Wednesday, March 11, 2015

ငါးကြင်း ကြော်နှပ် - မြင်းခွာရွက် ဟင်းခါး - ပဲတီချဉ်သုပ်




ဒီကနေ့တော့ ထွေထွေထူးထူးမဟုတ်ဘဲ မြင်တွေ့နေကြ ဟင်းလျာအတွဲအစပ်လေးတစ်ခုကို သူငယ်ချင်းတို့စားမြိန်စေဖို့ ဝေငှလိုက်ပါတယ်။ 

ငါးကိုကြော်ရုံမဟုတ်ဘဲ စားကောင်းအောင်နှပ်မယ်၊ မြင်းခွာရွက်ကို ဟင်းခါးအရည်သောက်လေးချက်မယ်၊ ပြီးတော့ ပဲစောင်းလျားသီး ကိုသုပ်မယ်လေ။ ပဲတီချဉ်မသုပ်ချင်ရင်လည်း ဟင်းကလာချဉ်လေးကို သုပ်စားနိုင်ပါတယ်။

ကဲ ချက်ကြည့်ကြရအောင် - 

ငါးကြော်နှပ်
ပါဝင်ပစ္စည်းများ
ငါးကြင်း (သို့မဟုတ်) ငါးမြစ်ချင်း ၂၅ ကျပ်သား၊ ကြက်သွန်နီ (ဥကြီး) ၃ ဥ၊ ကြက်သွန်ဖြူ ၅ ဥ၊ ဆီ ၇ကျပ်သား၊ ချင်း/နနွင်း/ဆား/သကြား အနည်းငယ်စီ၊ ပဲငံပြာရည် အကြည်(စတီးဇွန်း) ၁ဇွန်းခွဲခန့်။

ပြင်ဆင်ချက်ပြုတ်ပုံ
မိမိနှစ်သက်ရာ ငါးကို အကြေးခွံချွတ်၍ ရေစင်အောင်ဆေးကာ သင့်တော်သလိုအတုံးလေးများ တုံးပြီး ဆား၊ သကြား၊ နနွင်းမှုန့်တို့နှင့် သမအောင်ဆုပ်နယ်ပါ။ ဒယ်အိုးတစ်လုံးကို မီးဖိုပေါ်တင်၍ ဆီထည့်ပါ။ ဆီပူလာလျှင် ဆုပ်နယ်ထားသော ငါးများကို ထည့်ကြော်ပါ။ ငါးများကျက်လျှင် ဆယ်၍ ဆီစစ်ထားပါ။ ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို အခွံနွှာ ပါးပါးလှီးထားပါ။ 

ချင်းကိုလည်း အခွံနွှာပြီး အချောင်းလေးများဖြစ်အောင် လှီးထားပါ။ မီးဖိုပေါ်မှ ဒယ်အိုးထဲကို အသင့်လှီးထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကိုရောထည့်၍ သမအောင်မွှေပါ။ အနံ့မွှေးလာလျှင် ဆီစစ်ထားသော ငါးကြော်များကို ထည့်ပြီးမွှေပါ။ ထို့နောက် ပဲငံပြာရည် အကြည်ရည်ကို လောင်းထည့်ပြီး အထက်အောက်လှန်ပေးပါ။ စိတ်ကြိုက်အခြေအနေရပြီဆိုလျှင်ဖြင့် မီးဖိုပေါ်မှချပြီးသုံးဆောင်နိုင်ပါပြီ။

မြင်းခွာရွက်ဟင်းခါး
ပါဝင်သောပစ္စည်းများ
မြင်းခွာရွက် ၃စည်း၊ ပုစွန်ခြောက်/ငါးပိ အနည်းငယ်၊ ကြက်သွန်နီ ၂လုံး၊ ကြက်သွန်ဖြူ ၁ဥ၊ ငရုတ်ကောင်းမှုန့်/ငံပြာရည်/ဟင်းခတ်မှုန့် သင့်ရုံ။

ပြင်ဆင်ပုံ
မြင်းခွာရွက်ကို အရိုးများဖယ်၍ ရေစင်အောင်ဆေးထားပါ။
ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။

ချက်ပြုတ်ပုံအဆင့်ဆင့်
အိုးထဲသို့ ငါးပိ၊ ဓားပြားရိုက်ထားသော ကြက်သွန်ဖြူထည့်ပါ။
ရေကို အနေတော်ထည့်၍ ဆူအောင်တည်ထားပါ။
ရေဆူလာလျှင် မြင်းခွာရွက်၊ငံပြာရည်၊ ငရုတ်ကောင်းမှုန့်၊ ဟင်းခတ်မှုန့်တို့ကိုထည့်ပါ။ ခဏနေလျှင် အပေါ့၊အငန်မြည်း၍ သုံးဆောင်နိုင်ပါပြီ။

ပဲတီချဉ်သုပ်
ပါဝင်သောပစ္စည်းများ
ပဲတီချဉ် ၂၀ကျပ်သား၊ ကြက်သွန်နီ ၄လုံး၊ ကြက်သွန်ဖြူ ၂လုံး၊ ဟင်းခတ်မှုန့် အနည်းငယ်၊ ငံပြာရည် သင့်တော်ရုံ၊ မြေပဲကြော် (ထောင်းပြီး) အထုပ်သေး ၁ထုပ်၊ ငရုတ်သီးစိမ်း ၇တောင့်၊ နှမ်း အထုပ်သေး ၁ထုပ်။

ပြင်ဆင်ပြုလုပ်နည်း
ကြက်သွန်နီ ၄လုံးကို ပါးပါးလှီးပါ။ ကြက်သွန်ဖြူထောင်း၍ ကြက်သွန်နီနှင့် ဆီချက်ချက်ပါ။ ငရုတ်သီးစိမ်းကို ပါးပါးလှီးပါ။
ပဲတီချဉ်ကို ဒီအတိုင်းသုပ်ချင်လည်းသုပ် မဟုတ်ရင် ရေအနည်းငယ်နဲ့ဆေးကြောပြီး အနေတော်လှီးလိုကလှီးနိုင်ပါတယ်။ ပဲတီချဉ်ထဲကို လှီးထားသော ကြက်သွန်နီထည့်ပါ။ ပြီးလျှင် ဆီချက်၊ ဟင်းခတ်မှုန့်၊ငံပြာရည်၊ မြေပဲနှင့် နှမ်းတို့ထည့်ပြီး ရောနယ်၍သုပ်ပါ။

ကြက်သွန်ကြော်ကို အပေါ်မှဖြူး၍ သုံးဆောင်နိုင်သလို အစပ်ကြိုက်သူများ ငရုတ်သီးစိမ်းကို ပါးပါးလှီးထည့်ကာ စားသုံးနိုင်ပါသည်။

(ရာသီဥတု ပူစပြုပြီဆိုတော့ အသုပ်သုပ်ရာမှာ သန့်ရှင်းဖို့ ဂရုစိုက်ဖို့လိုက်ပါမယ် ဒါမှ ၀မ်းမပျက်မှာပါ။ ဟင်းကလာချဉ်ကိုသုပ်စားမယ် ဆိုရင်တော့ ငံပြာရည်အစား ကျိုထားတဲ့ ငါးပိရည်အနည်းငယ်ကိုထည့်နယ်ပြီး သုပ်ပါက အရသာထူးနိုင်ပါတယ်။)

No comments: