Monday, July 15, 2019

သင့် ၀န်ထမ်းကောင်းတွေ မဆုံးရှုံးစေဖို့


▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

Goldie Kyaw 

HR အလုပ်က အသိမိတ်ဆွေ တော်တော်များများ အလုပ်လူခေါ်တာနဲ့ပဲ အလုပ်ရှုပ်နေတတ်တာ များတာ တွေ့ရပါတယ် ။

 ပြောချင်တာက ၀န်ထမ်းတွေ ခေါ်တာက ပြသာနာ မဟုတ် ၊လုပ်ငန်းတိုးချဲ့ဖို့ခေါ်မယ်ဆိုရင် တော့ အဖွဲ့အစည်းအတွက် ဘာမှ မဖြစ်ပေမဲ့ ၊ရှိပြီးသား လူတွေ အထွက်များလို့ ၀န်ထမ်းခေါ်ရရင်တော့ အဖွဲ့အစည်း အတွင်းက အားနည်းချက်တွေကို ရှာဖွေဖို့လိုလာပါပြီ ။

ဝန်ထမ်းတွေအလုပ်ထွက်ရတဲ့ အကြောင်းအရင်းက အများကြီးရှိပါတယ်၊ အခြေခံကျတဲ့ အကြောင်းအရင်း ကတော့ သိပ်အများကြီးတော့မရှိပါဘူး ။

 လေ့လာချက်တွေအရ လုပ်ငန်းကနေ စွန့်ခွာသွားတဲ့ ၀န်ထမ်းတွေကို မေးမြန်းကြည့်တဲ့အခါ အောက်ပါအတိုင်းတွေ့ရပါတယ်။

👉🏻လစာနှုန်းထားကြောင့် အလုပ်ထွက်ခြင်း 37%

👉🏻ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့် အလုပ်ထွက်ခြင်း 42%

👉🏻လုပ်ဖော်ကိုင်ဖက်တွေကြောင့် အလုပ်ထွက်ခြင်း 13%

👉🏻မိမိဘ၀တိုးတတ်ဖို့ အခွင့်အလမ်းနည်းပါးတာကြောင့် အလုပ်ကထွက်ခြင်း 57%

👉🏻ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အလုပ်ထွက်ခြင်း  10%

ဖြစ်နေတာတွေကိုတွေ့ရပါတယ်။

ဒါကိုကြည့်မယ်ဆိုရင် ပုံမှန်အားဖြင့် ၀န်ထမ်းတွေ အလုပ်ထွက်ကြတဲ့ အကြောင်းအရာတွေက ဒီအချက် တွေ ထဲက အဖြစ်များကြပါတယ်။

 နှစ်စဉ် ၀န်ထမ်းထွက်နှုန်းတွက်ချက်မှုအရ ပုံမှန်အားဖြင့် ၀န်ထမ်း (၂၀၀) ရှိတဲ့ အဖွဲ့အစည်းမှာ ၀န်ထမ်း (၃၀) ထွက်တာက  ကောင်းမွန်သော အခြေအနေအဖြစ်ရှိ သေးကြောင်း စစ်တမ်း များက ဆိုထားပါတယ်။

ဒီတော့တစ်ချက်ပြန်စဉ်းစားရင်ဝန်ထမ်းထွက်နှုန်း သိပ်များရင်တော့ ပြသာနာ သိပ်မရှိနိုင်ပါဘူး ။ ပြသာနာရှိတာကတော့ အရည်အချင်းရှိတဲ့ ၀န်ထမ်းကောင်းတွေ ဆုံးရှုံးရတာများ လာပြီဆိုရင်တော့ ၀န်ထမ်းရေးရာ လုပ်ငန်းတွေကို တာဝန်ယူဆောင်ရွက်နေသူများ အတွက် ခေါင်းခဲစရာ ဖြစ်လာပါတယ်။

တစ်ခါတစ်လေ ၀န်ထမ်းထွက်နှုန်း (Turnover rate)
ကိုတွက်ချက်တဲ့အခါ  သိပ်အများကြီး ရှိတာ မတွေ့ရပါဘူး ။

ဥပမာ - ၀န်ထမ်း (၁၀၀) ရှိတဲ့ လုပ်ငန်းက ၀န်ထမ်း (၁၀) ယောက်ထွက်တယ်ဆိုပေမဲ့ ၀န်ထမ်းအ၀င်က (၁၀) ယောက်ပြန်ရှိတာကြောင့် Employee IN /Out ratio ကမျှနေတာကို တွေ့ရ တတ်ပါတယ် ။ ဒါပေမဲ့ ၀န်ထမ်းအထွက် (၁၀) ယောက်မှာ တာဝန်ယူဆောင်ရွက်နေရတဲ့ ၀န်ထမ်းတွေ ၊ အရည်အချင်းရှိပြီး လုပ်ငန်းကျွမ်းကျင်သူတွေဖြစ်ပြီး ၀င်လာသူတွေက အလုပ်သင်တွေ ၊ အခြားတာဝန်ယူ ဆောင်ရွက်နေသူတွေ မဟုတ်ဘူး ဆိုရင်တော့ အဖွဲ့အစည်းအတွက် ဆုံးရှုံးနစ်နာမှု တွေရှိ လာပါတယ် ။

ဒီတော့ ကိုယ့်အဖွဲ့အစည်းမှာ အရည်အချင်းရှိတဲ့ ၀န်ထမ်းကောင်းတွေ မဆုံးရှုံးစေဖို့ ဘာတွေ ကြိုတင် ပြင်ဆင်ရမလဲ ဆိုတာက အရေးကြီးတဲ့ အချက်တွေပဲဖြစ်ပါတယ်။ ဒီတော့ အကောင်းဆုံးဖြစ်စေဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို တင်ပြချင်ပါတယ်။

✔️Hire the right people

အလုပ်ခေါ်ကတည်းက သေချာစွာပြင်ဆင်ထားနိုင်ဖို့လိုအပ်ပါတယ်။ မှန်ကန်တိကျတဲ့ လူမှန်နေရာမှန်ကို ရွေးချယ်ခန့်အပ်ခြင်းက ၀န်ထမ်းရွေးချယ်ခန့်အပ်ခြင်းအတွက် အရေးကြီးသလို ၊၀န်ထမ်းကောင်းတွေ မဆုံးရှံးစေဖို့ အချက်လည်းဖြစ်ပါတယ်။ဒါတော့ မိမိအဖွဲ့အစည်းအတွက် မှန်ကန်တဲ့ ၀န်ထမ်းကောင်းတွေကို ရွေးချယ်ခြင်း က အစပိုင်းမှာ အကောင်းဆုံးဖြစ်ဖို့လိုပါတယ်။

✔️Fire people who don’t fit
နောက်တစ်ချက်ကတော့ ၀န်ထမ်းတွေကို သူတို့တွေ လုပ်ဆောင်နေရတဲ့ လုပ်ငန်းခွင်ထဲက အလုပ်အကိုင် တွေနဲ့ တကယ်ကော အံဝင်ခွင်ကျဖြစ်ရဲ့လားဆိုတာကို သေချာစွာသိနိုင်ဖို့လိုအပ်ပါတယ်။ ဘယ်သူက ဒီအလုပ်နဲ့ အဆင်မပြေဘူးလည်းဆိုတာကို သိမှ လိုအပ်တဲ့ အရည်အချင်းတွေ ကိုဖြည့်ဆည်းပေးတာ တွေ လုပ်လို့ရမှာပါ ။

တစ်ချို့ဝန်ထမ်းတွေက အလုပ်မှ ကျွမ်းကျင်မှုရှိပေမဲ့ သူတို့ တကယ်လုပ်ကိုင်လိုတဲ့ အလုပ်တွေမဟုတ်ပဲဖြစ်နေတတ်တာလည်း ရှိပါတယ်။ လုပ်နေရတဲ့ အလုပ်အတွက်တော့ ကျွမ်းကျင်ကောင်း ကျွမ်းကျင်ပေမဲ့ တစ်ခြား ပိုပြီးအားသန်တဲ့အလုပ်အတွက်  အနည်းငယ် လေ့ကျင့်ပေး လိုက်ယုံနဲ့ မူလထက် ပိုမိုတဲ့ စွမ်းဆောင်ရည်တွေကို မြင်တွေ့နိုင်ပါတယ်။ ဒါကြောင့် ဘယ်သူ တွေက အံဝင်ခွင်ကျဖြစ် မနေဘူးလည်းဆိုတာကို လေ့ လာထားဖို့လိုအပ်ပါတယ်။

✔️Keep compensation and benefits current

ဝန်ထမ်းတစ်ယောက်ရဲ့ လက်ရှိခံစားနေရတဲ့ လစာ၊ရပိုင်ခွင့်တွေကလည်း  ၀န်ထမ်းကောင်းတွေကို ထိန်းသိမ်း ရာမှာ အရေးပါတဲ့အချက်ပါပဲ ၊ အရင်က Ferry စီစဉ်ပေးနေရာကနေ  ခုမပေးတော့ဘူး ဆိုပြီးလုပ်တာမျိုး ၊ လစာအပြင် တစ်ခြားခံစားခွင့်တွေကို လျော့ချပစ်တာမျိုး တွေက ၀န်ထမ်းကောင်းတွေကို ဆုံးရှံုံးစေတဲ့ အချက်တွေပါပဲ။

✔️Recognize and reward employees

ဒီအချက်က သိသိရင်းနဲ့ မေ့လျော့နေတာတွေ ၊ မသိချင်ယောင်ဆောင်နေတာတွေက ၀န်ထမ်းတော်တော် များများ ကြုံတွေ့ရဖူးမှာပါ ။ တတ်ကြွနေတဲ့ လုပ်ဆောင်ချက်တွေကို ဒီအရာက ရပ်တန့်ပစ်တတ်ပါတယ်။ အသိအမှတ်အပြုခံရမှုနဲ့ ချီးမြင့်ခြင်းတွေက  လုပ်ငန်းစွမ်းဆောင်ရည်အတွက်ကော ၀န်ထမ်းတွေကို ထိန်းသိမ်း ရာမှာပါတိုက်ရိုက်အချိုးကျသလိုထိရောက်မှုလည်း များပြားပါတယ်။

✔️Prioritize employee happiness

လုပ်ငန်းခွင်အတွင်းက ၀န်ထမ်းတွေကို ပျော်ရွင်မှုကို ဦးစားပေးတဲ့ ပုံစံမျိုးကို ဦးတည်ပြီး ဆောင်ရွက်ပေးနိုင်ဖို့လိုပါတယ်။ တစ်ချို့သော လုပ်ငန်းခွင်တွေမှာ ပျော်ရွင်တဲ့ လုပ်ငန်းခွင် တစ်ခုဖြစ်နေ တာကြောင့်ပဲ လစာနဲ့ ရပိုင်ခွင့်တွေကို အလေးမထားပဲ ၀န်ထမ်းတွေ မြဲနေတတ်တာတွေရှိနေပါတယ်။ ဒါကလည်းလုပ်ငန်းအဖွဲ့အစည်းရဲ့ တိုးတတ်မှုကို တိုက်ရိုက်ပံ့ပိုးပေးနိုင်တဲ့ အချက်ဖြစ်တာကြောင့် မိမိ အသုံးချနိုင်မှု ပေါ်မူတည်နေပါတယ်။

✔️Make opportunities for development and growth

ဖွံဖြိုးတိုးတတ်မှုအတွက် အခွင့်အလမ်းတွေဖန်တီးပေးနိုင်ဖို့လည်း လိုအပ်ပါတယ် ။ ဒါက Organization Development ရဲ့ အစိတ်အပိုင်းဖြစ်တဲ့  Individual development အပိုင်းကို သွားဖို့ ဆောင်ရွက်ရခြင်းပါပဲ ။ဝန်ထမ်းတစ်ဦးချင်းစီက မတူညီတဲ့ အခွင့်အလမ်းနဲ့ တိုးတတ်မှုတွေကို မျှော်လင့်ကြပါတယ်။ မိမိလုပ်ငန်းအဖွဲ့ အစည်းအနေနဲ့ ဘာတွေ စီစဉ်ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာကို မူတည်ပြီး လုပ်ငန်းခွင်က စွန့်ခွာခြင်းကို စဉ်းစားကြတာပါပဲ။ တစ်ချို့ဝန်ထမ်းတွေက ငွေကြေးပိုင်းဆိုင်ရာတိုးတတ်မှုကိုလိုချင်သလို ၊ တစ်ချို့ ၀န်ထမ်းတွေကတော့ ဘ၀အတွက် လေ့လာစရာတွေ ၊အတွေ့အကြုံအသစ်တွေ ၊စိန်ခေါ်မှုတွေကို လိုချင်ကြပါတယ်။ ဒါတွေကို လုပ်ငန်းခွင်ထဲမှာ မိမိက ဘယ်လိုဖန်တီးပေးနိုင်သလဲ ဆိုတာ အရေးကြီးပါတယ်။

✔️Clean up performance reviews

နောက်တစ်ချက်က မျှတတဲ့ စွမ်းဆောင်ရည်သုံးသပ်ချက်တွေ ရှိရပါမယ် ၊  ရုံးတစ်ရုံးမှာ ၀န်ထမ်းတွေကို Performance reviews လုပ်ပြီး ရာထူးတွေ တိုးပေးလိုက်မှ တော်တော်များများ ထွက်ကုန်တာ ကြုံဖူးပါတယ်။ တစ်ခါတစ်လေ ကိုယ်က ဖြစ်ချင်တာက တစ်ခု ၊ဖြစ်သွားတာက တစ်ခြားဖြစ်နေတာမျိုးပါ ။ ရလဒ်အပေါ် ၀န်ထမ်းတွေက မျှတမှုမရှိဘူးလို့ယူဆခြင်းခံရရင် သင့်ရဲ့ Performance Management Systems က  အောင်မြင်မှာမဟုတ်နိုင်ပါဘူး ။

အထက်ပါအချက်အလက်တစ်ချို့က သင့်ရဲ့ လုပ်ငန်းခွင်အတွင်းက ၀န်ထမ်းကောင်းတွေ မဆုံးရှံးစေဖို့ အထောက်အကူပြုနိုင်မယ် ဆိုတာ အသေအချာပါပဲ ။

#Goldie_Kyaw

No comments: