Saturday, July 20, 2019

*** Gout ရောဂါအကြောင်း သိကောင်းစရာ ***



........................................................................................

MWD: ဆရာရှင့်.. ကျွန်မတို့ရဲ့ပတ်ဝန်းကျင်မှာ အသက်ကြီးတဲ့သူတွေမှာ အဆစ်အမြစ်တွေ မခံနိုင်အောင်ရောင်ပြီး ဆေးရုံတက်ရတာတွေ မကြာခဏကြုံတွေ့ရပါတယ်.. ဆရာဝန်တွေကတော့ gout ရောဂါလို့ ပြောပါတယ်.. ဒီရောဂါနဲ့ပတ်သက်လို့ သိချင်ပါတယ် ဆရာ..

Dr.KML: Goutရောဂါဆိုတာ ကျွန်တော်တို့ရဲ့သွေးထဲမှာ Uric acid လို့ခေါ်တဲ့ Crystal တွေဟာ သာမာန်ရှိသင့်တာထက်များလာတဲ့အတွက် သွေးထဲမှာပဲ ဆက်မနေနိုင်တော့ဘဲ အဆစ်အမြစ်ရှိတဲ့နေရာတွေမှာ သွားပြီးစုပုံလာပါတယ်.. အဲဒီလိုစုပုံလာတဲ့ Uric acid crystal တွေကို Monosodium urate monohydrate (MSUM) လို့ခေါ်ပါတယ်.. ဒီCrystal လေးတွေဟာ ပင်အပ်ချောင်းလေးတွေလို အင်မတန်မှချွန်ထက်လှပါတယ်.. ဒီလိုအဆစ်အမြစ်တွေမှာ စုပုံလာတဲ့အတွက် အဲဒီအဆစ်အမြစ်တွေကို စူးတွေအများကြီးနဲ့ ပြိုင်တူတချိန်တည်းထိုးဆွလိုက်သလိုဖြစ်ပြီး အဆစ်တွေဟာ ချက်ချင်းဆိုသလို ရောင်ရမ်းလာတဲ့ရောဂါကိုခေါ်တာဖြစ်ပါတယ်..

MWD: ဒီရောဂါကို ဘယ်အရွယ်တွေမှာ အဖြစ်များပါသလဲ ဆရာ..

Dr.KML: Primary gout လို့ခေါ်တဲ့ မူလဂေါက်ရောဂါစစ်စစ်ကတော့ အမျိုးသားတွေမှာ အဓိကဖြစ်ပါတယ်.. အမျိုးသမီးတွေမှာ အဖြစ်အလွန်နည်းပါတယ်. အမျိုးသား ၁၀ ယောက်ဖြစ်မှ အမျိုးသမီး ၁ယောက်လောက်ပဲ ဖြစ်ပါတယ်.. General population ရဲ့ ၁% လောက် ဖြစ်လေ့ရှိတာတွေ့ရပါတယ်..
အမျိုးသားဆိုရာမှာလည်း လူငယ်ပိုင်းမှာ ဖြစ်လေ့မရှိဘဲ အသက် ၄၀ ကျော်မှသာ ဖြစ်လေ့ရှိပါတယ်.. အမျိုးသမီးတွေမှာဖြစ်တဲ့ gout ကတော့ အခြားရောဂါတွေကို ကုသရင်းနဲ့ နောက်ဆက်တွဲအနေနဲ့ဖြစ်ခြင်းပါ.. သူ့ကိုတော့Secondary gout လို့ခေါ်ပါတယ်.. များသောအားဖြင့် အသက် ၆၅ နှစ်ကျော်မှသာ ဖြစ်လေ့ရှိပါတယ်..

MWD: ဒီရောဂါဟာ ဘယ်လိုကြောင့် ဖြစ်လာရသလဲဆိုတာ သိပါရစေဆရာ..

Dr.KML: အဓိကကတော့ သွေးထဲမှာ Uric acid တွေရှိသင့်တာထက်ပိုလာလို့ဖြစ်ရတာပါ.. ဒီလိုများတာကို Hyperuricemia လို့ခေါ်ပါတယ်.. ခုနတဖြုတ်များရုံနဲ့ ဖြစ်လေ့မရှိဘဲ အကြာကြီးများနေမှသာ ဖြစ်တာပါ.. တစ်ခုကံကောင်းတာက အဲဒီလိုအကြာကြီးများနေတဲ့သူတွေမှာတောင် ၅% လောက်ပဲ gout ရောဂါဖြစ်ပြီး ကျန်တဲ့ ၉၅% ကတော့ သူတို့ရဲ့ဘဝတစ်သက်တာလုံး
ရောဂါလက္ခဏာမပြဘဲနေလေ့ရှိပါတယ်..

ဒီ Uric acid တွေ ဘယ်ကရောက်လာသလဲကြည့်ရအောင်..
၁/၃ က နေ့စဉ် စားတဲ့အစားအစာကနေရပြီး ကျန် ၂/၃ ကတော့ ခန္ဓာကိုယ်ရဲ့ Metabolism လို့ခေါ်တဲ့ ဇီဝပြုပြင်ပြောင်းလဲမှုကနေရပါတယ်.. ဒီလိုရရှိလာတဲ့ Uric acid တွေကို ခန္ဓာကိုယ်ကနေ နေ့စဉ်ပြန်စွန့်ရာမှ
အဓိက ၂/၃ ကို ကျောက်ကပ်ကနေ ဆီးနဲ့အတူစွန့်ထုတ်ပြီး ကျန် ၁/၃ ကိုတော့ဖြင့် အူနဲ့အစာလမ်းကြောင်းကနေတဆင့် အစာဟောင်းနဲ့အတူ ပြင်ပကိုစွန့်ထုတ်လေ့ရှိပါတယ်..

ကောင်းပြီ.. gout ရောဂါဖြစ်ရတဲ့အကြောင်းရင်းကို လေ့လာတဲ့အခါမှာ အဓိက အကြောင်းရင်းကြီး (၂) ခုရှိပါတယ်..
ပထမအကြောင်းရင်းကတော့ ခန္ဓာကိုယ်ထဲမှာ နေ့စဉ်ထွက်နေတဲ့ Uric acid တွေကို ကောင်းစွာမစွန့်ထုတ်နိုင်လို့ပဲ ဖြစ်ပါတယ်.. အဓိကကျောက်ကပ်ကနေစွန့်ထုတ်ရတာဖြစ်လို့ ကျောက်ကပ်မကောင်းခဲ့ရင် မစွန့်ထုတ်နိုင်ပါဘူး.. ဒီလိုဖြစ်ရတာဟာ အဓိကအချက်ဖြစ်ပြီး Primary gout လူနာအားလုံးရဲ့ ၇၅% ဟာ ဒါ့ကြောင့်ဖြစ်ရတာပါ.. နောက် Uric acid စွန့်ထုတ်မှုနည်းစေတဲ့အချက်တွေကတော့ အရက်နဲ့ ဘီယာသောက်သုံးခြင်း ဖြစ်ပါတယ်.. အချို့ဆေးတွေကို ကြာရှည်စွဲသောက်ရင်လဲ ဖြစ်တတ်တာတွေ့ရပါတယ်. .နှလုံးသွေးကြောကျဉ်းရောဂါမှာ သုံးတတ်တဲ့ Aspirin လိုဆေးမျိုးတွေ၊ TB ရောဂါမှာသုံးတဲ့ Pyrizinamide လိုဆေးမျိုး၊ သွေးတိုးရောဂါမှာသုံးတဲ့ ဆီးဆေးတချို့တို့ကြောင့် အဓိကဖြစ်တတ်ပါတယ်.. ခဲဆိပ်သင့်ခြင်းဟာလဲ အကြောင်းတစ်ရပ် ဖြစ်ပါတယ်..


ဒုတိယအုပ်စုကတော့ ခန္ဓာကိုယ်ထဲမှာ Uric acid တွေထုတ်လုပ်မှုပိုများနေလို့ပဲ ဖြစ်ပါတယ်.. ဒီလိုဖြစ်တဲ့လူတွေကတော့ အနည်းစု ဖြစ်ပါတယ်.. ၂၀% လောက်ပဲ ဖြစ်ပါတယ်.. စားတဲ့အစာထဲမှာUric acid ဖြစ်စေတဲ့အစာတွေစားရင်ပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်ထဲမှာရောဂါတစ်ခုခုကြောင့် Uric acid တွေများများထုတ်ပေးလို့ပဲဖြစ်ဖြစ် တွေ့ရတတ်ပါတယ်..

MWD: အဆစ်အမြစ်ရောင်တိုင်း ဂေါက်ရောဂါလို့ ပြောလို့ရပါသလားဆရာ..

Dr,KML: မရပါဘူး.. အဆစ်အမြစ်ရောင်တဲ့ရောဂါတွေ အများကြီးရှိပါတယ်.. ဒါပေမဲ့ ဂေါက်ရောဂါက အလွန်သိသိသာသာပဲ အခြားအဆစ်ရောင်ရောဂါများနဲ့ကွဲပြားပါတယ်.. စဖြစ်ဖြစ်ချင်းမှာ အဆစ်တစ်ခုထဲမှာပဲ ဖြစ်လေ့ရှိပါတယ်.. များသောအားဖြင့် ခြေမ၊ ပြီးမှခြေကျင်းဝတ်(ankle joint)၊ ပြီးရင်ဒူးဆစ်၊ ပြီးရင်လက်ဆစ်ကလေးတွေ အဲဒီလိုအစဉ်အတိုင်းဖြစ်ပါတယ်.. ခါးရိုးအဆစ်တွေ ပေါင်ရိုးတို့ လက်မောင်းအဆစ် Axial skeleton and large proximal joints တွေမှာ ဖြစ်လေ့မရှိပါဘူး..
နောက်ပြီး ရောင်ပုံရောင်နည်းကလဲ သိသာပါတယ်.. ရုတ်တရပ်ချက်ချင်းဆိုသလို ရောင်လာမယ်.. အဆစ်ရောင်ရောဂါထဲမှာတော့ အနာဆုံးနဲ့အဆိုးဆုံး ဖြစ်ပါတယ်.. အထိတောင်မခံနိုင်ပါဘူး.. လေတိုးရင်တောင် နာတဲ့အခြေအနေဖြစ်ပါတယ်.. များသောအားဖြင့် မနက်ခင်းလမ်းလျှောက်တဲ့အချိန်မှာ ဖြစ်လေ့ရှိပါတယ်.. ဘာဆေးမှမလူးပဲထားရင်လဲ တစ်ပတ်နှစ်ပတ်ကြာရင်သူ့အလိုလိုပျောက်သွားနိုင်ပါတယ်..

MWD: ပျောက်သွားရင်ရော ခဏခဏ ပြန်ဖြစ်တတ်ပါသလားဆရာ..

Dr.KML: ဖြစ်တတ်တာပေါ့.. ခဏခဏဖြစ်ရင် ကြာတဲ့အခါ အဆစ်တွေပျက်စီးသွားပြီး deformityလို့ခေါ်တဲ့ ချို့ယွင်းမှုတွေဖြစ်မှာ ဖြစ်ပါတယ်.. ပြီးရင်ဆီးလမ်းကြောင်းမှာ ကျောက်တည်လာတတ်ပါတယ်.. ဒါကို Uric acid stone လို့ခေါ်ပါတယ်.. နောက်ဖြစ်တဲ့အဆစ်တွေမှာ ပြည်တည်တာတို့ဘာတို့ ဖြစ်တတ်ပါတယ်.. နောက်ဆုံးကျောက်ကပ်ပျက်ဆီးတဲ့အထိ
ဖြစ်တတ်ပါတယ်..

MWD: ကျောက်ကပ်မှာကျောက်တည်နိုင်တယ်ဆိုတော့ ဘယ်လိုကျောက်မျိုးတည်တာပါလဲဆရာ..

Dr,KML: Uric acid stone လို့ခေါ်တဲ့ကျောက်အမျိုးအစား ဖြစ်ပါတယ်.. ဆီးကျောက်တည်သူအားလုံးရဲ့၆ - ၁၀% ဟာ Uric acid stone တွေ ဖြစ်ပါတယ်.. ဒီကျောက်တွေဟာ အလွန်မာပြီး အရွယ်သေးသေးနဲ့အများကြီးတည်လေ့ရှိပါတယ်.. မျက်နှာပြင်ကတော့ ချောလေ့ရှိပါတယ်.. သူဟာ ရိုးရိုးဓါတ်မှန်ရိုက်ရင်မပေါ်ပါဘူး.. ဆေးသွင်းရိုက်တဲ့ဓါတ်မှန်နဲ့မှပေါ်ပါတယ်.. ဒီလိုကျောက်ဖြစ်လာရင် ဆီးကို Alkaline ဖြစ်အောင်လုပ်ပေးခြင်းဖြင့် ကျောက်တွေဟာ အရည်ပျော်သွားနိုင်ပါတယ်.. Alkaline ဖြစ်အောင်လုပ်တာလဲ လွယ်ပါတယ်.. sodium bicarbonate ပါတာသောက်လိုက်ရုံပါပဲ.. နောက်ဆုံးတွေ့ရှိချက်ကတော့ Folic acid 5 mg/day ပေးရင်လဲပျော်ဝင်တယ်လို့သိရပါတယ်.. သဘာဝဆေးပင်တွေသောက်ရင်လဲပျော်ပါတယ်.. ဥပမာအလိုကျူပင်လိုဟာမျိုးပေါ့..


MWD: ဒီလို gout ရောဂါဖြစ်ရင် ဘယ်လိုများလုပ်သင့်ပါသလဲဆရာ..

Dr.KML: ဒီရောဂါဟာ ဆိုးရွားစွာခံစားရပြီး ရေရှည်လဲမကောင်းတာကြောင့်အမြန်ဆုံးကုသဖို့လိုပါတယ်.. နီးရာဆေးရုံဆေးခန်းတွေမှာ ကျွမ်းကျင်တဲ့ဆေးပညာရှင်နဲ့ပြသပြီး စနစ်တကျကုသဖို့လိုပါတယ်.. အဓိကကတော့ အနေအထိုင် အစားအသောက်စတဲ့ Life style modification အလွန်အရေးကြီးကြောင်း ပြောချင်ပါတယ်..

MWD: ဒါဆို ဘယ်လိုနေထိုင်စားသောက်ရမယ်ဆိုတာလဲ ပြောပြပေးပါဆရာ..

Dr.KML: (၁) အရက်နဲ့ ဘီယာကို အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကျဉ်ရပါမယ်.. ဘာဖြစ်လို့လဲဆိုတော့ အရက်ဟာ Purine nucleotide degradation လို့ခေါ်တဲ့ ဆဲလ်တွေပျက်ဆီးစေတဲ့အတွက် Uric acid တွေ
များစွာထွက်စေပါတယ်.. ဒီလိုထွက်လာတဲ့ Uric acid တွေဟာ သာမာန်လူတွေအတွက် ကျောက်ကပ်ကနေပိုမိုစွန့်ထုတ်ပေးနိုင်လို့ ပြဿနာမဟုတ်ပေမဲ့ အရက်လို့ခေါ်တဲ့ Ethanol က oxidation ဖြစ်ပြီး Lactate တွေထွက်လာပါတယ်. .ဒီ Lactate တွေဟာ ကျောက်ကပ်ကနေ Uric acid တွေ မစွန့်ထုတ်နိုင်အောင် ပိတ်ပင်ဟန့်တားထားပါတယ်.. ဒါကြောင့် သွေးထဲမှာ Urid acid တွေများလာပြီး ချက်ချင်းအဆစ်ရောင်ရောဂါရစေနိုင်ပါတယ်.. ဒါ့ကြောင့် gout ရောဂါရှိသူတိုင်းဟာ အရက်ကို ဖြတ်သင့်ပါတယ်..

(၂) အဝလွန်ခြင်းဟာလဲ gout ရောဂါကို ပိုဆိုးစေပါတယ်.. သွေးထဲမှာအဆီဓာတ်ဖြစ်တဲ့ Cholesterol တို့ Triglycreide တို့များနေခဲ့ရင် gout ရောဂါကိုပိုဆိုးစေပြီး ဖြစ်ရင်လဲပိုခံရပါတယ်.. ဒါ့ကြောင့် အဝလွန်တဲ့သူများ အစားလျှော့စားဖို့နဲ့ ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ပေးဖို့ လိုပါတယ်.. အဓိကကတော့ အဆီများတဲ့အစားအစာနဲ့ Refined sugar ပါတဲ့ Carbohydrate တွေကို ရှောင်ဖို့လိုပါတယ်.. Fibre များများပါတဲ့အသီးအရွက်တွေစားပေးတာဟာ အကောင်းဆုံးဖြစ်ပါတယ်..

(၃) နောက်အရေးကြီးတဲ့အချက်ကတော့ အစားအစာထဲမှာ Purine လို့ခေါ်တဲ့ဓာတ်ပစ္စည်းတွေ ပါဝင်မှုများခဲ့ရင် ရှောင်ကျဉ်ဖို့လိုပါတယ်.. Purineဟာခန္ဓာကိုယ်ထဲရောက်ရင် Uric acid အဖြစ်ကိုပြောင်းပါတယ်.. ဒီအစားအစာတွေကတော့
- meats - အမဲသား၊ဆိတ်သား၊ဝက်သား (အထူးသဖြင့်ရက်လွန်သည့်အသားများ ပိုဆိုးပါတယ်)
- Organ meat - အူ၊ကလီစာ၊အသည်းအမြစ်
- Shell fish- အကြေးခွံပါသောငါးများ
-Yeast -တဆေး
- Mushroom (မှို)၊Asparagus (ကညွတ်)၊Spinach (ဟင်းနုနွယ်)၊မျှစ်
- ခရမ်းချဉ်သီးအစေ့တို့ပဲ ဖြစ်ပါတယ်..

(၄) ရေများများသောက်ရပါမယ်.. ရေသောက်ခြင်းဖြင့် ဆီးများများသွားကာ Uric acid များလဲ ဆီးနဲ့အတူထွက်သွားမှာ ဖြစ်ပါတယ်.. အထူးသဖြင့် နွေရာသီချွေးထွက်များတဲ့အခါမှာ ဆီးပိုနည်းတတ်လို့ ပိုသောက်သင့်ပါတယ်.. ရေနဲ့အတူ သံပုရာရည်တို့ မန်ကျည်းဖျော်ရည်တို့ သင်္ဘောသီးဖျော်ရည်တို့ပါ
သောက်နိုင်ပါတယ်..

(၅) တချို့ဆေးတွေကြောင့်လဲ gout ရောဂါပိုဆိုးစေတတ်တာကြောင့် မိမိမှာ gout ရောဂါရှိမှန်းသိခဲ့ရင် ပြသတဲ့ဆရာဝန်ကိုပြောပြထားဖို့ လိုပါတယ်.. ဒါမှလဲgoutရောဂါမှာမပေးသင့်တဲ့ဆေးတွေကို ရှောင်ကျဉ်နိုင်မှာ ဖြစ်ပါတယ်..
ဥပမာ
- သွေးတိုးရောဂါကုသရာမှာသုံးလေ့ရှိတဲ့ဆီးဆေးများ (Diuretics)
- နှလုံးသွေးကြောကျဉ်းရောဂါမှာသုံးလေ့ရှိတဲ့Aspirinဆေး
- တီဘီရောဂါကုသရာမှာသုံးလေ့ရှိတဲ့ Pyrizinamide ဆေးတွေဟာါသကအရောဂါကိုပိုဆိုးစေတတ်ပါတယ်..

MWD: ရောင်ရမ်းတဲ့ဆေးတွေနဲ့အစားအစာတွေကတော့သိပါပြီဆရာ..စားသင့်တဲ့အကျိုးရှိစေတဲ့အစားအစာတွေရောရှိပါသလားဆရာ..

Dr.KML: စားသင့်တဲ့အစားအစာတွေကတော့ Cherries သီးတွေ၊ Blue berries သီး ဒါမှမဟုတ် dark red-blue berries သီးတွေဖြစ်ပါတယ်..အစိမ်းအတိုင်းဖြစ်စေ၊ စည်သွပ်ဗူးနဲ့ဖြစ်စေ စားနိုင်ပါတယ်.. ဒီအသီးတွေမှာ anthocyanidins နဲ့ Proanthocyanidins တွေများစွာပါတာကြောင့် Uric acid တွေကို လျော့နည်းအောင် ပြုလုပ်ပေးနိုင်ကြပါတယ်.. ဒီ compound တွေဟာ flavonoid အုပ်စုဝင်တွေဖြစ်ပြီး အဆစ်အမြစ်တွေရောင်လို့ collagen တွေပျက်ဆီးမှုကနေ ကာကွယ်ပေးပါတယ်.. ဒါကြောင့် အနီရောင်၊ အပြာရောင်၊ သပြေသီးရောင်ရှိတဲ့အသီးတွေကို စားသင့်ပါတယ်..

MWD: အချို့ကပြောကြပါတယ်.. gout ရောဂါသမားတွေဟာ အားဆေးမသောက်ရဘူးဆိုတာ ဟုတ်ပါသလားဆရာ..

Dr.KML: အဲဒါမှားပါတယ်.. အချို့ဗီတာမင်တွေနဲ့ Nutritonal supplement တွေဟာ gout ရောဂါကို များစွာသက်သာစေနိုင်ပါတယ်..

ဥပမာ - Vitamin E
Vitamin C
Niacin
Selenium
Folic acid
EPA (Eicosapentaenoic acid)

Anti-inflammatory agent ဖြစ်တဲ့ Bromelain (ဘရိုမယ်လိန်း)
Antioxidant ဖြစ်တဲ့ Quercetin (ကွာစီတင်) စတာတို့ပဲ ဖြစ်ပါတယ်..


မူလရေးသားတင်ဆက်သူ - ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals) 

# MWD Health Talk Program

No comments: