Thursday, March 26, 2015

နေမင်းအောက်မှာ ဘာမဆိုဖြစ်နိုင်တယ်



 (၁)
နေ၏အကြောင်းကို မဟာအာဒိကပ္ပကျမ်း(ကမ္ဘာဦးကျမ်း)နှင့် မှန်နန်းမဟာ ရာဇဝင်တော်ကြီးတို့တွင် ကျွန်တော် စတင်ဖတ်ဖူးခဲ့သည်။ ထိုကျမ်းများအရ ''ကမ္ဘာဦးသူတို့၏ ဘုန်းကံဓမ္မတာကြောင့်လည်းကောင်း၊ ဖြစ်မြဲသောကြောင့်လည်းကောင်း၊ အတွင်းကား ရွှေ၊ အပကား ဖန်အတိပြီးသော အချင်းယူဇနာငါးဆယ်၊ အဝန်းယူဇနာတစ်ရာ့ငါးဆယ်ရှိသော ဘာဏုရာဇာမည်သော ရောင်ခြည် တစ်ထောင်ဆောင်သော နေမင်းသည် တပေါင်းလပြည့်နေ့ မိန်ရာသီ၌ နှစ်ဆယ့်ခြောက်လုံး ဥတ္တရာဘဒြ နက္ခတ်ကိုစီးလျက် ပြုဗ္ဗဝိဒေဟကျွန်း၏ အလယ်ဥဒည်းတောင် ထိပ်မှထွက်လာ၍ အလင်းကိုဖြစ်စေ၏'' ဟု သိရ၏။

မန္တလေးတက္ကသိုလ် ရူပဗေဒဆရာ ဦးတင်လှိုင်ကတော့ '' Sun is nothing, but a large ball of fire '' (နေဆိုတာ တခြားမဟုတ်၊ မီးလုံးကြီးတစ်လုံးသာ ဖြစ်တယ်)။

ထို့ပြင် နေနှင့်ကမ္ဘာအကြား အကွာအဝေးသည် မိုင်ပေါင်း ၁၄၉၅၉၇၈၇ဝ၇ဝဝ (မိုင်ပေါင်း ၉၂ ဒသမ ၉၅၆ သန်းနီးပါး)ကွာ ဝေးကြောင်း၊ ကမ္ဘာပေါ်ရှိလ၊ ကမ္ဘာ မြေကြီးအပါအဝင် နက္ခတ်တာရာများသည် နေ၏ဆွဲငင်အားကြောင့် နေကိုလှည့်ပတ်ဝန်းရံလျက် ရှိကြကြောင်း၊ နေ၏လမ်းကြောင်းသည် ကမ္ဘာ့မြေပုံပေါ်တွင် အီကွေတာ မျဉ်းပေါ် ကျရောက်ကြောင်း၊ နှစ် စဉ် ဒီဇင်ဘာ ၂၂ ရက်နေ့တိုင်း နေသည် ကမ္ဘာမြေကြီးနှင့် အဝေး ကွာဆုံးမှာ လှည့်ပတ်နေသောကြောင့် အအေးဆုံးဖြစ်ကြောင်း စသည် စသည်ဖြင့် စိတ်ရှည်စွာ အသေးစိတ်ရှင်းပြခဲ့သောကြောင့် ကျွန်တော်တို့ တပည့်များက ယနေ့တိုင် ဆရာကြီးအား ကျေးဇူးတင်နေကြရသည်။ မြန်မာအဘိဓာန်တွင်မူ ''အပူဓာတ်နှင့် အလင်းရောင်ပေးသော ကောင်းကင်ဗိမာန်၊ တနင်္ဂနွေဂြိုဟ်'' ဟု ဖော်ပြထား၏။

(၂)

ကျွန်တော်သည် ဧရာဝတီ မြစ်ကမ်းပေါ်ရှိ စစ်ကိုင်းမြို့တွင် မွေးဖွားခဲ့သည် ဖြစ်သောကြောင့် ငယ်စဉ်က နေထွက်နေဝင်သည်ကို ဧရာဝတီမြစ်ကမ်းမှာ ထိုင်၍ကြည့်ရင်း သဘာဝအလှကို ခံစားခဲ့ဖူးသည်။ ကြည့်စမ်း။ အရှေ့ ကောင်းကင်သည် ခဲ သားရောင်မှသည် မီးခိုး၊ အပြာနု၊ ကြည်ပြာရောင်လဲ့လဲ့၊ ထိုအရောင် များ တစ်စစ ပျောက်ကွယ်သွားပြီး ပုစွန်ဆီရောင်၊ နှင်းဆီအနီ၊ ပန်း ရောင်အရင့်မှ အနု၊ ထို့နောက် ရွှေ ဝါရောင်ဖျော့ဖျော့။ ဟောနေဝန်းနီကြီး ထွက်လာ ပြီ။

ထိုအခါ သစ်ကိုင်းများပေါ် မှာ အိပ်ပျော်နေကြသော ကျေးငှက်သာရကာများ တောင်ပံခတ်လျက် နိုးထလာပြီ။ နှုတ်မှလည်း ချစ်ဖွယ် အသံများပေးလျက်။
ဧရာဝတီမြစ်ပြင်ပေါ်မှာ ပိုက် တန်းချနေသည့် တံငါလှေကလေး များကို နှင်းမြူတွေအကြား မှာ ဝိုး တစ်ဝါး မြင်ရသည်။ ထို့အတူ ငါးများကို စောင့်၍နေသော ဗျိုင်းများသည် မျှော်လင့်ချက်များစွာနှင့် ရေလွှာပေါ် ရှပ်ကာပျံဝဲနေကြ၏။ ထို့အတူ လူသားအပါအဝင် သက်ရှိသတ္တဝါများစွာ ဝမ်းတစ်ထွာရေးအတွက် ဟိုသည်သွားလာ လှုပ်ရှားကြပေပြီ။
အထူးသဖြင့် အသိဥာဏ် မြင့်မားသော လူသားတချို့က '' Nothing is impossible under the sun '' (နေရောင်အောက်မှာ ဘာမဆိုဖြစ်နိုင်တယ်) ဟူသော ခံယူချက်ဖြင့် ရည်မှန်းချက်ကို အားမလျှော့ဘဲဇွဲစိတ်သန်သန်ဖြင့် အားကြိုးမာန်တက် ရုန်းကန်လှုပ်ရှားနေကြ၏။ ''ဒီကနေ့ မိုးမရွာဘူး၊ နေသာတယ်'' ဟူသော စကားသည် မင်္ဂလာရှိသော လေသံဖြစ်၏။ နေသာ ချိန်တွင် သီးနှံများ နေ၏ အပူငွေ့ကြောင့်ရင့်မှည့်လာကြသည်။ နှမ်း၊ မြေပဲ၊ ဂျုံ၊ စပါး စသည်များအား ခြောက်သွေ့စေရန် နေလှန်းကြရသည်။ အဝတ်စိုများ ခြောက်သွေ့ပြီး ဘက်တီးရီးယားပိုးများ သေကျေစေရန် နေရောင်ခံကြရသည်။

(၃)

''ကျွန်တော်က အလွန်တောက်ပတဲ့ နေရောင်ကို ကြည့်မိလို့ ရုတ်တရက်စိတ်ဖောက်ပြန်ပြီး လူသတ်လိုက်မိတာပါ'' ဤစကားသည် အလွန် နေပူဒဏ်ပြင်းသော အယ်လ်ဂျီးရီးယားနိုင်ငံ ပင်လယ်ကမ်းခြေတွင် ဖြစ်ပျက်ခဲ့သော လူသတ်မှုတွင် တရားခံက တရားသူကြီးထံ အစစ်ခံချက် ဖြစ်၏။ ထို အကြောင်းကို ကမ္ဘာကျော်စာရေးဆရာကြီး lbert Camus ၏ ဝတ္ထုတစ်ပုဒ်တွင် ဖော် ပြထားသည်ကို ကျွန်တော် ဖတ်ရှုခဲ့ရဖူး၏။

''Why are you too late, I want to watch the rising sun '' ဟု နိုင်ငံခြားသားတစ်ဦးက ပုပ္ပားတောင်ပေါ်တွင် နေထွက်အမီမလာသော ကားဒရိုင်ဘာကို ပြစ် တင်ပြောဆိုနေခြင်းဖြစ်၏။ သူက အမေရိကန်ပြည် မြို့ကြီးတစ်မြို့တွင် နေထိုင်အလုပ်လုပ်နေသူဖြစ် ပြီး မိုးထိမြင့်သော တိုက်ကြီးများကြောင့် နေထွက်နေဝင်ကို မမြင်ရ၊ ယခုလို သဘာဝတောတောင်မှာ ရောက်သခိုက် နေထွက်လာသည်ကို ကြည့်ရှုခံစားလိုကြောင်း သူက ကျွန်တော့်အားရှင်းပြသည်။

(၄)

သက်ပြည့် အငြိမ်းစားယူ၍ ရန်ကုန်မှာ မတတ်သာသောကြောင့် ယာယီအခြေချနေထိုင်စဉ် အရေးကြီး အလုပ်မရှိပါက တန်ခိုးတော်အစုံ ဂုဏ်တော်အနန္တနှင့် ပြည့်စုံလှသော လေးဆူဓာတ်ပုံ မြတ်ဘုရား ရွှေတိဂုံသို့ နေ့စဉ်မပျက်ဆိုသလို သွားရောက်ကြည်ညိုသည်။ တရားဘာဝနာပွားများလျက် တတ်နိုင်သရွေ့လှူဒါန်းသည်။ ဆောင်းရာသီတွင် ဦးဝိစာရလမ်းအတိုင်း ခြေကျင်လျှောက်သွားလေ့ရှိ၏။ လေကောင်းလေ သန့်ရှူရသည်။ ကားအသွားအလာပါးသဖြင့် ယာဉ်အန္တရာယ် ကင်းရှင်း၏။ ဘုရား ရင်ပြင်တော်ပေါ်သို့ အရှေ့ဘက် ဓာတ်လှေကားမှတက် လေ့ ရှိသည်။ ထိုစင်္ကြံတွင် ပြည်ပဧည့်သည်တချို့အား ကင်မရာ တပြင်ပြင်နှင့် မကြာခဏ တွေ့ရတတ်သည်။ ကျွန်တော်က မေးသည့်အခါ '' We are watching for the sun rising '' (ကျွန်တော်တို့နေထွက်လာမှာကို စောင့်နေကြတာပါ) ဟု ဖြေကြသည်။ ဟုတ်သည်၊ ထိုနေရာမှစောင့် ကြည့်လျှင် ကန်တော်ကြီး ရေပြင်ပေါ်မှအနေဝန်းနီနီ တရိပ်ရိပ်ထွက်လာတာကို မြင်ရသည်။ အလွန်လှပ၍ ကျက်သရေရှိလှ၏။

၁၈ ရာစု အစပိုင်းက ''နေမဝင်အင်ပါယာ'' ဟု နယ်ချဲ့ဗြိတိသျှတို့က ဝါကြွားခဲ့သည်။ "'The Sun never set in our Empire'' ယခုခေတ်မှာ ကိုလိုနီစနစ်ကျဆုံးလာသောကြောင့် ထိုစကားသည် ဘာမှ အဓိပ္ပာယ်မရှိ။ ယုံတမ်းစကားဖြစ်သွားပြီ။အညာကျေးလက်မှ ကောက်စိုက်သီချင်းကို သတိရမိသည်။ ''နေဝင်လု ဝင်လု'' ''လယ်ရှင်ဖင်ထု ရင်ထု'' တဲ့။ နေအကြောင်း ရေးမည်ဆိုလျှင် မကုန်နိုင်ပြီ။ နေရှိနေသရွေ့လူ့ကမ္ဘာကြီး တည်ရှိနေဦးမည်။

(၅)

ကျေးဇူးရှင် မဟာဗောဓိမြိုင် ဆရာတော်ကြီးကလည်း နေနှင့် ပတ်သက်၍ မိန့်ဖူးတာရှိလေသည်။ (မောင်သွေးချွန်၊ ဘာကြောင့် ၁ + ၂ ပေါင်းချုပ်မှ)
နေတက်ချိန် မနက်ပိုင်းမှာ လူ့ရဲ့စိတ်ကလည်း တဟုန်းဟုန်းတက်ပြီး ရုပ်ကိုယ်ကလည်း စိတ် တက်သလောက်တက်ပြီး အလုပ် များများလုပ်နိုင်ပါတယ်။ နေကျတော့ စိတ်ကျ၊ နေညိုတော့ စိတ်ညှိုးပြီး ညရောက်လို့ အအေးဓာတ်ဝင်လာမှ စိတ်လည်း အေးကြည်လာရပါတယ်။ လသာညဆိုရင် လရဲ့အအေးဓာတ်ကူးပြီး စိတ်လည်း ပိုအေးကြည် သာနေတတ်ပါတယ်။ လူတွေရဲ့စိတ်ဟာ နေဓာတ်၊ လဓာတ်တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုတာကို ဆရာတော်ကြီးက ကြောင်း ကျိုးဆီလျော်စွာ ထောက်ပြထားတာပါပဲ။

မောင်မိုးစည်

No comments: