Tuesday, July 2, 2019

*** ဆီးလမ်းကြောင်းပိုးဝင်ရောဂါနှင့် သဘာဝဆေးဝါး ကရမ်ဘယ်ရီ ***


💢 💢 💢 💢 💢 💢 💢

 ✳️ MWD: ဆရာရှင့်.. ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါဟာ ကျွန်မတို့ အမျိုးသမီးတွေမှာ မကြာခဏဆိုသလိုအဖြစ်များတဲ့ ရောဂါတစ်ခုလို့ သိရပါတယ်ဆရာ.. ပထမဆုံးအနေနဲ့ ဆီးလမ်းကြောင်းပိုးဝင်ရောဂါဆိုတာ ဘယ်လိုမျိုးလဲဆိုတာ အရင်ဆုံးပြောပြပေးပါ..

Dr.KML: ဆီးလမ်းကြောင်းဆိုတဲ့နေရာမှာ အဓိကအနေနဲ့ ဆီးလမ်းကြောင်းအပေါ်ပိုင်း (Upper Urinary Tract)၊ ဆီးလမ်းကြောင်းအောက်ပိုင်း (Lower Urinary Tract) ဆိုပြီး (၂) ပိုင်းရှိပါတယ်.. ဆီးလမ်းကြောင်းအပေါ်ပိုင်းမှာ ကျောက်ကပ် (၂) ခုနဲ့ အဲ့ဒီကနေဆင်းလာတဲ့ ဆီးပြွန်(Ureter) တို့ပါဝင်ပြီး  အဲ့ဒီနေရာတွေကို ပိုးဝင်ရင် ဆီးလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်ခြင်း (Upper Urinary Tract Infection) လို့ခေါ်ပါတယ်.. အဲ့ဒီထဲကို ပိုးရောက်ဖို့က လမ်းကြောင်း(၂) ခုရှိပါတယ်.. တစ်ခုကတော့ အောက်မှာရှိတဲ့ ဆီးအိမ်ကနေတဆင့် အပေါ်ကိုတက်တာဖြစ်ပြီး နောက်တစ်ခုကတော့ သွေးကနေတဆင့် ကျောက်ကပ်ကိုပြန့်နှံ့ရောက်ရှိတာ ဖြစ်ပါတယ်..

ဆီးလမ်းကြောင်းအောက်ပိုင်းမှာတော့ ဆီးအိမ်နဲ့ သူ့အောက်မှာရှိတဲ့ ဆီးပြွန်ငယ် (Urethra) တို့ပါဝင်ပြီး အဲ့ဒီနေရာကိုရောဂါပိုးဝင်ခဲ့ရင် ဆီးလမ်းကြောင်းအောက်ပိုင်းပိုးဝင်ခြင်း(Lower Urinary Tract Infection) လို့ခေါ်ပါတယ်.. အဲ့ဒီမှာလည်း အဓိကအနေနဲ့ ဆီးပြွန်ငယ်ကနေတဆင့် ပြင်ပကရောဂါပိုးတွေ ၀င်တာများပါတယ်.. ဆီးပြွန်ငယ်တစ်ခုပဲရောင်ရင် Urethritis လို့ခေါ်ပြီး ဆီးလမ်းရောင်တာကိုတော့ Cystitis လို့ခေါ်ပါတယ်..


✳ MWD: ဆီးလမ်းကြောင်းအပေါ်ပိုင်းနဲ့ ဆီးလမ်းကြောင်းအောက်ပိုင်း ပိုးဝင်တာ ဘယ်ဟာက ပိုအဖြစ်များပါသလဲ ဆရာ..

Dr.KML: ဆီးလမ်းကြောင်းအောက်ပိုင်း ပိုးဝင်တာက ပိုအဖြစ်များပါတယ်.. အမျိုးသမီးတွေမှာ ပိုဖြစ်လေ့ရှိပါတယ်.. အထူးသဖြင့် အိမ်ထောင်ရှိသူတွေဟာ အိမ်ထောင်မရှိသူတွေထက် ပိုဖြစ်လေ့ရှိပါတယ်..

✳ MWD: ဘယ်လိုကြောင့် အမျိုးသမီးတွေမှာ ပိုဖြစ်တာလဲဆိုတာ ရှင်းပြပေးပါဆရာ..

Dr.KML: ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံအရ ဆီးအိတ်ကနေထွက်လာတဲ့ Urethra လို့ခေါ်တဲ့ ဆီးပြွန်ငယ်လေးဟာ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် များစွာတိုပါတယ်.. ဒါကြောင့် ပြင်ပကနေ ရောဂါပိုးတွေအလွယ်တကူ ထိုးဖောက်ဝင်ရောက်တာဖြစ်ပါတယ်.. အမျိုးသားတွေမှာကျတော့ Urethra ကရှည်တဲ့အပြင် ဆီးကျိတ်လို့ခေါ်တဲ့ Prostate gland ကနေစစ်ထုတ်လိုက်တဲ့ ဆီးကျိတ်ရည် (Prostatic fluid) တွေဟာ ဘက်တီးရီးယားပိုးတွေကို သတ်နိုင်တဲ့အာနိသင် (Anti-microbial activity) ရှိတာကြောင့်ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါဖြစ်ဖို့ အလားအလာနည်းပါတယ်.. အိမ်ထောင်သည်အမျိုးသမီးတွေကတော့ လိင်ဆက်ဆံရာကနေတဆင့် ရောဂါပိုးတွေဝင်လာနိုင်တဲ့အလားအလာ ပိုများလို့ ပိုဖြစ်တတ်ပါတယ်..

✳ MWD: ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါကို ဘယ်လိုမျိုးသိနိုင်ပါသလဲ ဆရာ..

Dr.KML: ဆီးလမ်းကြောင်းအောက်ပိုင်း ရောဂါပိုးဝင်ရင်တော့ ဆီးသွားတဲ့အခါမှာ ပူတာ၊ စပ်တာ၊ ကျင်တာ၊ ဆီးနံ့မကောင်းတာ၊ ဆီးထဲမှာသွေးပါတာနဲ့ အနည်တွေပါတာမျိုးဖြစ်တတ်ပါတယ်.. နောက်ပြီး ဆီးခုံတစ်ဝိုက်မှာ ပူပြီးနာတတ်ပါတယ်.. အဖျားတော့ သိပ်တတ်လေ့မရှိပါဘူး.. ဆီးလမ်းကြောင်းအပေါ်ပိုင်းအထိ ရောဂါပိုးရောက်သွားရင်တော့ အဖျားတက်လာပါတယ်.. ချမ်းတုံပြီးဖျားလေ့ရှိပါတယ်.. ခါးနဲ့နောက်ကျောတစ်ဝိုက် နာတတ်ပါတယ်.. သေချာအောင် ဆီးစစ်ကြည့်လို့ရပါတယ်.. ဆီးကိုစစ်တဲ့အခါ Urine RE အနေနဲ့ ပုံမှန်စစ်ဆေးကြည့်ရင် ဆီးထဲမှာ သွေးဖြူဥတွေ များနေတတ်ပါတယ်.. Pus cell လို့ခေါ်တဲ့ ပြည်တည်ဆဲလ်တွေ တွေ့ရပါတယ်.. ပြီးတော့ ဘက်တီးရီးယားတွေကိုလည်း အဏုကြည့်မှန်ဘီလူးအောက်မှာ တွေ့နိုင်ပါတယ်.. ပိုပြီးသေချာအောင် အဲ့ဒီဆီးပိုးတွေကို မွေးကြည့်နိုင်ပါတယ်.. Urine for culture and sensitivity လုပ်ကြည့်ရပါတယ်.. အဲ့ဒီလိုလုပ်ရင် ဆီးပိုးအမျိုးအစားကို တိတိကျကျသိနိုင်ရုံမကဘဲ ဘယ်လိုမျိုးပဋိဇီဝဆေး (Antibiotic) တွေအသုံးပြုသင့်တယ်ဆိုတာပါ တစ်ခါထဲသိနိုင်ပါတယ်..


✳ MWD: ဆီးလမ်းကြောင်းပိုးဝင်ရင် ဘယ်လိုကုသရပါသလဲ ဆရာ..

Dr.KML: အဓိကအနေနဲ့ သင့်တော်တဲ့ပဋိဇီဝဆေးတွေ ပေးရပါတယ်.. ဒါကလည်း ခုနကပြောတဲ့ ဆီးပိုးမွေးတဲ့အဖြေရရင်တော့ သေချာတာပေါ့.. အဖြေမရသေးခင်မှာလည်း သင့်တော်တဲ့ပဋိဇီဝဆေးတစ်မျိုးမျိုးကို အရင်ပေးထားရပါတယ်.. ပိုးမွေးတဲ့အဖြေရဖို့ အနည်းဆုံး (၃) ရက်လောက် စောင့်ရတယ်ဆိုတော့ ဒီကြားထဲမှာ ရောဂါပိုဆိုးမသွားအောင် ကုသတဲ့ဆရာဝန်က သူ့ရဲ့အတွေ့အကြုံပေါ်မူတည်ပြီး အသက်အရွယ်၊ ကျား/ မနဲ့ အခြားရောဂါရှိ/မရှိ၊ ကျောက်ကပ်ကောင်း/မကောင်း၊ အရင်ကသောက်ခဲ့တဲ့ဆေးတွေ၊ မတည့်တဲ့ဆေးတွေ စတဲ့အချက်တွေပေါ် မူတည်ပြီး ကြိုတင်ပေးထားရပါတယ်.. ပိုးမွေးတဲ့အဖြေထွက်လာလို့ အခုပေးထားတဲ့ဆေးက ပိုးသေစေတဲ့အဖြထွက်ခဲ့ရင်တော့ ဒီဆေးကိုပဲဆက်ပေးပြီး ပိုးတွေမသေနိုင်ဘူးဆိုရင်တော့ အခြားပိုးသေစေတဲ့ပဋိဇိဝဆေးနဲ့ ပြောင်းပြီးပေးရပါတယ်.. အဓိကနေနဲ့ ဘယ်ဆေးပဲပေးပေး ပိုးကိုကုန်စင်အောင်ကုဖို့ အရေးကြီးပါတယ်.. ဒါ့ကြောင့် ဆရာဝန်ရဲ့လမ်းညွှန်ချက်အတိုင်း ရက်အတိအကျ ကုသဖို့လိုပါတယ်.. သာမန်အားဖြင့် အနည်းဆုံး (၅) ရက်လောက်တော့ ဆေးသောက်၊ ဆေးထိုးလုပ်ရပါတယ်..

✳ MWD: ကျွန်မကြားဖူးတာကတော့ ခုနကပဋိဇီဝဆေးတွေဟာ ခဏခဏသောက်ရင် မကောင်းဘူးလို့သိရပါတယ်.. အဲ့ဒီတော့ ဆီးလမ်းကြောင်းပိုးမကြာခဏ ၀င်တတ်တဲ့သူတွေအနေနဲ့ ဘယ်လိုလုပ်သင့်တယ်ဆိုတာလည်း ပြောကြားပေးစေချင်ပါတယ်ဆရာ..

Dr.KML: သိပ်မှန်တာပေါ့.. ပဋိဇီဝဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိတတ်ပါတယ်.. ဒါ့ကြောင့် ခဏခဏသောက်ဖို့မသင့်ပါဘူး.. ဒါပေမယ့် ရောဂါဖြစ်လာရင်တော့ မလွှဲမရှောင်သာလို့ ဆရာဝန်တွေကပေးရတာပါ.. တချို့ပဋိဇီဝဆေးတွေက ရိုးတွင်းချဉ်ဆီကို ခမ်းခြောက်စေပါတယ် (Bone marrow depression).. ဥပမာ Ciprofloxacin, Ofloxacin, Cefoxitin လိုဆေးမျိုးတွေပေါ့.. တချို့ပဋိဇီဝဆေးတွေက ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်တယ် (Kidney Damage).. ဥပမာ Sulfonamides, Ciprofloxacin, Methicillin, Vancomycin စသည်ဖြင့်ပေါ့..  ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါကိုယ်၌က ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်ပြီးသားပါ.. ဒါကိုကုသတဲ့ပဋိဇီဝဆေးတွေကပါ ကျောက်ကပ်ကိုပျက်စီးစေနိုင်တယ်ဆိုရင်တော့ ဒီကျောက်ကပ်ဟာ ပိုဆိုးဖို့ပဲရှိတော့တယ်.. ကျွန်တော်တို့ဆရာဝန်ဖြစ်ခါစတုန်းက ဆီးလမ်းကြောင်းပိုးဝင်ရင် Sulfadimidine ဆိုတဲ့ဆေးကို သုံးခဲ့ကြရတယ်.. တစ်ခါသောက်ရင် 500 mg ဆေးပြား ၂ ပြား၊ တစ်နေ့လေးကြိမ်ဆိုတော့ 4g လောက်တောင် သောက်ရတယ်.. ဆီးလမ်းကြောင်းပိုးတွေသေပေမယ့် ကြာကြာသောက်ရင် ကျောက်ကပ်ပျက်စီးနိုင်တာကြောင့် အခုနောက်ပိုင်းမှာ သုံးစွဲဖို့မသင့်ဆိုပြီး ပိတ်ခဲ့ရပါတယ်.. အလားတူပါပဲ.. Septrin ဆိုပြီးလူသိများတဲ့ Cotrimoxazole ဆိုတဲ့ဆေးဟာလဲပဲ ကျောက်ကပ်ကိုပျက်စီးစေပါတယ်.. ဒါ့ကြောင့် ပဋိဇီဝဆေးတွေကို တတ်နိုင်ရင် မသုံးစေချင်ပါဘူး.. ဒီလိုမျိုးခဏခဏမသုံးရအောင် လူနာတွေအနေနဲ့ကလည်း နောက်တစ်ခါပြန်မဖြစ်အောင် နေထိုင်စားသောက်တတ်ဖို့ ပိုအရေးကြီးပါတယ်..

✳ MWD: နောက်တစ်ကြိမ်ပြန်မဖြစ်အောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာလဲ ဆက်ပြောပါဦး ဆရာ..

Dr.KML: အဓိကအနေနဲ့
(၁) ရေမကြာခဏသောက်ပေးပါ.. တစ်နေ့ကို အနည်းဆုံး ၂ လီတာလောက်ကုန်အောင်သောက်ပေးပါ.. ရေများများသောက်ရင် ဆီးမကြာခဏသွားတဲ့အတွက် သွားတဲ့ဆီးနဲ့အတူအန္တရာယ်ပေးမယ့်ဘက်တီးရီးယားတွေပါ အပြင်ကိုရောက်သွားမှာဖြစ်ပါတယ်... ရေသောက်နည်းရင် ဆီးအိမ်ထဲမှာ ဆီးကအကြာကြီးနေနေတဲ့အတွက် ရောဂါပိုးတွေပိုပြီး ပေါက်စေမှာဖြစ်ပါတယ်... ရေသာမက ရေနွေးကြမ်းဒါမှမဟုတ် သဘာဝသစ်သီးဖျော်ရည်တွေပါ သောက်နိုင်ပါတယ်..

(၂) ဆီးသွားချင်ရင် အောင့်ထားတဲ့အကျင့်မလုပ်ရပါဘူး.. အမြန်ဆုံးသွားပေးရပါမယ်.. ဆီးအိမ်ထဲမှာ ဆီးတွေတင်းနေခဲ့ရင် ဆီးအိမ်ထဲက ဆီးတွေဟာ Backward pressure နဲ့ ဆီးလမ်းကြောင်းရဲ့အပေါ်ပိုင်းကို တက်သွားပြီးကျောက်ကပ်ထဲကို ပိုးတွေရောက်သွားနိုင်ပါတယ်.. အဲ့ဒီအခါမှာ ပိုပြီးဆိုးဝါးတဲ့ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါကို ခံစားရနိုင်ပါတယ်.. ဒါ့ကြောင့်ဆီးသွားချင်ရင် ကြုံတဲ့နေရာမှာပဲ အမြန်ဆုံးသွားဖို့ကြိုးစားပါ..

(၃) ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို အထောက်အကူပြုစေတဲ့အရည်တွေ သောက်သုံးမှုကိုတော့ရှောင်ရပါမယ်.. ဥပမာ အရက်၊ ဘီယာနဲ့အချိုရည် (Soft drink) တို့ဖြစ်ပါတယ်.. ကော်ဖီသောက်ရင်လည်း မကောင်းဘူးလို့ အခုနောက်ပိုင်းသုတေသနစာတမ်းတွေကဆိုပါတယ်.. သဘာဝသစ်သီးဖျော်ရည်တွေကိုသောက်ရင်တောင် ဒီအတိုင်းညှစ်သောက်တာထက် ရေနဲ့အနည်းဆုံးဆတူရောပြီးမှသာ သောက်သင့်ပါတယ်..

(၄) ဗီတာမင် အေ ရစေနိုင်တဲ့ ကယ်ရိုတီးနွိုက်ကြွယ်ဝတဲ့အစားအစာတွေ မကြာခဏစားပေးသင့်ပါတယ်.. ဥပမာ သင်္ဘောသီး၊ မုန်လာဥနီစတဲ့ အ၀ါရောင်ရှိတဲ့သစ်သီးတွေကိုစားရင်ဆီးလမ်းကြောင်းအတွင်း နံရံမှာရှိတဲ့ဆဲလ်တွေကို ခိုင်ခံ့စေတဲ့အတွက် ရောဂါပိုးတွေ အလွယ်တကူဝင်ရောက်မလာနိုင်အောင် ကာကွယ်ပေးပါတယ်..

(၅) သဘာဝအစားအစာတွေထဲမှာ ဆီးလမ်းကြောင်းပိုးဝင်တာ မဖြစ်ရလေအောင် တားဆီးနိုင်စွမ်းရှိတဲ့ အစွမ်းအထက်ဆုံးအစားအစာကတော့ ကရမ်ဘယ်ရီ (Cranberry) သီးပဲဖြစ်ပါတယ်.. ကရမ်ဘယ်ရီအသီးကို အစိမ်းစားလို့ပဲဖြစ်ဖြစ်၊ သစ်သီးဖျော်ရည် (Fruit juice) အနေနဲ့ပဲဖြစ်ဖြစ်၊ စပျစ်သီးခြောက်လိုအသီးကို အခြောက်လှမ်းထားလို့ပဲဖြစ်ဖြစ် ပုံမှန်စားသုံးပေးခဲ့ရင် ဆီးလမ်းကြောင်းပိုးဝင်ရောဂါဖြစ်ဖို့ အလားအလာအလွန်နည်းတယ်လို့ သုတေသနစာတမ်းတွေအရသိရပါတယ်..


✳ MWD: စိတ်ဝင်စားဖို့ကောင်းလိုက်တာဆရာ.. ဆရာပြောသွားတဲ့အချက် (၅) ချက်ထဲမှာ ပထမ (၄) ချက်ကတော့ ရှင်းပါတယ်ဆရာ.. နောက်ဆုံးပြောသွားတဲ့ ကရမ်ဘယ်ရီသီးဆိုတာ ကျွန်မအနေနဲ့ သိပ်မသိတော့ အဲ့ဒီအသီးအကြာင်းအနည်းငယ်ရှင်းပြစေချင်ပါတယ်..

Dr.KML: ကရမ်ဘယ်ရီ (Cranberry) ပင်ဟာ မြန်မာပြည်မှာမရှိတော့ မသိတာ သိပ်မဆန်းပါဘူး.. သူက ကမ္ဘာ့မြောက်ခြမ်းဒေသ (Northern hemisphere) အေးတဲ့ဒေသ (Cooler region) တွေမှာပဲ စိုက်ပျိုးထုတ်လုပ်တဲ့အပင်ဖြစ်ပါတယ်.. ရုက္ခဗေဒအရ သူ့ရဲ့ Genus ကတော့ Vaccinium ဖြစ်ပါတယ်.. အပင်ဟာ အပင်ပုနွယ်ပင်ဖြစ်ပါတယ်.. မြေမှာပဲဝပ်ပြီး တွားသွားတဲ့အတွက် တစ်ပင်ချင်းကို (၇) လက်မကနေ (၈) လက်မလောက်ထိ ရှည်ပါတယ်.. ပျားနဲ့ ၀တ်မှုန်ကူးပါတယ်.. သူ့ရဲ့အသီးဟာ ပထမအဖြူရောင်ဖြစ်ပေမယ့် နောက်တဖြည်းဖြည်းနဲ့ နီရဲလာပြီး မှည့်တဲ့အချိန်မှာ အနီရဲရဲနဲ့ ကြည့်လို့အင်မတန်လှပါတယ်.. အရွယ်ကသေးပါတယ်.. အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းပြည်နယ်တွေနဲ့ ကနေဒါနိုင်ငံတွေမှာ အဓိကစိုက်ပျိုးပါတယ်.. တရုတ်ပြည်မြောက်ပိုင်းဒေသတွေမှာလည်း အကြီးအကျယ်စိုက်ပါတယ်.. ရတဲ့အသီးတွေကို အခြောက်လှမ်းလို့ပဲဖြစ်ဖြစ်၊ သစ်သီးဖျော်ရည်အနေနဲ့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ယိုထိုးလို့ပဲဖြစ်ဖြစ် တင်ပို့ရောင်းချပါတယ်.. ကျွန်တော်တို့ဆီမှာ စတော်ဘယ်ရီသီးတို့၊ စပျစ်သီးတို့ရောင်းသလိုမျိုးပါပဲ..


✳ MWD: ကရမ်ဘယ်သီးမှာ ဘယ်လိုမျိုးအာဟာရဓာတ်ပစ္စည်းတွေ ပါပါသလဲ ဆရာ..

Dr.KML: သူ့မှာ အာဟာရတန်ဖိုးမြင့်မားပြီး အင်မတန်မှလည်း ဆေးဖက်ဝင်လို့ “Superfruit’’ လို့ခေါ်ဝေါ်ကြပါတယ်.. ကရမ်ဘယ်ရီအသီး အစိမ်းမှာပါဝင်တဲ့ဓာတ်ပစ္စည်းတွေကတော့
(၁) ဖလေဗိုနွိုက် (Flavonoids) တွေ ကြွယ်ဝစွာပါဝင်ပါတယ်.. အသီးအရောင် နီရဲတောက်နေရခြင်းဟာ ဖလေဗိုနွိုက်တွေကြောင့်ဖြစ်ပြီး ဆေးဖက်ဝင်အာနိသင်ပေးပါတယ်.. အဓိကပါဝင်တဲ့ ဖလေဗိုနွိုက်အနေနဲ့ အုပ်စု (၃)ခုရှိပါတယ်..

(က) အင်သိုဆိုင်ရာနင်အုပ်စု (Anthocyanin) ဥပမာ- Anthocyanidins, Cyanidin နဲ့ Peonidin
(ခ) ပရိုအင်သိုဆိုင်ရာနီဒင်အုပ်စု (Proanthocyanidins)
ဥပမာ - Epicatechin,Epigallocatechin
(ဂ) ဖလေဗိုနောအုပ်စု (Flavonols) ဥပမာ - Myricetin, Quercetin,Kaempferol
(၂) အော်ဂဲနစ်အက်ဆစ် (Organic acids) တွေကြွယ်ဝစွာပါဝင်ပါတယ်.. ကရမ်ဘယ်ရီရဲ့ချဉ်တဲ့အရသာဟာ ပါဝင်တဲ့အော်ဂဲနစ်အက်ဆစ်တွေကြောင့်ဖြစ်ပါတယ်.. pH 2.5 လောက်ပဲရှိပါတယ်..
ဥပမာ - Quinic acid (ကျန်တဲ့အသီးတွေမှာ သိပ်မတွေ့ရပါ) ,Citric acid, Malic acid , Ellagic acid , Shikimic acid, Oxalic acid, Phenolic acids (Benzoic acid),Ursolic acid
(၃) ဗီတာမင်ဓာတ်တွေ (Vitamin) ကြွယ်ဝစွာပါဝင်ပါတယ်.. ပါဝင်တဲ့ဗီတာမင်တွေကတော့ Vitamin C, Thiamine (B1), Riboflavin (B2), Niacin (B3), Panthothenic acid (B5), Pyridoxine (B6), Folic acid (B9)
(၄) ကယ်လ်ရိုတီးနွိုက် (Carotenoids) အနေနဲ့ Beta-carotene ,Lutein, Zeaxanthin တွေ ပါဝင်ပါတယ်..

✳ MWD: ကရမ်ဘယ်ရီဟာ ခုနကပြောခဲ့တဲ့ ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါမှာ ဘယ်လိုများအကျိုးရှိပါသလဲဆရာ..

Dr.KML: ကရမ်ဘယ်ရီက ဆီးလမ်းကြောင်းပိုးဝင်တာကို ကာကွယ်ပေးနိုင်စွမ်းရှိရတဲ့အကြောင်းတွေ များစွာရှိပါတယ်.. ဒီအထဲက အချို့ကိုကောက်နုတ်ပြောရမယ်ဆိုရင်..

(၁) သူ့မှာပါဝင်တဲ့ အော်ဂဲနစ်အက်ဆစ်တွေကနေတဆင့် ရရှိလာတဲ့ Hippuric acid ဟာဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အာနိသင် (Anti-bacterial action) ရှိပါတယ်..

(၂) ကရမ်ဘယ်ရီမှာပါဝင်တဲ့ Flavonoids တွေဟာ ဆီးအိမ်နံရံနဲ့ဆီးလမ်းကြောင်းနံရံတစ်လျှောက်မှာ အလွှာပါးလေးသဖွယ် ဖုံးအုပ်ထားတဲ့အတွက် E-coil ဘက်တီးရီးယားတွေ ထိုးဖောက်ဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ်.. ဒါ့အပြင် E-coil တွေရဲ့ထိုးဖောက်ဝင်ရောက်နိုင်တဲ့ လက်တံတွေကို လှုပ်ရှားမရအောင်လုပ်နိုင်စွမ်းရှိပါတယ်.. ဒါ့ကြောင့် Infectivity ကျသွားပါတယ်..

(၃) ကရမ်ဘယ်ရီမှာပါဝင်တဲ့ ဗီတာမင်စီနဲ့ အော်ဂဲနစ်အက်ဆစ်ဓာတ်တွေဟာ ဆီးကိုအက်ဆစ် pH ဖြစ်စေပါတယ်.. အက်ဆစ် pH မှာဘက်တီးရီးယားတွေ မရှင်သန်နိုင်တဲ့အတွက် ရောဂါပိုး လျော့နည်းသွားစေပါတယ်.. ဆီးထဲမှာနေတဲ့ဘက်တီးရီးယားတွေဟာ pH ပြောင်းလဲမှုကို မကြိုက်ပါဘူး.. pH ကို နည်းခြင်း၊ များခြင်းလုပ်ပေးနိုင်ရင် ဘက်တီးရီးယားတွေကို ထိန်းချုပ်လို့ရပါတယ်..

✳ MWD: ကရမ်ဘယ်ရီကို ဆေးပြားအနေနဲ့ရော သောက်လို့ရပါသလား ဆရာ...

Dr.KML: ရတာပေါ့.. ဆေးအနေနဲ့သောက်တာက ပိုပြီးတော့ အစွမ်းထက်ပါတယ်.. အသီးတို့၊ ဖျော်ရည်တို့ကတော့ အစားအစာအနေနဲ့စားဖို့ပါ.. ဆေးပြား၊ ဆေးတောင့်အနေနဲ့လည်း ထုတ်လုပ်ရောင်းချကြပါတယ်.. သာမန်အားဖြင့် ၁၀၀ မီလီဂရမ်ဆေးပြားဆိုရင် တစ်ခါသောက်တစ်ပြား တစ်နေ့(၂) ကြိမ်သောက်ရပါမယ်.. ပထမ ပဋိဇီဝဆေးတွေသောက်ပြီးရင် နောက်ထပ်မဖြစ်ဖို့စပြီး သောက်ရပါမယ်.. အမြဲစွဲသောက်လို့ရပါတယ်.. ရေများများနဲ့သောက်ဖို့လိုပါတယ်.. ဘေးထွက်ဆိုးကျိုးဘာမှမရှိပါဘူး..

✳ MWD: ဆရာ့အနေနဲ့ မြ၀တီရုပ်မြင်သံကြားပရိတ်သတ်ကြီးကို ဘာများပြောချင်ပါသလဲဆရာ..

Dr.KML: ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါဖြစ်ရင် ပထမဆုံးအနေနဲ့ သင့်တော်တဲ့ ပဋိဇီဝဆေးတွေကို ဆရာဝန်ရဲ့လမ်းညွှန်ကြားချက်အတိုင်း တိတိကျကျသောက်ပါ.. နောက်ထပ်မဖြစ်အောင် ကာကွယ်ဖို့အတွက်ဆိုရင်တော့ ကရမ်ဘယ်ရီဟာ အကောင်းဆုံးသဘာဝဆေးစွမ်းတစ်လက်ဆိုတာ သိစေချင်ပါတယ်..


#Cranberry
#UTI
#HealthTalk
#MWDChannel

မူလရေးသားတင်ဆက်သည့်စာမျက်နှာ - ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals) 

No comments: