(ေဇယ်သူ)
မြန်မာ့ပြုပြင်ပြောင်းလဲရေးသည်
အခြားသော ခေတ်ပြိုင်ပြုပြင် ပြောင်းလဲရေးများနှင့် မတူဘဲ ညင်သာသိမ်မွေ့သဖြင့် “မြန်မာ့နွေဦး”
Myanmar Spring ဟု အင်္ဂလိပ်ဘာသာဖြင့် တင်စားခေါ်ဝေါ်ခဲ့ကြသည်။ ယခုသော် မြန်မာ့နွေဦး စတင်သည်မှာ
အချိန်ရလာပြီ ဖြစ်သည့်အတွက် မြန်မာ့နွေပြင်းကာလသို့ ချဉ်းနင်းဝင်ရောက်လာခဲ့ပြီ။ နွေပြင်းကာလ၏
သဘောသဘာဝတို့ကို လေ့လာထားမှ နွေပြင်းကာလကို ဆောင်ရန်၊ ရှောင်ရန်တို့နှင့် ကျော်ဖြတ်နိုင်ပေမည်။
မြန်မာတို့သွေးသည်
ထစ်ခနဲဆို ငယ်ထိပ်တက်ဆောင့်တက်ကြသည်။ ဒေါသဦးဆောင်သော စရိုက်ကိုယ်စီ ရှိတတ်သည်။ မှုခင်းသတင်းတို့ကို
ဖတ်ကြည့်လျှင် မဖြစ်စလောက် ကိစ္စနှင့် ရန်ဖြစ် ဓားဖြင့်ထိုးသတ်သော အမှုတို့က ဒုနှင့်ဒေး။
လုပ်ပြီးမှ မှားမှန်းသိပြီး နောင်တရတတ်ကြသည်။
ဥတုသည်
နွေဥတုပီပီပြင်ပြင် စဝင်ပြီ။ မတ်လဆန်း အရာရာ ခြောက်သွေ့ပူပြင်းကြွပ်ရွ။ လက်ပံပွင့်ချိန်
ခွေးရူးချိန် ဆိုသည့်အတွက် နဂိုကတည်းက သွေးဆူပြီးသား ပုဂ္ဂိုလ်တို့ ပူပြင်းသည့်အတွက်
ပေါက်ကွဲပွင့်အန်တတ်သည်။
စပ်ကူးမပ်ကူးကာလ
နိုင်ငံရေးက ရွေးကောက်ပွဲအဝင် ညီအစ်ကို မသိတသိ။ ရွေးကောက်ပွဲအကြိုကာလ တရားဝင် မဲဆွယ်ခွင့်
မရသေးသော်လည်း အာဏာရပါတီအဝင် ပါတီများသည် တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ နည်းလမ်းမျိုးစုံဖြင့်
ပြည်သူကို စည်းရုံးနေကြပြီ။ ရွေးကောက်ပွဲသည် နိုင်ငံရေးတွင် စစ်မြေပြင်နှင့်တူသည်။
“အချစ်နှင့်စစ်တွင် မတရားသည်မရှိ” ဟု ဆိုထားရာ ရွေးကောက်ပွဲများ တစ်ခါတစ်ရံမှ လုပ်လေ့ရှိသည့်
မြန်မာပြည်တွင် ရွေးကောက်ပွဲသည် ခါးတောင်းတွင်မက အားလုံးကျိုက်ထား အကဲစမ်းရမည့် စစ်မြေပြင်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း ရွံကြောက်သည့် ညစ်ညမ်းနိုင်ငံရေး Dirty Politics၊ အာဏာနိုင်ငံရေး
Power Politics ကို မြင်တွေ့ရမည့် စစ်ပွဲကာလ ဖြစ်သည်။ မဲရရေး၊ လူထုထောက်ခံမှုရရေးသည်
အဓိက၊ ကျန်သည်အားလုံး သာမည ဖြစ်လာသည်။ ပရိသတ်များများ၊ လူများများကြိုက်သည့်ဘက်သို့
ယိမ်းရန် အသင့်အနေအထား။ ဖြစ်ပေါ်လာသော အရာတိုင်းသည် “ခွေးကိုက်သည်ကအစ” နိုင်ငံရေးနှင့်
ဆိုင်လာပြီး ရွေးကောက်ပွဲအတွက် ဂိုးသွင်းခွင့်များ ဖြစ်လာသည်။
လွတ်လပ်စွာ
ပြောရေးဆိုခွင့် Freedom of Expression ထွန်းကားကျယ်ပြန့်လာသည်မှာ အားလုံးအသိ။ ယခင်က
တစ်ခွန်းတစ်ပါဒ ဟမရသည့် အခြေမှသည် ပွင့်ပွင့်လင်းလင်း ကျယ်ကျယ်လောင်လောင် ပြောနိုင်လာသည်။
အချို့ကိစ္စများတွင် လွတ်လပ်စွာ ပြောရေးဆိုခွင့်မှသည် လွတ်လပ်စွာ ဆဲရေးဆိုခွင့်သို့
ကူးပြောင်းသွားသည်။ ဒေါသစရိုက်နှင့် လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို အလွဲသုံးခြင်းတို့
ပေါင်းလိုက်သောအခါ Hate Speech ခေါ် လက်ညှိုးငေါက်ငေါက်ထိုး အမုန်းစကားများအသွင် အမျိုးမျိုးဖြင့်
လားရာအမျိုးမျိုးသို့ ဦးတည်သွားသည်။
လူအများလက်ထဲတွင်
သွားလေရာပါသော မီဒီယာဖုန်းလေး တစ်လုံးစီနှင့်။ ဟုတ်သော်ရှိ၊ မှန်သော်ရှိ ဓာတ်ပုံနှင့်
သတင်းတို့သည် လူတိုင်းထံသို့ မိနစ်ပိုင်းအတွင်း ပျံ့နှံ့ရောက်ရှိနေကြပြီ။ ကောလာဟလနှင့်
သတင်း၊ ဓာတ်ပုံမှန်နှင့် မွမ်းမံဓာတ်ပုံတို့သည် အခင်းဖြစ်နေရာမှ မိုင်ထောင်ဂဏန်း ဝေးသော
အမြို့မြို့အနယ်နယ် နေရာအနှံ့သို့ ပျံ့နှံ့ရောက်ရှိကြပြီ။ ဒေါသ၊ ခံစားချက်တို့သည်လည်း
တစ်နေရာမှ တစ်နေရာသို့ ကူးစက်လောင်မြိုက်သွားကြသည်။ လွတ်လပ်စွာ ပြောရေးဆိုခွင့်၊ လွတ်လပ်စွာ
ဆဲရေးဆိုခွင့်နှင့် ဖုန်းများ ပူးပေါင်းသွားကြသည်။
အစိုးရ
အပါအဝင် နိုင်ငံသားတို့၏ အရည်အချင်းက အားလုံးသိကြသည့်အတိုင်း။ ဦးဘဟူသော တစ်ဖအေတည်းမှ
မွေးထုတ်သော သားသမီးပေါင်း သန်းနှင့်ချီ ရှိနေပြီ။ ခေတ်အပြောင်း မကျက်တကျက် နည်းသစ်တွေနှင့်
အသွေးအသားထဲ ရောက်နေသော နည်းဟောင်းတို့က တစ်ဖက်နှင့်တစ်ဖက် လွန်ဆွဲနေကြသည်။ အတွေးအခေါ်သစ်များ
စီးကူးဝင်ရောက်လာပြီး အခြေတည်စ။ ဒီမိုကရေစီ ဆိုသည်ကို ကိုယ်ထင်ရာ အဓိပ္ပာယ်ဖွင့်၊ လိုရာသုံးကြသည်။
“ဒီမိုကရေစီသည် ကိုယ်လုပ်ချင်ရာ လုပ်လို့ရသော စနစ်” ဟု သဘောပေါက်သူများက မနည်း။ “ဒီမိုကရေစီသည်
အခြားသူကို မထိခိုက်ဘဲ ကိုယ်လုပ်ချင်ရာ ရွေးနိုင်သောစနစ်” ဟု အပြည့်အဝ သဘောပေါက်သူတို့က
လူနည်းစု။
အစိုးရသည်
သမားရိုးကျ အစိုးရမဟုတ်။ စပ်ကူးမပ်ကူးကာလ အစိုးရ။ လုပ်တတ်၍ လုပ်နေခြင်း မဟုတ်ဘဲ အခြေအနေအရ
လုပ်နေရသော အစိုးရဖြစ်သည်။ တစ်ဖန် ယခင်အစိုးရ နှစ်ဆက် လုပ်နေကျမျိုး မဟုတ်ဘဲ နည်းသစ်၊
မူဝါဒသစ်၊ အခင်းအကျင်းသစ်များနှင့် လုပ်ဆောင်ရသောအခါ မကျက်တကျက် မုန့်များကဲ့သို့ ပျော့မနပ်မာတူး
ဖြစ်ရသည်။ “အစိုးရ” ဟု ခေါင်းစဉ်တစ်ခုတည်းအောက်တွင် ပြောရသော်လည်း ထိုခေါင်းစဉ်အောက်တွင်
အယူဝါဒ၊ ပုဂ္ဂိုလ်၊ အဆင့်အတန်းအမျိုးမျိုး လွန်ဆွဲနေကြသည့်ပုံ။ အတိတ်သေချာသော်လည်း အနာဂတ်မသေချာသည့်
စပ်ကူးမပ်ကူးကာလ အစိုးရတို့၏ စရိုက်လက္ခဏာတို့ မြန်မာအစိုးရတွင် အပြည့်။
မြန်မာပြည်သည်
ကမ္ဘာနှင့်ချီသော အကောင်ကြီးကြီး အမြီးရှည်ရှည်တို့ စစ်ခင်းရာ မြေတလင်းသစ်လည်း ဖြစ်လာပြန်သည်။
ထိုအကောင်ကြီးတို့သည် အမြင့်မှ ဝဲနိုင်သောကြောင့် အမြင်ကျယ်သည်၊ စားနပ်ရိက္ခာလည်း ပေါများသည်၊
အမြင်လည်း စူးရှသည်၊ ကျွမ်းကျင်လိမ္မာသည်။ မြန်မာပြည်တွင်းတွင် ခြေကုပ်ယူနိုင်ပါမှ ပြိုင်ဘက်ကို
ဟန့်တားနိုင်မည်။ သူတို့သည် ကိုယ်တိုင်ထက် ပြည်တွင်းပေါက် နောက်လိုက်ဗိုလ်ပါတို့နှင့်
မြေလုပွဲကို ဆင်နွှဲလိုကြသည်။
တိုင်းရင်းသားအရေးနှင့်
ဝါဒအရေး ကိုင်စွဲကြသော လက်နက်ကိုင်များသည်လည်း မြန်မာနိုင်ငံတွင် များပြားလှသည်။ မြန်မာလောက်
လက်နက်ကိုင်အဖွဲ့ ပေါများသောနိုင်ငံ ကမ္ဘာတွင် ရှိမှရှိပါ့မလား။ ပြည်တွင်းမညီညွတ်ကြလျှင်
ပြည်ပသားတို့ အနေဖြင့် မြန်မာနိုင်ငံတွင်း သူတို့အကျိုးစီးပွားများကို မြှင့်တင်ရန်
နည်းလမ်းများ ခေါင်းခြောက်ခံ စဉ်းစားစရာမလို။
အခြားအရာတို့သာ
ပျက်ပြယ်သွားကြမည် ရှိသမျှ အစွန်းတို့ဘက် ဟိုတစ်လှည့် ဒီတစ်လှည့် ယိမ်းချင်တိုင်းယိမ်းသော
တော်လှန်ရေး ယဉ်ကျေးမှုသည် မြန်မာပြည်တွင် အဓွန့်ရှည်စွဲမြဲသည်။ ရွှေပြည်အေးသမားထက် ရဲရဲတောက်တို့က
ဆွဲငင်အားကောင်းသည်။ အလယ်အလတ် သမားတို့သည် အဖွဲ့အစည်းအသီးသီးတွင် မနည်းတောင့်ခံထားရသည်။
တည်ဆောက်ရေးထက် တော်လှန်ရေးက အဓိကဖြစ်နေကြဆဲ။ တည်ဆောက်လျှင်ပင် ဖြိုချပြီးမှ တည်ဆောက်လိုကြသည်။
အတိုက်အခံ
နိုင်ငံရေးကို တောက်လျှောက်ဦးဆောင်သော NLD နှင့် ၈၈ အဖွဲ့တို့ Formal Politics ခေါ်
ပုံမှန်နိုင်ငံရေးအတွင်း ဝင်ရောက်သွားသည်ကို အားမရသူများ ရှိသည်။ နဂိုသုံးနေကျ လက်နက်များကိုစွန့်ကာ
Formal Politics လက်နက်သစ်ကို ကိုင်စွဲလိုက်သော ထောင်အကြိမ်ကြိမ်ကျခဲ့သည့် Formal
Politicians များကို အားမရသောသူများ၊ စိတ်မရှည်သူများသည် သဘာဝအရ တစ်စင်ထောင်လိုကြမည်။
ထိုသို့ Informal Politics ဈေးကွက်လိုအပ်ချက်ကို ဖြည့်တင်းပေးမည့် ငယ်နုစဉ် ဒေါ်အောင်ဆန်းစုကြည်
လက်သစ်များ၊ ငယ်နုစဉ် ဦးမင်းကိုနိုင် လက်သစ်များ ပေါ်လာရန် တွန်းအားပေးကြသည်။
မြန်မာ့နွေပြင်းကာလတွင်
ရဲတပ်ဖွဲ့၏ အခန်းကဏ္ဍ အရေးကြီးလာပြီ။ ရဲတို့ကို EU ဥရောပသမဂ္ဂက သင်တန်းပေးထားသော်လည်း
ဆယ်စုနှစ်ပေါင်းများစွာ အခြေခိုင်နေပြီ ဖြစ်သော စိတ်ဓာတ် Mindset တို့ကို တစ်နှစ် ၂
နှစ်အတွင်း ပြင်ဆင်ရန်မဖြစ်နိုင်။ သင်တန်းဆိုသည်မှာ သင်တန်းသာဖြစ်ရာ ပြင်ပအခြေအနေမျိုးတွင်
လက်တွေ့အခါခါ မကြုံဖူးသရွေ့ အသားမကျနိုင်သည်မှာ ခါးသက်သော အမှန်တရား ဖြစ်သည်။ EU အနေနှင့်
ရဲတပ်ဖွဲ့တစ်ခုလုံးကို လုံလောက်သော သင်တန်းများ ပေးပြီးပြီဟုလည်း မထင်ပါ။ ယခုထက် ပုံအောငွေကြေးသုံးစွဲသင့်သည်။
လက်ပံတန်းတွင် ယိမ်းကသော ရဲမေတို့၏ မျက်နှာတွင် စိုးရိမ်မှုများကို အထင်းသားတွေ့ရသည်။
ကိုယ်ကျက်ထားတာလေး စာမေးပွဲတွင် မပါမည်ကို စိုးရိမ်နေသော တစ်ပွဲတိုး ကျောင်းသူတို့၏
စာမေးပွဲခန်းမဝင်မီ မျက်နှာမျိုးနှင့် ခပ်ဆင်ဆင်။ ရဲတို့သည်လည်း မြန်မာပြည်သားများသာ
ဖြစ်ရာ အထက်တွင်ဖော်ပြသော မြန်မာ့စရိုက်များ ကိန်းအောင်းနေကြသည်။
တကယ့်ရာသီဥတုရော
နိုင်ငံရေး ရာသီဥတုရောက ယခုမှ မတ်လဆန်းသာ ရှိသေးသည်။ ဧပြီသို့ပင် မရောက်သေး။ ယခုထက်
အပူချိန် မြင့်တက်လာရန် ရှိသေးသည်။ တငွေ့ငွေ့နှင့် လောင်ကျွမ်းလျက်ရှိသော မီးတောက်မီးခဲ၊
ဆယ်စုနှစ်များစွာ ပို့ကျလာသော ဧရာမ လောင်စာပုံကြီး၊ ဓာတ်ဆီပန်ကာနှင့် မောင်းများ၊ ဆာလောင်သော
မျက်လုံးများနှင့် တရစ်ဝဲဝဲ ကျား၊ နဂါး၊ သိမ်းစွန်ရဲတို့၊ ဦးဘ၏ သန်းနှင့်ချီသော သားသမီးတစ်သိုက်နှင့်
မျက်ကလဲဆန်ပြာ အစိုးရတို့ မြန်မာ့နွေပြင်းကို အတူတူ လက်ချင်းချိတ်ပြီး ဘယ်လိုကျော်ဖြတ်ကြမလဲ။
ဇေယျသူ
Credit : The Voice Weekly Journal
No comments:
Post a Comment