ဆရာတော်အရှင်မြတ်ဘုရား၊
သမီးက ဗဟန်းမှာနေပါတယ်၊ မနီးမဝေးမှာ အရှင်ဥပဂုတ္တကျောင်းဆောင် ရှိပါတယ်။ နာဂစ် မုန်တိုင်းကြီးတိုက်လို့ ဥပဂုတ္တကျောင်းဆောင်အနည်းငယ် ပျက်စီးသွားတာကို ပြုပြင်ဖို့ ယခုအခါဂေါပက တွေက အလှူခံနေကြပါတယ်။
သမီးတို့အိမ်နားကဘကြီးက ဥပဂုတ္တဟာ ဘုရားဟောမဟုတ်ဘူး။ ဟုတ် တယ်ဆိုရင် အခုလိုမျိုးလေဘေးဆိုးကြီးနဲ့မကြုံအောင် ဘာဖြစ်လို့ တားဆီးမပေးတာလဲ၊ မိုးမရွာအောင် တားပေးနိုင်တယ်မဟုတ်လားလို့ သမီးတို့ဖေဖေကို ပြောတာကြားလိုက်ရပါတယ်။
အဲဒီဘကြီးပြောတာ ဟုတ်ပါသလား၊
အရှင်ဥပဂုတ္တမထေရ်အကြောင်းသိလိုပါသည်အရှင်ဘုရား။
ဦးတင်လျက်
မြမဉ္ဇူ(ဗဟန်း)
သက္ကတစာကျမ်းတွေအဆို
*****************************
ဒိဗျာဝဒါနကျမ်းမှာ ဗုဒ္ဓမြတ်စွာက မထုရာမြို့ကိုရောက်ခိုက် နောင်နှစ်တစ်ရာ အကြာမှာ ဒီမြို့မှာ ဥပဂုတ္တဘွဲ့အမည်နဲ့ ရဟန္တာတစ်ပါးပွင့်ထွန်းပြီး ဗုဒ္ဓကိုယ်စား ဗုဒ္ဓသာသနာတော်ကို စည်ပင် အောင် ဆောင်ရွက်မယ်လို့ ဗျာ ဒိတ်ပေးတော်မူကြောင်း ဖော်ပြ တယ်။
(စကားမစပ် မထုရာမြို့ ကို ဗုဒ္ဓရှင်တော်မြတ် ရောက်ရှိ တော်မူကြောင်း ထေရဝါဒပါဠိ တော် အံ ၂၊ ၂၂၄မှာလည်း ဖော် ပြတယ်။)
ဘီစီသုံးရာစု အသော ကခေတ်က မထုရာမြို့မှာ သဗ္ဗတ္ထိ ဝါဒဂိုဏ်း ထွန်းကားပါတယ်။
အရှင်ဥပဂုတ္တမထေရ်အကြောင်းကို သဗ္ဗတ္ထိဝါဒီဂိုဏ်းသားတွေဆီက ရရှိတာလို့ဆိုတယ်။ ဒါကြောင့် အရှင်ဥပဂုတ္တဟာ အိန္ဒိယအနောက်မြောက်ပိုင်း မထုရာမြို့သား သဗ္ဗတ္ထိ ဝါဒဂိုဏ်းဝင်ဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းရတယ်။
သက္ကတအစဉ်အလာနဲ့ ရှေးကျတဲ့ တရုတ်၊ တိဗက်မှတ်တမ်းတွေအရ အရှင်ဥပဂုတ္တဟာ မထေရ်စဉ်အရ လေးပါးမြောက် သံဃာ့ခေါင်းဆောင် မထေရ်အသောကမင်းရဲ့ ထင်ရှားတဲ့ဆရာအရှင် ဖြစ်ရုံမက အသောကမင်းကို လုမ္ဗိနီစတဲ့ ဗုဒ္ဓဝင်နေရာတွေကို သွားရောက်ဖူးမြော်ဖို့ တိုက်တွန်းတဲ့သူ လည်း ဖြစ်တယ်။ မဟာယာနအစဉ်အလာအရ အရှင်မြတ်ကို သဗ္ဗတ္ထိဝါဒဝိနည်းကို စုစည်းသူ၊ နေတ္တိပဒ ကျမ်းကိုရေးသားသူအဖြစ်လည်း လေးစားကြတယ်။
(John H.Strong. The Legand and Cult of Upagupta,Intro.p.6)
ထေရဝါဒကျမ်းနဲ့ အရှင်ဥပဂုတ်
အရှင်ဥပဂုတ္တနဲ့ အသောကမင်းတို့ ပတ်သက်ပုံအစအနကို ထေရဝါဒပါဠိတော် အဋ္ဌကထာ တွေမှာ မတွေ့ရတာကတော့ အင်မတန်ထူးခြားတာပဲ။ ဒါပေမဲ့ အေဒီ ၁၂ ရာစုမတိုင်ခင်ကရေးခဲ့တဲ့ ရှေးအကျဆုံး ဝိနည်းဋီကာဖြစ်တဲ့ ဝဇိရဗုဒ္ဓိဋီကာမှာ ယခုဖော်ပြနေတဲ့ အရှင်ဥပဂုတ္တအကြောင်းကို ရှား ရှားပါးပါးရည်ညွှန်းထားတာ (စာ၊ ၆၃)ကလည်း စဉ်းစားစရာပါပဲ။ John H. Strong ရဲ့အလိုအရ အေဒီတစ်ရာစုအချိန်ကစပြီး အိန္ဒိယ အနောက်မြောက်ပိုင်းမှာ အရှင်ဥပဂုတ္တကို ကိုးကွယ်မှုစတင်ခဲ့ပြီး မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေမှာတော့ အေဒီ ၁၂ရာစုလောက်မှာ စတင် ကိုးကွယ်ခဲ့ဖွယ်ရှိတယ်။ သီရိလင်္ကာမှာတော့ အရှင်ဥပဂုတ္တအကြောင်းကို လုံးဝမသိကြဘူးလို့ဆိုတယ် (ibid.p.5)။
ကစ္စည်းသဒ္ဒါကျမ်း(အေဒီ ၅သို့မဟုတ် ၆ ရာစုခန့်)မှာ 'ဥပဂုတ္တေနမာရောဗန္ဓော'လို့ ရည်ညွှန်း ထားတာကို တွေ့ရတယ်။
အဲဒီဝါကျကိုပဲ ပုဂံခေတ် မြန်မာနိုင်ငံသား အရှင်အဂ္ဂဝံသရေးတဲ့ သဒ္ဒနီတိပါဠိ သဒ္ဒါကျမ်း(အေဒီ ၁၂ရာစုအစပိုင်းမှာလည်း အဲဒီစာကြောင်းကို ထပ်ဆင့်ဖော်ပြတယ်။ ဒီပါဠိသဒ္ဒါ ကျမ်းတွေကို မြန်မာတို့ ပုဂံခေတ်ကပင် သင်ယူကြတာဖြစ်လို့ မထုရာမြို့သား အရှင်ဥပဂုတ္တအကြောင်း ကို အနည်းဆုံး အေဒီ ၁၂ရာစုအချိန်က မြန်မာနိုင်ငံသားတို့ ကြားဖူးနေပြီလို့ ဆိုနိုင်တယ်။
ယိုးဒယား၊ ဇင်းမယ်အရင်က အမည်မသိပုဂ္ဂိုလ် ပါဠိဘာသာနဲ့ရေးတဲ့ ပဋ္ဌမသမ္ဗောဓိကျမ်း (PTS version) နိဒါန်းဖော်ပြချက် အရ အေဒီ ၁၂ရာစု နောက်ဆုံးခန်း(မာရဗန္ဓနအခန်း၊ အေဒီ ၁၈ရာစု ထပ်ဖြည့်တဲ့အခန်း)မှာလည်း ဥပဂုတ္တနဲ့ အသောကမင်းအကြောင်းကို ဖော်ပြတယ်။ နှောင်းခေတ် မြန်မာ ဘာသာကျမ်းတွေဖြစ်တဲ့ ဦးကုလားမဟာရာဇဝင်၊ မှန်နန်းရာဇဝင်၊ မဟာဝင်ဝတ္ထုနဲ့ ကျီးသဲလေးထပ် ဆရာတော်ရဲ့ ဇိနတ္ထပကာသနီ ကျမ်းတွေမှာလည်း အရှင်ဥပဂုတ္တမထေရ် မာရ်နတ်ကို တန်ခိုးနဲ့ဆုံးမပုံ အကြောင်းကို တခမ်းတနားဖော်ပြတယ်။
မှန်နန်းရာဇဝင် ပြုစုရေးအဖွဲ့က အရှင်ဥပဂုတ္တအကြောင်းဟာ ပါဠိတော်အဋ္ဌကထာကျမ်း တွေမှာမပါဘဲ သင်္ဂါယနာတင်ကျမ်းဂန်မဟုတ်တဲ့ လောကပညတ္တိကျမ်းကယူတာဖြစ်လို့ ဒီအကြောင်း ကို အလေးဂရုမပြုထိုက်ဘူးလို့ မှတ်ချက်ပြုထားခဲ့ပါတယ်။
လောကပညတ္တိကျမ်း
*********************
အေဒီ ၁၁ သို့မဟုတ် ၁၂ရာစုလောက်မှာ မြန်မာနိုင်ငံ သထုံမြို့နေ အရှင်သဒ္ဓမ္မဃောသမထေရ် ပါဠိဘာသာနဲ့ ရေးစီရင်ခဲ့တဲ့ကျမ်းလို့ ဆိုတယ်။ ပါဠိ - ပြင်သစ်နှစ်ဘာသာနဲ့ ၁၉၇၇ခုနှစ်က ပဲရစ်မြို့ မှာ ထုတ်ဝေတယ်။ မူရင်းဖြစ်တဲ့ သက္ကတကျမ်းကတော့ ယခုအခါ တရုတ်ဘာသာနဲ့ပဲရှိတော့ကြောင်း လည်း သိရတယ်။ ဒီကျမ်းမှာ အရှင်ဥပဂုတ္တမထေရ်က အသောကမင်းကို ကူညီပြီး သာသနာပြုပုံကို ဒီလိုဖော်ပြတယ် - အသောကမင်းဟာ စေတီပေါင်း ရှစ်သောင်းလေးထောင်ကို တည်ပြီးနောက် စေတီပူဇော်ပွဲ ကျင်းပဖို့ ပြင်ဆင်ရာမှာ ပွဲကိုမနှောင့်ယှက်နိုင်အောင် ထိန်းစောင့်ဖို့ တန်ခိုးနဲ့ပြည့်စုံတဲ့
ရဟန္တာတစ်ပါးခန့်အပ်ပါရန် သံဃာကို လျှောက်ထားတယ်။ သံဃာက သမုဒ္ဒရာထဲမှာ ရတနာ ပြာသာဒ်ဖန်ဆင်းပြီး တစ်ပါးတည်း သီတင်းသုံးနေထိုင်တဲ့ အရှင်ဥပဂုတ္တမထေရ်
ကို ခန့်အပ်လိုက်တယ်။ ဥပုသ်ပြုခြင်းစတဲ့သံဃာ့ကိစ္စကို လာရောက်
မဆောင်ရွက်လို့ အပြစ်ပေးတဲ့သဘောနဲ့ပါ။
ပါဋလိပုတ်မြို့နားက အသောကမင်းတည်ဆောက်တဲ့ မဟာ စေတီ မီးထွန်းပွဲတော်ပျက်အောင် မာရ်နတ်က မိုးရွာ၊ လေတိုက်လုပ်ပြီး နှောင့်ယှက်တာကို အရှင်ဥပဂုတ္တက တားဆီးတယ်။ မာရ်နတ်က ဧရာမ နွားကြီးအသွင်၊ ကျားအသွင်၊ နဂါးအသွင်၊ ဂဠုန်အသွင်နဲ့ ဆီမီးတိုင်တွေ ကို ဖျက်ဆီးဖို့ ပြေးလာတာကို အရှင်ဥပဂုတ္တက နှစ်ဆကြီးတဲ့ကိုယ်ကို ဖန်ဆင်းပြီး မာရ်နတ်ကို မောင်းထုတ်တယ်။ နောက်ဆုံး အရှင်ဥပဂုတ္တ ဟာ လူအသွင်နဲ့ နှောင့်ယှက်ဖို့လာတဲ့မာရ်နတ်ရဲ့လည်ပင်းမှာ လောက် တွေပြည့်နေတဲ့ ခွေးကောင်ပုပ် တစ်ခုဖန်ဆင်းပြီး ဆွဲပေးလိုက်တယ်။
အဲဒီခွေးပုပ်ကို အရှင်ဥပဂုတ္တမှတစ်ပါး မည်သူမျှမဖြုတ်နိုင်တဲ့အတွက် (Journey to the West ထဲက မျောက်မင်းဝူခုန်းရဲ့ခေါင်းမှာ ဘုရား လောင်းရဟန်းမှ တစ်ပါး မည်သူမျှ ဖြုတ်မရတဲ့ ခေါင်းပေါင်းစွပ်ပေး လိုက်သလိုပါပဲ။) နောက်ဆုံးမာရ်နတ်က အရှင်ဥပဂုတ္တကို ရှိခိုးတောင်း ပန်ရတယ်။ မာရ်နတ်က ဗုဒ္ဓဝါဒီဖြစ်သွားပြီး ဘုရားဆုပန်တယ်(လောက ပညတ္တိ၊ စာ ၂၄၁-၂၆၄)ဒီကျမ်းအလို မာရ်နတ်ဟာ ဘုရားလောင်းပါ။
မှန်နန်းအဆို သင့်မြတ်ပုံ
**************************
လူ့အသွင်ကိုဖျောက်ပြီး နဂါး၊ ဂဠုန်စတဲ့ အသွင်မျိုးဖန်ဆင်း တာကို ဝိကုဗ္ဗနိဒ္ဓိလို့ခေါ်တယ်။ ရဟန်းဟာ အဓိဋ္ဌာနိဒ္ဓိ(အဓိဋ္ဌာန်တန်ခိုး) ကို ပြကောင်းပေမယ့် ဝိကုဗ္ဗနိဒ္ဓိတန်ခိုးကိုတော့ မပြကောင်းဘူး (အဓိ ဋ္ဌာနိဒ္ဓိ- ယာအနာပတ္တိ၊ ဝိကုဗ္ဗနိဒ္ဓိ ပန နဝဋတိ၊ ဝိ-ဋ္ဌ ၁၊ ၃၄၄)။
ရဟန္တာအရှင်ဥပဂုတ္တဟာ အာပတ်သင့်ခံပြီး ဝိကုဗ္ဗနိဒ္ဓိတန်ခိုး ကို ပြမှာမဟုတ်လို့ လောကပညတ္တိကျမ်းအဆိုဟာ ရဟန်းဝိနည်းနဲ့မညီ ဘူး။ ထေရဝါဒကျမ်းတွေမှာ အသောကမင်း အသောကရာမကျောင်း
တိုက်ကို ဆောက်လုပ်စဉ်က သာမန်နဲ့ မပြီးပြတ်နိုင်တာကို
တန်ခိုးနဲ့ပြီးပြတ်အောင် ဆောင်ရွက်ဖို့ အရှင်ဣန္ဒဂုတ္တ
မထေရ်ကို သံဃာက တာဝန်ပေး တယ်(ဝိ-ဋ္ဌ ၁၊ ၃၇)လို့သာဆိုပြီး အရှင် ဥပဂုတ္တနဲ့ မာရ်နတ်အကြောင်းကိုမပြ ဆိုဘူး။ ဒါကြောင့် မှန်နန်းရာဇဝင် အဖွဲ့ရဲ့ 'အလေးဂရုမပြုထိုက်ဘူး'ဆို တဲ့မှတ်ချက်ဟာ သင့်မြတ်ပါတယ်။
အဝိရောဓိအမြင်
*****************
အယောနိသော မနသိကာရ (မသင့်မတင့် နှလုံးသွင်းမှု)ဖြစ်ရင် ကုသိုလ်မဖြစ်ဘူး။ ခပ်ငယ်ငယ်က စာပေအဖတ်အရှုများတဲ့ အသက် ၆ဝလောက် ဒကာကြီးတစ်ယောက်နဲ့ဆုံဖူးတယ်။ သူက ဘုန်း ကြီးနေတဲ့ ကျောင်းဝင်းထဲက အရှင်ဥပဂုတ္တကျောင်းဆောင်ကို ဖျက်ပစ် ဖို့ ကျောင်းထိုင်ဆရာတော်ကို အကြံပေးတယ်။ ဆရာတော်က လက် မခံဘူး။ ဘုန်းကြီးရဲ့အမြင်အရ တစ်ချိန်က အနည်းဆုံး အရှင်ဥပဂုတ္တ ဘွဲ့တော်နဲ့ တန်ခိုးဣဒ္ဓိပါဒ်ရှိတဲ့ အများအကျိုးဆောင် ရဟန္တာကြီးတစ်ပါး ဧကန်ရှိခဲ့ဖူးတယ်။ အဲဒီရဟန္တာကြီးကိုရည်ညွှန်းပြီး ကိုးကွယ်တဲ့ မြန်မာ တို့ရဲ့ အစဉ်အလာဟာ နွားလည်ပင်းကိုလှီးပြီး အလှူပေးတာ ယစ်ပူ ဇော်တာမျိုးလို ဆိုးသွမ်းတာမှ မဟုတ်ဘဲ။ တည်ရှိပြီးအစဉ်အလာ ကောင်းကို ဘာလို့ဖျက်ပစ်မလဲ။ ကိုးကွယ်ကောင်းပါတယ်။ အရှင်သာရိ ပုတ္တာကို ကြည်ညိုရင် အရှင်သာရိပုတ္တာ အထိမ်းအမှတ်ပြုဆင်းတုကို လည်း ထုလုပ်ကိုးကွယ်ကောင်းတာပဲ။
အရှင်သီဝလိကို ကြည်ညိုရင် အရှင်သီဝလိဆင်းတုပေါ့။
တချို့ အရှင်ဥပဂုတ္တဆင်းတုတော်တွေဆိုရင် သက်တမ်းအရ နှစ်ပေါင်းရာချီရှိနိုင်တယ်။ ဒီသမိုင်းဝင်အမွေအနှစ်ကို ကျမ်းဂန်နဲ့မညီ လို့ သို့မဟုတ် ထေရဝါဒမဟုတ်လို့ 'ပျက်ရင်မပြင်နဲ့၊ ရှိနေတာကို ဖျက် ပစ်ဆိုရင် အာဖဂန်နစ္စတန်က သမိုင်းဝင်ဗုဒ္ဓဆင်းတုကြီးကို ဖျက်ဆီး သူတွေနဲ့ ဘာထူးဦးမှာလဲ။ အနည်းဆုံးတော့ အဲဒီလို (သမိုင်းဝင်) ဆင်းတုတွေဟာ နိုင်ငံရပ်ခြားကလူတွေကို ဆွဲဆောင်နိုင်လို့ မိမိတို့မှာ နေရင်းထိုင်ရင်း ဂုဏ်လဲတက် အမြတ် လည်းထွက်နိုင်တာပဲ။ ဗုဒ္ဓဝါဒလိုက် နာကျင့်သုံးမှု အပိုင်းနဲ့တော့ နှလုံး သားထဲမှာ တစ်ကန့်စီခွဲခြားထားလိုက် ပေါ့။ ဒါမျိုးဆိုရင် မဇ္ဈိမပဋိပဒါနဲ့ လည်း မဆန့်ကျင်နိုင်ရာပါဘူး။
နေကိုကြည့်နေပုံ
.******************
အစဉ်အလာ ပြောဆိုချက် အရ အရှင်ဥပဂုတ် နေကိုကြည့်ပြီး ဆွမ်းဘုဉ်းပေးရာမှာ အဓိပ္ပာယ်နှစ်မျိုးရှိတယ်။ အရှင်မြတ်ဟာ ဝိနည်း အင်မတန်လေးစားလို့ မွန်းမတိမ်းမီ ဆွမ်းစားပြီးအောင် နေကိုကြည့်နေ တာ။ နောက်တစ်မျိုးက ဆွမ်းဘုဉ်းပေးနေတုန်း နေမွန်းတည့်နေလို့ မွန်းမတိမ်းအောင် တန်ခိုးနဲ့နေကို ဖမ်းကိုင်ပြီး ဆွမ်းဆက်ဘုဉ်းပေးတာ ဖြစ်ပါတယ်။
ဒီလိုနားလည်ထားရင် ခိုင်မာတဲ့ ကျမ်းဂန်အဆိုမရှိ၊ ယုတ္တိ အရလည်း စဉ်းစားစရာဖြစ်နေပေမယ့် အဓိပ္ပာယ်အနေနဲ့ နှစ်သက်စရာ ပဲဖြစ်လို့ လည်ပင်စောင်းကြီးနဲ့ဆင်းတုဆိုပြီး ဘာမှကဲ့ရဲ့စရာမရှိပါဘူး။
သဒ္ဓါပညာတူမျှရင် ဆိုင်ကလုန်းမုန်တိုင်းကို တားမပေးလို့ ဆိုပြီး အရှင်ဥပဂုတ္တဆင်းတုတော်ကို အပြစ်မတင်သင့်ပါဘူး။ မိဘ၊ ဘိုးဘွားတွေ တည်ဆောက်ခဲ့တဲ့ ဆင်းတုတော်ဆောင် ပျက်စီးသွား တာကို မွေခံထိုက်တဲ့ သားသမီးတွေအနေနဲ့ ပါဝင်လှူဒါန်းပြီး ပြုပြင် သင့်ပါတယ်။
ကွမ်းစားဖင်ဆိတ်
*****************
ဘယ်လောက်ပဲ သူများရေးတဲ့စာအုပ်တွေထဲက စာတို စာစကလေးတွေကို ထုတ်ပြရေးပြနိုင်စေကာမူ ကိုယ်ပိုင်ယုံကြည်မှုနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် အပေါ်မှာ မရပ်တည်နိုင်ရင် ပညာရှိတို့အလယ် မှာတော့ 'ကွမ်းစားဖင်ဆိတ် ဓားမနောက်ပိတ်ခွေး'ပဲ ဖြစ်နေဦးမှာပါ။
(ငယ်ဆရာရဲ့သြဝါဒ)
- အရှင်ကေလာသ ဆရာတော်၏ ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်။
#TheFlowerNews
No comments:
Post a Comment