယ်ဆိုရင်တော့ ပန်းထိမ်ဆရာစကားနဲ့ ပြောရရင် လူရည်မပြည့်ဘူး၊ လူရည်မသန့်ဘူးလို့ပဲ ဆိုရလိမ့်မယ် ထင်ပါတယ်။
'လူ'ဆိုတာကို ပါဠိလိုတော့ 'မနုဿ'လို့ခေါ်တယ်။ အဓိပ္ပာယ်ကတော့ စိတ်ထားမြင့်မြတ်သူ(စိတ်သဘောထားကြီးသူ) လို့ဆိုလိုတာပါ။ ဟုတ်ပါတယ်။ တိရစ္ဆာန်များဟာ မနာလိုဝန်တိုမှုတွေ၊ လောဘ၊ ဒေါသ၊ မောဟတွေ လွန်ကဲတဲ့အတွက် မြင့်မြတ်တဲ့စိတ်ထား မရှိတတ် ကြပါဘူး။ လူမှာသာ မေတ္တာ၊ကရုဏာစတဲ့ ဗြဟ္မစိုရ်တရားများဖြစ်နိုင်ကြတာပါ။ တကယ့် လူ့အရည်အသွေး၊ လူ့အရည်အချင်းဆိုတာ ချစ်ခင်ခြင်း၊ ကြင်နာခြင်း၊ ချီးမွမ်း ၀မ်းမြောက်ခြင်း၊ ခွင့်လွှတ်သည်းခံခြင်းဆိုတဲ့ ဗြဟ္မစိုရ် စိတ်ထားများပဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း မြတ်စွာဘုရားရှင်က ဓမ္မပဒ (ဂါထာ - ၁၉) မှာ 'မကောင်းတဲ့ စိတ်ထားဟာ အဲဒီစိတ်ထားရှိသူကို ယုတ်ညံ့ဆိုးဝါးသူဖြစ် အောင် ပြုတတ်တယ်။ ကောင်းတဲ့စိတ်ထားက အဲဒီလို စိတ်ထားရှိသူကို အထက်တန်းကျသူဖြစ်အောင် ပြုတတ်တယ်' လို့ဟောတော် မူတာ ဖြစ်ပါလိမ့်မယ်။ ကောင်းတဲ့စိတ်ထား (၀ါ) စိတ်ကို ကောင်းအောင်ထားခြင်းကို မင်္ဂလာတရားတော်မှာတော့ 'အတ္တသမ္မာ ပဏိဓိ မင်္ဂလာ' လို့ခေါ်ပါတယ်။
ဒီတရားတော်များရဲ့ အလိုအရကတော့ အထက်တန်းကျသူ၊ အောက်တန်းကျသူ၊ လူရည်သန့်သူ၊ မသန့်သူဆိုတာကို 'အတ္တသမ္မာ ပဏိဓိမင်္ဂလာ' ရှိ မရှိဆိုတာနဲ့ တိုင်းတာ သတ်မှတ်မှသာ တိကျမှန်ကန်မယ်လို့ ဆိုလိုတဲ့ သဘောပါ။
'အတ္တသမ္မာပဏိဓိ မင်္ဂလာ'နဲ့ပြည့်စုံအောင် ကိုယ်နှုတ်စိတ်ထား ပြုပြင်ပုံနဲ့ ပတ်သက်လို့တော့ အရှင်ရာဟုလာကို မြတ်စွာဘုရားရှင်က ညွှန်ကြား ဆုံးမခဲ့တာရှိတယ်။
'မိမိ သွားရောက်လိုတဲ့ ပရိတ်သတ်အလယ်မှာ ဂုဏ်သိက္ခာရှိရှိ ၀င်ဆံ့နိုင်ဖို့အတွက် မှန်ပေါ်မှာ ကြည့်ပြီး မိမိရဲ့ ၀တ်ဆင်ပုံ၊ ဖြီးလိမ်းထုံး ဖွဲ့ပုံ၊ အချိုးကျ မကျ၊ မျက်နှာနဲ့ ကိုယ်ပေါ်မှာ အစွန်းအပြစ် ရှိ မရှိ ဆင်ခြင်ကြည့်သလို ၊ မိမိရဲ့ ကိုယ်နှုတ် စိတ်ထားများဟာလည်း မိမိ ရောက်လိုတဲ့နေရာနဲ့ လိုက်လျောညီထွေမှု ရှိ မရှိ အသိဥာဏ်မှာ ထင်မြင်အောင် ဆင်ခြင်ကြည့်ပြီး အပြောအဆို၊ အပြုအမူ၊ စိတ်နေ စိတ်ထားတို့ကို ပြုပြင် တည်ဆောက်ရမယ်'တဲ့။ ဒီလို ကောင်းအောင် ဆောက်တည်ထားနိုင်သူများသာ လူရည်သန့်စစ်စစ်များ ဖြစ် တယ်လို့ ဆိုပါတယ်။
လူရည်သန့်ကြပါစေ
ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)
၁၉-၃-၂၀၀၇
အတွေးသစ်ဂျာနယ်

No comments: