Monday, March 23, 2015

Editorial Letter - အယ်ဒီတာ့အာဘော်အချို့




ဟိုကရိုက်၍ ဒီကပြန်ရိုက်ခြင်းကိစ္စနှင့် ပတ်သက်၍
လက်ပံတန်း ကျောင်းသားသပိတ်အကြမ်းဖက်ဖြိုခွဲမှုတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ခြင်းမရှိသည့်အပြင် “ဟိုကရိုက်လို့ ဒီကပြန်ပြီး ရိုက်ရတဲ့သဘော” ဟု မတ် ၂ဝ ရက်က ထုတ်လွှင့်ခဲ့သော BBC နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သမ္မတဦးသိန်းစိန်က ဖြေကြားခဲ့သည်။ လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွဲမှုဖြစ်စဉ်အတွင်း အကြမ်းဖက်မှုများ ရှိခဲ့ခြင်းနှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန်က “ရဲလုပ်ငန်းမှာ အဆင့်ဆင့်ရှိပါတယ်။ အဲဒီတော့ ဒီဟာကို အကြမ်းဖက်ဖြိုခွဲတယ် ဆိုပေမယ့်လည်း ကျွန်တော်တို့မှာ ဟိုကရိုက်လို့ ဒီကပြန်ပြီးရိုက်ရတဲ့သဘောပဲ ရှိတယ်။ ဟိုက ခဲနဲ့ပေါက်လို့ ဒီက ကာကွယ်ရတဲ့သဘောပဲ ရှိတယ်။ တစ်ချက်မှ မျက်ရည်ယိုဗုံးတို့ ဘာတို့နဲ့ ပစ်ပြီးဖြိုခွဲရတာတွေ၊ Water Canon နဲ့ ပစ်ပြီးတော့ ဖြိုခွဲရတာတွေ၊ နောက်တစ်ခါ Rubber Bullet နဲ့ ပစ်ပြီးတော့ ဖြိုခွဲရတာတွေ ဒါတွေတစ်ခါမှ ကျွန်တော်တို့ မရှိခဲ့ပါဘူး။ ဒါတွေဟာ ရဲလုပ်ငန်းမှာ အဆင့်ဆင့်ရှိပါတယ်။ ခင်ဗျားတို့ EU ကလည်း ရဲလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ လာပြီး စနစ်တကျသင်ကြားပေးနေတာတွေ ရှိပါတယ်။ အဲဒီတော့ ရဲဟာ နိုင်ငံတော်ကာကွယ်ရေးအတွက် တည်ငြိမ်အေးချမ်းရေးအတွက် သူ့ရဲ့လုပ်ငန်းကို သူအဆင့်ဆင့် လုပ်တာပဲဖြစ်ပါတယ်။ ဒါဟာ International Practice ထက် ဘယ်ဟာတစ်ခုမှ ကျော်လွန်ခြင်း မရှိပါဘူး” ဟု ပြောကြားခဲ့သည်။ ထို့အပြင် အကြမ်းဖက်သည်ဟု စွပ်စွဲမှုများသည် တစ်ဖက်တည်းက ကြည့်၍ပြောဆိုခြင်းများဖြစ်ကြောင်းနှင့် ဆန္ဒပြကျောင်းသားများဘက်မှ ခဲဖြင့်ပေါက်သောကြောင့် ရဲမေအချို့ခေါင်းကွဲခြင်း၊ ရဲကား မှန်ကွဲခြင်းများလည်း ရှိခဲ့ကြောင်း သမ္မတဦးသိန်းစိန်က ဆက်လက်ပြောကြားခဲ့သည်။


ဤနေရာ၌ ဦးစွာပြောလိုသည်မှာ “ဟိုကရိုက်လို့ ဒီကပြန်ပြီးရိုက်ရတဲ့ သဘောပဲရှိတယ်” ဟူသည့် စကားဖြစ်သည်။ ဖြစ်ရပ်မှန်ကို ခေတ္တဘေးဖယ်ထားလိုက်လျှင်ပင် “ဟိုကရိုက်၍” “ဒီက ပြန်ရိုက်ခြင်း” သည် ဥပဒေပြင်ပမှ စကားဖြစ်သည်ကို သတိပြုမိကြမည် ဖြစ်ပါသည်။
ဟိုကရိုက်၍ ဒီကပြန်ရိုက်လျှင် အပြစ်မရှိဘူးဟူသည့် အတွေးမျိုးက ကလေးကလားနိုင်လွန်းလှသည်။ ဘောလုံးပွဲ၌ပင်လျှင် ဟိုကချ၍ ဒီကပြန်ချလျှင် နှစ်ဦးစလုံး အနီကတ် ပြခံရမည်ဖြစ်သည်။


လက်ပံတန်းသပိတ်အား ဖြိုခွဲခဲ့မှုနှင့် ပတ်သက်၍ ဓာတ်ပုံမှတ်တမ်း၊ ဗီဒီယိုမှတ်တမ်းများစွာရှိပြီး အွန်လိုင်း၌ မည်သူမဆို အလွယ်တကူ ကြည့်ရှုနိုင်သည်။ ယင်း၌ မည်သို့မျှ မခုခံနိုင်သည့် လူတစ်ဦးကို ရဲအယောက် ၂ဝ ခန့်က အငြိုးတကြီး ဝိုင်းရိုက်ကြခြင်း၊ ရဲများက ကားကို အငြိုးတကြီးဝိုင်း၍ ဖျက်ဆီးကြခြင်းနှင့် ကျောင်းသားတို့၏ အလံများကို ရဲများက ဒေါသတကြီး ဖနောင့်ဖြင့် ဝိုင်းပေါက်ကြခြင်းတို့သည် International Practice လားဟု မေးခွန်းထုတ်ရမည် ဖြစ်သည်။ လုပ်ပိုင်ခွင့်အာဏာထက် များစွာကျော်လွန်လျက် အငြိုးတကြီး လုပ်ဆောင်ခဲ့သည်ကို သက်သေအထင်အရှား ရှိနေသည့်တိုင် နိုင်ငံတော်သမ္မတက တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးပါမည်ဟု မပြောဘဲ ကာကွယ်ပြောကြားနေခြင်းမှာ မည်သို့မျှ မသင့်လျော်သည့်ကိစ္စ ဖြစ်သည်။


တရားဥပဒေ၏ သဘောသဘာဝအရ အတိုင်းအတာတစ်ခုကို ကျော်လွန်၍ ခုခံကာကွယ်၍ မရသည်ကို နိုင်ငံတော်၌ တာဝန်အရှိဆုံးသူက မသိခြင်းမှာ လွန်စွာဆိုးရွားလှသော ကိစ္စဖြစ်သည်။ နိုင်ငံတော်၌ တာဝန်အရှိဆုံးသူသည် ဖြစ်စဉ်အပြည့်အစုံကို အသေအချာ သုံးသပ်လေ့လာရမည်ဖြစ်ပြီး လက်လွတ်စပယ်ပြောကြားခြင်း မပြုအပ်ပါ။ အကယ်၍သာ လွတ်လပ်၍ တရားမျှတသော တရားစီရင်ရေး ဖြစ်ခဲ့မည်ဆိုပါက ရဲတပ်ဖွဲ့၏ ဥပဒေဘောင်ကို ကျော်လွန်လျက် အင်အားအလွန်အကျွံ သုံးစွဲခဲ့မှုကို တရားစွဲဆိုခွင့် ရှိရမည်ဖြစ်ကြောင်းနှင့် တရားစီရင်ရာ၌လည်း တရားသူကြီးအဖွဲ့က လွတ်လွတ်လပ်လပ် ဆုံးဖြတ်ကာ ဥပဒေအရအပြစ်ရှိကြောင်း တွေ့ရှိရပါက တာဝန်ရှိသူများကို လိုအပ်သလို အပြစ်ပေးအရေးယူရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
မတ်လ ၂၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်


အာဏာခွဲဝေခြင်း၊ သယံဇာတခွဲဝေခြင်း၊ အခွန်အခခွဲဝေခြင်းနှင့် ပြင်သင့်သည်များ ပြင်ရဦးမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ

မတ် ၂ဝ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက အရေးကြီးအဆို တင်သွင်းခဲ့သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် အာဏာခွဲဝေခြင်း၊ သယံဇာတခွဲဝေခြင်းနှင့် အခွန်အခခွဲဝေခြင်းများ ပီပီပြင်ပြင် ပေါ်ပေါက်လာစေရေး ဥပဒေများပြဋ္ဌာန်းပေးရန် အရေးကြီးအဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်ဆန်းက တင်သွင်းခဲ့ခြင်း ဖြစ်သည်။

“၂ဝဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ပြဋ္ဌာန်းထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်၏ ဥပဒေပြုရေးနှင့် အခွန်အခများ ကောက်ခံရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ စီမံခန့်ခွဲ ဆောင်ရွက်စေခြင်းဖြင့် အာဏာခွဲဝေခြင်း (Power Sharing) သယံဇာတခွဲဝေခြင်း (Resource Sharing) အခွန်အခခွဲဝေခြင်း (Tax Sharing) တို့ ပီပီပြင်ပြင် ပေါ်ပေါက်လာစေရေးအတွက်
သက်ဆိုင်ရာ ကဏ္ဍအသီးသီးရှိ ဥပဒေ၊ နည်းဥပဒေများအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေတို့မှ လက်တွေ့အသုံးချ ဆောင်ရွက်နိုင်ရေး လိုအပ်သည့် ဥပဒေနှင့် နည်းဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း” ဟူ၍ အရေးကြီးအဆို တင်သွင်းခဲ့ခြင်းဖြစ်သည်။

အရေးကြီးအဆိုနှင့် ပတ်သက်၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်နှင့် ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်၏ အတည်ပြုချက် ရယူရာတွင် ကန့်ကွက်သူမရှိသည့်အတွက် အဆိုကို လွှတ်တော်မှ အတည်ပြုခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၆ တွင် “ပြည်ထောင်စုလွှတ်တော်သည် ဇယား(၁) တွင် ဖော်ပြထားသော ပြည်ထောင်စုဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍
ပြည်ထာင်စုတစ်ဝန်းလုံးအတွက်သော် လည်းကောင်း၊ ပြည်ထောင်စု၏ တစ်စိတ်တစ်ဒေသအတွက်သော် လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်” ဟူ၍ ဖော်ပြထားသည်။ ယင်းဖော်ပြချက်အရ ဇယား (၁) ပါ ပြည်ထောင်စုဥပဒေပြုစာရင်းတွင် (၁) နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ (၂) နိုင်ငံခြားရေးကဏ္ဍ (၃) ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍ (၄) စီးပွားရေးကဏ္ဍ (၅) စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ (၆) စွမ်းအင်လျှပ်စစ်သတ္တုနှင့် သစ်တောကဏ္ဍ (၇) စက်မှုလက်မှုကဏ္ဍ (၈) ပို့ဆောင်ရေးဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကဏ္ဍ (၉) လူမှုရေးကဏ္ဍ (၁ဝ) စီမံခန့်ခွဲရေးကဏ္ဍ (၁၁) တရားစီရင်ရေးကဏ္ဍဟူ၍ သီးခြားသတ်မှတ်ချက်များ ဖော်ပြထားပါသည်။

အရေးကြီးအဆို တင်သွင်းခဲ့သူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က “... ယခုကာလဟာ ၂ဝဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် အချိန်ကာလ ဖြစ်ပါတယ်။ ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး ကြိုးပမ်းနေစဉ်ကာလအတွင်းမှာပင် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်များဟာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့ရဲ့ အကျိုးစီးပွားတွေကို ဖော်ဆောင်ပေးနိုင်တဲ့ အချက်အလက်များစွာ ပါဝင်ကြောင်းတွေ့ရမှာ ဖြစ်ပါတယ် ...” ဟုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။

ယခုအဆိုသည် တိုင်းဒေသကြီး/ပြည်နယ်စသည့် တိုင်းရင်းသားဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ အကန့်အသတ်များ ရှိနေမှုအပေါ် ဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်နိုင်ရန် အခွင့်အလမ်းတစ်ခုပင် ဖြစ်သည်။ ထို့ပြင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအား လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်သင့်ပြင်ထိုက်သည်များ အချိန်မီပြင်ဆင်နိုင်ရန်မှာ အရေးကြီးကိစ္စဖြစ်သည်။ ယင်းကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ အမြင်အမျိုးမျိုးရှိနေရာ ပြင်ဆင်လိုသည့်အပိုင်းကိုသာ ပြင်ဆင်ပြီး မပြင်ဆင်လိုသည့်အပိုင်းကို မပြင်ဆင်ခြင်းမဖြစ်ရန် လိုအပ်ကြောင်း NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က တင်ပြဆွေးနွေးခဲ့သည်။
အလားတူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကလည်း “... လာမယ့် မေလလောက်မှာ ကျွန်တော်တို့ ပြည်ထောင်စုတစ်ဝန်းလုံးမှာရှိတဲ့ ပုဂ္ဂိုလ်များ ၄၃၆(က)ပါ ပုဒ်မများကို ပြင်ခဲ့လို့ရှိရင် လူထုဆန္ဒခံယူပွဲ လုပ်နိုင်အောင်လည်း ဥပဒေကို သေသေချာချာ ရေးဆွဲထားတဲ့ကာလ ဖြစ်တာမို့လို့ ဒီကာလမှာ ဒီအရေးကြီး အဆိုလောက်နဲ့ ဇယား (၁)ကနေ ဇယား(၅)အကြားမှာ ရှိတဲ့ဟာလေးတွေကို ပြင်ရုံလောက်နဲ့ ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ ပြည်ထောင်စုရဲ့ အကျဉ်းအကျပ်ကို ကယ်မနိုင်မယ့်ကာလ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။ အဲဒါကြောင့် ပြည်ထောင်စုလွှတ်တော်အနေနဲ့ ပြန်လှန်သုံးသပ်ပြီးမှ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာကို ရဲရဲရင့်ရင့် လုပ်ကြရအောင်လို့ တင်ပြအပ်ပါတယ်” ဟု ဆွေးနွေးထားသည်။

သို့ပါ၍ ၂ဝ၁၅ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးရှေ့ခရီးအတွက် အရေးပါသလို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်သင့်ပြင်ဆင်ထိုက်သည်များ အချိန်မီပြင်ဆင်နိုင်ရေးသည်လည်း အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
မတ်လ ၂၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

နိုင်ငံသားတိုင်း စစ်မှုထမ်းဖို့ အသင့်ဖြစ်ပြီလား

လောက်ကိုင်ဒေသတွင် ဖြစ်ပေါ်နေသော တိုက်ပွဲများနှင့် ဆက်စပ်၍ မြန်မာ့တပ်မတော်၏ လက်ရှိ တိုက်ရည်ခိုက်ရည်၊ စစ်ပညာ၊ စစ်ဗျူဟာများနှင့် စစ်လက်နက်ပစ္စည်းများ၏ အဆင့်အတန်းနှင့် ထိရောက်မှုတို့အပေါ် မေးခွန်းထုတ်မှုများ ရှိလာသည့်နည်းတူ လိုအပ်ပါက နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ဆောလျင်စွာ ရေးဆွဲပြဋ္ဌာန်းရန် သင့်မသင့် ဆိုခြင်းကိုပါ ထည့်သွင်းစဉ်းစားဖွယ် ဖြစ်လာသည်ကို တွေ့ရသည်။

လောက်ကိုင်ဒေသတွင် ကိုးကန့်လက်နက်ကိုင်များနှင့် ဖြစ်ပွားနေသော တိုက်ပွဲများသည် စင်စစ်အားဖြင့် ယင်းဒေသ၏ မြေမျက်နှာပြင် အနေအထားအရသော် လည်းကောင်း၊ တပ်မတော် အရာရှိစစ်သည်များကို ပစ်မှတ်ထားကာ ချောင်းမြောင်းလုပ်ကြံမှုများ ရှိနေသောကြောင့်သော် လည်းကောင်း ခက်ခဲပင်ပန်းစွာ ထိုးစစ်ဆင်နေရသည့်သဘော ရှိပေသည်။

သို့သော် မြန်မာ့တပ်မတော်သည် အစဉ်အလာအားဖြင့် တရုတ်ဖြူတိုက်ပွဲ အပါအဝင် ဗကပ ချေမှုန်းရေးတိုက်ပွဲများ၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း နာမည်ကျော် စခန်းသိမ်း တိုက်ပွဲကြီးများတွင် စစ်ရေးအတွေ့အကြုံ များစွာ ရင့်ကျက်နေသည့်ကြားက ယခု လောက်ကိုင်ဒေသ တိုက်ပွဲမှာ အထက်ဆိုခဲ့ပါ တိုက်ပွဲကြီးများထက် ကာလပိုကြာရှည်လာခြင်းနှင့် အရာရှိစစ်သည်များ အကျအဆုံး များလာခြင်းတို့အပေါ် ဝေဖန်စောကြောမှုများ ရှိလာခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း ကမ္ဘာပေါ်ရှိ ဒီမိုကရေစီနိုင်ငံ အားလုံးနီးပါးတွင် အမြဲတမ်း တပ်မတော် အင်အားကို အရည်အသွေးနှင့် အရည်အချင်း အထူးမြှင့်တင်ကာ အကန့်အသတ်နှင့် ထားရှိပြီး နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေအရ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း စစ်မှုထမ်းတာဝန် ထမ်းဆောင်စေရန် စီစဉ်ထားသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့ ဆောင်ရွက်သင့်နေပြီလော ဟူသော မေးမြန်းဆွေးနွေးမှုများလည်း ရှိလာသည်။

မကြာသေးခင်ကပင် ပြည်ထောင်စုလွှတ်တော်တွင် အစိုးရအဖွဲ့ ဝန်ကြီးဌာနများအလိုက် ပြဋ္ဌာန်းသင့်သည့် ဥပဒေများ၊ ဆောင်ရွက်သင့်သည့် စီမံကိန်း၊ စီမံချက်များ ဆိုင်ရာများကို လွှတ်တော်က အကြံပြုလမ်းညွှန်ချက်များ ပေးရာ၌ အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို လာမည့်နှစ်များအတွင်း ပြဋ္ဌာန်းနိုင်ရေးလည်း ပါဝင်ခဲ့သည်။

စင်စစ်အားဖြင့် ယခင်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်ကပင် နိုင်ငံတော်တွင် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက နိုင်ငံသားများ စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ထားပြီး ဖြစ်ရာ ယင်းဥပဒေကိုပင် သက်ဆိုင်ရာ ကာကွယ်ရေး ဝန်ကြီးဌာနက တာဝန်ယူကာ ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ပြုပြင်ပြီး လွှတ်တော်၏ အတည်ပြုချက်ဖြင့် ပြဋ္ဌာန်းထုတ်ပြန်နိုင်ပေသည်။

သို့သော် လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေ၊ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး၊ တစ်မျိုးသားလုံး၏ ထွက်ကုန်နှင့် ဝန်ဆောင်မှုတန်ဖိုး၊ တစ်ဦးချင်းဝင်ငွေ အချိုးအဆတို့အပေါ် မူတည်ကာ နိုင်ငံတော် ကြီးပွားတိုးတက်ရေးအတွက် ကာယစွမ်းရည် အမြင့်မားဆုံးနှင့် ဉာဏစွမ်းရည် အဖွံ့ဖြိုးဆုံး အသက် ၁၈ နှစ်မှ ၄၀ နှစ်အတွင်း လူငယ်များကို ပြည်တွင်းရှိ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနယ်ပယ်တွင် ပြည့်ဝစွာအသုံးချရန် အထူးလိုအပ်နေရာ ထိုလူငယ်များ၏ စွမ်းရည်ကို စစ်မှုထမ်းစေခြင်းဖြင့် လောလောဆယ် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများတွင် အားနည်းမသွားစေလိုပေ။

ဆိုလိုသည်မှာ ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံများစာရင်းတွင် အောက်ဆုံးနားတွင် ရှိနေဆဲ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူ နိုင်ငံသားတိုင်း၏ ကာယ၊ ဉာဏစွမ်းရည်တို့ကို နိုင်ငံတော်ထူထောင်ရေး လုပ်ငန်းများတွင် အားပြည့်အင်ပြည့် အသုံးချနိုင်ရန် အထူးလိုအပ်သောကြောင့် အသက် ၁၈ နှစ် ပြည့်ပြီးသူ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို သက်ဆိုင်ရာ ဥပဒေပြုလွှတ်တော်နှင့် အဓိက တာဝန်ရှိသက်ဆိုင်သူ Stakeholder များ ချင့်ချိန်ဆုံးဖြတ်နိုင်ကြလိမ့်မည်ဟု ယုံကြည်အပ်ပေသည်။

အယ်ဒီတာ (၁၈-၃-၂၀၁၄)

----------------------------------
Editorial, The Voice Weekly Vol-11/No-10 (#voiceeditorial)
ကောင်းမွေပေးခဲ့ပါ

ကျွန်တော်တို့ငယ်ငယ်က ကျောင်းမှာ စာစီစာကုံး ရေးကြရတဲ့အခါ “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုတဲ့ စကားပုံနဲ့ စာစီစာကုံးကို ဒီကနေ့ လူကြီးဘဝ ရောက်နေကြသူ တော်တော်များများ ရေးခဲ့ကြဖူးမယ်လို့ ထင်တယ်။

အဲဒီစကားပုံရဲ့ ဆိုလိုရင်းကို အရင်ကတော့ လူငယ်ဘဝကနေ လူကြီးဘဝ ရောက်ပြီး တိုင်းပြည်တာဝန်တွေ ပုခုံးပြောင်းထမ်းဆောင်ကြဖို့ ဆိုတဲ့ ပုံစံမျိုး နားလည်ထားခဲ့တယ်။ အဲဒီလို နားလည်ထားတာ မမှားပေမယ့် မပြည့်စုံဘူးလို့ ဆိုရမယ်။

လူငယ်ဆိုတာ တဖြည်းဖြည်း အသက်အရွယ် ရလာတာနဲ့အမျှ လူကြီးအဖြစ်ကို ရောက်လာမှာပဲ။ ဒါပေမဲ့ လူကသာ ကြီးလာပြီး စိတ်က ကြီးမလာရင် လူကြီးဖြစ်ပေမယ့် နိုင်ငံအတွက် အသုံးတည့်တဲ့သူ ဖြစ်ဖို့ မလွယ်ဘူး။

လူကြီးဆိုတဲ့ နေရာမှာ အသက်ကြီးလာတဲ့သူတွေ အပြင် နိုင်ငံတော်ရဲ့ အရေးပါတဲ့ နေရာတွေမှာ အရေးကြီးတဲ့ တာဝန်တွေ ထမ်းဆောင်နေတဲ့သူတွေ အားလုံးကိုလည်း လူကြီးလို့ သတ်မှတ်ထားကြတယ်။

အဲဒီလို လူကြီးမျိုး ဖြစ်လာရင် သာမန်အသက်ကြီးလို့ လူကြီးဖြစ်လာတဲ့ သူတွေထက် တာဝန်ပိုကြီးတယ်။ တာဝန်လည်း ပိုသိရတယ်။ သူများထက်လည်း တာဝန်ယူစိတ် ပိုရှိရတယ်။ ကိုယ်တာဝန်ယူထားတဲ့ အရေးကိစ္စ အားလုံးရဲ့ နောက်ဆက်တွဲ ဖြစ်လာနိုင်သမျှကိုလည်း သူများထက် ပိုတာဝန်ခံရတယ်။ အဲဒါမျိုးမှ လူကြီးလို့ ခေါ်တယ်။

အဲလို လူကြီးတွေက ဒီကနေ့ လူလားမြောက်လာစ လူငယ်တွေရဲ့ စံနမူနာယူစရာ၊ အတုယူစရာ စံပြပုဂ္ဂိုလ်တွေ ဖြစ်ဖို့ အင်မတန် အရေးကြီးတယ်။ သူတို့ နေ့စဉ် ကြံစည်၊ ပြောဆို၊ လုပ်ကိုင်သမျှ လူငယ်တွေက တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်တစ်မျိုးနဲ့ သိစိတ်က ဖြစ်ဖြစ်၊ မသိစိတ်က ဖြစ်ဖြစ် အတုယူနေကြတယ် ဆိုတာ သိထားဖို့ လိုမယ်။

ဒီနေ့ အဲဒီလို လူကြီးနေရာမှာ ရှိနေတဲ့သူတွေရော အဲလို တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံစိတ် ရှိကြရဲ့လား၊ သူတို့ ဒီနေ့ ရင်ဆိုင်ကြုံတွေ့နေရသမျှ ကိစ္စအဝဝ၊ ပြဿနာအရပ်ရပ်ကို အဲဒီလိုစိတ်နဲ့ ချဉ်းကပ်ဖြေရှင်းနေကြသလား၊ ကိုယ်မှန်ကြောင်းပဲ အမြဲသက်သေပြဖို့ ကြိုးစားပြီး တခြားသူတွေ၊ ကိုယ်နဲ့ ဆန့်ကျင်ဘက်ရှိတဲ့ သူတွေပဲ အမြဲမှားကြောင်း အပြစ်ဖို့နေတတ်သူတွေလား မေးခွန်းထုတ်ကြည့်ဖို့လည်း လိုမယ်။

ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေက မျိုးဆက်ဟောင်းတွေရဲ့ အကောင်းအဆိုး၊ အမှားအမှန်တွေကို လက်ဆင့်ကမ်း အမွေဆက်ခံကြရမယ့်သူတွေ ဖြစ်တယ်။ ရှေ့ကလူတွေ ဖြောင့်ဖြောင့်သွားခဲ့ရင် နောက်ကလည်း ဖြောင့်ဖြောင့်လိုက်ပြီး ရှေ့ကလူတွေ ကောက်ကောက်သွားခဲ့ရင် နောက်ကလည်း ကောက်ကောက်လိုက်မှာပဲ။ ပြောရမယ်ဆိုရင် ရှေ့ကသွားတဲ့သူတွေမှာ သိပ်တာဝန်ကြီးတယ်။

လက်ရှိ လူကြီးနေရာမှာ ရှိနေတဲ့သူတွေက ကိုယ်ကျိုးစီးပွား၊ ကိုယ့်လုပ်ပိုင်ခွင့် အာဏာ တည်တံ့ခိုင်မြဲရေးနဲ့ ကိုယ့်ဆွေမျိုးသားချင်း ကောင်းစားရေးလောက်ပဲ ကွက်ကြည့်သွားရင်တော့ နောက်က လူငယ်တွေလည်း အဲဒီလိုဖြစ်ဖို့ လမ်းပိုများသွားမယ်။

မြန်မာပြည်သူတွေဆိုတာ အရင်က ဘယ်လောက်ဆိုးခဲ့၊ မှားခဲ့သည် ဖြစ်စေ နတ်လူသာဓုခေါ်စရာ ကောင်းကွက်တစ်ကွက်လောက်များ လုပ်ရင် ပြီးခဲ့တာတွေ မေ့ပစ်ပြီး အသိအမှတ်ပြု၊ ချီးကျူးထောပနာ ပေးတတ်ကြတယ်။ ဒီနေ့ လူကြီးတာဝန် ယူထားတဲ့ သူတွေလည်း ကုန်ခဲ့တဲ့ အမှားတွေကို မေ့ပစ်ပြီး လူငယ်မျိုးဆက်သစ်တွေအတွက် ကောင်းမွေပေးဖို့ ဒီနေ့ကစပြီး ကြိုးစားကြစေချင်တယ်။

အယ်ဒီတာ (၂၁-၃-၂၀၁၅)

---------------------------
Editor's Word, The Voice Daily Vol-2/No-293 (#voiceeditorial)

No comments: