Saturday, March 21, 2015

ချင်းအမျိုးသား ဒီမိုကရေစီပါတီဥက္ကဋ္ဌတစ်ဖြစ်လဲ လွှတ်တော်ကိုယ်စားလှယ် ဦးဇမ်ကျင်ပေါ် ခေါ် ဦးဇိုဇမ်း နှင့် တွေ့ဆုံခြင်း




" တပ်မတော်ဆိုတာက တပ်မတော်စည်းကမ်းနဲ့ဆိုတော့ အရပ်သားအမြင်နဲ့ ကွာခြားပါတယ်။ လွယ်လွယ်ပြောရရင် သူတို့က သူတို့ လုပ်ချင်တာကို လုပ်ကြတယ်။ ကျွန်တော်ပြောချင်တာက မြန်မာစစ်တပ်ရော၊ တိုင်းရင်းသားစစ်တပ်ရော အတူတူပဲလို့ ပြောတာပါ။ တိုင်းရင်းသားတစ်ယောက်အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောရရင်
အချို့သော အပြုအမူတွေအပေါ်မှာ နှစ်ဖက်စလုံးကို ကြိုက်ကိုမကြိုက်ဘူး။ "

ချင်းအမျိုးသား ဒီမိုကရေစီပါတီဥက္ကဋ္ဌတစ်ဖြစ်လဲ လွှတ်တော်ကိုယ်စားလှယ် ဦးဇမ်ကျင်ပေါ် ခေါ် ဦးဇိုဇမ်း နှင့် တွေ့ဆုံခြင်း

လက်ရှိဖြစ်ပွားနေသော ကျောင်းသားဒီမိုကရေစီပညာရေးလှုပ်ရှားမူများ၊ အလုပ်သမားသပိတ်များ၊ ကချင်ပြည်နယ်နှင့် တစ်ကျော့ပြန်လောက်ကိုင်ဒေသစစ်ပွဲများ စသည်တို့သည် ရေတို လတ်တလော တိုင်းပြည်တည်ငြိမ်ရေးအတွက် အရေးတကြီးဖြေရှင်းရမည့် ကိစ္စများဖြစ်သလို၊ တိုင်းပြည်၏ အနာဂတ် တည်ငြိမ်ဖွံ့ဖြိုးရေးအတွက် မျက်ခြည်မပြတ် ရေရှည်အစဉ်တစိုက် ဂရုပြုနေရမည့် လုပ်ငန်းများမှာ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေးနှင့် ၅နှစ် တစ်ကြိမ်ကျင်းပမည့် ရွေးကောက်ပွဲများပင်ဖြစ်သည်။ ငြိမ်းချမ်းရေးဆိုရာတွင် တရားမျှတမှု၊ လူမှုရေးဟန်ချက်ညီမှုနှင့် ရေရှည် တည်တံ့မည့် သဘောတရားများ ပါဝင်သော Positive Peace မဆိုထားနှင့် စစ်ပွဲနှင့်အကြမ်းဖက်မှုများ ကင်းရုံသာဖြစ်သော Negative Peace ရအောင်ပင် မြန်မာနိုင်ငံသည် မနည်းကြိုးစားရမည့်အနေအထားဖြစ်သည်။ ထို့ကြောင့် အပစ်အခတ်ရပ်ဆဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်မှု ဆုတ်ယုတ်မှုအပေါ် ချင်းအမျိုးသားဒီမိုကရေစီပါတီ ဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ် ဦးဇမ်ကျင်ပေါ် ခေါ် ဦးဇိုဇမ်းကို ပေါ်ပြူလာ နယူးစ်မှ မေးမြန်းဖော်ပြလိုက်ပါသည်။

Q - ဦးဇိုဇမ်း ခင်ဗျား။ လက်ရှိမှာ ကျောင်းသားသပိတ်တွေ၊ အလုပ်သမားသပိတ်တွေနဲ့ ပြည်တွင်းမှာတော့ ရှုပ်ထွေးမှုလေးတွေ ရှိနေပါ ပြီ။ တစ်ဖက်မှာလည်း တိုင်းရင်းသားနယ်မြေတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း ရှိစေဖို့ ငြိမ်းချမ်းရေးဆိုတာလည်း အားရကျေနပ်စရာ အခြေအနေတွေလည်း သိပ်မတွေ့နေရဘူး။ ဒီအပေါ်မှာ တိုင်းရင်းသားတစ်ဦးအနေနဲ့ရော တရားဝင် မှတ် ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ဥက္ကဋ္ဌတစ်ဦးအနေနဲ့ရော ဒီအပေါ်မှာ သုံးသပ်မှတ်ချက်ပြုတာတွေ ပြုလုပ်ပေးစေချင်ပါတယ်။

A - အဓိက ကတော့ ဒီလိုမျိုး ရှုပ် ထွေးနေမှုအခြေအနေမှာ အမြတ် ထုတ်ပြီး တရားဥပဒေစိုးမိုးမှု အ ပိုင်း ခြိမ်းခြောက်လာတာမျိုးတွေ တွေ့နေရပါ တယ်။ ကျောင်းသား တွေဆိုတာက သူတို့ရဲ့ အခွင့်အ ရေးကို တောင်းဆိုဖို့ အတွက် သပိတ်လုပ်တယ်။ အလုပ်သမား တွေကလည်း သူတို့ရဲ့ အခွင့်အ ရေးတွေအတွက် သပိတ် လုပ်ကြပါတယ်။ ဒါတွေက သီးသီးသန့်သန့်ပါ။ သို့သော်လည်းပဲ ဒီအပေါ်မှာ နိုင်ငံရေးပယောဂတွေ စွက်ဖက်လာပြီး ရှုပ်ထွေးမှုတွေ လုပ်လာတာမျိုး မမြင်ချင်အ ဆုံး တွေ့နေရပါတယ်။ ကျွန်တော့်အ မြင် ပြောရရင် အခုလိုမျိုး အခြေ အနေတွေကို အစိုးရအနေနဲ့ လက်မှိုင်ချရမယ့်ပုံ ပေါ်နေပါပြီ။

နောက်တစ်ခု ငြိမ်းချမ်းရေးကိစ္စ။ အခုရေတွင်းတူး၊ အခုရေကြည် သောက်လို့ မရဘူး။ ဒီ သဘောကို အားလုံး လက်ခံထားကြပြီး ဖြစ်ပါ တယ်။ နားလည် သဘောပေါက်ကြ ပါတယ်။ ဒါပေမဲ့လည်းပဲ ငြိမ်းချမ်း ရေးဆိုတာမျိုး ကတော့ နှစ်ပေါင်း ၆ဝ လောက် မရဘဲ နေလာခဲ့တယ်။ ဒီအပေါ်မှာ တိုင်းရင်းသားတွေ ခံ စားခဲ့ရတယ်။ ဒီတော့ အစိုးရက ရော၊ ပြည်သူ လူထုကရော၊ ပြည် သူလူထုဆိုတဲ့ အပိုင်းမှာတော့ တိုင်းရင်းသားတွေ အကုန်ပါပြီးသားပေါ့ဗျာ။ ဒီထဲမှာ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေရော ပါပြီးဖြစ်ပါတယ်။ သူတို့ တွေ သွားချင်တဲ့ လမ်းကြောင်းကို ရွေးချယ်သွားမယ့် အခြေအနေ ပေါ်မှာပဲ ငြိမ်းချမ်းရေးဟာ ဖြစ် ပေါ်လာမှာပါ။ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ချင်တယ်။ တိုက်ပွဲတွေ မရှိ တော့ဘူးဆိုရင် တကယ်ပဲ ငြိမ်းချမ်းသွားပါလိမ့်မယ်။

Q- တစ်နိုင်ငံလုံး အပစ်ရပ် လက်မှတ်ရေးထိုးမှုတွေလုပ်ဖို့ ပြည်ထောင်စုနေ့မှာ လုပ်ကြမယ်။ နောက်ပိုင်း ဖြစ်မလာဘဲနဲ့ ကတိကဝတ်လောက်ပဲ တိုင်းရင်းသားလက်နက်ကိုင်အချို့က လက်မှတ်ရေးထိုးခဲ့တယ်။ အခုနောက်ပိုင်း ဆွေးနွေး မယ်ဆိုတဲ့ ပြောကြားချက်တွေပဲ ရှိလာပြန်တယ်။ ဒီအပေါ်ကို တိုင်းရင်းသားလူမျိုးတစ်ယောက်အနေ နဲ့ ဘာဖြစ်လို့ ဒီလိုကြန့်ကြာနေတယ် လို့ထင်လဲ။

ပြည်ထောင်စုနေ့မှာ ကတိကဝတ် လက်မှတ်ထိုးတယ်ဆို ကတည်းက ကောင်းမွန်တဲ့ အခြေအနေတစ်ခု လုပ်နေပြီလို့
ပြောလို့ရ တယ်။ ဆီမီးဖိုင်နယ်တက်ဖို့အတွက် ခြေလှမ်း တစ်ရပ်လို့လည်း ပြောလို့ရတယ်။ အောင်မြင်အောင် ဆက်လုပ်သွားကြမယ်ဆိုတဲ့ ခံယူမှုတွေ အားလုံး ရှိနေတာကိုလည်း တွေ့နေရပါတယ်။

Q- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့က ငြိမ်းချမ်းရေးကို လိုလားပုံ မပေါ်ဘူးလို့ ပြည်မဘက်က အချို့ သော ပုဂ္ဂိုလ်တွေက စွပ်စွဲသံတွေ ရှိနေကြပါတယ်။ ဒါ ကို ဦးဇိုဇမ်းက ရော ဘာပြောချင်လဲ။

A - ငြိမ်းချမ်းရေးဆိုတာမျိုးက အများကြီးရှိတယ်ဗျ။ အဓိပ္ပာယ်လည်း အမျိုးမျိုးဖွဲ့လို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရှိမှသာလျှင် အဆင်ပြေနိုင်မယ်။ စာချုပ်ချုပ်တယ်ဆိုတာက လွယ်လွယ်ပြောရရင် သိပ်ပြီးတော့အရေးမကြီးဘူး။ သာတူညီမျှရှိမှု၊ တန်းတူရရှိမှု၊ လွတ်လပ်မှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိမှု၊ ဖက်ဒရယ် ပြည်ထောင် စုတည်ထောင်နိုင်မှု၊ အဲဒါတွေရှိမှသာလျှင် အားလုံးက ငြိမ်းငြိမ်းချမ်းချမ်း ဖြစ် သွားပါလိမ့်မယ်။ မဟုတ်ရင်တော့ ယာယီ ငြိမ်းချမ်းရေး သဘောပဲ ရှိတော့မယ်။

Q - တပ်မတော်က ငြိမ်းချမ်းရေးကို လိုချင်တယ် ပြောပြီး တိုက်ခိုက်မှုတွေ လုပ်နေတာက သဘာဝမကျဘူးလို့ တိုင်းရင်းသားတွေ ဘက် က ပြောကြပြန်ပါတယ်။ ဦးဇိုဇမ်းကရော တပ်မတော်အပေါ် ဘယ်လို မြင်လဲ။

A- တပ်မတော်ဆိုတာက တပ်မတော် စည်းကမ်းနဲ့ဆိုတော့ အရပ်သားအမြင်နဲ့ ကွာခြားပါတယ်။ လွယ်လွယ်ပြောရရင် သူတို့က သူတို့ လုပ်ချင်တာကို လုပ်ကြတယ်။ ကျွန်တော် ပြောချင်တာက မြန်မာစစ်တပ်ရော၊ တိုင်းရင်းသားစစ်တပ်ရော အတူတူပဲလို့ ပြောတာပါ။ တိုင်းရင်းသား တစ်ယောက်အနေ နဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် အချို့သော အပြုအမူတွေအပေါ်မှာ နှစ်ဖက်စလုံးကို ကြိုက်ကို မကြိုက်ဘူး။ ပြည်သူတစ်ယောက်ရဲ့ ခံစားမှု၊ တိုင်းရင်းသား တစ်ယောက်ရဲ့ခံစားမှုကို ပြောရရင် အချို့သော လုပ်ဆောင်မှုတွေ ဟာ ပြည်သူတွေ ရဲ့ လိုလားချက်နဲ့ အံဝင်ခွင်ကျ ဖြစ်မနေဘူး ဆိုတာပါပဲ။

Q - ပြည်တွင်းမှာလည်း သပိတ်တွေ ဆိုတဲ့ အခြေအနေတွေ၊ နယ်စပ်မှာလည်း တိုက်ပွဲ ဖြစ်ပွားနေတဲ့ အခြေအနေတွေကလာတဲ့ ရွေးကောက်ပွဲအပေါ်မှာ သက်ရောက်မှု ရှိလာလိမ့်မယ်လို့ အရင်တုန်း က မစိုးရိမ်တဲ့သူတွေလည်း အခု စိုးရိမ်စ ပြုလာပါပြီ။ နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်အနေ နဲ့ရော။

A - စိုးရိမ်ကြီးတဲ့အထဲမှာ ကျွန်တော်က ထိပ်ဆုံး စာရင်းထဲမှာ ပါပါတယ်။ ဒါကြောင့်လည်းတရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်စေဖို့ ရွေးကောက်ပွဲကော်မရှင်ကို ပြင်ဆင်ပါဆိုပြီးအဆို တင်သွင်းခဲ့သေးပါတယ်။ စိတ်ပူတာပေါ့။ ဒိုင်လူကြီးက လိုပါတယ်။ ဒိုင်လူကြီးကောင်း ဖြစ်ရပါမယ်။ အဲဒါ မရှိဘူးဆိုရင်တော့ ကျွန်တော် ဆက်မပြောချင်ပါဘူး။

Q - အခုလိုမျိုးရှုပ်ထွေးနေမှုတွေက အကောင်းထက်အဆိုးပိုင်း ကို ရောက်သွားနိုင်တယ်ဆိုတဲ့ သုံးသပ်သံတွေက ကျယ်ကျယ် လောင်လောင် ထွက်လာနေပါပြီ။ ဒီလိုမျိုးထွက်လာသံတွေက ဘာပဲဖြစ်ဖြစ် သတိထားစရာဖြစ်လာတဲ့အတွက် ဦးဇိုဇမ်းကရော ဘယ်လို မြင်လဲ။

A - တိုက်ပွဲတွေက နယ်စပ်မှာ ဖြစ်တာ။ အရင်တုန်းကလည်း ဖြစ်နေတာပဲ ဆိုတော့ သိပ်ပြီး ပြည်မဘက်ကို သက်ရောက်မှု မရှိနိုင်ပေမယ့် အခု ပြည်တွင်းမှာ ဖြစ်နေတဲ့ ရှုပ်ထွေးမှုတွေကိုတော့ ကျွန်တော် ပြောစရာ စကားအများကြီး ရှိနေပါပြီ။ အကုန်လုံးပျက်စီးရာလမ်းကြောင်းကို တွန်းပို့နေကြတယ်လို့ ပြောလိုက်ချင်ပါတယ်။ ဆူဆူပူပူ လှုံ့ဆော်မှုတွေ၊ ဘေး က နေ သွေးထိုးမှုတွေအများကြီး တွေ့နေရတယ်။ ကျောင်းသားမှာဆိုရင်လည်း ကျောင်းသား အစစ်မဟုတ်သူတွေ၊ အလုပ်သမားမှာ ဆိုတော့လည်း အလုပ်သမား အစစ်မဟုတ်သူတွေပါနေလို့ ဒီ စကားကို ကျွန်တော် ပြော ရတာ။ တစ်ခါတလေ တောင်းဆိုမှု လမ်းကြောင်းတွေ က ချော်ထွက် သွားတာကို တွေ့နေရလို့ပဲ။ ကျွန်တော်တစ်ခု ပြောချင်တယ်။ ဆူဆူ ပူပူလှုံ့ဆော်မယ့်အစား ကျွန်တော့်လိုပဲ နိုင်ငံရေးပါတီ တစ်ခုထောင်ပြီး ရိုးရိုးသားသား နိုင်ငံရေး လုပ်ဆောင်စေချင်တယ်။

Q - ဘာဖြစ်လို့ ဒီလို ပြောရတာလဲ။

A - ကျွန်တော်က ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေ နဲ့ ဒီစကားကို ကျွန်တော် ပြောတာ။ ထိပ်တိုက် ရင်ဆိုင်တဲ့ လမ်းကြောင်းနဲ့ ကျွန်တော်တို့တွေ အလုပ်မဖြစ်ခဲ့ကြဘူး။ ဒါကိုလည်းသိထားပြီး ဖြစ်ကြတယ်။ လူတော် တော်များများက။ ခုဟာက လှုံ့ ဆော်မှုတွေ ရှိနေကြတယ်။ ကျွန်တော်က နှစ်ဖက်စလုံးကို ပြောနေတာနော်။ ကျောင်းသားတွေ၊ အလုပ်သမားတွေ သူတို့ရဲ့အခွင့်အရေးကို မတောင်းဆိုရဘူးလို့ ကျွန်တော်ဆိုလိုတာ မဟုတ်ဘူး နော်။ ဒါကို ကျွန်တော် ရှင်းလင်းအောင် ထပ်ပြောပြမယ်။ အဲဒီလှုံ့ ဆော်သူတွေကို သတိပေးချင်တယ်။ ကျွန်တော်တို့ နိုင်ငံကို ဘက်ပေါင်းစုံကနေ မဖျက်ဆီးကြပါနဲ့လို့။ ဖျက်ဆီးနေတယ် ဆိုလည်း အဲဒီ လမ်းကြောင်းထဲကို ပြည်သူတွေ မဝင်သွားကြပါနဲ့လို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန် တော်တို့က ခက်ခက်ခဲခဲရထားတဲ့ နေရာတစ်ခုကို ခြေကုပ်ယူပြီး နိုင်ငံကောင်းဖို့ ရိုးရိုးသားသား နိုင်ငံရေးပဲလုပ်ရင် ရှေ့လျှောက်တိုးတက်ဖို့ အများကြီး ရှိနေပါတယ်။

ဟုတ်ကဲ့ ခုလိုမျိုး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

မင်းသုအောင်

No comments: